22/04/2025
ယားနာနှင့်လိမ်းဆေးများအကြောင်းသိကောင်းစရာ
———————————————————————————
“ယားနာ” လို့ ပြောလိုက်တာနဲ့ တမာ ယားနာပျောက်ဆေး ဝယ်လိမ်းတဲ့သူတွေ ၊ စကင်နယ် (Skineal) ဆိုတဲ့ လိမ်းဆေး ဝယ်လိမ်းတဲ့သူတွေ ၊
မြွေနှစ်ကောင် / ငှက် နှစ်ကောင် လိမ်းဆေး ဝယ်လိမ်းတဲ့သူတွေ ၊ ဟိုအရွက်ဒီအရွက်တွေနဲ့ ပွတ်ကြတဲ့ သူတွေ ၊ ယားနာပျောက်ဆေးဆိုပြီးရော တွေ့ရာ ကြုံရာ ဆေးတွေ ဝယ် လိမ်းကြတဲ့သူတွေ အများကြီး တွေ့ရကြုံရလို့ ယားနာနဲ့ ပတ်သက်တဲ့ သိထားသင့်တဲ့ အချက်လေးတွေ ကို ရှင်းပြပေးပါမယ်။
ဗမာလို ယားနာလို့ ပေါင်းပြီး/ လုံးပြီး ခေါ်ပေမယ့် တချို့ အရေပြားပေါ်က အဖုအပိန့်တွေဟာ ယားရုံပဲ ယားပြီး မနာ ပါ၊ တချို့က နာပဲ နာပြီး မယားပါ ၊ တချို့က နာလည်း မနာ ၊ ယားလည်း မယားပါ ။
ခန္ဓာကိုယ် အရေပြားပေါ်မှာ အဖု အပိန့် ၊ အနီကွက် အဖြူကွက် ၊ အရည်ကြည်ဖု ၊ စတာတွေ ပေါ်လာ ပြီ ဆိုတာ နဲ့ ဖြစ်နိုင်ချေရှိတဲ့ ရောဂါတွေ ကို အကြမ်းအားဖြင့် (၆)မျိုးလောက် ခွဲခြားသိရပါမယ်။
(၁) ဘက်တီးရီးယားပိုးတွေ(Bacteria)ကြောင့် ဖြစ်ရတဲ့ ယားနာ
ဥပမာ - Staphylococcus၊ Impetigo
(၂) ဗိုင်းရပ်စ်(Virus) တွေကြောင့် ဖြစ်ရတဲ့ ယားနာ
ဥပမာ - ရေယုန် (Herpes Zoster) , ရေကျောက် (Chickenpox), ကြွက်နို့ ( Warts)
(၃)မှို (Fungus)တွေကြောင့် ဖြစ်ရတဲ့ ယားနာ
ဥပမာ - ပွေး (Ringworms ), ညှင်း ( Tinea versicolor)
(၄)ကပ်ပါးကောင်တွေ(Parasites) ကြောင့်ဖြစ်ရတဲ့ ယားနာ
ဥပမာ - ဝဲ ( Scabies)
(၅)တခုခုကို ဓာတ်မတည့်လို့ ပေါ်လာရတဲ့ အဖုအပိန့် ယားနာ
ဥပမာ - Contact Dermatitis၊ Seborrheic dermatitis၊ Eczema ( နှင်းခူ)
(၆)တခြားအရေပြားရောဂါများ
ဥပမာ - Psoriasis / အရေပြားကင်ဆာအမျိုးမျိုး/
ဆိုပြီး ခွဲခြား မှတ်သားထားရပါမယ်။
ဒီလိုမျိုး အရေပြားပေါ်ကအဖုအပိန့်/ အကွက်/ အစက်အပြောက် တွေဟာ မတူတဲ့ အကြောင်းရင်းတွေ အမျိုးမျိုးကြောင့် ပေါ်ပေါက်လာတာ ဖြစ်တဲ့အတွက် ကုသ ပုံ ကုသနည်းတွေလည်း မတူ ကြပါဘူး ။ လိမ်းဆေးတွေကလည်း ရောဂါတခုချင်းစီအတွက် အသုံးပြုရတာချင်း မတူကြပါဘူး။
အကြမ်းအားဖြင့် လိမ်းဆေးတွေမှာ ပါဝင်တဲ့ ဆေးတွေ အကြောင်းသိထားဖို့ လိုပါတယ်။
(1)Bacteria ပိုးတွေကို သေစေတဲ့ Antibiotic ပါတဲ့ လိမ်းဆေး
(ဥပမာ - Clindamycin, Neomycin, Chloramphenicol, Mupiocin )
(2) မှိုပိုးတွေကို သေစေတဲ့ Antifungal ပါတဲ့ လိမ်းဆေး
(ဥပမာ- Ketoconazole, Miconazole, Terbinafine)
(3) ဗိုင်းရပ်စ်ပိုး သေစေတဲ့ Antiviral ပါတဲ့ဆေး
(ဥပမာ - Aciclovir )
(4) ဝဲ ပိုးတွေကို သေစေတဲ့ လိမ်းဆေး
(ဥပမာ - Permethrin Cream / Lotion)
(5) အရေပြား ဓာတ်မတည့် / ယားယံတာ သက်သာစေတဲ့ Antihistamine ပါတဲ့ လိမ်းဆေး
(ဥပမာ - Calamine Lotion)
(6) အရေပြား ရောင်ရမ်းတာ သက်သာစေတဲ့ Steroid ပါတဲ့ လိမ်းဆေး
(ဥပမာ - Hydrocortisone, Betamethasone, Clobetasone )
လိမ်းဆေးတွေကို တမျိုးချင်းစီ ထုတ်ထားတာရှိသလို ဆေး (၂) မျိုး ၊ (၃) မျိုး ၊ (၄) မျိုး အထိ ပေါင်းထား/ ရောထားတဲ့ လိမ်းဆေးတွေလည်း ရှိပါတယ် ။
ဥပမာ - နှစ်မျိုးအရော (Antibacterial + Antifungal) or ( Antibacterial + Steroid)
သုံးမျိုးအရော (Antibacterial + Antifungal + Steroid)
တော်တော်များများက ကိုယ်ပေါ်မှာ အဖုအပိန့် / ယားနာ ဖြစ်ပြီ ဆိုတာနဲ့ ဆိုင်တွေမှာ ဆေးတွေ ဝယ် လိမ်းကြပါတယ် ။ အများသောအားဖြင့် နှစ်မျိုး/ သုံးမျိုး ရောထားတဲ့ လိမ်းဆေးတွေ များပါတယ် ။
အဲ့လို ဆေး အရောတွေ လိမ်းလိုက်တာဟာ ဖြစ်တဲ့ ရောဂါနဲ့ လိမ်းဆေး တည့်ရင် ပြသနာ မရှိပေမယ့် ၊ ဖြစ်တာ တခြား လိမ်းဆေးတခြား ဖြစ်နေရင် ပြသနာ ရှိပါတယ်။
အထူးသဖြင့် ဘက်တီးရီးယားပိုးကြောင့် / မှို ပိုးကြောင့် / ဒါမှ မဟုတ် ဝဲ ပိုးတွေကြောင့် ယားနေတာကို Steroid ပါတဲ့ အရော လိမ်းဆေး တခုခုကို လိမ်းမိရင် လိမ်းကာစမှာ သက်သာ သလို ရှိပေမယ့် နောက်ပိုင်းမှာ ယားနာတွေ ပိုဆိုးလာ / ပိုများလာတာ မျိုးတွေ ဖြစ်တတ်ပါတယ်။
ဆေး မတိုးတော့ဘဲ ဆေးယဉ်ပါးသွားပြီး အချိန်အကြာကြီး ဆေးတွေ သောက်/ ဆေးတွေ လိမ်းပြီး
ကုသရတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။
တချို့ ဆိုရင် Steroid ပါတဲ့ လိမ်းဆေးတွေ လိမ်းမိလို့ အရေပြားမှာ အဖြူကွက်ကြီး ပေါ်လာတာ ၊ အရေပြားတွေ ပါးလာတာ မျိုးတွေတောင် ဖြစ်တတ်ပါတယ်။
ဒါ့ကြောင့် ကိုယ့် ခန္ဓာကိုယ် အရေပြားမှာ ယားနာ
တခုခု ဖြစ်ပြီ ဆိုတာတဲ့ တွေ့ရာကြုံရာ လိမ်းဆေးတွေ ကို ကိုယ့်သဘောနဲ့ ကိုယ် ဝယ် မလိမ်းဘဲ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေကို ပြသ/ တိုင်ပင်/ မေးမြန်းပြီးမှ လိမ်းဆေးတွေ ကို စနစ်တကျ လိမ်းဖို့ လိုပါတယ်။
ရောဂါတခုချင်းစီ အလိုက် ( ပွေး အမျိုးမျိုး / ဝဲ / ညှင်း/ နှင်းခူ စတာတွေအတွက် ကုသရမယ့် လိမ်းဆေး/ သောက်ဆေးတွေ အကြောင်း အလျဉ်းသင့်သလို ဆက်ပြီး ရေး ပါအုံးမယ်။
အားလုံးပဲ အနာ နဲ့ ဆေး တည့်ကြပါစေ ။ ။
်ထိုက်ဦး
22.4.2025