26/04/2026
ကလေးများ အကြားအာရုံချို့ယွင်းခြင်း
ချစ်ရတဲ့ရင်သွေးငယ်တွေမှာ မွေးရာပါ (သို့) အကြောင်းတစ်ခုခုကြောင့် အကြားအာရုံဆုံးရှုံးတဲ့ ပြဿနာကို ကြုံတွေ့ရမယ်ဆိုရင် ဒါဟာမိဘတွေ အတွက် အတော်လေးကို ချောက်ချားစရာကိစ္စပါ။
မွေးရာပါဖြစ်လာတဲ့ ပြဿနာအပြင် တချို့ကျ ကလေးမှာအဖြစ်များတဲ့ မကြာခဏ နားပိုးဝင်ခြင်းရဲ့နောက်ဆက်တွဲအနေနဲ့ နားပြွန်ချောင်းအလယ်မှာ အရည်ပိတ်ဆို့ရင်းကနေ နားမကြားပြဿနာပါ ဆက်ဖြစ်တတ်တဲ့အတွက် မိဘတွေအနေနဲ့ ဒါကို ဂရုပြုသင့်၊ သိထားသင့်ပါတယ်။
ဒါပေမယ့် တအားတော့ စိတ်မပူစေချင်တာက ဒီလိုပြဿနာကြုံလာရပြီဆိုလည်း ဒီနေ့ခေတ်မှာ ကလေးငယ်တွေအတွက် နည်းအမျိုးမျိုးနဲ့ ကူညီပေးတဲ့အဖွဲ့အစည်းတွေ၊ နည်းလမ်းတွေ ရှိလာပြီမို့ ပုံမှန်ကလေးလိုကြီးပြင်းဖို့ အခွင့်အလမ်းတွေ အများကြီးရှိနေတယ် ဆိုတာပါပဲ။ ....
အရင်ဆုံးအနေနဲ့ ကလေးတစ်ယောက်ရဲ့ ပုံမှန် အကြားအာရုံဖွံ့ဖြိုးမှု ဖြစ်စဉ်လေးကို ရှင်းပြပါရစေ။
- တစ်လသားအရွယ်မှာ ရုတ်တရက်ကြားလိုက်ရတဲ့ အသံတွေကို သတိပြုမိတဲ့ အရိပ်အယောင် ပြရပါမယ်။ ဒါပေမယ့် ဒါဟာသိမ်မွေ့လွန်းတာကြောင့် မိဘတွေအနေနဲ့ အကဲဖမ်းဖို့ ခက်မယ်ထင်ပါတယ်။
- သုံးလသား အရွယ်လောက်လည်းရောက်ရော ကျယ်လောင်တဲ့အသံပေးရင် တုံ့ပြန်မှုပြုလာတတ်တယ်။ (ဥပမာ ကလေးငိုလို့ လက်ခုပ်တီးချော့ရင် အငိုတိတ်သွားတာမျိုး)
- လေးလသား အရွယ်ကျတော့ သူတို့ဟာ အသံလာရာကိုတောင် လှည့်ကြည့်ဖို့ ခေါင်းကလေးလှည့်ပြီး ရှာဖွေတတ်ပြီ။ (ဥပမာ မေမေက အနောက်ကနေ စကားပြောနေတဲ့အခါ မေမေ့အသံကို ကျက်မိပြီး ခေါင်းကလေးလှည့်လာတာမျိုး)
- ခုနှစ်လသား အရွယ်မှာကျ အသံကြားတာနဲ့ ချက်ချင်းဆိုသလို လှည့်လာတတ်ပြီ။ တစ်ခါတလေ အခန်းထဲက ခပ်တိုးတိုးဆူညံသံကိုတောင် သတိပြုတတ်နေပြီ။
- ဆယ်လသား အရွယ်ရောက်ပြန်တော့ နေ့စဉ်ကြားနေကျ ရင်းနှီးကျွမ်းဝင်နေတဲ့ အသံတွေကိုတောင် နားစွင့်တတ်နေပါပြီ။
- တစ်နှစ်သား (အခါလည်) အရွယ်လည်းရောက်ရော ရင်းနှီးကျွမ်းဝင်နေတဲ့ စကားလုံးတွေပြောတဲ့အခါ၊ သူ့နာမည်လေးကိုခေါ်တဲ့အခါ သိသိသာသာကို တုံ့ပြန်တတ်နေပါပြီ။ ....
❓ဆိုတော့ အကြားအာရုံ ဘယ်လိုဆုံးရှုံးသလဲ။
တချို့ကျတော့ မျိုးရိုးလိုက်တာ၊ တချို့ကျတော့ မိခင်ကိုယ်ဝန်ဆောင်စဉ်က ဂျိုက်သိုးလိုရောဂါပိုးဝင်ပြီး ကလေးမှာ အကြားအာရုံ ဆုံးရှုံးမှုဖြစ်လာတာ၊ တချို့ကျ မွေးဖွားစဉ်က ပုံမှန်ပေမယ့် မကြာခဏ နားကိုပိုးဝင်ခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်လာတာပါ။ ဒီနေရာမှာ Glue Ear လို့ခေါ်တဲ့ နားပြွန်ချောင်းအလယ်နေရာမှာ စေးကပ်ကပ် ပျစ်ချွဲချွဲ အရည်တည်ပြီး အကြားအာရုံပြဿနာကို ဖြစ်စေတဲ့ အခြေအနေက ကလေးငယ်တွေမှာ အင်မတန် အဖြစ်များပါတယ်။....
❓မိဘတွေအနေနဲ့ ကလေးအခြေအနေကို ဘယ်လိုသိနိုင်မလဲ။
အပေါ်မှာရေးထားတဲ့ အကြားအာရုံဖွံဖြိုးမှု ဖြစ်စဉ်ကိုနားလည်ပြီဆိုရင် ကလေးက သူ့အရွယ်မှာရှိရမယ့်တုံ့ပြန်မှု ပြု/မပြု စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Glue Ear လို အခြေအနေမျိုးအတွက်ကတော့ မိမိကလေးရဲ့ ပြုမူပုံအပြောင်းအလဲကို သတိပြုမိဖို့ လိုပါလိမ့်မယ်။ တီဗွီသံကို အဆုံးထိဖွင့်ထားတာတောင် ကလေးက မသိတာမျိုး၊ ပြီးတော့ ကလေးမှာ စကားပြောရခက်တာ၊ စကားပြောရင် နားမထောင်တာ၊ သွန်သင်ရခက်တာ၊ စာသင်ရခက်တာ စတဲ့ အပြုအမူအပြောင်းအလဲတွေကို ဂရုပြုမိရင် ကလေးရင်ဆိုင်နေရတဲ့ အခက်အခဲကို မိဘတွေက သိနိုင်မှာပါ။....
❓ကလေးရဲ့ အကြားအာရုံကိုရော စမ်းသပ်လို့ ရသလား။
ရပါတယ်။ သတိထားမိတာနဲ့ စောနိုင်သမျှစောစော စမ်းသပ်သိရှိထားရင် ပိုကောင်းပါတယ်။ စမ်းသပ်နည်းက မရှုပ်ထွေးဘဲ သက်သောင့်သက်သာရှိတာမို့ ကလေးက တအားငယ်လို့ မစမ်းသပ်ရဲဘူးဆိုတာမျိုး ဖြစ်စရာမလိုပါဘူး။ ကျွမ်းကျင်နားအထူးကုနဲ့ တိုင်ပင်စမ်းသပ်လို့ ရပါတယ်။....
❓Glue Ear ကိုရော ကုသလို့ ရလား။
ရပါတယ်။ အများအားဖြင့် သူ့အလိုလိုပျောက်သွားတတ်ပါတယ်။ ဆရာဝန်ရဲ့ လမ်းညွှန်ချက်နဲ့ ပိုးသတ်ဆေး သောက်ရပါမယ်။ ဒါနဲ့မှ မပျောက်ရင် grommet လို့ခေါ်တဲ့ ပြွန်ချောင်းအသေးလေးသုံးပြီး ကုသရတာမျိုး လုပ်ဖို့လိုပါလိမ့်မယ်။ အဓိက အရေးကြီးဆုံးကတော့ မိမိကလေးရဲ့အခြေအနေကို နောက်မကျခင် စောလျင်စွာသိရှိပြီး ဂရုတစိုက်စောင့်ကြည့်ပေးဖို့ပါပဲ။....
မိဘများရဲ့ အခန်းကဏ္ဍ
အကြားအာရုံဆုံးရှုံးထားတဲ့ ကလေးတွေကနေ ထူးချွန်ပုဂ္ဂိုလ်ဖြစ်လာတာ ကမ္ဘာမှာ ဒုနဲ့ဒေးပါပဲ။ ဒီဘက်ခေတ် နည်းပညာတိုးတက်မှု၊ အဖွဲ့အစည်းတွေရဲ့ချိတ်ဆက်အားကောင်းမှုတွေကြောင့် ပိုလို့တောင် ကလေးတွေအတွက် အခွင့်အလမ်းတွေ များပါတယ်။ အဲဒီအထဲမှာမှ အဓိကကတော့ မိဘတွေဘက်က မိမိရင်သွေးငယ်ရဲ့အခက်အခဲကို ကိုယ်တိုင်နားလည်ပြီး ကမ္ဘာကြီးကိုလမ်းဖွင့်ပေးနိုင်ဖို့ပါပဲ....။
credits to တယ်လီကျန်းမာ
Reference 📚
Murtagh,J , 2016. Murtagh's patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.39
(၃၀၊ ၇၊ ၂၀၂၂)