30/03/2020
COVID -19 နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ
===============================
ကမ္ဘာ့ကပ်ရောဂါ အသွင်ဆောင်တဲ့ COVID-19ဟာ အရှိန်အဟုန်ကောင်းကောင်းနှင့် နိုင်ငံကြီးလည်းမကြောက်၊ နိုင်ငံငယ်လည်းမညှာ၊ ချမ်းသာသူလည်းမဖြုံ၊ ဆင်းရဲသူလည်းမငဲ့ပဲ ဆက်တိုက်ထိုးစစ်ဆင်နေတဲ့အတွက်ကြောင့် လူတိုင်း လူတိုင်းက ကိုယ့်အလှည့် ဘယ်တော့ရောက်မလဲဆိုတဲ့ အပူလုံးနဲ့ ရင်တမမနေနေရတဲ့ အနေအထား ဖြစ်နေပါတယ်။
တစ်နေ့တစ်နေ့ မီဒီယာမျိုးစုံပေါ်မှာ နိုင်ငံတကာရဲ့ သေနှုန်းတွေချည်း မြင်နေကြားနေရတော့လည်း ကြောက်စရာပါပဲ။ ကြားရတဲ့ သတင်းတွေကလည်း ဗိုင်းရပ်စ်က ခုမှစတဲ့ အသစ်၊ ကုစရာဆေးကလည်း မရှိဘူး၊ ကာကွယ်ဆေးလည်း မပေါ်သေးဘူး ဆိုတော့ သတင်းကောင်း တစ်ခုမှ မပါဘူးပေါ့။
ဒါပေမယ့် ကောင်းတဲ့ သတင်းတစ်ခုတော့ရှိပါတယ်။ အဲဒါဘာလည်းဆိုတော့ “You can protect yourself” AND “You can protect other people”. “ကိုယ့်ကိုကိုယ်လည်း ကာကွယ်လို့ ရတယ်၊ သူများအတွက်လည်း ကာကွယ်လို့ရတယ်” ။ COVID-19 ရဲ့ ကောင်းတဲ့ အချက် တစ်ခုက ကိုယ့်ကိုကိုယ် ကာကွယ်ရင်းနှင့် သူများအသက်ကိုပါ ကယ်လို့ရတယ်၊ ယူတက်ရင် ကုသိုလ်တွေ အများကြီးရမယ့် အချိန်အခါပါပဲ။
ဘာလို့ ဒီလိုပြောလဲဆိုတာ နားလည်ဖို့ COVID-19 ဆိုတဲ့ ရောဂါ အကြောင်းနည်းနည်း ပညာပေး ပြောပြချင်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီး တွေအတွက် အဓိကထား ပြောပါ့မယ်။
COVID-19
========
COVID-19 ရောဂါဟာ Novel Coronavirus (SARS-COV-2) ဆိုတဲ့ ဗိုင်းရပ်စ် ပိုးသစ်တစ်မျိုးကြောင့် ဖြစ်တာပါ။ Corona Virus မိသားစုဝင် တစ်ယောက်လို့ နားလည်လွယ်အောင် ပြောလို့ရတယ်။ အရင်ကဖြစ်ဖူးတဲ့ SARS (Severe Acute Respiratory Syndrome) , MERS (Middle East Respiratory Syndrome) တို့နှင့် အမျိုးတော်တယ်လို့လည်း ပြောလို့ရတယ်။ ဒါပေမယ့် သူကအသစ်ဆိုတော့ ဆေးပညာအရရော၊ သိပ္ပံပညာအရပါ သူ့အကြောင်းကို သူ့ကို ခုခံရင်းနှင့် လေ့လာနေရတုန်းပါပဲ။
ဒါပေမယ့် အားငယ်စရာမရှိဘူး၊ ရှေ့က ဖြစ်သွားတဲ့ နိုင်ငံတော်တော်များများက ဖွံ့ဖြိုးတဲ့ နိုင်ငံကြီးတွေဖြစ်တဲ့ အတွက် လေ့လာတွေ့ရှိချက်တွေ အများကြီးရှိသလို အဲဒါတွေကို အခြေခံပြီး အမြန်ဆုံး အဖြေထွက်မယ့် စစ်ဆေးစမ်းသပ်မှုတွေ၊ ဒီဗိုင်းရပ်စ်ပွားတာကို ရပ်နိုင်မယ့်ဆေးတွေနဲ့ ကာကွယ်ဆေးတွေကို နေမအား၊ ညမအား နာရီ စက္ကန့် နှင့်အမျှ အားလုံးက ကြိုးစား ရှာဖွေနေကြပြီ။
အဲဒီ့တော့ လူတစ်ဦး တစ်ယောက်ချင်းအနေနဲ့ လုပ်စရာက အဲဒီ့ ဆေးတွေ မပေါ်လာခင်အချိန်လေးမှာ ဒီဗိုင်းရပ်စ်ပိုးတွေ အများကြီး မပွားဖို့နဲ့ လူတွေအများကြီး မသေဖို့ ကာကွယ်ပေးရမယ်။ ကာကွယ်နည်းတွေက မလွယ်ပေမယ့် မခက်ပါဘူး။ ကိုယ့်ကိုကိုယ် ကာကွယ်ရင်းနဲ့ သူများအသက်ပါ ကယ်ပြီးသားဖြစ်သွားမယ်။
👉 ကူးစက်နိုင်သော နည်းလမ်းများ
(၁) ရောဂါပိုးရှိတဲ့သူ စကားပြောခြင်း၊ ချောင်းဆိုးခြင်းနှင့် နှာချေခြင်းတို့မှထွက်လာတဲ့ အမှုန်အမွှားလေးတွေက တစ်ဆင့် တခြားလူတစ်ဦးကို ကူးစက်နိုင်တယ်။ အဲဒီ့ အမှုန်အမွှားထဲမှာ ဗိုင်းရပ်စ်တွေ ပါနေလို့ပဲ။
(၂) ဒီအမှုန်အမွှားလေးတွေက အရာဝတ္ထုတွေရဲ့ မျက်နှာပြင်ပေါ်ကျရင် (ဥပမာ စားပွဲ၊ ခုံ) အဲဒီ့ မျက်နှာပြင်ကို ကိုင်မိတဲ့ သူရဲ့ လက်ထဲ ဗိုင်းရပ်စ် ပါသွားပြီး သူ့လက်ကနေ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ကိုင်မိတဲ့အခါ ကူးစက်နိုင်ပါတယ်။
(၃) ဒီအမှုန်အမွှားလေးတွေက ချောင်းဆိုး၊ နှာချေတဲ့ သူဆီကနေ ၃ ပေ (၁ မီတာ) လောက်ဝေးဝေးလွင့်နိုင်ပါတယ်။ အရာဝတ္ထုတွေရဲ့ မျက်နှာပြင်ပေါ်ကျသွားရင်တောင် ကျသွားတဲ့ အရာဝတ္ထုနှင့် ရာသီဥတုပေါ်မူတည်ပြီး ဒီဗိုင်းရပ်စ် ဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်မလဲ ဆိုတာကွာပါတယ်။ US NIH (National Institute of Health) ရဲ့ တွေ့ရှိချက်ကတော့ Copper ကြေး ပေါ်မှာဆိုရင် (၄)နာရီ ကြာ၊ Cardboard ကတ်ထူပြားပေါ်ဆိုရင် ၂၄ နာရီ၊ Plastic / Steel ပလတ်စတစ်နှင့် စတီးပေါ်ဆိုရင် (၇၂) နာရီထိ အသက်ရှင်နေနိုင်ပါတယ်။
👉 မကူးစက်အောင် ကာကွယ်နည်းများ
ကူးစက်တက်တဲ့ နည်းလမ်းတွေသိရင် မကူးစက်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေလည်း သိသွားတာပေါ့။
အရေးကြီးဆုံး ကာကွယ်နည်းကတော့ လက်ဆေးပါ။
(၁) လက်ကို ရေနှင့် ဆပ်ပြာဖြင့် စက္ကန့် (၂၀) ကြာအောင် ဆေးရပါမယ်။ ခဏ ခဏ ဆေးရပါမယ်။ (ကိုယ်ဝန်ဆောင်မိခင်များ - စက္ကန့် (၂၀) ဆိုတဲ့ အချိန်ဟာ ကိုယ်မွေးလာမယ့် သားလေး/ သမီးလေး ကိုရည်ရွယ်ပြီး Happy Birthday သီချင်း နှစ်ခါပြန်ဆိုပြီး ဆေးရင် အနေတော်ပါပဲ။
(၂) လက်နှင့် မျက်နှာကို မကိုင်မိအောငနေပါ။
(၃) လက်ဆေးဖို့ ရေနှင့် ဆပ်ပြာမလွယ်တဲ့နေရာဆိုရင် 70% Alcohol ပါတဲ့ လက်သန့်ဆေးရည်နှင့် လက်နှစ်ဖက်လုံးကို သန့်စင်ပါ။ ခဏ ခဏ သန့်စင်ရပါမယ်။
(၄) ကိုယ်ကိုကိုယ်တိုင် ချောင်းဆိုး၊ နှာချေတဲ့အခါ တံတောင်ကွေးနှင့် အုပ်ပါ။ ဒါမှမဟုတ် တစ်ရှုးနှင့် အုပ်ပြီး တစ်ရှုးကို အမှိုက်ပုံးထဲသို့ ပစ်ပြီး ၊ လက်ကို ဆပ်ပြာနှင့် ဆေးပါ။
(၅) ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် အရေးကြီးတဲ့ အချက်ကတော့ “Stay at home”
အိမ်မှာပဲနေပါ။
မလိုအပ်ပဲ စိတ်အလိုလိုက်ပြီး လူများတဲ့နေရာတွေ မသွားပါနှင့်။
ဖြစ်နိုင်ရင် လူရှင်းတဲ့ နေရာမှာ တစ်နေ့ တစ်ကြိမ် လမ်းလျှောက် လေ့ကျင့်ခန်းလုပ်ပါ။
အပြင်မသွားမဖြစ် သွားရပြီဆိုလျင် ကိုယ်နှင့် အပြင်လူတွေကြားမှာ အနည်းဆုံး ၁ မီတာ/ ၃ ပေ ထက်ပိုပြီး ခွာနေပါ။
👉 ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့်သာ သက်ဆိုင်သော အချက်များ
ယခုလက်ရှိ တွေ့ရှိချက်တွေအရတော့ COVID-19 ရဲ့ ကူးစက်မှုဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ တစ်ခြားပုံမှန်လူတွေထက် မပိုပါဘူး။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်ရောဂါပိုးပဲဝင်ဝင်၊ ရောဂါလက္ခဏာ ပိုဆိုးတက်ပါတယ်။ အဲဒါကတော့ ကိုယ်ဝန်ဆောင်နေချိန်မှာ ဖြစ်ပေါ်တက်တဲ့ ကိုယ်ခံအားပြောင်းလဲမှုတွေကြောင့်ပါ။
ဒါကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ သူများထက်ပိုပြီး ကူးစက်နိုင်တာမျိုး မရှိပေမယ့် ကူးစက်ခဲ့ရင်တော့ ရောဂါလက္ခဏာ ပိုဆိုးနိုင်ပါတယ်။ ကိုယ်ဝန် (၂၈) ပတ်ကျော်ရင် ပိုသတိထားရပါမယ်။
ကိုယ်ဝန် အစောပိုင်း အမျိုးသမီးတွေမှားတော့ COVID-19 ကြောင့် ကိုယ်ဝန်ပျက်ကျတယ် ဆိုတဲ့ အထောက်အထားတွေ မတွေ့ရပါဘူး။ ကလေးရဲ့ ကိုယ်အင်္ဂါ ဖွဲ့စည်းမှုတွေကိုလည်း ထိခိုက်တာ မတွေ့ရပါဘူး။
ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ COVID-19 ရောဂါ ဖြစ်ခဲ့ရင် မွေးကင်းစ ကလေးငယ်ကို ကူးနိုင်ပါတယ်။ ဒါပေမယ့် WHO က ကလေးကို မိခင်နို့တိုက်ကျွေးတာဟာ COVID-19 ကူးနိုင်ပေမယ့် ကလေးတွေမှာ ရောဂါလက္ခဏာ အားပျော့တာကတစ်ကြောင်းနှင့် မိခင်နို့ရည်က ရမယ့် ကလေးအတွက် ကိုယ်ခံအားနှင့် တခြားအကျိုးကျေးဇူးတွေက ပိုများတဲ့ အတွက် COVID-19 ရောဂါလက္ခဏာ ရှိနေပေမယ့် မိခင်နို့ရည် တိုက်ကျွေးဖို့ အကြံပြုပေးပါတယ်။ နို့တိုက်နေတဲ့ အချိန်မှာတော့ Surgical Mask (မျက်နှာဖုံး/နှာခေါင်းနှင့် ပါးစပ်ကို အုပ်၍) တပ်ဖို့ ကလေးအပေါ် ချောင်းဆိုး၊ နှာချေခြင်း မပြုဖို့နှင့် ကလေးကို မချီခင် လက်ဆေးဖို့ အကြံပေးပါတယ်။
ခုရက်ပိုင်းအတွင်း နောက်ဆုံးတွေ့ရှိချက်ကတော့ ကိုယ်ဝန်ဆောင်နေချိန်မှာ COVID-19 ရောဂါဖြစ်ရင် ဗိုက်ထဲက ကလေးကို မိခင်ရဲ့ သွေးကနေတစ်ဆင့် ကူးနိုင်တယ်ဆိုတဲ့ အထောက်အထား တစ်ခုတွေ့ထားပါတယ်။ ဒါပေမယ့် ကူးခဲပါတယ်။ သေချာတာကတော့ မွေးကင်းစကလေးတွေမှာ မမွေးခင် မိခင်ဗိုက်ထဲမှာ ကူးခဲ့သည် ဖြစ်စေ၊ မွေးပြီးမှ ကူးသည်ဖြစ်စေ ဘယ်လိုပဲကူးကူး ကလေးတွေအားလုံး နေကောင်းကြပါတယ်။ COVID-19 ရောဂါတိုက်ရိုက်ကြောင့် မွေးကင်းစကလေး သေဆုံးခြင်း မရှိသေးပါဘူး။
ကိုယ့်မှာ COVID-19 ဖြစ်ပြီးသားဆိုတာ ဘယ်လိုသိမလဲ?
=======================================
COVID-19 ရောဂါ ဖြစ်တဲ့သူ အများစုဟာ အအေးမိ၊ တုပ်ကွေးဖြစ်သလောက် ရောဂါလက္ခဏာပြပြီး ပြန်ကောင်းသွားမှာပါ။
ဒီဗိုင်းရပ်စ်က နှာခေါင်း၊ ပါးစပ်တို့က ဝင်သွားပြီးရင် အပေါ်ပိုင်း လေပြွန်ထဲမှာစပြီး ရောဂါလက္ခဏာ ပြပါတယ်။ လည်ချောင်းနာ ချောင်းဆိုးပေါ့။ ဗိုင်းရပ်စ်က ဆဲလ်တွေထဲဝင်ပြီး ပွားလာတဲ့အခါ ကိုယ့်ရဲ့ Immune System (ကိုယ်ခံအား) က တွန်းလှန်တိုက်ခိုက်ပါတယ်။ အဲဒါကြောင့် အဖျားတက်တယ်ဆိုတဲ့ ရောဂါလက္ခဏာပေါ်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားကောင်းအောင် နေဖို့ အရေးကြီးပါတယ်။ အသီးအရွက်၊ အသီးအနှံ၊ အသား၊ ငါး ပုံမှန်စား၊ ပုံမှန်အိပ်၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ရင် ကိုယ်ခံအားကောင်းပါတယ်။ လူအများစုမှာ ဒီလောက်နဲ့ပဲ ပြန်ကောင်းသွားပါမယ်။
တစ်ချို့လူတွေမှာတော့ ဒီပိုးဟာ အဆုတ်ထဲကိုပျံ့ပြီး နမိုးနီးယား (Pneumonia) ရတက်ပါတယ်။ ဒီ့ထက်ပိုဆိုးသွားရင်တော့ အဆုတ်က အလုပ်မလုပ်နိုင်တော့လို့ သေရတာများပါတယ်။ အသက်ကြီးတဲ့သူတွေနဲ့ ရောဂါအခံ (နှလုံး၊ ဆီးချို၊ အဆုတ်) ရှိတဲ့သူတွေကတော့ ပိုပြီး အန ္တရာယ်များပါတယ်။
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာလည်း ရောဂါအခံရှိသူတွေက ပိုသတိထားရပါမယ်။
ကိုယ့်မှာ COVID-19 ရောဂါ လက္ခဏာ ပြပြီ ဆိုလျင် ဘာလုပ်မလဲ?
==============================================
အပေါ်မှာ ရှင်းပြထားတာကို နားလည်ရင်ကြောက်စရာ မလိုပါဘူး၊ သတိထားပြီး စောင့်ကြည့်ပါ။ ဖျားတာ၊ ကိုယ်လက်ကိုက်ခဲတာအတွက် Paracetamol 500 mg (၂) လုံး (၅နာရီ သို့ ၆ နာရီ) ခြားပြီး တစ်နေ့ ၄ ကြိမ်သောက်ပါ။ ရေသောက်ပါ။ ပုံမှန်အိပ်၊ ပုံမှန်စားပါ။ အသက်ရှု လေ့ကျင့်ခန်း လုပ်ပါ။
1. တစ်နေ့ထက် တစ်နေ့ ပိုဆိုးလာရင်
2. အသက်ရှုကြပ်လာရင်
3. ရင်ဘတ်အောင့်လာရင်
4. အစာမဝင်၊ ရေမဝင်ရင်
5. အဖျား အရမ်းကြီးပြီး Paracetamol နှင့် မသက်သာရင်
အဲဒီ့ (၅) ချက်ထဲက တစ်ချက်ချက် ရှိခဲ့ရင် နီးစပ်ရာ ကျန်းမာရေးဌာနကို အကြောင်းကြားပါ။ သူတို့ အကြံပေးတဲ့အတိုင်း လိုက်နာပါ။ ကျန်းမာရေး ဝန်ထမ်းတွေ ပြင်ဆင်စရာ ကြိုပြင်ဆင်လို့ရအောင် ဖုန်းနဲ့ အရင် အကြောင်းကြားသင့် ပါတယ်။
ကိုယ့်ကိုကိုယ် ကာကွယ်ရင်း သူများအသက် ကယ်ကြရအောင်
===========================================
အခု ကမ္ဘာတစ်ဝှမ်း နိုင်ငံအသီးသီးမှာ COVID-19 ကြောင့် လူတွေ ထောင်နှင့် သောင်းနှင့် သေနေကြတာ လူတိုင်းသိနေပြီးသားပါ။ သေတဲ့သူအများစုဟာ အသက်ကြီးတဲ့သူတွေ၊ ရောဂါအခံ ရှိတဲ့သူတွေနှင့် အကြောင်းတစ်ခုခုကြောင့် ကိုယ်ခံအား နည်းနေတဲ့သူတွေပါ။ သူတို့ဆီကို ဒီဗိုင်းရပ်စ် ပိုး ရောက်သွားရင် သူတို့က ကျန်တဲ့သူအများစုလို ပြန်ကောင်းဖို့ မလွယ်ပါဘူး။
ဒါကြောင့် “STAY AT HOME!” အိမ်မှာနေကြပါ။ အိမ်မှာနေခြင်းအားဖြင့် ကိုယ့်မှာ မရှိသေးရင် သူများဆီက မကူးတော့ဘူး။ ကိုယ့်မှာ ရှိပြီးနေရင်လည်း သူများကို မကူးတော့ဘူး။ ကိုယ်ကမသိပဲ ပေးလိုက်တဲ့ ဗိုင်းရပ်စ်ဟာ သူ့ကိုသတ်မယ့် သေမင်းဖြစ်နေနိုင်တယ်ဆိုတာ မေ့မထားပါနဲ့။
လူတစ်ယောက် ချောင်းဆိုး၊ နှာချေလိုက်ရင် ဗိုင်းရပ်စ်ပါတဲ့ အမှုန်အမွှားလေးတွေ (၃,၀၀၀) လောက်ထွက်တယ်။ သိပ္ပံပညာနဲ့ ဆေးပညာအရ တွေ့ရှိထားတာက အရင်အအေးမိတုပ်ကွေး ဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကတော့ ရောဂါစဖြစ်ဖို့ အမှုန်အမွှားလေး ၃ ခုပဲလိုတယ်တဲ့။ ကျွမ်းကျင်ပညာရှင်တွေက COVID-19 ဗိုင်းရပ်စ်လည်း ဒီလောက်ပဲ လိုလိမ့်မယ်လို့ မှန်းကြတယ်။
ကဲစဉ်းစားကြည့်ပါအုံး။ ကိုယ့်ဆီကသာ ပြန့်တာဆိုရင် ကိုယ်မသိလိုက်ပဲ ကိုယ့်ကြောင့် လူတွေဘယ်လောက်သေကြမလဲဆိုတာ။
ပိုဆိုးတာက COVID-19 ရှိနေပေမယ့်လည်း ရောဂါလက္ခဏာ လုံးဝမပြတဲ့သူတွေရှိတယ်။ ဒီလူတွေက သူတို့ ဖြန့်လို့ ဖြန့်မှန်းတောင် သိလိုက်မှာ မဟုတ်ဘူး။
✅ ဒါကြောင့် STAY AT HOME!
✅ အိမ်မှာနေခြင်းအားဖြင့် အသက်ကယ်ကြပါစို့။
✅ မြန်မာပီပီ ဖြစ်တဲ့နည်းနှင့် ကုသိုလ်ယူကြပါစို့။
ဒေါက်တာ မျိုးနန္ဒာ
Consultant Obstetrician and Gyanecologist (UK)
📣 "COVID-19 ဗိုင်းရပ်စ်နှင့် ကိုယ်ဝန်ဆောင် ကျန်းမာရေး သိလိုရာမေး"
==================================================
COVID-19 ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်တားဆီးရန် မိမိတို့နေအိမ်တွင်သာ နေထိုင်နေကြရန် တိုက်တွန်းထားသည့် ယခုလို အချိန်တွင် ကိုယ်ဝန်ဆောင်မေမေတို့ ကျန်းမာရေးနှင့် ပတ်သတ်၍ သိလိုသည်များ၊ မေးမြန်းလိုသည်များရှိသော်လည်း ဆေးရုံဆေးခန်းများသို့ သွားရောက်ရန် အခက်အခဲ ရှိနေနိုင်ပါတယ်။ ဒီအခက်အခဲတွေအတွက် အင်္ဂလန်နိုင်ငံမှ သားဖွားနှင့် မီးယပ် အထူးကူဆရာဝန်ကြီး ဒေါက်တာ မျိုးနန္ဒာ နှင့် ဂရန်း(ဒ်)ဟံသာ အင်တာနေရှင်နယ်ဆေးရုံကြီးတို့ ပူးပေါင်း၍ ကိုယ်ဝန်ဆောင်တို့ သိလိုသမျှ COVID 19 နှင့် ပတ်သတ်ပြီး ကိုယ်ဝန်ဆောင် ကျန်းမာရေးဆိုင်ရာ မေးခွန်းများကို ဖြေကြားပေးသွားမယ့် အစီအစဉ်ကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
• ယခု Post အောက်တွင် မိမိသိလိုသည့် COVID-19 နှင့်ပတ်သတ်ပြီး ကိုယ်ဝန်ဆောင်ကျန်းမာရေး ဆိုင်ရာ မေးခွန်းများကို Comment ပေး ရေးသား ထားခဲ့ပေးပါ။
• မေးခွန်းများထဲမှ အများပြည်သူ အကျိုးရှိစေမည့် ကျန်းမာရေးဆိုင်ရာ မေးခွန်းများကို သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး Dr မျိုးနန္ဒာမှ နောက်တစ်နေ့တွင် ရွေးချယ်၍ ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။
" Green. Grand. Care For The People “
🏥 ဂရန်း(ဒ်)ဟံသာအင်တာနေရှင်နယ်ဆေးရုံ
အမှတ် (3)၊ နာနတ်တောလမ်းနှင့် ကြည့်မြင်တိုင်
ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊
ရန်ကုန်မြို့။
01 231 7617, 01 523 000, 01 523 111