02/09/2026
Mounjaro (ဆီးချိုနဲ့ ကိုယ်အလေးချိန်ကျဆေး)
၂ စက်တင်ဘာ ၂၀၂၆
အခု ခေတ်စားနေတဲ့ ဆီးချိုဆေးနဲ့ ဝိတ်ချဆေး Mounjaro ဆိုတာ လူတိုင်းပါးစပ်ဖျား ရောက်လာတယ်။ ဆေးထိုးနေသူတွေကို ကြည့်လိုက်တဲ့အခါမှာလည်း တကယ်ကို ပူပေါင်း လေလျှော့လိုက်သလို ကိုယ်အလေးချိန်က သိသိသာသာ ကျသွားတာမျိုး တွေ့ရပါတယ်။
ဒီလို ခေတ်သစ် ဇီဝဆေးဝါးတွေ ဖန်တီးတဲ့နေရာမှာ မျိုးဗီဇ ဖြတ်ဆက် ဇီဝနည်းပညာ (Recombinant DNA Technology) ဆိုတာ မပါမဖြစ် အရေးပါတဲ့ အုတ်မြစ်တစ်ခုပါ။ ဒီနည်းပညာက ၁၉၇၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်ခဲ့တာပါ။ အကြမ်းဖျင်းကတော့ လူ့ခန္ဓာကိုယ်က လိုအပ်တဲ့ မျိုးဗီဇလေးကို ဘက်တီးရီးယားတွေမှာ တွေ့ရတဲ့ Plasmid လို့ခေါ်တဲ့ စက်ဝိုင်းပုံ DNA လေးထဲ ဖြတ်ထည့်ပြီး ဘက်တီးရီးယားထဲ ထည့်ပွားယူလိုက်တာပါ။ အဲ့ဒီအခါ အဲ့ဒီဗီဇကနေ လူက လိုအပ်တဲ့ ပရိုတင်းတွေကို အမြောက်အမြား ထုတ်လုပ်ပေးလာပါတယ်။
Recombinant DNA technology အကြောင်း ဒီမှာ ဖတ်ပါ။ 👇
https://www.facebook.com/share/p/16AoHjwPrFo/
လက်ရှိ ဒီနည်းသုံးပြီး ထုတ်ထားတဲ့ ဆေးတွေ အမြောက်အများ ရှိရာမှာ အင်ဆူလင်၊ ဘီပိုးကာကွယ်ဆေး၊ ခွေးရူးပြန်ကာကွယ်ဆေး တို့ဟာ လူသိများထင်ရှားပါတယ်။
Plasmid DNA အကြောင်းဖတ်ရန် 👇
https://www.facebook.com/share/p/1E8FtmyXGh/
အခု Mounjaro အဖြစ် လူသိများတဲ့ ဆေးကတော့ Tirzepatide လို့ခေါ်တဲ့ အမီနိုအက်ဆစ် ၃၉ လုံးပါဝင်တဲ့ Peptide/Protein ဖွဲ့စည်းပုံလေးပါပဲ။ Eli Lilly ဆေးဝါးကုမ္ပဏီက ဖန်တီးခဲ့တာပါ။ ဒီဆေးမှာတော့ သဘာဝမဟုတ်တဲ့ အမီနိုအက်ဆစ် အစိတ်အပိုင်းအချို့ ပါဝင်နေတာမို့ Synthetic Biology နဲ့ Chemical Synthesis နည်းလမ်းတွေကို ပေါင်းစပ်အသုံးပြုပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။
ဆေးဝါး မော်လီကျူး ထုတ်လုပ်ပြီးတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ဆေးအဖြစ် ထည့်သွင်းဖို့ သန့်စင်ပြုပြင်ရပါတယ်။ ပုံမှန် Peptide တွေဆိုရင် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်နဲ့ အင်ဇိုင်းတွေက ခဏလေးအတွင်း ချေဖျက်ဖယ်ထုတ်ပစ်တာမို့ Half-life က အရမ်းတိုပါတယ်။ အဲ့လို မဖြစ်ရလေအောင် ဒီ ပရိုတင်းမှာ လူကဖန်တီးထားတဲ့ C20 Fatty diacid chain လေးတွေ တပ်ပေးလိုက်တယ်။ အဲ့ဒီကောင်တွေက သွေးတွင်း Albumin ပရိုတင်းနဲ့ သွားရောက်ချိတ်ဆက်ပြီး ကျောက်ဆူးသဘောမျိုး သွေးထဲ ကြာကြာနေနိုင်အောင် ကူညီပေးပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်ထဲမှာ ၁ ပတ်နီးပါး ကြာအောင် ထိန်းထားနိုင်ပြီး ၁ ပတ်မှ ၁ ကြိမ်ပဲ ထိုးဖို့ လိုအပ်တာပါ။
ဒါဆို သူက ဘာလုပ်ပေးလို့ ဆီးချိုထိန်းနိုင်သလို၊ ဝိတ်လည်းကျအောင် စွမ်းဆောင်ပေးနိုင်တာလဲ။
ကျနော်တို့ အစားအစာတွေ စားလိုက်တဲ့အခါ အစာအိမ်နံရံဆဲလ်တွေကနေ GLP-1 (glucagon-like peptide-1) နဲ့ GIP (glucose-dependent insulinotropic polypeptide) ဆိုတဲ့ အရေးကြီး အူလမ်းကြောင်း ဟော်မုန်း (Incretin) ၂ မျိုးကို ထုတ်ပေးပါတယ်။
Mounjaro (Tirzepatide) က ဒီ ဟော်မုန်း ၂ မျိုးစလုံးရဲ့ Receptor တွေကို ပြိုင်တူ သွားရောက် လှုံ့ဆော်ပေးတာဖြစ်ပါတယ်။
GLP-1 သက်ရောက်မှု
ပန်ကရိယကနေ အင်ဆူလင် ပိုထွက်စေပြီး သွေးတွင်းသကြားဓာတ် တက်စေတဲ့ Glucagon ဟော်မုန်းကို လျှော့ချပေးတယ်။ အစာအိမ်ထဲက အစာရှင်းထုတ်နှုန်းကို နှေးပေးထားတဲ့ (Delay gastric emptying) အတွက် ဗိုက်ပြည့်လွယ်စေပြီး ဦးနှောက်ရဲ့ အစာစားချင်စိတ်ကိုလည်း ဖိနှိပ်ပေးထားပါတယ်။
GIP သက်ရောက်မှု
အင်ဆူလင် ထွက်ရှိမှုကို အားဖြည့်ပေးရုံတင်မကဘဲ ဦးနှောက်၏ အစာစားချင်စိတ် စင်တာများကို ထပ်မံ ထိန်းချုပ်ပေးကာ ခန္ဓာကိုယ်၏ အဆီဓာတ် ဖြိုခွဲအသုံးပြုမှု (Lipid metabolism) ကိုပါ အထောက်အကူပြုပါတယ်။
အရင်က နာမည်ကြီးခဲ့တဲ့ Ozempic (Semaglutide) က GLP-1 တစ်ခုတည်းကိုပဲ လှုံ့ဆော်ပေးတာဖြစ်ပြီး Mounjaro ကတော့ ဟော်မုန်း ၂ ခုစလုံးကို ပစ်မှတ်ထားတဲ့ Dual Agonist ဖြစ်လို့ သွေးတွင်းသကြားဓာတ် ထိန်းချုပ်မှုနဲ့ ဝိတ်ကျနှုန်းမှာ ပိုမို အစွမ်းထက်တာ ဖြစ်ပါတယ်။
ဒီဆေးကို ၂၀၁၀ ဝန်းကျင်ကတည်းက စတင်ကြိုးပမ်းခဲ့ပြီး ၂၀၂၂ မှာ အမျိုးအစား-၂ ဆီးချိုကုသဖို့ FDA က ခွင့်ပြုပေးခဲ့ပါတယ်။ နောက်ပိုင်း ကိုယ်အလေးချိန်ပါ ကျဆင်းစေတာကြောင့် Weight management အတွက်ပါ ၂၀၂၃ မှာ (Zepbound နာမည်ဖြင့်) FDA က ထပ်မံခွင့်ပြုပေးခဲ့တာပါ။.
ဒါဆို ဘေးထွက်ဆိုးကျိုးမရှိတဲ့ နတ်ဆေးလား။
မဟုတ်ပါဘူး။ အစာခြေလမ်းကြောင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ပျို့အန်၊ ဗိုက်နာ၊ အစာအိမ်အချဉ်ပေါက်၊ ရင်ပြည့်ရင်ကယ်၊ ဝမ်းချုပ်/ဝမ်းလျော လိုမျိုးတွေ ဖြစ်တတ်ပါတယ်။
ကျနော့် ပုဂ္ဂလိက အမြင်ကတော့ ဒီဆေးထိုးထားချိန်မှာ ဆီးချိုနဲ့ ကိုယ်အလေးချိန် ထိန်းပေးနိုင်ပေမယ့် ဆေးရပ်လိုက်ပါက ဆီးချိုနဲ့ အလေးချိန်တွေ ပြန်တက်လာနိုင်ချေ (Rebound effect) ရှိပါတယ်။ ဒါကြောင့် ရေရှည်အတွက် ကာယလေ့ကျင့်ခန်း (Exercise) နဲ့ အစားအသောက် (Diet) ဆိုတဲ့ Lifestyle Change ကို မဖြစ်မနေ တွဲဖက် ထိန်းသိမ်းသွားမှသာ ကျန်းမာရေးအတွက် ရေရှည် အကျိုးရှိမှာ ဖြစ်ပါတယ်။