Genomics Myanmar

Genomics Myanmar This page was created by two medical doctors who are passionate about Molecular Biology and Biotech.

Mounjaro (ဆီးချိုနဲ့ ကိုယ်အလေးချိန်ကျဆေး)​၂ စက်တင်ဘာ ၂၀၂၆​အခု ခေတ်စားနေတဲ့ ဆီးချိုဆေးနဲ့ ဝိတ်ချဆေး Mounjaro ဆိုတာ လူတိုင...
02/09/2026

Mounjaro (ဆီးချိုနဲ့ ကိုယ်အလေးချိန်ကျဆေး)

​၂ စက်တင်ဘာ ၂၀၂၆

​အခု ခေတ်စားနေတဲ့ ဆီးချိုဆေးနဲ့ ဝိတ်ချဆေး Mounjaro ဆိုတာ လူတိုင်းပါးစပ်ဖျား ရောက်လာတယ်။ ဆေးထိုးနေသူတွေကို ကြည့်လိုက်တဲ့အခါမှာလည်း တကယ်ကို ပူပေါင်း လေလျှော့လိုက်သလို ကိုယ်အလေးချိန်က သိသိသာသာ ကျသွားတာမျိုး တွေ့ရပါတယ်။

​ဒီလို ခေတ်သစ် ဇီဝဆေးဝါးတွေ ဖန်တီးတဲ့နေရာမှာ မျိုးဗီဇ ဖြတ်ဆက် ဇီဝနည်းပညာ (Recombinant DNA Technology) ဆိုတာ မပါမဖြစ် အရေးပါတဲ့ အုတ်မြစ်တစ်ခုပါ။ ဒီနည်းပညာက ၁၉၇၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်ခဲ့တာပါ။ အကြမ်းဖျင်းကတော့ လူ့ခန္ဓာကိုယ်က လိုအပ်တဲ့ မျိုးဗီဇလေးကို ဘက်တီးရီးယားတွေမှာ တွေ့ရတဲ့ Plasmid လို့ခေါ်တဲ့ စက်ဝိုင်းပုံ DNA လေးထဲ ဖြတ်ထည့်ပြီး ဘက်တီးရီးယားထဲ ထည့်ပွားယူလိုက်တာပါ။ အဲ့ဒီအခါ အဲ့ဒီဗီဇကနေ လူက လိုအပ်တဲ့ ပရိုတင်းတွေကို အမြောက်အမြား ထုတ်လုပ်ပေးလာပါတယ်။

​Recombinant DNA technology အကြောင်း ဒီမှာ ဖတ်ပါ။ 👇
https://www.facebook.com/share/p/16AoHjwPrFo/

​လက်ရှိ ဒီနည်းသုံးပြီး ထုတ်ထားတဲ့ ဆေးတွေ အမြောက်အများ ရှိရာမှာ အင်ဆူလင်၊ ဘီပိုးကာကွယ်ဆေး၊ ခွေးရူးပြန်ကာကွယ်ဆေး တို့ဟာ လူသိများထင်ရှားပါတယ်။

​Plasmid DNA အကြောင်းဖတ်ရန် 👇
https://www.facebook.com/share/p/1E8FtmyXGh/

​အခု Mounjaro အဖြစ် လူသိများတဲ့ ဆေးကတော့ Tirzepatide လို့ခေါ်တဲ့ အမီနိုအက်ဆစ် ၃၉ လုံးပါဝင်တဲ့ Peptide/Protein ဖွဲ့စည်းပုံလေးပါပဲ။ Eli Lilly ဆေးဝါးကုမ္ပဏီက ဖန်တီးခဲ့တာပါ။ ဒီဆေးမှာတော့ သဘာဝမဟုတ်တဲ့ အမီနိုအက်ဆစ် အစိတ်အပိုင်းအချို့ ပါဝင်နေတာမို့ Synthetic Biology နဲ့ Chemical Synthesis နည်းလမ်းတွေကို ပေါင်းစပ်အသုံးပြုပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

​ဆေးဝါး မော်လီကျူး ထုတ်လုပ်ပြီးတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ဆေးအဖြစ် ထည့်သွင်းဖို့ သန့်စင်ပြုပြင်ရပါတယ်။ ပုံမှန် Peptide တွေဆိုရင် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်နဲ့ အင်ဇိုင်းတွေက ခဏလေးအတွင်း ချေဖျက်ဖယ်ထုတ်ပစ်တာမို့ Half-life က အရမ်းတိုပါတယ်။ အဲ့လို မဖြစ်ရလေအောင် ဒီ ပရိုတင်းမှာ လူကဖန်တီးထားတဲ့ C20 Fatty diacid chain လေးတွေ တပ်ပေးလိုက်တယ်။ အဲ့ဒီကောင်တွေက သွေးတွင်း Albumin ပရိုတင်းနဲ့ သွားရောက်ချိတ်ဆက်ပြီး ကျောက်ဆူးသဘောမျိုး သွေးထဲ ကြာကြာနေနိုင်အောင် ကူညီပေးပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်ထဲမှာ ၁ ပတ်နီးပါး ကြာအောင် ထိန်းထားနိုင်ပြီး ၁ ပတ်မှ ၁ ကြိမ်ပဲ ထိုးဖို့ လိုအပ်တာပါ။

​ဒါဆို သူက ဘာလုပ်ပေးလို့ ဆီးချိုထိန်းနိုင်သလို၊ ဝိတ်လည်းကျအောင် စွမ်းဆောင်ပေးနိုင်တာလဲ။
​ကျနော်တို့ အစားအစာတွေ စားလိုက်တဲ့အခါ အစာအိမ်နံရံဆဲလ်တွေကနေ GLP-1 (glucagon-like peptide-1) နဲ့ GIP (glucose-dependent insulinotropic polypeptide) ဆိုတဲ့ အရေးကြီး အူလမ်းကြောင်း ဟော်မုန်း (Incretin) ၂ မျိုးကို ထုတ်ပေးပါတယ်။

​Mounjaro (Tirzepatide) က ဒီ ဟော်မုန်း ၂ မျိုးစလုံးရဲ့ Receptor တွေကို ပြိုင်တူ သွားရောက် လှုံ့ဆော်ပေးတာဖြစ်ပါတယ်။

​GLP-1 သက်ရောက်မှု

ပန်ကရိယကနေ အင်ဆူလင် ပိုထွက်စေပြီး သွေးတွင်းသကြားဓာတ် တက်စေတဲ့ Glucagon ဟော်မုန်းကို လျှော့ချပေးတယ်။ အစာအိမ်ထဲက အစာရှင်းထုတ်နှုန်းကို နှေးပေးထားတဲ့ (Delay gastric emptying) အတွက် ဗိုက်ပြည့်လွယ်စေပြီး ဦးနှောက်ရဲ့ အစာစားချင်စိတ်ကိုလည်း ဖိနှိပ်ပေးထားပါတယ်။

​GIP သက်ရောက်မှု

အင်ဆူလင် ထွက်ရှိမှုကို အားဖြည့်ပေးရုံတင်မကဘဲ ဦးနှောက်၏ အစာစားချင်စိတ် စင်တာများကို ထပ်မံ ထိန်းချုပ်ပေးကာ ခန္ဓာကိုယ်၏ အဆီဓာတ် ဖြိုခွဲအသုံးပြုမှု (Lipid metabolism) ကိုပါ အထောက်အကူပြုပါတယ်။

​အရင်က နာမည်ကြီးခဲ့တဲ့ Ozempic (Semaglutide) က GLP-1 တစ်ခုတည်းကိုပဲ လှုံ့ဆော်ပေးတာဖြစ်ပြီး Mounjaro ကတော့ ဟော်မုန်း ၂ ခုစလုံးကို ပစ်မှတ်ထားတဲ့ Dual Agonist ဖြစ်လို့ သွေးတွင်းသကြားဓာတ် ထိန်းချုပ်မှုနဲ့ ဝိတ်ကျနှုန်းမှာ ပိုမို အစွမ်းထက်တာ ဖြစ်ပါတယ်။

​ဒီဆေးကို ၂၀၁၀ ဝန်းကျင်ကတည်းက စတင်ကြိုးပမ်းခဲ့ပြီး ၂၀၂၂ မှာ အမျိုးအစား-၂ ဆီးချိုကုသဖို့ FDA က ခွင့်ပြုပေးခဲ့ပါတယ်။ နောက်ပိုင်း ကိုယ်အလေးချိန်ပါ ကျဆင်းစေတာကြောင့် Weight management အတွက်ပါ ၂၀၂၃ မှာ (Zepbound နာမည်ဖြင့်) FDA က ထပ်မံခွင့်ပြုပေးခဲ့တာပါ။.

​ဒါဆို ဘေးထွက်ဆိုးကျိုးမရှိတဲ့ နတ်ဆေးလား။
​မဟုတ်ပါဘူး။ အစာခြေလမ်းကြောင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ပျို့အန်၊ ဗိုက်နာ၊ အစာအိမ်အချဉ်ပေါက်၊ ရင်ပြည့်ရင်ကယ်၊ ဝမ်းချုပ်/ဝမ်းလျော လိုမျိုးတွေ ဖြစ်တတ်ပါတယ်။

​ကျနော့် ပုဂ္ဂလိက အမြင်ကတော့ ဒီဆေးထိုးထားချိန်မှာ ဆီးချိုနဲ့ ကိုယ်အလေးချိန် ထိန်းပေးနိုင်ပေမယ့် ဆေးရပ်လိုက်ပါက ဆီးချိုနဲ့ အလေးချိန်တွေ ပြန်တက်လာနိုင်ချေ (Rebound effect) ရှိပါတယ်။ ဒါကြောင့် ရေရှည်အတွက် ကာယလေ့ကျင့်ခန်း (Exercise) နဲ့ အစားအသောက် (Diet) ဆိုတဲ့ Lifestyle Change ကို မဖြစ်မနေ တွဲဖက် ထိန်းသိမ်းသွားမှသာ ကျန်းမာရေးအတွက် ရေရှည် အကျိုးရှိမှာ ဖြစ်ပါတယ်။




02/09/2026
26/08/2026

ပရိုတိန်း လုပ်ငန်းစဥ် အဆင့်ဆင့်
(Functions of Protein in different levels)

26 Aug 2023

ပရိုတိန်းဟာ မော်လီကျူးအဆင့်(Molecular level) ကနေ မျိုးစိတ်အုပ်စု အဆင့် (Population levels) အထိ ဇီဝဗေဒလုပ်ငန်းစဥ်တွေ လုပ်ဆောင်ဖို့အတွက် အဓိကနေရာက ပါဝင်ပတ်သက်နေပါတယ်။

မော်လီကျူးအဆင့် မှာ ပရိုတိန်းရဲ့ လုပ်ငန်းများ (Molecular Level)

၁. အင်ဇိုင်းလုပ်ငန်းများ (Enzymes functions) - ပရိုတိန်းတွေက အင်ဇိုင်းအဖြစ် ထမ်းဆောင်ပြီး ဆဲလ်ထဲမှာ ဇီဝဓာတုဗေဒ ဓာတ်ပြုမှုတွေ လုပ်ဆောင်ပေးပါတယ်။ (All enzymes are protein except ribozymes)

၂. တည်ဆောက်ပုံ လုပ်ငန်းများ(Structural functions) - ဆဲလ်တွေ တစ်ရှုးတွေရဲ့ တည်ဆောက်ရာမှာပရိုတိန်းတွေကထုထည်အ‌ေနနဲ့ လုပ်ငန်းလုပ်ဆောင်ပေးတယ်။

၃. သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ (Transport functions) - အချို့ပရိုတိန်းတွေက ဆဲလ်အမြှေးပါးကိုဖြတ်ပြီး မော်လီကျူးတွေကို သယ်ယူပေးဖို့ သယ်ဆောင်ရေးယာဥ်(Carrirers) ဒါမှမဟုတ် သယ်ယူရေးလမ်းကြောင်း(Channels) အနေနဲ့ထမ်းဆောင်ပေးကြတယ်။

၄. အချက်ပြလုပ်ငန်းများ (Signals functions) - ပရိုတိန်းတွေက ဆဲလ်အချင်းချင်းကြားမှာ အချက်ပြထုတ်လွှတ်ပေးတာတွေ လုပ်ဆောင်နိုင်ပါတယ်။ အဲ့လို အချက်ပြဆက်သွယ်ပေးပြီး ဆဲလ်လုပ်ငန်းစဥ်တွေကို အဆင်ပြေချောမွေ့အောင် ကူညီလုပ်ဆောင်ပေးတယ်။

၅. လက်ခံဌာနအဖြစ် ဆောင်ရွက်တဲ့ လုပ်ငန်းများ (Receptor functions) - ပရိုတိန်းတွေက ဆဲလ်ရဲ့ မျက်နှာပြင်ပေါ်မှာ ရှိနေပြီး တချို့ မော်လီကျူးတွေကို မှတ်မိသိရှိပြီး တုန့်ပြန်ဖို့ လက်ခံဆောင်ရွက်တဲ့ လုပ်ငန်းစဥ်မှာလည်း တာဝန်ထမ်းပေးပါတယ်။

၆. ထိန်းညှိဆောင်ရွက်ရေး လုပ်ငန်းများ(Regulatory functions) - ပရိုတိန်းတွေက ဗီဇတွေအလုပ်လုပ်ဆောင်ခြင်း (Gene Expression)၊ ဆဲလ်ကွဲပွားခြင်း(cell division) နဲ့ တခြား ဆဲလ်လုပ်ငန်းစဥ်တွေကို ထိန်းညှိလုပ်ဆောင်ပေးရာမှာ ပါဝင်ဆောင်ရွက်ပေးပါတယ်။

၇. ကာကွယ်ရေးလုပ်ငန်းများ (Defense functions) - ပရိုတိန်းတွေက ခုခံအားစနစ်ရဲ့ တုန့်ပြန်ခုခံရေးမှာ ပြင်ပဝင်ရောက်လာတဲ့ အရာဝတ္ထုတွေကို ဖော်ထုတ်တာ၊ ချေဖျက်တာမှာ ကူညီဆောင်ရွက်ပေးပါတယ်။

ဆဲလ်အဆင့်မှာ ပရိုတိန်းရဲ့လုပ်ငန်းများ (Cellular Level)

၁. ဆဲလ်ကပ်တွယ်ခြင်းလုပ်ငန်း (Cell Adhesion)- ပရိုတိန်းတွေကပဲ ဆဲလ်တခုနဲ့တခု ကပ်တွယ်တဲ့နေရာမှာ ကြားခံထိန်းညှိဆောင်ရွက်ပေးတယ်။ ဒီလိုလုပ်ပေးထားလို့ပဲ တစ်ရှူးတွေ ခိုင်မာမြဲမြံစေပြီး သင့်‌ေလျာ်တဲ့ ဖွံ့ဖြိုးမှုကို ဖြစ်စေတာပေါ့။

၂. ဆဲလ်ငြမ်းတည်ဆောက်ရေး လုပ်ငန်းများ (Cytoskeleton functions) - ပရိုတိန်းတွေကပဲ ဆဲလ်ငြမ်းတည်ဆောက်ရေး ကိုဖြစ်ပေါ်စေပြီး ဆဲလ်ရဲ့ တည်ဆောက်ပုံ၊ ပုံသဏ္ဍာန် နဲ့ အရွယ်စား၊ ဆဲလ်လှုပ်ရှားမှု စတာတွေကို ဖြစ်ပေါ်စေတာပါ။

၃. ဆဲလ်တွင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ (Intracellular transport) - ပရိုတိန်းတွေက ဆဲလ်အတွင်းမှာ မော်လီကျူုးတွေ၊ အင်္ဂါနုတ်တွေ ရွေ့ပြောင်းသယ်ဆောင်တဲ့ လုပ်ငန်းမှာ ကူညီလုပ်ဆောင်ပေးပါတယ်။

၄. ဆဲလ်အမြှေးပါး ဖြတ်ကျော်သယ်ယူရေး လုပ်ငန်းများ (Membrane transport)- ပရိုတိန်းတွေဟာ ဆဲလ်အမြှေးပါး ဖြတ်ကျော်သယ်ယူရေး မှာ အဆင်ပြေချောမွေ့အောင် ကူညီဆောင်ရွက်ပေးပါတယ်။

၅. ဇီဝရုပ်ဖြစ်ပျက်လုပ်ငန်းများ Metabolic functions) - ပရိုတိန်းက ဇီဝရုပ်ဖြစ်ပျက်လုပ်ငန်းစဥ် အမျိုးမျိုးမှာ ပါဝင်ပတ်သက်နေပါတယ်။ ဥပမာ စွမ်းအင်ထုတ်လုပ်တာမျိူး၊ အာဟာရ ဖြိုခွဲတာမျိုးပေါ့။

တစ်ရှူး/အင်္ဂါရပ် အဆင့်မှာ ပရိုတိန်းရဲ့ လုပ်ငန်းများ (Tissue/Organ level)

၁. ကျုံ့ဆန့်လုပ်ငန်းများ (Contractile functions) - ကြွက်သားတွေမှာ ရှိတဲ့ ပရိုတိန်းတွေက ကြွက်သား ကျုံ့ဆန့်တာနဲ့ လှုပ်ရှားတာတွေ လုပ်ဆောင်ပေးနိုင်ပါတယ်။၊

၂. တည်ဆောက်ရေး အထောက်ပံ့လုပ်ငန်းများ (Structural functions) - ပရိုတိန်းတွေကပဲ တစ်ရှူးတွေ၊ ကိုယ်အင်္ဂါတွေ ရဲ့ တည်ဆောက်ပုံကို ခိုင်မာ မြဲမြံအောင် အထောက်ပံ့ပြု တည်ဆောက်ပေးထားတာပါ။

၃. ဟော်မုန်းလုပ်ငန်းများ (Hormonal functions) - တချို့ ပရိုတိန်းတွေက ဟော်မုန်းတွေအဖြစ် တာဝန်ထမ်းဆောင်ပေးကြပြီး သတ်မှတ်ထားတဲ့ ဆဲလ် ဒါမှမဟုတ် ကိုယ်အင်္ဂါထဲမှာ ဇီဝကမ္မဖြစ်စဥ်တွေ ထိန်းညှိလုပ်ဆောင်ပေးကြပါတယ်။

သက်ရှိသတ္တဝါအဆင့် မှာ ပရိုတိန်းရဲ့ လုပ်ငန်းများ (Organism Level)

၁. ဇီဝရုပ်ဖြစ်ပျက်ခြင်း လုပ်ငန်း (Metabolism)- ပရိုတိန်းတွေက ဇီဝရုပ်ဖြစ်ပျက်တဲ့ လုပ်ငန်းစဥ်အတွက် မရှိမဖြစ် အရေးပါတဲ့ မော်လီကျူးတွေ ဖြိုခွဲရာ/တည်ဆောက်ရာမှာ ပါဝင် လုပ်ဆောင်နေပါတယ်။

၂. သမမျှတအောင်ထိန်းညှိခြင်း လုပ်ငန်း (Homeostasis) - ပရိုတိန်းတွေဟာ သက်ရှိတွေရဲ့ ခန္ဓာကိုယ်စနစ်တွေအကြားမှာ သမမျှတစွာလုပ်ဆောင်နိုင်အောင် ထိန်းညှိပေးပါတယ်။

၃. ကြီးထွား ဖွံ့ဖြိုးခြင်းလုပ်ငန်းများ (Growth and Development) - ပရိုတိန်းတွေက ကြီးထွား ဖွံ့ဖြိုးဖို့ နဲ့ တစ်ရှူးတွေ ပြုပြင်ထိန်းသိမ်းဖို့ လုပ်ငန်းတွေမှာ အရေးကြီးဆုံးနေရာက ပါဝင်လုပ်ဆောင်ပေးပါတယ်။

၄. မျိုးပွားလုပ်ငန်းများ (Reproduction) - ပရိုတိန်းက ဂမိ(Gamates) ဖြစ်ပေါ်တာ၊ သန္ဓေသားကြီးထွားတာလိုမျိုး မျိုးပွားလုပ်ငန်းမှာလည်း ပါတာပါပဲ။

မျိူးစိတ်အုပ်စုလိုက် အဆင့်မှာ ပရိုတိန်းရဲ့ လုပ်ငန်းတာဝန်များ (Population)

၁. ဆင့်ကဲဖြစ်စဥ် အခန်းကဏ္ဍ (Evolutionary role) - ပရိုတိန်းရဲ့ ဗီဇမျိုးကွဲတွေ (Genetic Variations) ဟာ အချိန်ကြာလာတာနဲ့အမျှ မျိုးစိတ်အုပ်စုတွေရဲ့ ဆင့်ကဲဖြစ်စဥ်နဲ့ ပတ်ဝန်းကျင်ကို လိုက်လျောညီထွေဖြစ်စေ‌ေအာင် ပါဝင်လုပ်ဆောင်ပေးပါတယ်။

၂. ဂေဟဗေဒ လုပ်ဆောင်ချက် (Ecological interactions) - ပရိုတိန်းတွေက ဂေဟဗေဒ အဆက်စပ်မှာ ပါဝင်လုပ်ဆောင်ပေးတယ်၊ ဥပမာ အစိမ်းရောင် တောအုပ်ထဲက လိပ်ပြာတွေက သူတို့ကို ဖမ်းယူစားသောက်မယ့် တိရစ္ဆာန်တွေ ရန်က လွတ်မြောက်ဖို့ တောင်ပံမှာ အစိမ်းရောင်ချယ် ပရိုတိန်းထုတ်ပြီး ရုပ်ဖျက်သလို တောအုပ်ထဲ ကျင်လည်တဲ့ လိပ်ပြာတွေကကျ တောင်ပံမှာ သစ်ခေါက် အရောင် ပရိုတိန်း ထုတ်ပြီး ရုပ်ဖျက်ကြပါတယ်။

Photo credit

19/08/2026

အကြံကြီးတဲ့ Moderna (၁) (သို့မဟုတ်) Covid19 Vaccine

https://bit.ly/3CXwmDd

အကြံကြီးတဲ့ မိုဒါးနား (၂) သို့မဟုတ် အိတ်ချ်အိုင်ဗီ ကာကွယ်ဆေး

မိုဒါးနားဟာ ကိုဗစ်ကာကွယ်ဆေး mRNA-1273 နဲ့ ပွဲဦးထွက် အောင်မြင်မှုရရှိခဲ့ပြီး အဖွင့်လှခဲ့တော့ သူ့ရဲ့ နောက်ထပ်ခြေလှမ်းတွေကို အရှိန်ဟုန် ထပ်မြှင့်လိုက်ပါတယ်။

တကယ်က ယုန်ထောင်ကြောင်မိ လို့ဆိုရမလားပဲ။ သူတို့မူလ ရည်ရွယ်ချက်က ကိုဗစ်အတွက်မဟုတ်ဘူး။ သူတို့ရဲ့ mRNA နည်းပညာသုံးပြီး
CMV Vaccine- mRNA-1647,
Zika Vaccine-mRNA-1893,
Flu Vaccine-mRNA-1010,1020,1030,
RSV vaccine-mRNA-1345,
hMPV/PIV3- mRNA-165 တို့မှာ ကြိုးပမ်းနေတာ Phase 1,2,3 (လူမှာစမ်းသပ်နေတဲ့အဆင့်) အစရှိသဖြင့် ရောက်နေပါပြီ။
EBV vaccine,
HIV Vaccine,
Cancer Vaccine တို့ဆိုရင်လည်း Preclinical အဆင့်(လူမှာမစမ်းခင်အဆင့်) ကို စမ်းနေပြီ။ အခြားခြားသော နှလုံး၊ ကင်ဆာ ကုသဆေးတွေလည်း ကြိုးပမ်းနေတယ်။

အဲ့ဒီမှာ ကြားဖြတ် ကိုဗစ်ကြီးပေါ်လာပြီး တကမ္ဘာလုံး ဒုက္ခရောက်ကုန်တော့ သူလည်းမနေသာဘဲ ကြိုးပမ်းလက်စ တွေခဏထားလို့ ကိုဗစ်ကာကွယ်ဆေးအတွက် အစွမ်းကုန်ကြိုးပမ်းလိုက်တာမှာ အခုဆို တော်တော်များများ မိုဒါးနား ကာကွယ်ဆေး ထိုးပြီးကုန်ပြီ။

ဒါ့အပြင်အခု ကိုဗစ်ဗိုင်းရပ်စ် မျိုးကွဲတွေအတွက်ပါ mRNA-1273.351/-211,
mRNA-1283 အစရှိသဖြင့် ထပ်ထွက်လာတော့မယ်။

တကယ်တော့ ကိုဗစ်က အရမ်းကူးစက်မြန်ပြီး ပြင်းထန်လို့သာ ကာကွယ်ဆေးဖော်ထုတ်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက စည်းမျဉ်းစည်းကမ်းတွေ ပုံမှန်ထက် ဖြေလျော့ပေးခဲ့တာကြောင့် အမြန်ပွဲထွက်လာနိုင်ခဲ့တယ်။ ဒါပေမယ့် သူ့ရှေ့က ကြိုးပမ်းနေဆဲ ဆေးတွေကတော့ အဆင့်လိုက် တင်းကြပ်မှုတွေကြောင့် အဆင့်တခုခြင်းအတွက် နှစ်ချီကြာမြင့်နေတာပေါ့။

အခုဆို အရင်က Preclinical အဆင့်(လူမှာမစမ်းခင်အဆင့်) မှာရှိတဲ့ HIV Vaccine ကို ၂၀၂၁ ဒီလထဲမှာပဲ လူမှာ စတင်စမ်းသပ်ပြီး ၂၀၂၃ မှာ အပြီးသတ်နိုင်ဖို့ NIH မှာ တင်ထားလိုက်ပြီလို့ဆိုပါတယ်။

(Phase 1,2,3 စမ်းသပ်ဖို့ အချိန် ၃ နှစ်ခန့်ယူရတဲ့သဘောပေါ့- ကိုဗစ်ကတော့ တနှစ်အတွင်း အရေးပေါ်ထွက်လာခဲ့ပါတယ်။)

mRNA-1644 နဲ့ mRNA-1644v2-Core ဆိုပြီး ကာကွယ်ဆေး ၂ မျိုး လူမှာစမ်းသပ်တော့မှာဖြစ်ပါတယ်။ ၂ မျိုးစလုံးက ကနဦးဘေးကင်းလုံခြုံရေး စစ်ဆေးမှု အောင်မြင်တယ်ဆိုပါတယ်။

ပထမဆုံးအဆင့်အနေနဲ့ အိတ်ချ်အိုင်ဗီ ပိုးမရှိတဲ့ အသက် ၁၈ နဲ့ ၅၆ ကြား လူ ၅၆ နဲ့ စတင်ပါ့မယ်။ UNAIDSdotOrg ရဲ့ အဆိုအရ ၂၀၂၀ မှာ အိတ်ချ်အိုင်ဗီပိုး ရှိသူ 37.6 သန်း၊ အသစ်ကူးစက်ခံရသူ ၁.၅ သန်း နဲ့ အေအိုင်ဒီအက်စ် ဆက်နွယ်ရောဂါတွေနဲ့ သေဆုံးသူ ၆သိန်း ၈ သောင်းကျော်ရှိတယ်ဆိုပါတယ်။

မိုဒါးနား HIV Vaccine အောင်မြင်သွားပြီး နောက်ပိုင်းမှာ HIV ကူးစက်မှုလျော့ကျသွားမလားဆိုတာက စိတ်ဝင်စားစရာပါ။ အောင်မြင်သွားခဲ့ရင်တော့ ကျန်းမာရေးနယ်ပယ်အတွက် ဝန်ထုပ်ဝန်ပိုကြီးတခု လျော့သွားတော့မှာပေါ့။ တဖက်က ကုသရေးမှာလည်း ART ဆေးဝါးတွေ ကောင်းလာတာအပြင် CRISPR နည်းပညာသုံးပြီး အိတ်ချ်အိုင်ဗီ ဗိုင်းရပ်စ်ရဲ့ ဗီဇကို ဖယ်ရှားဖို့လည်းကြိုးပမ်းနေကြပါသေးတယ်။

18.8.2021

11/08/2026

Venki Ramakrishnan (or) အိန္ဒိယရဲ့ ပထမဆုံး ဓာတုဗေဒ နိုဗယ်လ်ဆုရှင်

၇-၇-၂၀၂၃

အင်ဒီးယန်း တွေက အရမ်းတော်ကြတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ ဆော့ဖ်ဝဲ ပညာရှင် ကစလို့ အာကာသ ပညာအထိ သူတို့တွေ ထိုးဖောက် ထူးချွန်ကြတယ်။ Google CEO, Twitter CEO တို့လို ရာထူးတွေ ရရှိတဲ့အထိ နည်းပညာလောကမှာလည်း ဆရာကျ ကြပါပေတယ်။ အခု ပြောပြပေးမယ့် အိန္ဒိယသား တယောက်ကတော့ ဇီဝဗေဒနယ်ပယ်က ထူးခြားသူတဦးပါ။

ဗန်ကီ ရာမာခရစ်ရှ်နန် ကို ၁၉၅၂ မေ ၂၉ မှာ အိန္ဒိယ တောင်ပိုင်း တမီလ်နာဒူး ပြည်နယ်က ချီဒန်ဘာရမ် မှာ မွေးခဲ့တာ။ အိန္ဒိယ မွေး အိန္ဒိယ မှာကြီးပြင်းခဲ့တဲ့ ပညာရှင် တယောက်ပေါ့။ သူ့မိဘများက‌လည်း အိန္ဒိယ ဘာရိုဒါ တက္ကသိုလ်က ပရော်ဖက်ဆာတွေ၊ ပညာတတ် အသိုင်းဝိုင်းကလာသူပေါ့။ (သူ့အဖေက ဇီဝဓာတုဗေဒ ဌာနမှူး၊ သူ့အမေက စိတ်ပညာဌာနမှူး၊ သူ့ညီမ က University of Cambridge ရဲ့ Infectious Disease and Immunology ရဲ့ ဌာနမှူး)

သူက ရိုင်ဗိုဇုမ်း ရဲ့ တည်ဆောက်ပုံနဲ့ အလုပ်လုပ်ပုံ ကိုလေ့လာပြီး ပရိုတိန်းထုတ်လုပ်ရေးအတွက် အရေးပါတဲ့ အင်္ဂါနုတ်လေးဆိုတာ ဖော်ထုတ်နိုင်ခဲ့လို့ ပူးတွဲ နိုဗယ်လ်ဆု ရရှိခဲ့တာဖြစ်ပါတယ်။ ထူးခြားတဲ့ အိန္ဒိယသားပေါ့။

ထူးခြားတာက သူဟာ ၁၉၇၁ မှာ အိန္ဒိယတက္ကသိုလ် တခုဖြစ်တဲ့ ဘာရိုဒါး ကနေ ရူပဗေဒ နဲ့ Bachelor ဘွဲ့ရခဲ့တယ်။ ၁၉ နှစ်သားပဲရှိသေးတယ်။

(Talk တခုမှာ သူပြောတာက အိန္ဒိယမှာ ထူးချွန်ရင် ဆရာဝန်၊ အင်ဂျင်နီယာ ပဲ ယူကြတာတဲ့။ ကျနော်တို့နဲ့ သိပ်မကွာဘူး။ အာ့မှာ အင်ဂျင်နီယာ‌ေကျာင်းတို့ ၊ ဆေးကျောင်းတို့ ဝင်ဖို့ တော်တဲ့ကျောင်းသားတွေက National Exam ဆိုတာ ဖြေဖို့ အမှတ်ကောင်းဖို့ ကျူရှင်‌တွေတက်ကြတယ်ပေါ့။ ဒါပေမယ့် သူ့အဖေအမေ ကတော့ အာ့အတွက် ပိုက်ဆံအကုန်မခံဘူးဆိုပါတယ်။ ဒါပေမယ့် သူ့အေဖက ဆရာဝန်‌ဖြစ်စေချင်တာ။ သု့အမေကတော့ Science Talent တွေအတွက် ပေးတဲ့ Scholarship ရဖို့ စာမေးပွဲတခု ဖြေခိုင်းတယ်တဲ့ အဲ့ဒီစာမေးပွဲက ဆေးကျောင်း၊ အင်ဂျင်နီယာကျောင်း မရဘူး Basic Science ပဲ ယူရတာ။ အဲ့မှာ သူ့မိဘတွေနဲ့ အပေးယူလုပ်တာက သူ စကောလားရှစ်ရရင် ရုပဗေဒ တက်မယ်။ မရရင် အိန္ဒိယက ထိပ်တန်းဆေးကျောင်းတခု ရအောင်တက်ပြီး ဆရာဝန်လုပ်မယ် တဲ့။ ထူးခြားတဲ့လူ)

အဲ့ဒီကနေ အမေရိကန် ကိုပြောင်းရွှေ့ပြီး ၁၉၇၆ မှာ အိုဟိုင်းအိုး တက္ကသိုလ်ကနေ ရူပဗေဒနဲ့ပဲ PhD ရရှိခဲ့ပါတယ်။

အဲ့ဒီကနေ ပိုပြီး ထူးခြားတာက ရူပဗေဒကို ဆက်မလုပ်တော့ဘဲ ဇီဝဗေဒ ဘက်ကို ပြောင်းလာခဲ့တယ်။ နာမည်ကျော် University of Califonia, San Diego မှာ ၂ နှစ် ကြာအောင် ဇီဝဗေဒ သင်ယူခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီနောက်ပိုင်းရောက်မှ ယေးလ်တက္ကသိုလ် က ပီတာမိုးရ် ရဲ့ ဓာတ်ခွဲခန်းမှာ ရိုင်ဗိုဇုမ်းကို ရှယ်လေ့လာတော့တာပေါ့။ သူဟာ ရူပဗေဒကို ပါရဂူဘွဲ့ရတဲ့အထိ လေ့လာပြီးမှ ဇီဝဗေဒဘက်ကို ကူးပြောင်းလာခဲ့ပေမယ့် နိုဗယ်လ်ဆု ရရှိတဲ့အထိ ထူးချွန်ပြောင်မြောက်ခဲ့သူပါ။

၁၉၉၀ နှောင်းပိုင်းတွေမှာ သူက ရိုင်ဗိုဇုမ်း တည်ဆောက်ပုံလေ့လာဖို့ X-ray crystallography နည်းကို သုံးပြီး ဓာတ်မှန်ရိုက်လေ့လာခဲ့တာပါ။ သူနဲ့အတူ တောမတ်စ် အေ စတိဇ်၊ အေဒါ ယိုးနာ့သ် တို့ ပူးပေါင်းပြီး ရိုင်ဗိုဇုမ်းရဲ့ အက်တမ်အဆင့်ထိ တည်ဆောက်ပုံ အလုပ်လုပ်ပုံကို ဖော်ထုတ်ခဲ့ကြတာ။ သူတို့ တွေ့ရှိဖော်ထုတ်မှုကြောင့်ပဲ ဆဲလ်တွေ ဗီဇကနေ ပရိုတိန်းထုတ်တဲ့ လုပ်ငန်းစဉ်မှာ mRNA ကနေ ရိုင်ဗိုဇုမ်း ကြောင့် အမီနိုအက်ဆစ် ထုတ်လာတဲ့ translation အဆင့်ကို သေချာ ‌ဖော်ပြနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲ့လို ဖော်ထုတ်နိုင်ခဲ့တာကြောင့်လည်း သူတို့ သုံးဦး ကို ၂၀၀၉ ခုနှစ်မှာ ဓာတုဗေဒ နိုဗယ်လ်ဆု ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ သူကတော့ ပထမဆုံးသော အိန္ဒိယဖွား နိုဗယ်လ်ဆုရ သိပ္ပံပညာရှင် ဖြစ်လာတာပါ။

နိုဗယ်လ်ဆုအပြင် တခြားဆုတွေလည်း အများကြီး ချီးမြှင့်ခံရပါသေးတယ်။ Royal Society, European Molecular Biology Organization, National Academy of Science တို့ရဲ့ အဖွဲ့ဝင် ဖြစ်လာသလို ၂၀၁၅-၂၀၂၀ မှာ UK Royal Society ရဲ့ ဥက္ကဌ အဖြေစ်ရွေးချယ်ခံခဲ့ရပါတယ်။

သူ့ အကြောင်းနဲ့ သူ့ရဲ့ Ribosomes ရှာပုံတော်ခရီးအကြောင်း ရေးထားတဲ့ သူ့ရဲ့ စာအုပ် "The Gene Machine" ကလည်း နာမည်ကျော်စာအုပ်ဖြစ်ပါတယ်။ အဲ့ဒီစာအုပ်ကို ၂၀၂၀ ခုနှစ်ရဲ့ CRISPR နိုဗယ်လ်ဆုရှင် ဂျနီဖာ ဒေါ့ဒ်နာ က အမှာစာရေးပေးထားတာပါ။

အိန္ဒိယ နိုင်ငံသားလည်းဖြစ်၊ ဘာသာရပ်တခုကို ပါရဂူဘွဲ့ရသည်ထိ လေ့လာပြီးမှ အခြား ဘာသာရပ်တခု ပြောင်းလေ့လာပြီး နိုဗယ်လ်ဆု ရသည်အထိ ထူးချွန်ခဲ့သူ၊ ရိုင်ဗိုဇုမ်း ဆရာကြီးအကြောင်း နဲ့ သူ့ရဲ့ စာအုပ်ကို ဆက်လက်ရှာဖွေ ဖတ်ရှုကြည့်ကြဖို့ တိုက်တွန်းရင်း ဒီမှာပဲ ရပ်နားလိုက်ပါတယ်။






Photo credit Harvard University

Address

Yangon

Telephone

+959960995979

Website

Alerts

Be the first to know and let us send you an email when Genomics Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share