Dear Health by Dr. Khoon

Dear Health by Dr. Khoon This page is to post health related articles written by Khoon Nyo Thway.

Most of the articles have been printed in Health Guide magazine and some are newly written ones.

"တင်ပါးမှာ ထိုးဆေး ထိုးပြီးရင် ခဲသွားတတ်တာ ဘာကြောင့်လဲ။ "ဆေးခန်းသွားတယ်။ တင်ပါးမှာ ထိုးဆေးထိုးပြီး နောက်ရက်တွေမှာ ခဲသွား...
21/05/2026

"တင်ပါးမှာ ထိုးဆေး ထိုးပြီးရင် ခဲသွားတတ်တာ ဘာကြောင့်လဲ။ "

ဆေးခန်းသွားတယ်။ တင်ပါးမှာ ထိုးဆေးထိုးပြီး နောက်ရက်တွေမှာ ခဲသွားတာကို လူအများစုက
“ဆေးမကျေဘူး” ၊ “ဆေးခဲသွားတာ” လို့ ပြောတတ်ကြပါတယ်။

၁။ ဘာလို့ အလုံးဖြစ်လာတာလဲ။

တကယ်တော့ အဲဒီအလုံးက ခန္ဓာကိုယ်ရဲ့ တစ်ရှူးအသားစတွေက ဆေးထိုးထားတဲ့နေရာကို တုံ့ပြန်မှု ပြန်ပေးတာမျိုး/ ပြန်ပေးရာမှာ လွန်ကဲတာမျိုး ဖြစ်နိုင်ပါတယ်။
ပုံမှန်ဆိုရင် ဆေးကိုတင်ပါးကြွက်သား နဲ့ အနီးတဝိုက်က သွေးကြောတွေကနေ စုပ်ယူပြီးတော့ ပင်မသွေးစီးကြောင်းထဲကို ပို့ဆောင်ပေးပြီး သွေးထဲကနေတဆင့် ဆေးရဲ့ အာနိသင်ကို ရရှိစေပါတယ်။ အလုံး ဖြစ်ကျန်ခဲ့တာ ခဲနေတာ မရှိပါဘူး။

၂။ ဒါပေမဲ့ တစ်ခါတလေ တချို့သော အခြေအနေတွေမှာ တင်ပါးဆေး IM (အသားထဲထိုးတဲ့ဆေး) ထိုးပြီးနောက် တင်ပါးမှာ အလုံးခဲသလို ဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့

- ဆေးရည်က တင်ပါးတစ်ရှူးထဲမှာ စုပုံနေတာ ဖြစ်နိုင်ပါတယ်။
- ထိုးတဲ့နေရာမှာ ရောင်ရမ်းမှု inflammation ဖြစ်တာ ဖြစ်နိုင်ပါတယ်။
- တင်ပါးရဲ့ တစ်နေရာတည်းကို ခဏခဏထိုးတဲ့ အခါ ဖြစ်နိုင်ပါတယ်။
- ဆေးထိုးတဲ့ နည်းလမ်း မမှန်တာ ( အပ်က ကြွက်သားထဲ မရောက်တာ)
- ဆေးက ကြွက်သားအလွှာထဲ မရောက်ဘဲ အပေါ်က အဆီလွှာထဲ ဝင်သွားတာ
- အချို့ထ်ိုးဆေးတွေက တစ်ရှုးကို ထိခိုက်မှု ပိုဖြစ်စေတာ
- နောက်တစ်ခုကတော့ အတွင်းက သွေးကြောလေးတွေ ပေါက်ပြီး သွေးခဲတာ haematoma ဖြစ်သွားတာ
- နောက်တစ်ခုကတော့ ပိုးဝင်ပြီး ပြည်တည်နာဖြစ်တာ
တို့ကြောင့် ဖြစ်နိုင်ပါတယ်။

၃။ ထိုးဆေးထိုးပြီး ဖြစ်တဲ့ အမာအကျိတ်၊ အတင်းအခဲတွေက များသောအားဖြင့် ရက်ပိုင်းကနေ ရက်သတ္တပတ်အနည်းငယ်အတွင်း ပြန်ပျောက်သွားတတ်ပါတယ်။ အခြေအနေပေါ်မူတည်ပြီးတော့ အသေးစားရောင်ရမ်းမှုဆိုရင် ၃ ရက် မှ ၁ ပတ်၊ သွေးခဲသေးသေး (hematoma) ဆိုရင် ၁ ပတ် မှ ၂ ပတ်၊ ပျစ်တဲ့ဆေးကြောင့် အကျိတ်အခဲဖြစ်တာဆိုရင်၂ ပတ် မှ တစ်လလောက် ကြာနိုင်ပါတယ်။

တချို့လူတွေမှာတော့ fibrous tissue အမာများ ဖြစ်သွားကာ tissue fibrosis ဖြစ်ပြီး အလုံးအမာကြီးတစ်ခု အချိန်ကြာကြာ ကျန်နေတတ်ပါတယ်။

၄။ ဘယ်လို ဝေဒနာတွေခံစားရနိုင်လဲ။

အများစုကတော့
- နည်းနည်း နာနေမယ်
- လက်နဲ့စမ်းရင် ခဲခဲတင်းတင်းအလုံး စမ်းမိမယ်
- ပူနေ ရောင်နေတာ မရှိတတ်ဘဲ တဖြည်းဖြည်းချင်း ပြန်ပျော့သွားတတ်ပါတယ်။

ဒါပေမယ့်
- အရမ်းနာလာတယ်
- နီလာတယ်
- ပူလာတယ်
- အရွယ်ကြီးလာတယ်
- ဖျားလာတယ်

ဆိုရင်တော့ ပိုးဝင်တဲ့ပြည်တည်နာ injection abscess ဖြစ်နိုင်လို့ မပေါ့ဆဘဲဆရာဝန်ပြသင့်ပါတယ်။

၅။ ဘယ်လို ကာကွယ်ရမလဲ

ဒါက အခန့်မသင့်ဘဲ ခန္ဓာကိုယ်က တုံ့ပြန်တဲ့ အခြေအနေတွေမို့ ဖြစ်တတ်ပါတယ်။

ထိုးဆေးထိုးတဲ့အခါ
- နည်းစနစ်ကျကျ မှန်ကန်တဲ့ ထိုးနှံနည်း သုံးဖို့
- ဆေးထိုးတဲ့အခါ တစ်နေရာတည်း ထပ်ခါထပ်ခါ မထိုးဖို့ ( ဟိုဘက် ဒီဘက် ပြောင်းတာ/ မလိုအပ်ဘဲ ဆေးမထိုးတာ စသည်)
- ထိုးပြီးနောက် အသာအယာလေး ပွတ်ချေပေးတာ ( မချေရတဲ့ ဆေးမျိုးမှ လွဲ၍ )
- ရေနွေးအိတ် ကပ်ပေးတာ

ဒါတွေ လုပ်ပေးလို့ ရပါတယ်။

၆။ “ဆေးထိုးပြီး ခဲသွားတိုင်း အန္တရာယ်ရှိတာ မဟုတ်ပေမယ့်
နီရဲ ရောင်ရမ်းလာတာ နာကျင်တာ ပိုဆိုးလာတာ စတဲ့ ပိုးဝင်လက္ခဏာတွေ ရှိလာရင်တော့ မပေါ့ဆသင့်ပါဘူး” ။ ဆရာဝန်နဲ့ ပြန်လည် ပြသပါ။

#ခွန်းညိုသွေး

15/05/2026

"နေမကောင်းတဲ့အခါ ဆေးတွေ ခဏရပ်ခြင်း ( Sick day rules )"

“Sick day rules” ဆိုတာကတော့ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဖျားနာခြင်းလို ရေဓာတ်ခန်းခြောက်စေတဲ့ ရောဂါအခြေအနေတွေ ဖြစ်နေချိန်မှာ သွေးပေါင်ကျဆေး၊ ဆီးချိုဆေးလို ဆေးအချို့ကို ခဏရပ်ထားဖို့ အကြံပြုထားတဲ့ ဖြစ်ပါတယ်။
အဲဒီလိုလုပ်ခြင်းက ရေဓာတ်ခန်းခြောက်မှု (dehydration) ပိုမိုဆိုးလာတာ
ကျောက်ကပ်ထိခိုက်တာကို ကာကွယ်ပေးနိုင်ပါတယ်။

အဓိက လုပ်ရမယ့်အချက်တွေကတော့ ရေဓာတ် လုံလောက်အောင် သောက်သုံးခြင်း၊ ဖျားနေစဉ် ACEI သွေးတိုးဆေး၊ diuretics ဆီးဆေး နဲ့ metformin ဆီးချိုကျတေး စတဲ့ ဆေးအချို့ကို ခဏရပ်ထားပြီး နေကောင်းပြီးတော့ ၂၄နာရီကနေ ၄၈နာရီ အကြာမှာ ဆေးကို ပြန်လည် သောက်ခြင်းတို့ ဖြစ်ပါတယ်။

Sick Day Rules ကို ဘယ်အချိန်မှာ လိုက်နာသင့်သလဲ။

ရေဓာတ်ခန်းစေနိုင်တဲ့ အခြေအနေတွေ ဖြစ်လာရင် ဒီစည်းမျဉ်းတွေကို လိုက်နာသင့်ပါတယ်
- အန်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း (အထူးသဖြင့် တစ်ကြိမ်ထက်ပိုဖြစ်ရင်)
- ကိုယ်ပူရှိန်မြင့်တက်ကာ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊
- တုပ်ကွေးဆန်တဲ့ လက္ခဏာများ၊ ရောဂါပိုးဝင်ခြင်း၊ ရေမသောက်နိုင်ခြင်း

အဲဒီအချိန်မှာ ခဏရပ်ထားသင့်တဲ့ ဆေးတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ရပ်သင့်တယ်ဆိုရင် ရပ်လို့ရပါတယ်။

ရေဓာတ်ခန်းခြောက်နေချိန်မှာ ဒီဆေးတွေသောက်ဖို့ ချင့်ချိန်သင့်ပါတယ်

* ACE Inhibitors သွေးတိုးကျဆေးများ ( ဥပမာ — ramipril, lisinopril, perindopril)
* Diuretics ခေါ် ဆီးဆေးများ (ဥပမာ — furosemide, bendroflumethiazide)
* Metformin (ဆီးချိုကျဆေး)
* Sulphonylurea နဲ့ SGLT2 inhibitors ဆီးချိုကျဆေးများ
* NSAIDs အကိုက်အခဲပျောက်ဆေးများ (ဥပမာ — ibuprofen, diclofenac, naproxen)
* ARBs သွေးတိုးကျဆေး (ဥပမာ — losartan, candesartan)

မကျန်းမာနေချိန်မှာ လုပ်သင့်တဲ့အချက်တွေကတော့

- ဆေးကို ခဏရပ်ပါ — အထက်ဖော်ပြပါ ဆေးများကို ယာယီရပ်ထားပါ။ ( ဆရာဝန်နှင့်တိုင်ပင်ပြီးမှသာ )
- ရေဓာတ်ပြည့်ဝအောင် နေထိုင်ပါ — ရေ၊ အရည် ဆန်ပြုတ် စွပ်ပြုတ်(ဆီးချိုမရှိရင် အချိုရည်နဲ့ သစ်သီးဖျော်ရည် ) စတာတွေကို နည်းနည်းစီ မကြာခဏသောက်ပေးပါ။
- ဆေးကို အစားထိုးပြီး တိုးမသောက်ပါနဲ့ — နေကောင်းလာပြီးနောက် မသောက်ခဲ့တဲ့ဆေးကို အစားထိုးပြီး နှစ်ဆ ပြန်​သောက်ဖို့ မလိုအပ်ပါ
- ဘယ်တော့ ဆေးပြန်သောက်မလဲ — ပုံမှန် စားနိုင်၊ သောက်နိုင်လာပြီး ရောဂါလက္ခဏာတွေ ပျောက်ကင်း သွားပြီး ၂၄–၄၈ နာရီအကြာမှာ ဆေးကို ပြန်စသောက်နိုင်ပါတယ်။
- ဆရာဝန်နဲ့ ဘယ်အချိန်ပြသမလဲ — ရေမသောက်နိုင်ဘူး၊ ဆီးအရောင်အရမ်းရင့်ပြီး ညိုလာတယ်၊ သို့မဟုတ် ၄၈ နာရီအတွင်း ရောဂါ မသက်သာဘူးဆိုရင် ဆရာဝန်ကို ချက်ချင်း ပြသပါ။

ခြွင်းချက်အနေနဲ့ကတော့

- Adrenal insufficiency ရောဂါ ရှိသူများကတော့ steroid ဆေးကို လုံးဝမရပ်ရပါ။ ဖျားနာနေချိန်မှာ dose တိုးပြီး သောက်ရနိုင်ခြေ ရှိပါတယ် (ဥပမာ — dose နှစ်ဆတိုးခြင်း)။
- ဆီးချိုရှိသူများကတော့ သွေးတွင်း သကြားဓာတ်ကို ပိုမိုမကြာခဏ စစ်ဆေးပါ (ဥပမာ — ၄ နာရီတစ်ကြိမ်)။ သကြားဓာတ် 250 mg/dL (သို့) 18 mmol/L ထက်မြင့်နေပါက ဆရာဝန်နဲ့ ချက်ချင်းပြသ တိုင်ပင်ပါ။

#ခွန်းညိုသွေး

သွေးတွင်း ကိုလက်စထရော များခြင်း Hypercholesterolemia ဆိုတာ ဘာလဲ။Hypercholesterolemia ဆိုတာကတော့ သွေးထဲမှာ ကိုလက်စထရောပမာ...
13/05/2026

သွေးတွင်း ကိုလက်စထရော များခြင်း Hypercholesterolemia ဆိုတာ ဘာလဲ။

Hypercholesterolemia ဆိုတာကတော့ သွေးထဲမှာ ကိုလက်စထရောပမာဏ မြင့်မားနေတဲ့ အခြေအနေကို ဆေးပညာအရ ခေါ်တဲ့အမည် ဖြစ်ပါတယ်။
အထူးသဖြင့် “မကောင်းတဲ့ ကိုလက်စထရော” လို့ခေါ်တဲ့ LDL cholesterol များလွန်းနေခြင်းကို ဆိုလိုတာပါ။ ( ပြီးခဲ့တဲ့ တစ်ပတ်က တင်ခဲ့တဲ့ ဆောင်းပါးကို ပြန်လည် ဖတ်ရှုနိုင်ပါတယ်။)

၁။ သွေးထဲမှာ ကိုလက်စထရောတွေများလာတဲ့အခါ ဘာကြောင့် အန္တရာယ်ရှိသလဲ။

ကိုလက်စထရောများလာလို့ တအားသိသာလွန်းတဲ့ လက္ခဏာမရှိတတ် ပါဘူး။
ဒါကြောင့် လူအများစုက ကိစ္စတိုက်ဆိုင်လို့ သွေးစစ်မိမှ ဒါမှမဟုတ် အရေးပေါ်အခြေအနေဖြစ်လာမှ သိတတ်ကြတာ များပါတယ်။

- နှလုံးအမောဖောက်ခြင်း/တိုက်ခိုက်ခံရခြင်း (Heart Attack)

နှလုံးသွေးကြောထဲ အဆီတွေနဲ့ ပါဝင်နေတဲ့ အခဲ Plaqueကနေ သွေးခဲဖြစ်ကာ သွေးစီးဆင်းမှု ပိတ်ဆို့သွားတဲ့အခါ heart attack ရတတ်ပါတယ်။

- လေဖြတ်ခြင်း (Stroke)

ဦးနှောက်ဆီ သွေးစီးဆင်းမှုကို အဲဒီ ဦးနှောက်သွေးကြောထဲမှာ အခဲPlaque သို့မဟုတ် သွေးခဲက ပိတ်ဆို့တဲ့အခါ လေဖြတ်နိုင်ပါတယ်။

- Peripheral Artery Disease (PAD)

အဖျားအနား ခြေဖျား လက်ဖျား စတဲ့ ခြေထောက် လက်ထိပ် စတဲ့နေရာက သွေးကြောတွေ ကျဉ်းလာတတ်ပါတယ်။ အထူးသဖြင့် ခြေထောက်သွေးကြောတွေပိတ်လို့ လမ်းလျှောက်တဲ့အခါ နာကျင်မှုကို ဖြစ်စေပါတယ်။

၂။ အမျိုးအစားတွေအနေနဲ့ကတော့

- Acquired (Secondary) Hypercholesterolemia

အများဆုံးတွေ့ရတဲ့ အမျိုးအစားဖြစ်ပြီး နေထိုင်မှုပုံစံ Life Style နဲ့ ဆက်စပ်ပါတယ်။
ဥပမာ Saturated fat များတဲ့ အစားအစာစားခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်း၊ ဆေးလိပ်သောက်ခြင်း အဲဒါတွေကြောင့် ဖြစ်တတ်ပါတယ်။

- Familial Hypercholesterolemia (FH)

ဒါကတော့ မျိုးရိုးဗီဇဆိုင်တာ မျိုးရိုးလိုက်တာဖြစ်ပြီး ကိုယ်ခန္ဓာက သွေးထဲကနေ LDL cholesterol ကို ထိရောက်စွာ မဖယ်ရှားနိုင်တော့တဲ့ အခြေအနေပါ။
FH ရှိသူတွေမှာ မွေးကတည်းက သွေးတွင်း ကိုလက်စထရောမြင့်နေတတ်ပြီး အသက်ငယ်ငယ်နဲ့ ကို နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်မားနေတတ်ပါတယ်။

- Pure (Isolated) Hypercholesterolemia

သွေးတွင်းအဆီတွေထဲမှာ LDL cholesterol ပဲ မြင့်နေပြီး triglycerides မမြင့်တဲ့ အခြေအနေကို ခေါ်ပါတယ်။

၃။ ရောဂါလက္ခဏာ ဘာတွေ ပြတတ်သလဲ။

ခုနပြောသလိုပဲ လူအများစုမှာ ရောဂါ လက္ခဏာမပြတတ်ပါဘူး။
များသောအားဖြင့် နှလုံးဖောက်ခြင်းလို သွေးကြောဆိုင်ရာ အရေးပေါ်ပြဿနာဖြစ်လာမှ သိတတ်ကြပါတယ်။

ဒါပေမယ့် ပြင်းထန်တဲ့အခြေအနေတွေနဲ့ မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့သူတွေမှာ—

- Xanthomas
အရေပြားအောက်မှာ အဆီဖုမာမာလေးတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီ အဆီဖုလေးတွေကို
လက်ဆစ်ထိပ်၊ တံတောင်ဆစ် နဲ့ ခြေဖနောင့်အပေါ် အာခီလိစ်အရွတ် အနီးမှာ တွေ့ရတတ်ပါတယ်။
- Xanthelasmas
ဒါကတော့ မျက်ခွံပတ်ဝန်းကျင်မှာ အဝါရောင် ကိုလက်စထရောအဆီစုလေးတွေ စုခဲလာတာတာကို တွေ့ရတတ်တာ ဖြစ်ပါတယ်။
- Corneal Arcus
မျက်လုံး မျက်ဆံနက် irisရဲ့ ပတ်လည်မှာ အဖြူရောင် သို့မဟုတ် မီးခိုးရောင် အဝိုင်းပုံစံလေးပေါ်လာတတ်တာကို ခေါ်တာပါ။

၄။ ကိုလက်စထေရော တက်စေတဲ့ အဓိကအကြောင်းရင်းတွေက ဘာလဲ။
အန္တရာယ်ဖြစ်စေသောအချက်တွေက ဘာလဲ

အစားအသောက် - အဆီများတဲ့ အသား၊ processed food တွေလို saturated fat နဲ့ trans fat များတဲ့ အစားအစာတွေ စားသုံးခြင်း။
နေထိုင်မှုပုံစံ- လှုပ်ရှားမှုနည်းခြင်း၊ အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း
မျိုးရိုးဗီဇ - မိသားစုကနေ မျိုးရိုး
အခြားရောဂါများအနေနဲ့ကတော့ ဆီးချို သိုင်းရွိုက်အားနည်းခြင်း(Hypothyroidism)၊ကျောက်ကပ်ရောဂါနဲ့ အသည်းရောဂါ တွေမှာ လည်း တွေ့ရတတ်ပါတယ်။
ဆေးဝါးများ အနေနဲ့ တချို့ ဆီးဆေးတွေ၊ သန္ဓေတားဆေး, steroid ဆေးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

#ခွန်းညိုသွေး

"ကိုလက်စထရောခေါ် သွေးတွင်းအဆီဓာတ်များ "ကိုလက်စထရော (Cholesterol) ဆိုတာ သွေးထဲမှာရှိတဲ့ အဆီဓာတ်တစ်မျိုးဖြစ်ပြီး ပရိုတိန်း...
05/05/2026

"ကိုလက်စထရောခေါ် သွေးတွင်းအဆီဓာတ်များ "

ကိုလက်စထရော (Cholesterol) ဆိုတာ သွေးထဲမှာရှိတဲ့ အဆီဓာတ်တစ်မျိုးဖြစ်ပြီး ပရိုတိန်းတချို့နဲ့ ပေါင်းကာ lipoproteins လို့ခေါ်တဲ့ အမှုန်များအဖြစ်နဲ့ သွေးထဲမှာ သယ်ဆောင်သွားလာတဲ့ ဖယောင်းလို အဆီတစ်မျိုး ဖြစ်ပါတယ်။

၁။ ကိုလက်စထရော (Cholesterol) ဟာ ခန္ဓာကိုယ်အတွက် လိုအပ်သလား။

လိုအပ်ပါတယ်။ ကိုယ်ခန္ဓာက cell ဆဲလ်တွေတည်ဆောက်ဖို့ ပါဝင်ပစ္စည်း အဖြစ်နဲ့လည်း ပါဝင်ပါတယ်။
ခန္ဓာကိုယ်အတွက် ဟော်မုန်းတချို့ ထုတ်လုပ်ဖို့ ဥပမာ ကျားဟော်မုန်း မဟော်မုန်းတွေ ထုတ်လုပ်ရာမှာ ကုန်ကြမ်း ဖြစ်စေပါတယ်။
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗိုက်တာမင်ဒီ Vitamin D ဖန်တီးဖို့အတွက် ကိုလက်စထရောအချို့ လိုအပ်ပါတယ်။

၂။ ဒါဆို ဘယ်အခါမှာ အန္တရာယ်ရှိလာသလဲ။

သွေးတွင်းမှာ ကိုလက်စထရော (Cholesterol) ပမာဏ အလွန်များလာရင် နှလုံးရောဂါ နဲ့ လေဖြတ်ခြင်း (Stroke) လို ကျန်းမာရေးပြဿနာကြီးတွေ ဖြစ်ပေါ်နိုင်ပါတယ်။

၃။ ကိုလက်စထရောအမျိုးအစား ဘယ်နှမျိုး ကို တိုင်းတာလေ့ ရှိသလဲ

သွေးစစ်ဆေးမှုမှာ အဓိကအားဖြင့် ကိုလက်စထရောအမျိုးအစား ၂ မျိုးကို တိုင်းတာပါတယ်။

LDL (Low-Density Lipoprotein)

“မကောင်းတဲ့ ကိုလက်စထရော” အကြမ်းဖျင်း မှတ်ယူလို့ ရပါတယ်။

LDL ပမာဏ များ လာရင် သွေးကြောနံရံတွေမှာ အဆီအလွှာတစ်ခုအနေနဲ့ (Plaque) ဖြစ်ပေါ်လာပြီး သွေးကြောတွေကို တင်းကျပ်ကျဉ်းမြောင်းလာစေပါတယ်။ ဒီအခြေအနေကို Atherosclerosis လို့ခေါ်ပါတယ်။

နှလုံးသွေးကြော လည်ပင်း ခြေဖျားလက်ဖျား ကျောက်ကပ်နဲ့ သွေးလွှတ်ကြောမတွေကို ကျဉ်းမြောင်းစေပါတယ်။

HDL (High-Density Lipoprotein)

“ကောင်းတဲ့ ကိုလက်စထရော” လို့ခေါ်ပါတယ်။
ဒါဟာ သွေးထဲက ပိုနေတဲ့ ကိုလက်စထရောတွေကို စုဆောင်းပြီး အသည်းဆီ ပြန်ပို့ပေးကာကိုယ်ခန္ဓာကနေ ဖယ်ရှားပစ်ဖို့ အကူအညီပေးပါတယ်။ အမှိုက်သိမ်းတဲ့ ကားလို အလုပ်လုပ်ပေးတာပါ။

သွေးစစ်ရာမှာတော့ ကိုလက်စထရော စုစုပေါင်းပမာဏ၊ LDL၊ HDL နဲ့ TG (triglycerides ) ဆိုတာတွေကို တိုင်းတာပါတယ်။

၄။ ဒါဆို ကိုလက်စထရောက ဘယ်လောက် ရှိသင့်သလဲ။

အရွယ်ရောက်သူများ (အသက် ၂၀ နှင့်အထက်) အတွက် ကျန်းမာဖို့ အနေနဲ့ ကိုလက်စထရောပမာဏက

ကိုလက်စထရောကို mg/dL (milligrams per deciliter) သို့မဟုတ် mmol/L (millimoles per liter) နဲ့ တိုင်းတာပါတယ်။

စုစုပေါင်းကိုလက်စထရောက 200 mg/dl (5.2 mmol/L ) အောက်မှာ ရှိသင့်ပါတယ်။

- LDL က 100mg/dl ( 2.6 mmol/L) အောက်
- HDL က 60mg/dl ( 1.6 mmol/L) နဲ့ အထက် (သူက များလေ ကောင်းလေ မို့ )
- Triglycerides ဆိုတဲ့ အဆီတစ်မျိုးကတော့ 150mg/dl ( 1.7 mmol/L) အောက်

အသီးသီး ရှိရမှာ ဖြစ်ပါတယ်။

၅။ ခန္ဓာကိုယ်ရဲ့ ကိုလက်စထရောပမာဏကို ပုံမှန်ထက် မများပြားအောင် ဘယ်လိုထိန်းမလဲ။

နေ့စဉ်နေထိုင်မှုပုံစံ ပြောင်းလဲခြင်းဖြင့် ပိုမိုကောင်းမွန်အောင် လုပ်နိုင်ပါတယ်။

- ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာစားပါ

အနီရောင်အသား၊ အဆီပြည့်တဲ့ နို့ထွက်ပစ္စည်းတွေမှာပါတဲ့ Saturated Fat နဲ့ Trans Fat တွေကို လျှော့စားပါ။

- လေ့ကျင့်ခန်းလုပ်ပါ

နေ့စဉ် အနည်းဆုံး မိနစ် ၃၀ လေ့ကျင့်ခန်းလုပ်ပါ။
ဒါက HDL (“ကောင်းတဲ့ ကိုလက်စထရော”) ကို တိုးမြင့်စေပါတယ်။

- ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်ခြင်းက HDL ကို လျော့ကျစေပြီး LDL ကို သွေးကြောနံရံမှာ ပိုကပ်စေပါတယ်။ သွေးကြောကျဉ်းစေပါတယ်။

- ဆေးဝါးသောက်သုံးခြင်း

တကယ်လို သွေးထဲမှာ ကိုလက်စထရောများပြားနေခဲ့ရင် ဆရာဝန်က Statins သို့မဟုတ် အခြားသော ဆေးဝါးများ လိုအပ်ပါက ပေးနိုင်ပါတယ်။

#ခွန်းညိုသွေး

30/04/2026

" စိတ်ဖိစီးမှုနဲ့ ရင်ဆိုင်ရတဲ့အခါ "

ဧပရယ်လကို စိတ်ဖိစီးမှုအတွက် National Stress Awareness month စိတ်ဖိစီးမှု အသိပညာပေးလအဖြစ် သတ်မှတ်ထားပါတယ် ။ စိတ်ဖိစီးမှုကို ကျော်လွှားရင်ဆိုင်ခြင်းကကျန်းမာတဲ့ လူမှုဘဝ ပိုင်ဆိုင်ဖို့ မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

စိတ်ဖိစီးမှုကို ဘယ်လို ဖြေရှင်းရမယ် ဆိုတာကို သိရှိခြင်းဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ပါ ကျန်မာရေးကို မြှင့်တင်ပေးနိုင်သလို ကျန်းမာရေးနဲ့ ဆက်နွှယ်တဲ့ ပြဿနာများ ပိုမိုဆိုးရွားလာမှုကိုလည်း လျော့နည်းစေပါတယ်။

အဲဒီတော့ အခု အေပရယ်လကုန်ခါနီးမှာတော့ စိတ်ဖိစီးမှုတွေ မပျောက်ပျက်သွားသေးဘူး ဆိုရင် စိတ်ဖိစီးမှုအဆင့်ကို လျှော့ချဖို့ စဉ်းစားပြီး လုပ်ဆောင်သင့်တဲ့အရာတွေ ရှိပါတယ်။

၁။ စိတ်ဖိစီးမှုဆိုတာ မင်းအတွက် ဘယ်လို သတ်မှတ်မလဲ

ကျွန်တော်တို့အားလုံးဟာ စိတ်ဖိစီးမှုကို ခံစားရပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် မတူညီသောနည်းလမ်းများနဲ့ တွေ့ကြုံခံစားရပါတယ်။

ဒါကြောင့် စိတ်ဖိစီးမှုအတွက် သီးသန့်အဓိပ္ပါယ်ဖွင့်ဆိုချက် တိတိပပ မရှိပေမဲ့ အသုံးအများဆုံးရှင်းပြချက်ကတော့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် ခံစားချက်ပိုင်းဆိုင်ရာမှာ ဖြစ်ပေါ်လာတဲ့ တင်းအားတစ်ခုခုကို ဆိုလိုတာပါ။

စိတ်ဖိစီးမှုဆိုတာ လူတစ်ဦးကို စိုးရိမ်သောကဖြစ်စေတာ ဒါမှမဟုတ် ခြိမ်းခြောက်ခံနေရသလို ဖြစ်နေတဲ့ အခြေအနေကို ခန္ဓာကိုယ်က တုံ့ပြန်တာ ဖြစ်ပါတယ်။

၂။ စိတ်ဖိစီးစေတဲ့ ခံစားချက်များနဲ့ ရောဂါလက္ခဏာများအတွက် သင့်တော်တဲ့စောင့်ရှောက်မှုနဲ့ ကုသမှုအထောက်အပံ့များ ရယူသင့်ပါတယ်။

၃။ စိတ်ဖိစီးတဲ့ ဖြစ်ရပ်တစ်ခုအပေါ် အများဆုံး တုံ့ပြန်မှုတွေကတော့

* မယုံကြည်မှု၊ တုန်လှုပ်မှု shockနှင့် ထုံပေပေခံစားရခြင်း။
* ဝမ်းနည်းခြင်း၊ စိတ်ပျက်အားငယ်ခြင်းနဲ့ အားကိုးရာမဲ့ခြင်း ခံစားရခြင်း။
* အာရုံစူးစိုက်ဖို့ ခက်ခဲခြင်း၊ ဆုံးဖြတ်ချက်ချဖို့ခက်ခဲခြင်း။
* ခေါင်းကိုက်ခြင်း၊ ခါးနာခြင်းနဲ့ ဗိုက်အောင့်ခြင်း
* ဆေးလိပ်သောက်ခြင်း သို့မဟုတ် အရက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲခြင်း

အဲဒါတွေ ဖြစ်တတ် လုပ်တတ်လေ့ ရှိကြပါတယ်။

၄။ Stress ဟာ သင့်ကို စိတ်ပိုင်းဆိုင်ရာအပြင် ပိုထိခိုက်နိုင်ပါသေးတယ်။

ကာလကြာရှည် စိတ်ဖိစီးမှုဟာ စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုထက် ပိုလာနိုင်ပါတယ်။

- ခေါင်းကိုက်ခြင်းကနေ အစာအိမ်နာခြင်း
- စိတ်ဓာတ်ကျခြင်း depression
- လေဖြတ်ခြင်း strokeနဲ့
- နှလုံးရောဂါကဲ့သို့သော ပြင်းထန်ရောဂါများပါ စိတ်ဖိစီးမှုကြောင့် နောက်ဆက်တွဲ ဖြစ်လာနိုင်ပါတယ်။

စိတ်ဖိစီးမှုအခြေအနေမှာ စိတ်ဖိစီးမှုကြောင့် ထွက်တဲ့ adrenaline နဲ့ cortisol ကဲ့သိုသောဟော်မုန်းတွေဟာ သွေးကြောထဲမှာ မြင့်တက်လာပြီး
- နှလုံးခုန်နှုန်းမြန်တာ
- သွေးပေါင်ချိန်တက်တာ
- သွေးတွင်း သကြားဓာတ်များ တိုးလာစေပါတယ်။

ဒီလိုအရာတွေဟာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဥပမာ တိုက်ပွဲ၊ ပြေးလွှားရခြင်း စတဲ့ အရေးပေါ်အခြေအနေများမှာတော့ အထောက်အကူဖြစ်စေပေမဲ့ အဲဒီလို အရေးပေါ်အခြေအနေမှာ ဖြစ်ပေါ်သလိုမျိုး Stress ဖြစ်တဲ့အခါ ခန္ဓာကိုယ်က ပုံစံတူခံစားရပါတယ်။ အဲဒီလို ပုံစံတူအခြေအနေကို အချိန်ကြာမြင့်စွာ ကာလကြာရှည်ခံစားရခြင်းဟာ အန္တရာယ်ရှိပြီးတော့ အပေါ်ကဖော်ပြခဲ့တဲ့ ရောဂါပြဿနာများကို ခံစားရလွယ်နိုင်စေပါတယ်။

၅။ ကိုယ့်ဘက်က မပြောင်းလဲနိုင်တဲ့ ပြဿနာတွေကို ကျော်လွှားပါ။

တခါတရံ ကျွန်တော်တို့ရဲ့ဘဝမှာ ဖိအားတွေက ပြောင်းလဲနိုင်ဖို့ စွမ်းအားရှိတဲ့အရာ မဟုတ်ပါဘူး။
ပြောင်းလဲဖို့ ကြိုးစားကြည့်ပါ။
ဒါပေမဲ့ ဒါဟာ ကိုယ်က ထိန်းချုပ်နိုင်စွမ်းမရှိတဲ့အခါ လက်ခံပြီး လွှတ်ချလိုက်ပါ။

ကိုယ်ပြောင်းလဲလို့မရနိုင်တဲ့ အခြေအနေတွေအတွက် စိုးရိမ်ပူပန်မှုကို တတ်နိုင်သလောက် လျှော့ချပါ။
ကိုယ့်ရဲ့ တုံ့ပြန်မှုများကို ထိန်းချုပ်ပြီး စိတ်ကို တည်ငြိမ်စေတဲ့ ထိန်းချုပ်နိုင်တဲ့အရာတစ်ခုအပေါ်မှာ အာရုံစိုက်ပါ။
ကျန်းမာတဲ့လူနေမှုဘဝနဲ့ တစ်ကိုယ်ရည်တိုးတက်မှုအတွက် လက်တွေ့ကျတဲ့
ရည်ရွယ်ချက်တွေ ချမှတ်ပါ။

၆။ အဲဒီတော့ စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းဖို့ သင့်တော်တဲ့ နည်းလမ်းတွေကတော့

- ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ
- ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ။
- လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
- အိပ်ရေးဝဝ အိပ်ပါ။
- စိတ်ဖိစီးလာတယ်လို့ ခံစားရရင် အနားယူပါ။
- ကိုယ့်ရဲ့ စိတ်ဖိစီးမှုပြဿနာများနဲ့ ကိုယ်ခံစားနေရတာကို မိသားစုဝင်၊ သူငယ်ချင်း၊ ဆရာဝန် ဒါမှမဟုတ် ကိုယ်ချစ်ခင်ရသူတို့နဲ့မျှဝေပါ။
- မူးယစ်ဆေးဝါးနဲ့ အရက်ကို ရှောင်ပါ။ ဒါတွေက နောက်ဆက်တွဲပြဿနာတွေကို ဖန်တီးနိုင်ပြီး ကိုယ့်မှာ ခံစားရပြီးသား စိတ်ဖိစီးမှုကို ပိုလို့တောင် တိုးစေနိုင်ပါတယ်။
- ကိုယ် စကားပြောကြည့်ဖို့ တိုင်ပင်ဖို့အကူအညီလိုတဲ့အခါ စိတ်ကျန်းမာရေးပညာရှင်၊ counselor တို့နဲ့ စကားပြောကြည့်ပါ။

#ခွန်းညိုသွေး

24/04/2026

Heat stroke " အပူရှပ်ခြင်း "
_____________________

ဒီရာသီမှာ အပူရှပ်ခြင်းလို့ ခေါ်တဲ့ Heat stroke တွေကိုလည်း အတွေ့များပါတယ်။ ခန္ဓာကိုယ်မှာ အပူချိန်တက်လာခြင်းနဲ့ ခန္ဓာကိုယ်က အပူချိန်ကို ပြန်လည်လျှော့ချခြင်းတွေဟာ မျှခြေအဖြစ်နဲ့ ရှိနေပါတယ်။ ပတ်ဝန်းကျင် အပူချိန်မြင့်တက်လာတဲ့အခါ ခန္ဓာကိုယ်အပူချိန်မြင့်တက်လတယ်။ ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်းက ပိုများနေပြီး ပြန်လည်ပြီးအပူချိန်လျှော့ချပေးခြင်းကို ကျော်လွန်သွားတဲ့အခါ ခန္ဓာကိုယ်က ဆဲလ်တွေကို အဲဒီအပူချိန်က ထိခိုက်စေပြီး ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နဲ့ တခြားအစိတ်အပိုင်းတွေကိုပါ ထိခိုက်စေပြီး အသက်အန္တရာယ်ဆုံးရှူံးတဲ့အထိ ဖြစ်စေတာပါ။

🧨ဘယ်သူတွေမှာ အဖြစ်များမလဲ?

၁။ အပြင်ထွက်အလုပ်လုပ်နေရသူ ( နေပူထဲမှာလှုပ်ရှားများသူ)
၂။ အားကစားသမား
၃။ အလုပ်ကြမ်းသမားတွေ

သူတို့တွေကတော့ လှုပ်ရှားရများတယ်။ ချွေးထွက်များမယ်။ခန္ဓာကိုယ်ကလည်း ရေဓာတ်နည်းနေမယ်ဆိုရင် ဖြစ်ပါတယ်။ exertional heat stroke လို့လည်း ခေါ်ပါတယ်။

သိပ်မလှုပ်ရှားတဲ့အထဲမှာတော့
၅။ အသက်ငယ်တဲ့ နို့စို့ကလေးငယ်တွေနဲ့
၆။ မွေးရာပါနှလုံးရောဂါ ရှိသူ နှလုံးနှင့်သွေးတိုးရောဂါအခံရှိသူ
၇။ အသက်ကြီးသူ
၈။ ရောဂါအခံရှိသူတွေ
၉။ အဝလွန်သူတွေ ပါ။
သူတို့တွေကတော့ နဂိုက အပူဒဏ်ကိုထိတွေမိတဲ့ ရာဇဝင်ရှိမယ်။ ပြီးတဲ့အခါ တစ်ပတ်လောက်မှ လက္ခဏာပြတတ်ပါတယ်။ သူတို့မှာက အပူတက်လာမှုကို ထိန်းသိမ်းချေဖျက်ပေးတဲ့ စနစ်တွေ အားနည်းတာ ချို့ယွင်းတာကြောင့်ပါ။ classic heat stroke လို့ ခေါ်ပါတယ်။

အိပ်ဆေး မူးယစ်ဆေး အရက် စတဲ့ ဆေးဝါးတချို့ မှီဝဲနေသူတွေမှာလည်း ဖြစ်တတ်ပါတယ်တဲ့။

🧨 အတတ်နိုင်ဆုံး Heat stroke မရအောင် ဘယ်လို နေမလဲ?

ပွပွချောင်ချောင် အရောင်ဖျော့ အင်္ကျီများကို ဝတ်ဆင်ပါ။
ကားစတဲ့ အလုံပိတ်ခန်း အပူတက်လာစေမယ့် လေဝင်လေထွက်မရှိတဲ့ နေရာတွေမှာ မနေပါနဲ့ (air conditioning ဖွင့်ထားတဲ့ကားကို မဆိုလိုပါ)။

အရိပ်ရတဲ့နေရာ အေးမြတဲ့ နေရာတွေမှာနေထိုင်ပါ။
ရေကို လုံလုံလောက်လောက်သောက်ပါ။

ရေမဆာရင်တောင်သောက်ပေးပါ။ ရေဓာတ်စုပ်ယူတဲ့ ကော်ဖီ၊ အရက် စတာတွေကို ရှောင်ကြဉ်ပါ။

🧨ရောဂါလက္ခဏာတွေက ဘာတွေ ဖြစ်မလဲ?

ပင်ပန်းနွမ်းနယ်လွန်းခြင်း

အသား ဖြူဖျော့လာခြင်း နီရဲလွန်းနေခြင်း

ချွေးများဖြင့်စိုရွှဲနေခြင်း သို့မဟုတ် ချွေးမထွက်ဘဲ ခြောက်သွေ့လွန်းနေခြင်း

နှလုံးခုန်သံ မြန်လွန်းနေခြင်း

ပျို့အန်ခြင်း ဝမ်းလျှောခြင်း

ကြွက်တက်ခြင်း

ခေါင်းကိုက် မူးဝေခြင်း

အဓိကက ရေဓာတ်ခမ်းခြောက်မယ်။ အဲဒီအခါ သွေးကြောတွေကို သွေးထောက်ပံ့မှု မလုံလောက်တဲ့အခါ ဦးနှောက်ကို သွေးထောက်ပံ့မှု မကောင်းတော့တဲ့ အတွက်၊ သွေးပေါင်ကျ လာတဲ့အတွက် အဲဒီရောဂါ လက္ခဏာတွေ ဖြစ်ရတာပါ။ အပူချိန်မြင့်တက်ရာက ခန္ဓာကိုယ်က ပရိုတိန်းတွေကိုထိခိုက်ကာ ကြွက်သားတွေပျက်စီးဆုံးရှုံးပါတယ်။ အဲဒီလို ပျက်စီးခြင်း rhabdomyolysis ကြောင့် ကျောက်ကပ်ထိခိုက်ပျက်စီးပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်။

🧨 ဘယ်အချိန်မှာ အရေးပေါ်ကို ပို့သင့်သလဲ

ကိုယ်အပူချိန် ၁၀၄ထက် ကျော်လွန်

အရေပြားတွေနီရဲ ပူခြစ်ပြီး ခြောက်သွေ့

ကယောင်ကမ်းဖြစ်ခြင်း သတိလစ်မေ့မျောခြင်း

🧨 Heat stroke ဖြစ်ရင် အရေးပေါ် လုပ်ပေးနိုင်တာတွေ

လူနာကို အေးတဲ့ နေရာကို ရွှေ့ပါ။ ပူတဲ့နေရာ နေပြင်းတဲ့နေရာမှာ ဆက်မထားပါနဲ့။

လူနာရဲ့ မလိုအပ်မယ့် အပေါ်ဝတ်အင်္ကျီတွေ ကျပ်နေမယ်ထင်တဲ့ အဝတ်အစားအပိုတွေကို ချွတ်ပစ်ပါ။ အရေပြားတွေ များများပေါ်နေဖို့ လွတ်နေဖို့ ဘေးစောင်းထားပေးတာ ပိုကောင်းပါတယ်။

ရေပတ်တိုက်ပေးတာ ယပ်ခတ်ပေးတာမျိုး လုပ်ပေးလို့ရပါတယ်။ လူအများကြီး သူ့အနားမှာ အုံနေတာမျိုး မဖြစ်စေပါနဲ့။ခန္ဓာကိုယ် အပူချိန် ၊ ရောဂါလက္ခဏာ ပိုဆိုးလာလား စောင့်ကြည့်ပါ။ တက်တာ၊ သတိလစ်တာ၊ အသက်ရှုကြပ်တာ စသည်ဖြင့်ပေါ့။

ချိုင်း၊ လည်ပင်းတဝိုက်နဲ့ ကျောကို ရေအေးဝတ် ကပ်ပေးလို့ရပါတယ်။

ပါရာစီတမောလ် စတဲ့ ဆေးတွေ မတိုက်ပါနဲ့ဦး။ခန္ဓာကိုယ်ရဲ့ အပူလွန်ခြင်းတွေကို ဒီဆေးတွေရဲ့ တုံ့ပြန်မှုက အခန့်မသင့်ရင် ပြသနာ ဖြစ်စေနိုင်လို့ပါ။

လူနာက သတိကောင်းတယ် ဆိုရင် သောက်နိုင်တယ်ဆိုတာ သေချာရင် ( သေချာရင်) ရေ၊ ဓာတ်ဆားရည်တိုက်ပါ။ လူနာရဲ့ သတိရှိမှု အခြေအနေက ပြောင်းလဲနေတာမို့ ဂရုတစိုက်စောင့်ကြည့်ပါ။ သူ အရည်ကို မသီးမှာ choke မဖြစ်မှာ သေချာပါစေ။ ရေတိုက်ဖို့အတိုက် လူနာဟာ သက်သောက့်သက်သာရှိတဲ့ အနေအထား ( ထိုင်နေနိုင်တာမျိုး) ရှိတာ သေချာပါစေ။

လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူပါ။ ဆက်သွယ်ပါ။

#ခွန်းညိုသွေး

13/04/2026

ရေကစားကြတဲ့ ပွဲတော်ရာသီကာလမှာ ဂရုစိုက်သင့်တဲ့ အချက်လေးတွေကို ပြောပြပေးသွားပါမယ်။

၁။ သန့်ရှင်းတဲ့ရေကိုပဲ ကစားတာ ပက်တာမျိုး လုပ်သင့်ပါတယ်။
ရေက အညစ်အကြေးတွေ အမှုန်အမွှားတွေ များတာ ဆီဝေ့နေတဲ့ရေတွေ၊
ပုပ်တဲ့ရေတွေဟာ ဓာတ်မတည့်မှု၊ အင်ပျဉ်ထတာ၊အသားအရေယားယံတာ၊မှိုရောဂါနဲ့ အသက်ရှူလမ်းကြောင်းပြဿနာတွေကိုပါ ဖြစ်ပွားစေနိုင်ပါတယ်။

၂။ အပူဒဏ်နဲ့ နေရောင်ကာကွယ်ဖို့အတွက်
ဦးထုပ် တဘက် ခြုံလွှာ စတာတွေ
ဆောင်းသင့်ပါတယ်။ SPF 50+ ပါတဲ့ ရေစိုခံ နေရောင်ကာsunscreen ကို နှစ်နာရီတစ်ကြိမ်လောက် လိမ်းပေးသင့်ပါတယ်။
သနပ်ခါးကလည်း နေရောင်ကာပေမဲ့ ရေစိုရင် ပျက်လွယ်ပါတယ်။

၃။ ရေကြောင့် ထိခိုက်နိုင်တဲ့အထဲမှာ မျက်စိနဲ့နားကလည်း ဂရုစိုက်ရမယ့် နေရာတွေပါ။
မျက်မှန် (goggles) ဒါမှမဟုတ် နေကာမျက်မှန် တပ်ထားသင့်ပါတယ်။ ဖိအားများတဲ့ ပိုက်တွေနဲ့ နားထဲကို ထိုးတာတွေလည်း ရှောင်သင့်ပါတယ်။ မသန့်စင်တဲ့ရေတွေက မျက်စိကိုလည်း ယားယံနိုင်စေပါတယ်။

၄။ တစ်နေ့ကို ရေ ၂လီတာ ၃လီတာလောက် သောက်ပေးပါ။ ဓာတ်ဆား Electrolyte ပါတဲ့ရေမျိုးလည်း သောက်ပေးလို့ ရပါတယ်။အရက်ကိုတော့ လျှော့သောက်စေချင်ပါတယ်။ ရေဓာတ်ခန်းခြောက်ပြီး အပူရှပ်တာ သတိလစ်တာတွေကိုလည်း သတိထားရပါမယ်။

၅။ လေးလံထူထပ်တဲ့ အဝတ်တွေမဟုတ်ဘဲ အမြန် ခြောက်လွယ်မယ့်အဝတ်တွေ ပေါ့ပေါပါးပါး အဝတ်အစားတွေ ဝတ်ပါ။ အဖြူရောင်အဝတ်အစားတွေတော့ မဝတ်ပါနဲ့၊ ပေလွယ်သလို စိုသွားရင် ဖောက်ထွင်းမြင်ရလွယ်စေတယ်။ ဖိနပ်ကတော့ ရေထဲလျှောက်လို့ရတဲ့ flip-flops လို ညှပ်ဖိနပ် လိုမျိုးဆို ကောင်းပါတယ်၊ ဒါပေမယ့် အဲဒါတွေဝတ်ရင် ချောလဲလွယ် လျှောတယ်ဆိုတာ ပိုပြီး သတိထားပေးပါ။

၆။ ဘုန်းကြီး၊ သက်ကြီးရွယ်အို၊ လသားကလေးငယ်တွေ စတဲ့ ယဉ်ကျေးမှုအရ မပက်သင့်သူတွေကို မပက်ပါနဲ့။ လမ်းပေါ်မှာ သွားလာနေတဲ့ ယာဉ်၊ ဆိုင်ကယ်တွေ၊ ယာဉ်မောင်းတွေကို ရေ ဝုန်းခနဲ မပက်ပါနဲ့၊ တိမ်းမှောက်ဖို့ အန္တရာယ်များစေပါတယ်။

၇။ လည်ပတ်ပြီး ပြန်လာရင် ရေချိုးပါ။ ခြောက်သွေ့တဲ့ အဝတ်အစား ချက်ချင်းပြောင်းဝတ်ပါ။ မဟုတ်ရင် အပူချိန်ကျလွန်းတာ နဲ့ တခြား အရေပြားပြဿနာတွေ ဖြစ်နိုင်ပါတယ်။

#ခွန်းညိုသွေး

07/04/2026

အခုလို ပူပြင်းလာတဲ့ နွေရာသီမှာ ရေဓာတ်ပြည့်ဝအောင် ဘယ်လို နေထိုင်မလဲ။

ရေကို တစ်နေ့ ၂လီတာကနေ ၃လီတာအတွင်း သောက်ဖို့ကတော့ လူတိုင်း သိကြတဲ့ အခြေခံအချက်ပါပဲ။ တစ်ခါတည်း တကျိုက်တည်း မော့ချတာထက်စာရင် မကြာခဏ ရေကိုငုံပြီး ဖြည်းဖြည်းချင်း သောက်ပေးပါ။

ရေဓာတ်ပြည့်ဝတဲ့ အသီးတွေ ဥပမာ ဖရဲသီးလိုမျိုးကို ဖြည့်စွက် စားပေးလို့ရပါတယ်။

ရေဖြည့်လို့ရတဲ့ ရေဘူးလေးတစ်ဘူး ဆောင်ထားပါ။ ရေဘူးကို ကိုယ်နဲ့ အနီးမှာ ထားခြင်းကလည်း ရေသောက်ဖို့ကို သတိပိုရစေပါတယ်။

ရေမဆာခင် ရေသောက်ပါ။ ရေဆာလာတယ် နှုတ်ခမ်းတွေခြောက်လာတယ် ဆိုတာကိုက ရေဓာတ် အနည်းငယ် စတင် ဆုံးရှူံးနေပါပြီ။

ရေက အကောင်းဆုံး ဖြစ်ပြီး တခြားသော အရည်ရွှမ်းတဲ့ အသီးအနှံ အုန်းရည် စတာတွေကလည်း ရေဓာတ်ကို ပိုပြီး ပြည့်ဝစေပါတယ်။

အစားအစာတွေထဲမှာ ဟင်းသီးဟင်းရွက်တွေ ထည့်စားပါ။ ခရမ်းချဉ်သီး ဆိုရင်လည်း ရေဓာတ် ၉၄ ရာခိုင်နှုန်း ပါဝင်ပါတယ်။

တကယ်လို အပူထဲ နေပူထဲမှာ အလုပ်လုပ်နေရတယ်ဆိုရင် ၁၅မိနစ် မိနစ် ၂၀ တိုင်းမှာ ရေတစ်ခွက် သောက်ပေးပါ။

မူးဝေလာတာ ပျို့အန်ချင်လာတာ ပင်ပန်းနွမ်းနယ်တာ မျက်လုံးအမြင်ဝေဝါးလာတာ ရေငတ်လာတာ ဆီးအရောင်ရင့်လာတာ
အဲဒီလက္ခဏာတွေကို သတိထားပေးပါ။

အရက် ကော်ဖီ စတဲ့ အရာတွေက ရေဓာတ်ကို စုပ်ယူပါတယ်။ ကော်ဖီက ဆီးရွှင်စေပြီး သကြားဓာတ်ကဲတဲ့ အချိုရည်တွေကလည်း ရေဓာတ်ကို ဆုံးရှုံးစေပါတယ်။ ရှောင်ပါ။
ဒါမှ မဟုတ် လျှော့ပြီး သောက်သုံးပါ။

#ခွန်းညိုသွေး

02/04/2026

နွေရာသီမှာ အပူကြောင့် နွမ်းနယ်လာပြီ ဆိုရင် ဘယ်အချက်တွေကို ဂရုစိုက်ရမလဲ။

အပူလွန်ကဲမှု / အပူကြောင့် နွမ်းနယ်ခြင်း(Heat Exhaustion) ဖြစ်လာတဲ့အခါ တွေ့ရလေ့ ရှိတာကတော့

1. ချွေးထွက်များလာခြင်း

ခန္ဓာကိုယ်က နေပူဒဏ်ကြောင့် အပူချိန် မြင့်လာတဲ့အခါ တုံ့ပြန်ပြီး အေးစေဖို့ ချွေးများများ ထွက်တတ်ပါတယ်။ အဲဒီကနေတဆင့် ရေဓာတ်လျော့နည်းခြင်း (dehydration) ဖြစ်စေနိုင်ပါတယ်။

2. အရေပြားတွေ အေးစက်လာပြီး ခြေဖျားလက်ဖျားတွေ အေးစက်လာခြင်း

အရေပြားက ဖြူဖျော့လာပြီး အပူချိန် မြင့်နေပေမယ့်လည်း အေးပြီး စိုစွတ်နေတတ်ပါတယ်။

3. မူးဝေခြင်း သို့မဟုတ် မောပန်းသလို ခံစားရခြင်း

ဦးနှောက်ကို သွေးလည်ပတ်မှု လျော့နည်းလာတဲ့အတွက် ဦးနှောက်က အလုပ်လုပ်ဖို့ ခက်ခဲလာပြီး မူးဝေခြင်းတွေ ဖြစ်တတ်ပါတယ်။

4. ပျို့ခြင်း၊ အန်ခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်း

အပူလွန်ကဲလာတဲ့အခါ ဦးနှောက်နဲ့ အတူ အစာအိမ်အူလမ်းကြောင်းကပါ ထိခိုက်လာတဲ့အတွက် ခေါင်းကိုက်မှု ပြင်းထန်လာပြီး အစာအိမ် မအီမသာဖြစ်ပြီး ပျို့အန်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

5. နှလုံးခုန်မြန်ပြီး အားနည်းသလို ဖြစ်ခြင်း သို့မဟုတ် အသက်ရှူမြန်ခြင်း

ခန္ဓာကိုယ်ဟာ အပူချိန်ကို လျှော့ချဖို့ ကြိုးစားနေတဲ့အတွက် နှလုံးကို ပိုအလုပ်ပေးရတဲ့ အတွက် နှလုံးခုန်နှုန်း မြန်လာပြီး အသက်ရှူလည်း မြန်လာတတ်ပါတယ်။

🚨 အဲဒီအချက်တွေကို သတိမထားမိဘဲ နေပူဒဏ်ကို ဆက်လက်ခံနေရရင် အပူရှပ်ခြင်း Heat Stroke အဆင့်ကို ကူးပြောင်းသွားနိုင်ပြီး အခန့် မသင့်ရင် အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်ပါတယ်။

အဲဒီအချိန်မှာ အေးမြတဲ့နေရာကို ရွှေ့ပါ။ ပွပွချောင်ချောင် အဝတ်အစားတွေ လဲလှယ်ဝတ်ဆင်ပါ။ ရေအေး ဓာတ်ဆားရည်သောက်ပါ။ ရေအေးဝတ်နဲ့ ရေပတ်တိုက်တာမျိုး လုပ်ပေးလို့ရပါတယ်။ လိုအပ်ရင် ဆေးကုသမှု ခံယူပါ။

#ခွန်းညိုသွေး

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Dear Health by Dr. Khoon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share