Doctor on Air

Doctor on Air Medical knowledge

📚 “စာနဲ့ လူနာနဲ့က ကိုက်တယ်” ဆိုတာ ဒီလိုပါ…မနေ့က အရေးပေါ်ဌာနကို ရောက်လာတဲ့ လူနာတစ်ယောက်က ငယ်ငယ်က ဆရာတွေ ပြောခဲ့တဲ့ စကားတစ...
07/07/2026

📚 “စာနဲ့ လူနာနဲ့က ကိုက်တယ်” ဆိုတာ ဒီလိုပါ…

မနေ့က အရေးပေါ်ဌာနကို ရောက်လာတဲ့ လူနာတစ်ယောက်က ငယ်ငယ်က ဆရာတွေ ပြောခဲ့တဲ့ စကားတစ်ခွန်းကို ပြန်အမှတ်ရစေပါတယ်။

“စာနဲ့ လူနာနဲ့က ကိုက်တယ်။ ကိုယ်တွေကသာ ပါနေလို့ မကိုက်တာ။”

လူနာက အသက် (၆၁) နှစ်။

သုံးပတ်လောက်ကြာအောင် ဗိုက်အောင့်တယ်၊ အန်တယ်။ အစားနည်းနည်းစားလိုက်တာနဲ့ ဗိုက်ပြည့်နေသလို ခံစားရတယ် (early satiety)။ ကိုယ်အလေးချိန်လည်း ၄ ကီလိုလောက် ကျသွားတယ်။

စမ်းသပ်ကြည့်တော့ ရင်ညွှန့်ပိုင်းမှာ အကျိတ်တစ်ခုလို စမ်းမိတယ်။ ချက်နားမှာလည်း အူကျွံ (hernia) ကြီးကြီးတစ်ခု ရှိနေတယ်။

နေ့လည်က ဆေးခန်းတစ်ခုမှာ ပြထားပြီး Ultrasound ရိုက်ထားတာက သည်းခြေအိတ်ကျောက်တည် (gallstones) လို့ အဖြေထွက်ထားပါတယ်။ သွေးစစ်ကြည့်တော့လည်း ထူးထူးခြားခြား မတွေ့ဘူး။

ဒီအချက်တွေအရဆိုရင် သည်းခြေအိတ်ကျောက်ကြောင့်လား၊ အူကျွံကြောင့်လားဆိုပြီး ထင်လို့ရပါတယ်။

ဒါပေမယ့်…

✔️ ကိုယ်အလေးချိန် ကျနေတယ်။
✔️ အစားနည်းနည်းစားရုံနဲ့ ဗိုက်ပြည့်နေတယ်။
✔️ အကျိတ်စမ်းမိနေတယ်။

ဒီလို Alarm Features တွေရှိနေတာကြောင့် “တခြား အရေးကြီးတဲ့ ရောဂါတစ်ခုခု ရှိနေနိုင်တယ်” လို့ စဉ်းစားပြီး CT scan ရိုက်လိုက်ပါတယ်။

CT ရလဒ်ကတော့ ထင်ထားသလို မဟုတ်ခဲ့ပါဘူး။

❌အစာအိမ်ကင်ဆာ မတွေ့ဘူး။
❌အူကျွံလည်း ပိတ်နေတာ မဟုတ်ဘူး။
❌သည်းခြေအိတ်ကျောက်ကလည်း လက်ရှိလက္ခဏာရဲ့ အဓိကအကြောင်းရင်း မဟုတ်ဘူး။

‼️တကယ့်ပြဿနာက အစာအိမ်ထွက်ပေါက် (gastric outlet) နေရာ ထူလာပြီး အစာဆင်းလမ်း ကျဉ်းသွားတဲ့ အခြေအနေ ဖြစ်နေခဲ့တာပါ။ ကင်ဆာဖြစ်နိုင်ခြေလည်း ရှိတာကြောင့် ဆေးရုံတင်ပြီး ဆက်လက်စစ်ဆေးကုသဖို့ စီစဉ်လိုက်ရပါတယ်။

ဒီလူနာကို ကြည့်ပြီး MRCP သင်တန်းတက်တုန်းက ဆရာဖြိုး ပြောခဲ့တဲ့ စကားကို ပြန်သတိရမိတယ်။

“စာနဲ့ လူနာနဲ့က ကိုက်တယ်။ ကိုယ်တွေကသာ ပါနေလို့ မကိုက်တာ။”

တကယ်တော့ စာအုပ်ထဲက အချက်တွေက လူနာတွေဆီမှာ တကယ်ရှိနေတတ်ပါတယ်။ အဲဒီအချက်တွေကို သတိထားမိဖို့ပဲ လိုတာပါ။

🚨 ဗိုက်အောင့်တာ၊ အစာမကျေတာနဲ့အတူ အောက်ပါ Alarm Features တွေရှိရင် မပေါ့ဆသင့်ပါ။

🔺 A – Anorexia (အစာစားချင်စိတ် လျော့နည်းခြင်း)

🔺 L – Loss of weight (ကိုယ်အလေးချိန် ကျဆင်းခြင်း)

🔺 A – Anaemia (သွေးအားနည်းခြင်း)

🔺 R – Relatives with gastrointestinal cancer (မိသားစုတွင် အစာအိမ်နှင့် အူလမ်းကြောင်းကင်ဆာ ရာဇဝင်ရှိခြင်း)

🔺 M – Melena / Hematemesis (ဝမ်းမည်းသွားခြင်း၊ သွေးအန်ခြင်း)

🔺 S – Swallowing difficulty (မျိုချရခက်ခြင်း)

ဒီလို လက္ခဏာတွေထဲက တစ်ခုခုရှိနေပြီဆိုရင် “အစာမကျေလို့ပါ” ဆိုပြီး မပေါ့ဆဘဲ ဆရာဝန်နဲ့ ပြသပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။

နောက်တစ်နေ့မှာ လူနာကို အစာအိမ်မှန်ပြောင်း (OGD) ကြည့်လိုက်တဲ့အခါ pyloric cancer (အစာအိမ်ထွက်ပေါက် ကင်ဆာ) ဖြစ်နေကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

ဒီလူနာက ကျွန်တော့်အတွက် သင်ခန်းစာတစ်ခု ထပ်ရစေပါတယ်။

Ultrasound မှာ သည်းခြေအိတ်ကျောက်ရှိတယ်ဆိုတာက မှန်ပါတယ်။ အူကျွံလည်း တကယ်ရှိပါတယ်။ ဒါပေမယ့် လူနာရဲ့ လက္ခဏာအားလုံးကို အဲဒီရောဂါတွေနဲ့ပဲ ရှင်းလို့မရပါဘူး။

ကိုယ်အလေးချိန်ကျခြင်း၊ အစားနည်းနည်းစားရုံနဲ့ ဗိုက်ပြည့်နေခြင်း (early satiety) နဲ့ စမ်းမိတဲ့အကျိတ် ဆိုတဲ့ Alarm Features တွေက ပိုပြီး အရေးကြီးတဲ့ ရောဂါတစ်ခု ရှိနေနိုင်ကြောင်း သတိပေးနေခဲ့တာပါ။

ဒါကြောင့် လူနာကို မကုသခင် စာအုပ်ကို သတိရပါ။ စာအုပ်ကို မယုံခင် လူနာကို သေချာနားထောင်ပါ။ အဖြေက လူနာဆီမှာပဲ ရှိနေတတ်ပါတယ်။

ကျန်းမာရေးဗဟုသုတရှိခြင်းက ရောဂါကို စောစောသိပြီး စောစောကုသနိုင်ဖို့ အကောင်းဆုံးကာကွယ်မှုတစ်ခု ဖြစ်ပါတယ်။

#အစာမကျေ #ကိုယ်အလေးချိန်ကျ #ကျန်းမာရေး

# #

🧠 မျိုးရိုးလိုက်တဲ့ ဦးနောက်သွေးကြောပေါက်တဲ့ရောဂါ 🚨ရှေ့အပေါတ်က ကျွန်တော်တို့ အရေးပေါ်ဌာနကို လူနာတယောက် မလေးရှားလူမျိူး ယျ...
27/06/2026

🧠 မျိုးရိုးလိုက်တဲ့ ဦးနောက်သွေးကြောပေါက်တဲ့ရောဂါ

🚨ရှေ့အပေါတ်က ကျွန်တော်တို့ အရေးပေါ်ဌာနကို လူနာတယောက် မလေးရှားလူမျိူး ယျောက်ျားလေး အသက်က ၄၀ဝန်းကျင်လောက် ခေါင်းကိုက်လို့လာပြတယ် ။ သူက ခေါင်းကိုက်နေတာ တပါတ်လိုက်ရှိပီ မသက်သာလို့ လာပြတာပေါ့။

🚨လူနာက ဝင်လာကတည်းက စကားပြောတာကလည်း အဆင်မပြေ ဟိုဟာလိုချင် သည်ဟာလုပ်ပေး CT scanရိုက်ပေး လျှောက်ပြောပီးဝင်လာရောပေါ့။
ပုံမှန်ဆို ကျွန်တော်ကတော့ ဆေးအရင်ပေး ကုကြည့်ပီးတော့မှ မသက်သာတော့မှ ပဲ CT scan ရိုက်ဖို့ လုပ်တာပေါ့နော်။

🚨ပီးတော့ သူပြောတာ ငါ့အဖွား ငါ့အမေ ငါ့အမ အကုန်လုံး ဦးနှောက်သွေးကြောပေါက်ထားတာတဲ့ 🤔🤔🤔🤔။ ဟ ဘာလဲဟပေါ့ အဲ့လောက်တောင် strong family hx နဲ့ပါလားဟပေါ့။ ကဲမင်းအဲ့လောက်ရိုက်ချင် ရိုက်ကွာဆိုပီး ဘာမှ တောင် မလုပ်တော့ဘဲ CT scanပို့လိုက်ရော။ ဒေါ်လာ ၄၀၀ ထပ်ပေးရမယ် ဘာညာပြောလိုက်သေးတယ်။

🚘ခဏနေတော့ nurseကဖုန်းဆက်တယ် မင့်လူနာက ဦးနှောက် သွေးယိုနေလို့ ငါတို့ Resus နေရာကိုခေါ်သွားပီတဲ့။ ကိုယ်လည်း ဘုရားတမိတယ် အဲ့လောက်ထိ strong familiar hx နဲ့ ဆက်စပ်နေမယ်မထင်ခဲ့ဘူး။ ပီးတော့မှ ထပ်စစ်တော့ ဦးနောက်သွေးကြောဖောင်းပီး အဲ့ကယိုတာ။ နောက်ဆုံးတော့ ဦးနှောက်ခွဲစိတ်ပို့လိုက်ကြရတာပေါ့။

⚠️ တခြားတခြားသော မျိုးရိုးလိုက်တတ်တဲ့ ဦးနှောက်သွေးကြောပေါက်တတ်တဲ့ရောဂါတွေလည်း ရှိတတ်ပါသေးတယ်။

‼️မိသားစုထဲ ဦးနှောက်သွေးကြောပေါက်ထားဖူးရင် ခေါင်း ကိုက်တဲ့အခါကျ ပေါ့ပေါ့ဆဆ မနေကြဖို့ တိုက်တွန်းလိုက်ပါတယ်။

#ခေါင်းကိုက် #ဦးနှောက်သွေးကြောပေါက် #ကျန်းမာရေး

ရင်ဘတ်အောင့်တိုင်း နှလုံးရောဂါလား 🤔🤔❓❓❓❤️‍🩹 နှလုံးရောဂါကိုလူတိုင်းကြောက်ကြတယ် ဘာလို့ဆို ချက်ချင်းသေသွားနိုင်တာကိုး။ ကုသစ...
05/02/2026

ရင်ဘတ်အောင့်တိုင်း နှလုံးရောဂါလား 🤔🤔❓❓❓

❤️‍🩹 နှလုံးရောဂါကိုလူတိုင်းကြောက်ကြတယ် ဘာလို့ဆို ချက်ချင်းသေသွားနိုင်တာကိုး။ ကုသစရိတ်ကလည်း ကြီးတာကိုး။ ကုတိုင်းလည်း မရှင်နိုင်ဘူးလေ။
အဲ့သည်တော့ ဘာကြောင့် ရင်ဘတ်အောင့်တတ်တာလဲ ဆိုတာ အကြမ်းဖျင်းလေး ပြောကြည့်ရအောင်။

❤️‍🔥 နှလုံးကြောင့်ရင်ဘတ်အောင့်ရင် ရင်ဘက် ဘယ်ဘက်(သို့) ရငါဘတ်ခလှယ် မှာ ကျပ်ပီးအောင့်တယ်။ တခုခုနဲ့ဖိထားသလိုမျိုး။ လည်ပင်း၊ ဘယ်ဘက်လာက်မောင်းတွေကိုပါ နာတာက ပြန့်လာတတ်တယ်။ ချွေးစေးတွေ ပြန်မယ်။ ရင်တုန်တာတွေ မောတာတွေပါတွဲတတ်တယ်။ ဒါဆို အန္တရယ်ရှိပီ။ အထူးသဖြင့် exertion (ပြေးတာ၊ လှေကားတက်တာ၊ ထမင်းစားနေရင်း) တခုခုလုပ်ပီးရင် ဖြစ်တတ်ပါတယ်။ အထူးသဖြင့်သွေးတိုး၊ ဆီးချို၊ သွေးသွင်းအဆီများတဲ့ ရောဂါသမားတွေမှာ ဆို ပိုသတိထားရပါမယ်။

➡️ နှလုံးလိုပဲ အန္တရယ်များတာ တခုက သွေးကြောမကြီးကွဲတာပါ။ ရုတ်တရက် ရင်ဘတ်အောင့်ပီး ကျောဘက်တွေပါ ဆုတ်ဖြဲ လိုက်သလို အောင့်လာတာမျိုးပါ။ အရမ်းကိုအန္တရယ်များတဲ့ရောဂါပါ။ အထူးသဖြင့်သွေးတိုးရောဂါ ရှိတဲ့သူ အသက်ကြီးတဲ့သူတွေ သတိထားရပါမယ်။

🫁 အရေးကြီးတဲ့ နောက်ရောဂါတခုကတော့ အဆုတ်လေအိတ်လေးတွေပေါက်ပီး အဆုတ်မှာလေခိုတာပါ။ ရုတ်တရက်ကြီး ရင်ဘတ်ဆူးခနဲ အောင့်လာတတ်ပါတယ်။ အရွယ်ပမာဏ အသေးအကြီးပေါ်မူတည်ပီးတချို့က အမောပါဖောက်လာတတ်တယ်။ အဆုတ်ထဲ ပိုက်ထည့်ရတတ်တယ်လေ ပြန်ထုတ်ဖို့အတွက်။ ဆေးလိပ်သောက်တဲ့လူငယ်တွေ ၊ နာတာရှည်အဆုတ်ရောဂါရှိသူတွေ သတိထားရမဲ့အရာပါ။ သူလည်းအန္တရယ်များတဲ့ရောဂါပါ။

💟 နောက်တခုက ရင်ဘက်ကြွက်သားတွေ ၊ နံရိုးနုတွေယောင်ပီး နာတာ။ သူကျတော့ ကိုက်ခဲသလိုမျိုး နာတတ်တယ်။ ခန္တာကိုယ် အလှည့်အပြု လုပ်ရှားရင်ပိုနာလာတတ်တယ်။ အကိုက်အခဲပျောက်ဆေးလေးသောက်ရင်ပျောက်သွားတတ်တယ်။

🚼 အစာအိမ်ထဲက အက်စစ်တွေ ဆန်တက်ရင်လည်း ရင်ဘတ်တွေအောင့်တတ်ပါတယ်။ သူကျတော့ အချဉ် တက်သလိုမျိုးတွေဖြစ်ပီး လည်ချောင်း ရင်ဘတ်ထဲ ချဉ်သလိုလို မီးစနဲ့ထိုးသလိုမျိုးတွေ ခံစားရတယ်။ ဗိုက်နာတာနဲ့တခါတလေ တွဲလာတတ်တယ်။ မောတာတို့ ရင်တုန်တာတို့တခါတလေ တွဲတတ်တယ်။ ချက်ချင်းအသက်အန္တရယ်ရှိတဲ့ရောဂါတော့မဟုတ်ပါဘူး။

➡️ အဆုတ်မြှေး နှလုံးအမြှေးပါးတွေ ရောင်ရင်လည်း အလားတူရင်ဘတ်အောင့်တတ်ပါသေးတယ်။ သူကတော့ ဆူးကနဲ ဆူးကနဲ အောင့်တာ။ အသက်ရှူသွင်းရှူထုတ်လုပ်ရင်ပိုအောင့်တတ်ပီးတော့ ခါးလေးကုန်းပီး အရှေ့ကို ငိုက်ငိုက်လေးနေလိုက်ရင်သက်သာတတ်
တယ်။

*️⃣*️⃣ အပေါ်မှာပြောခဲ့တဲ့ဟာတွေက အဖြစ်များတတ်တဲ့ရင်ဘတ်အောင့်ရောဂါတွေပါ။ တချို့ကအန္တရယ်ရှိပီး တချို့က အန္တမရှိတတ်တဲ့ရောဂါတွေပေါ့။

‼️ ရင်ဘတ်အောင့်ရင် ပထမဆုံးလုပ်ရမဲ့အရာကတော့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ တခါတလေ ဆရာဝန်တောင် ခွဲခြားရခက်လို့ ECGတွေ ဓါတ်မှန်တွေရိုက်ရတဲ့ခြေနေမျိုးရှိပါတယ်။

🚩 ဒါကြောင့်မို့လို့ သည်စာဟာ ကိုယ်ခံစားနေရတာကို ဆန်းစစ်ဖို့ပဲ အကြံပြုချင်းဖြစ်ပါတယ် ဆေးခန်းသွားစရာမလိုဘူးလို့ မဆိုလိုပါဘူး။ ဖြစ်လာပီဆို တကယ့်ကုသမှုတွေ ရောဂါရှာဖွေမှုတွေကိုတော့အရင်လုပ်ရဖို့ ဆရာဝန်နဲ့ဦးစွာ ပထမ တိုင်ပင်ပါလို့အကြံပြုလိုက်ပါရစေ။

#ဆရာဝန်လေရှည်

#ရင်ဘတ်အောင့်

#ကျန်းမာရေး

🔆 🚨 ဟိုတ​နေ့က အ​ရေး​ပေါ်ကို လူနာတ​ယောက် မျက်စိထဲမှာ အမဲ စက်​ပြောက်​လေး​တွေ​မြင်လို့ဆိုပီး​ရောက်လာတယ်။ ထပ်​မေးကြည့်​တော့ ...
20/01/2026

🔆 🚨 ဟိုတ​နေ့က အ​ရေး​ပေါ်ကို လူနာတ​ယောက် မျက်စိထဲမှာ အမဲ စက်​ပြောက်​လေး​တွေ​မြင်လို့ဆိုပီး​ရောက်လာတယ်။ ထပ်​မေးကြည့်​တော့ မျက်စိထဲမှာ အလင်းတန်း​လေး​တွေပါမြင်​နေရတယ်။ အဲ့ဒါနဲ့ချက်ချင်း မျက်စိ ဆရာဝန်ကို အ​ရေး​ပေါ် လွှဲလိုက်ရတယ်။
🚩🚩Floaters လေး​တွေ​ပေါ်ပီး မျက်ကြည်လွှာ ထိခိုက်​နေတဲ့လက်ခဏာပါ။

❓Eye floaters ဆိုတာဘာလဲ? အရေးကြီးလား?

👁️‍🗨️ မြန်မာလိုဆို အမည်းစက်လေးတွေ ကို မျက်စိထဲ မြင်မြင်နေရတယ်လို့ပဲ ခေါ်ရမယ်။
တချို့လူတွေက အဲ့သည် floaters လေးတွေရှိနေကြတာ တော် တော် ကြာပီ ဘာမှလည်းမဖြစ်ဘူး နဲနဲ မြင်ကွင်းမရှင်းတာလောက်ပဲပေါ့။ သိပ်လည်းဒုက္ခလည်းမပေးတော့ တချို့ကလည်းအမှုအမှတ်မဲ့နေကြတာပေါ့။ တချို့ကြတော့လည်း စိတ်ပူကြပီး ဆေးရုံဆေးခန်းရောက်လာကြတာပေါ့။

❓ ပထမဆုံးက floaters ဆိုတာဘာလဲ ဘာကြောင့်ဖြစ်ရတာလဲ?
🚩🚩 floaters ဆိုတာ မျက်လုံထဲက vitreous humour ( မျက်စိထဲက အရည်ကြည်တမျိုး) ထဲမှာ အမှုန်တွေရှိနေလို့ဖြစ်တာပေါ့။အရည်ကမကြည်တော့ဘူးပေါ့။တချို့က အမဲစက် လေးတွေ တချို့က အရှည်လေးတွေ တချို့က အဖြူစက်တွေ မြင်ရတတ်တယ်။ ဘာကြောင့်လဲဆိုရင် မျက်လုံးကို ထိမိခိုက်မိလို့ အထဲမှာ သွေကြောလေးတွေပေါက်ပီး သွေးယိုတာတို့ ကြောင့်ဖြစ်တတ်သလို ၊ သူ့ဖာသာလည်း မထိခိုက်ဘဲ သွေးလေးတွေယိုစိမ့်ပီး ဖြစ်တတ်တယ်။ တချို့ရောဂါပိုးတွေ ကြောင့်လည်း ဖြစ်နိုင်တယ်။ အသက်ကြီးလာတာကြောင့်လည်း အဲ့ဒါတွေပေါ်လာတတ်တယ်။

❓ဘယ်ချိန်ဆေးခန်းပြရမလဲ?
➡️ ပထမစစချင်းအဲ့ဒါတွေ ပေါ်လာရင် ပြရမယ် ၊ ရှိနေရင်းထက်ပိုများလာရင်ပြရမယ်။ အရေးကြီးဆုံးအချက်က လျှပ်စီးလျှပ်သလို အလင်းလေးတွေ မြင်နေရရင် အရေးကြီးပီ။ ဘာလို့ဆို အဲ့ဒါဟာ မျက်ကြည်လွှာ ကွာတဲ့လက်ခဏာမို့ အမြန်ဆုံးမျက်စိဆရာဝန်နဲ့ပြဖို့လိုပါပီ။ မဟုတ်ရင် အမြင်အာရုံ ဆုံးရှုံးနိုင်ပါတယ်။ ဘာလို့ဆို မျက်စိ ဆရာဝန်တိုင်းတောင် မျက်ကြည်လွှာ ကွာတာကိုကုပေးဖို့မဖြစ်နိုင်ပါဘူး။

*️⃣*️⃣အဲ့သည်တော့ floaters လေးတွေက အန္တရယ်မရှိဘူးလားဆိုတော့ မရှိပါဘူး အရေးကြီးလားဆိုတော့ အရေးကြီးတယ် မျက်စိကွယ်တာထိဖြစ်နိုင်တာမို့ မြင်ကွင်းထဲ အမည်းစက်လေးတွေ မြင်နေရရင် မပေါ့ဆကြဖို့ တိုက်တွန်းရင်း ……..

အခြေခံကျန်းမာရေးနဲ့ အရေးပေါ်ကျန်းမာရေး ဗဟုသုတတွေအပါတ်စဉ် တင်ပေးနေမဲ့ pageလေးဖြစ်လို့

like &followလေးလုပ်ထားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
ဆရာဝန်​လေရှည်

#ဆရာဝန်လေရှည် #မျက်စိကျန်းမာ​ရေး

#. e

သည်နေ့ဟာ ကျွန်တော် ဆရာဝန်ဖြစ်တာ ၁၅နှစ်တိတိ ပြည့်တဲ့နေ့ပေါ့။ သည်နေ့ထိ ဖြေခဲ့တဲ့ စာမေးပွဲတွေကလည်း ပေါင်းကိုစုံလို့ အောင်မြ...
24/12/2025

သည်နေ့ဟာ ကျွန်တော် ဆရာဝန်ဖြစ်တာ ၁၅နှစ်တိတိ ပြည့်တဲ့နေ့ပေါ့။

သည်နေ့ထိ ဖြေခဲ့တဲ့ စာမေးပွဲတွေကလည်း ပေါင်းကိုစုံလို့
အောင်မြင်တာတွေလည်းရှိသလို ကျရှုံး တာတွေလည်း အများကြီးပေါ့။

ကြည့်ခဲ့ဖူးတဲ့လူနာတွေလည်း အမျိုးအမျိုး အဖုံဖုံပေါ့။

သည်၁၅နှစ်မှာ ခုချိန်ထိ ကျွန်တော့်အတွေးထဲကနေထုတ်လို့မရတဲ့ လူနာတယောက်ရှိတယ် 🥹🥹

🧑‍⚕️ အဲ့တုန်းက ကျွန်တော်ဆရာဝန်ပေါက်စပေါ့ ၂နှစ်လောက်တော့ အတွေ့အကြုံ ရှိပီပေါ့။ကိုယ်ပိုင်ဆေးခန်းလည်းမဖွင့်နိုင်သေးတော့ သူများဆေးခန်းလေးတွေလိုက်ထိုင်ခဲ့တာပေါ့။

တနေ့တော့ onlineပေါ်ကနေ အရှေ့ဒဂုံဟိုးအစွန်ဘက်ကဆေးခန်းတခန်းက ဆရာဝန်ခေါ်တော့ သွားထိုင်တာပေါ့ တပါတ်ကို ၃ရက်ပေါ့။ ပိုင်ရှင်ကလည်းဆရာဝန်ပဲ ဆေးခန်းခွဲတွေများလွန်းလို့ လူခေါ်ထိုင်ခိုင်းရတာပေါ့ဗျာ။

🏡 ဆေးခန်းဖွင့်ထားတဲ့ ရပ်ကွက်လေးအကြောင်း ပြောရရင် သူကစက်မှုဇုံလေးဗျ ပလပ်စတစ် စက်ရုံတွေများတယ် ။ သိတယ်မလား အနံ့အသက်က အရမ်းမကောင်း အဲ့စက်ရုံတွေကြောင့် ပန်းနာရင်ကြပ်လူနာတွေများကြတာပေါ့။

🏥 ဆေးခန်းအကြောင်းပြောရရင် အကူတယောက်နဲ့ကျွန်တော်ပဲရှိတယ်။ အကူက ဘာမှကိုမသိတာ။ ဘာသင်တနိးမှမတက်ထား။ အရေးပေါ်လူနာကယ်နည်း CPRလည်းမသိ ဆေးတွေလည်းမသိ။

🚨တနေ့တော့ လူလတ်ပိုင်း လူနာတယောက်ဆိုက်ကားနဲ့ရောက်လာတယ် ပန်းနာရင်ကျပ်နဲ့ စကားတောင်သေချာမပြောနိုင်ဘူး Acute severe Asthma ပေါ့။ သည်ဆေးခန်းမှာကုနိုင်တဲ့အခြေအနေတော့မရှိဘူးပေါ့ဗျာလူနာက။ သူစကားတခွန်းပဲ ပြောတယ် ‘ဆရာ Amino amino’ ဆိုပီးတော့။ သိလိုက်ပီ သည်လူနာက Aminophylline ထိုးနေကျလူနာဆိုတာ။

တကယ်တော့ စာနဲ့ပေနဲ့ပြောရရင် သည်ဆေးက သည်လိုဆေးခန်းလေးတွေမှာ ထိုးဖို့မဟုတ်ဘူးဗျ ဆေးရုံတွေမှာမှ အဆင့်ဆင့်ကုပီးလို့မရမှ စဉ်းစားရတဲ့ဆေးဗျ။ မြေပြင်ခြေနေနဲ့စဉ်းစားရင်တော့ အဲ့တလုံးထိုးရင် အဲ့လူနာကချက်ချင်း ပြန်ကောင်းမဲ့လူနာဆိုတာတော့ကျွန်တော်သေချာသိတယ်။ လူနာမှာလည်း ဂေါက်ဘူးလေးတဘူးတောင်မရှိဘူးတဲ့ဗျာ အံ့ဩစရာပေါ့။

🌧️ 🌧️ ကံဆိုးချင်တော့အဲ့ဆေးခန်းမှာ အဲ့ဆေးမရှိဘူး။ Deriphylline နဲ့ Hydrocortisone ဆိုတဲ့ဆေး၂မျိုးပဲ သူ့ရောဂါနဲ့ဆိုင်တဲ့ဟာရှိတယ်။ ပထမအဆင့်ကုရတဲ့ ရှူဆေးလည်းမရှိဘူးစက်လည်းမရှိဘူး။ adrenaline လည်းမရှိဘူး။ ရောက်တာနဲ့ကျွန်တော်လည်းကားငှါးခိုင်းတော့တာပဲဆေးရုံလွှဲဖို့။ ရှိတဲ့ဆေး၂မျိုးကိုထိုးတာပေါ့ဗျာ။ ဘယ်ရမလဲဗျ အဲ့ဆေးလောက်နဲ့။ မျက်စိရှေ့တင် အသက်ရှူရပ်သွားတယ်။ ကျွန်တော်လည်း CPR လုပ်တာပေါ့ ဗျာ အကူကတော့ အကူမရပါဘူး။ နောက် မိနစ်၂၀လောက်နေတော့မှာ ကားရောက်လာတယ်။ ရတဲ့ကားကလည်း အုပ်ကြီးမောင်းတဲ့ Taxiတဲ့။ ဆေးရုံကိုခေါ်သွားဖို့ ပြောတော့ လူသေမတင်ဘူးတဲ့လုပ်ရော CPR လုပ်နေတုန်း သေတယ်ပြောလို့မရသေးဘူးလို့ ပြောတော့လည်း မရဘူးတခြားကားရှာဆိုပီးထွက်သွားရော ။ Ambulance ရှာတော့လည်းမရပါဘူး။
လူနာအမေလည်းခဏနေရောက်လာပီး ဆေးခန်းရှေ့ထိုင်ငိုနေပါရော။

မျက်စိထဲမြင်ကြည့်ပေါ့ဗျာ။ ဆရာဝန်ပေါက်စတကောင် ဘာဆေးမှ မရှိတဲ့ ဆေးခန်းကျဉ်းထဲ နှလုံးရပ်နေတဲ့ လူနာတယောက်နဲ့ ကိုယ့်ရှေ့မှာက ငိုနေတဲ့သူ့အမေနဲ့ … အဲ့အန်တီကြီးစကားခုထိနားထဲစွဲတုန်း “အမလေးသားရဲ့ မနက်တုန်းကအကောင်းကြီး “ ဆိုပီး။😭😭😭 ဟုတ်ပါတယ်ဗျာ …….

နောက်ဆုံးတော့ဗျာ ဆမအသစ်လေး မင်စွန်းသွား တာပေါ့။

ဘာများမှားခဲ့လဲ………🤔🤔🤔

လူနာ ??????🤹‍♀️
သူ လေထုညစ်ညမ်းတဲ့ အဲ့ရပ်ကွက်မှာ မနေသင့်ဘူး
အမြဲဆောင်ထားတဲ့ဂေါက်ဘူးလေးတဘူးတောင်ရှိမနေခဲ့ဘူး… ဆင်းရဲလို့လား ?
အဲ့ဆေးခန်းကိုလည်း ပထမဦးစားပေးမလာခဲ့သင့်ဘူး

ဆေးခန်း ???????🚒
ရှူစက်လည်းမရှိဘူး
အရေးပေါ်ကုရမဲ့ဆေးလည်း ရှိမနေဘူး

Taxi သမားကော မှန်ခဲ့လား?? 🤔🤔🚘

ဆရာဝန် ကော ဘာတွေ မှားခဲ့လည်း ?????🤔🤔

နောက်သူများဆေးခန်းထိုင်တိုင်း ကျွန်တော်ထိုင်တဲ့အခါတိုင်း ဆေးစာရင်းပေးပီး မရှိရင်အရင်ဖြည့်ခိုင်းတယ် ဆေးစုံမှ ထိုင်တော့တယ်။ trauma တွေရခဲ့တာကိုး ထပ်လည်းမရချင်တော့ပီလေ။

နောက်များကြာတော့ ကျွန်တော်တို့ညီကို၂ယောက်ပေါင်းပီး ဆေးခန်းလေးဖွင့်တာပေါ့။ ဘာဆေးမှမရှိရင်နေပစေ ပန်းနာရင်ကျပ်ဆေးတော့ အပြည့်ထားဆိုပီး တက်ညီလက်ညီ လုပ်ခဲ့ကြတယ်။ ရွှေပြည်သာမှာ GPလေး၅နှစ်ဖွင့်ခဲ့တယ်။ စီးပွါးရေးအရတော့ အရမ်းကြီး အောင်မြင်ခဲ့​တဲ့ ဆေးခန်းမဖြစ်ခဲ့ပေမယ့် နောင်တရစရာ လူနာတယောက်မှမရှိခဲ့ဘူး။

ခုတော့ သူများနိုင်ငံမှာ အလုပ်လုပ်နေရချိန် တချို့နောင်တရစရာလူနာတွေကြုံတွေ့ခဲ့ရပေမယ့် စိတ်ဖြေလို့ရခဲ့တယ် ကိုယ့်ဘက်ကစိတ်လုံခဲ့တာကိုး…။

နောက်နောင်လည်း ဘဝမှာ နောင်တရစရာ လူနာတွေ မများပါစေနဲ့လို့ ဆုတောင်းရင်း ……..

ဆရာဝန်လေရှည်

#ဆရာဝန်လေရှည်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Doctor on Air posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share