DR SOE HTET AUNG

DR SOE HTET AUNG M.B.,B.S( Ygn) , MRCP(UK)

16/08/2026

နှလုံးသွေးကြော ကျဉ်းတဲ့ လူနာတွေမှာ atorvastatin တို့၊ Rosuvastatin တို့လို သွေးတွင်းအဆီကျဆေး ( lipid lowering drugs)တွေ၊ aspirin, clopidogrel တို့လို သွေးကျဲဆေး ( anti platelets) တွေဟာ တစ်သက်လုံး စွဲသောက်ရမယ့်ဆေးတွေ ဖြစ်ပါတယ်။

အချို့ဆေးတွေက ဖြစ်နေတဲ့ ဝေဒနာကို သက်သာစေတဲ့ဆေးတွေပါ။ ဥပမာ -ဖျားနေတယ်။ ပါရာစီတမောသောက်တယ်။ အဖျားကျသွားတယ်။ ကိုက်နေခဲနေတာတွေပါ ကောင်းသွားတယ်။အဖျားပျောက်ရင် ဆေးရပ်လို့ရပါတယ်။နောက်တစ်ခါ မဖျားအောင် ပါရာစီတမော တောက်လျှောက်သောက်နေစရာမလိုပါဘူး။ ဖျားမှ သောက်ရတာပါ။ နောက်ဥပမာဆိုရင် နှလုံးသွေးကြောကျဉ်းလို့ ရင်ဘတ်အောင့်တယ်။ nitrol တစ်ပြား လျှာအောက်ငုံလိုက်တယ်။ ချက်ချင်းသက်သာသွားတယ်။ အဲ့ဒီလိုဆေးတွေက ဝေဒနာကို ချက်ချင်းလက်ငင်းသက်သာစေတဲ့ဆေးတွေပါ။ ဝေဒနာဖြစ်မှ လိုပါတယ်။

အချို့ဆေးတွေက ဝေဒနာ လက်ငင်းသက်သာစေတာမဟုတ်ပါဘူး။ ဒါပေမယ့် နောင်တချိန်မှာ ကျိန်းသေပေါက်ဖြစ်လာမယ့် အန္တရာယ်ဆိုးတစ်ခုကို ကာကွယ်ပေးနိုင်ပါတယ်။ သွေးကျဲဆေးတွေ၊ အဆီကျဆေးတွေက အဲ့ဒီလို ဆေးမျိုးတွေပါ။ ပြောချင်တာက
- ဒီဆေးတွေသောက်လို့ မိတ်ဆွေတို့ နေရထိုင်ရတာ ပေါ့သွားတာ၊ ထူးပြီးကောင်းလာတာ ရှိချင်မှရှိပါလိမ့်မယ်။ ရင်ဘတ်အောင့်တာလည်း သက်သာချင်မှ သက်သာပါလိမ့်မယ်။
- ဒါပေမယ့် နောင် ၄၊၅၊၁၀ နှစ်မှာ ဒီဆေးတွေ သေချာသောက်မနေတဲ့ ၊ မိတ်ဆွေနဲ့ ကျန်းမာရေးအခြေအနေတူအခြားလူတွေ နှလုံးသွေးကြောပိတ်ပြီးဆေးရုံတက်နေရချိန်မှာ မိတ်ဆွေ နှလုံးသွေးကြောမပိတ်သေးဘူး။ (နှလုံးသွေးကြောကျဉ်းတာနဲ့၊ ပိတ်တာနဲ့ အန္တရာယ်
- ချင်း အပုံကြီးကွာပါတယ်)
- နောင် ၄၊၅၊၁၀ နှစ်မှာ မိတ်ဆွေနဲ့ ကျန်းမာရေးအခြေအနေတူ အခြားလူတွေ လေဖြန်း၊ လေဖြတ်ပြီး ဒုက္ခရောက်ချိန်မှာ မိတ်ဆွေက လေမဖြန်း၊ လေမဖြတ်သေးဘူး။
ဒီလောက်ဆို နှလုံးသွေးကြောကျဉ်းတဲ့ လူနာတွေမှာ သွေးကျဲဆေးတွေ၊ အဆီကျဆေးတွေဟာ တစ်သက်လုံးသောက်ရမယ်ဆိုတာ သိလောက်ပါပြီ။

အားလုံးကို ကျေးဇူးတင်ပါတယ်
ခင်ဗျား

ဒေါက်တာစိုးထက်အောင်
M.B..B.S( YGN)
MRCP( UK)

နှလုံးသွေးကြောကျဉ်းရင် လိုက်နာရမယ့် အချက်များ ( Dos and Don’t s for people living with coronary artery disease)၁။  ဆေးလိ...
11/08/2026

နှလုံးသွေးကြောကျဉ်းရင် လိုက်နာရမယ့် အချက်များ ( Dos and Don’t s for people living with coronary artery disease)

၁။ ဆေးလိပ်ဖြတ်ပါ။ အခြား v**e တွေ၊ pot တွေ ဘာမှ အစားမထိုးဘဲ တိခနဲ ဖြတ်ပါ။ မျှဉ်းမဖြတ်ပါနဲ့။ ဆေးလိပ်က အရက်လို၊ မူးယစ်ဆေးလို ဖြတ်ရင် အရက်နာမကျ၊ ယင်းမထတတ်ပါဘူး။ မူးယစ်ဆေးသုံးရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး စနစ်တကျဖြတ်ပါ။
၂။ သင့်တင့်လျှောက်ပတ်တဲ့ အားကစား တစ်ခုခုလုပ်ပါ။ တစ်နေ့ မိနစ် ၂၀ လောက်နဲ့ တစ်ပတ် ၅ ရက်လောက် လုပ်ပါ။ နှလုံးရောဂါရှိတယ်ဆိုပြီး အားကစားမလုပ်ဘဲ ငြိမ်နေရင် မြန်မြန်ကြွပါလိမ့်မယ်။ အနည်းဆုံး လမ်းတော့ လျှောက်ပါ။ ရင်ဘတ်စအောင့်လာတဲ့ အထိ လုပ်ပါ။ အောင့်လာရင် နားပါ။ သက်သာရင် ပြန်စပါ။ မခံနိုင်ရင် ရပ်ပါ။ ဖြည်းဖြည်းချင်းပဲ တိုးပါ။
၃။ အရွက်များများစားပါ။ ရေများများသောက်ပါ။
၄။ ပြည့်ဝ ဆီ ရှောင်ပါ။ (ဥပမာ စားအုန်းဆီ၊ ဝက်ဆီ၊ အမဲဆီ၊ margarine )
ဆီပြန်ဟင်းတွေ သိပ်မစားပါနဲ့။ ထမင်းနဲ့ ဟင်းအနှစ်နယ်စားတဲ့ အကျင့်ကို ဖျောက်ပါ။
၅။ အနီရောင် အသားတွေ ( ဥပမာ- ဝက်၊ အမဲ၊ ဆိတ်) ကို တစ်ပတ် ၁ ရက်ပဲ စားပါ။ အဖြူရောင် အသား ( ဥပမာ- ကြက်သား၊ ငါး၊ ပုစွန်) က နေ့တိုင်းစားလို့ရပါတယ်။
၆။ စားသင့်တဲ့ အချိုးအဆကို မျက်စိထဲမြင်အောင် အောက်မှာ ပုံနဲ့ ပြပေးထားပါတယ်။
၇။ သွေးတိုး၊ ဆီးချိုရှိရင် သေသေချာချာ ကုပါ။ ဆေးတွေ သေချာသောက်၊ ရက်ချိန်းမှန်မှန်ပြပါ။
၈။ သွေးကျဲဆေး၊ သွေးတွင်းအဆီကျဆေးတွေကို ဆရာဝန်ညွှန်တဲ့အတိုင်းသေချာသောက်ပါ။ အလွန်အရေးကြီးတဲ့ ဆေးတွေဖြစ်ပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် မရပ်ပါနဲ့။ တစ်ခါကြုံဖူးတာ ပြောရရင် TIA ရှိတဲ့ အသက် ၈၀ အဘိုးတယောက် သွေးကျဲဆေး၊အဆီကျဆေးတွေ သေချာပေးထားတယ်။ နောက်ဆုံး ဆွဲထားတဲ့ ECG လည်း ကောင်းတယ်။ Follow up တွေမှာ တောက်လျှောက်
ကောင်းလို့ ပြန်မချိန်းတော့ ဆေးပဲမှန်မှန်သောက်ဖို့ မှာထားတဲ့ လူနာပါ။ ဖြစ်ချင်တော့ ခါးနာလို့ ပြန်လာပြတော့ X ray ရိုက်ကြည့်တော့ osteoporotic fracture (ခါးရိုးကျိုးတာ) တွေ့တယ်။ အဲ့ဒါနဲ့ အရိုးအကြောအထူးကုနဲ့ လွှဲပေးတယ်။ ဆရာဝန်က သောက်ဆေးတွေ ပေးတယ်။ အဲ့ဒီမှာ အဲ့ဒီအဘိုးက ဆေးတွေ များလို့ဆိုပြီး ကျွန်တော်ပေးတဲ့ သွေးကျဲဆေး၊ အဆီကျဆေးတွေ အကုန် ကိုယ့်ဘာသာရပ်ပစ်လိုက်ပါတယ်။ နောက် ၂ လလောက်နေတော့ အမောဖောက်ပြီး အိမ်ပင့်ခေါ်လို့ သွားကြည့်တော့ ECG မှာ Arrow head T inversion in anterior, septal and lateral leads( possible NSTEMI) ပါ။နှလုံးသွေးကြောပိတ်သွားပါပြီ။ သေချာမေးကြည့်တော့မှ ဆေးတွေ ရပ်ထားတာ ကြာပြီဆိုတာ သိရပါတယ်။ဆေးရုံ အမြန် refer လိုက်ရပါတယ်။ ခုတော့ ဆုံးသွားရှာပါပြီ။

အားလုံးကို ကျေးဇူးတင်ပါတယ်
ခင်ဗျား။
အောက်ကပုံကတော့ ထမင်းတစ်ခါပြင်ရင် ဘယ်လိုအချိုးအဆနဲ့ ပြင်မလဲ ဆိုတာကို ပြထားတာပါ။

ဒေါက်တာစိုးထက်အောင်
M.B..B.S( YGN)
MRCP( UK)

08/08/2026

နှလုံးသွေးကြောပိတ်ရင် ဘာတွေ ခံစားရလဲ။

မနေ့က နှလုံးသွေးကြောကျဉ်းရင် ခံစားရတဲ့ လက္ခဏာတွေ မျှဝေပြီးပါပြီ။ ဒီနေ့တော့ နှလုံးသွေးကြောပိတ်ရင် ဖြစ်တတ်တဲ့ လက္ခဏာတွေ ပြောပြပေးမှာပါ။

၁။ ရင်ဘတ်အောင့်ပါတယ်။ အောင့်တဲ့ပုံစံကတော့ နှလုံးသွေးကြောကျဉ်းတာနဲ့ အတူတူပါပဲ။ ဆွဲဆုပ်ထားသလို၊ တစ်ခုခုနဲ့ဖိခံထားရသလို အောင့်တာပါ။ ကွာသွားတာက နှလုံးသွေးကြောပိတ်လို့ အောင့်တာသည်
- အချိန်ပိုကြာပါတယ်။ ၁၅ မိနစ်ကျော်လောက် ကြာပါတယ်။ ရိုးရိုးနှလုံးသွေးကြောကျဉ်းတာက ၄/၅ မိနစ်လောက်ဆို ပြန်ကောင်းသွားတတ်ပါတယ်။
- ချွေးစေးတွေပြန်တတ်၊ လက်ဖျားခြေဖျားတွေ အေးတတ်ပါတယ်။ အချို့ပျို့တာ အန်တာအထိ ဖြစ်တတ်ပါတယ်။ရိုးရိုးနှလုံးသွေးကြောကျဉ်းရင် ဒါတွေ မဖြစ်ပါဘူး။
- Nitrol ခေါ် လျှာအောက်ငုံဆေးတွေ၊ GTN spray တွေ ဖျန်းလည်း မသက်သာပါဘူး။

၂။ မောပါတယ်။ မောတာက arrhythmia ခေါ် နှလုံးခုန်စည်းချက်မမှန်တာကြောင့် သော်လည်းကောင်း၊ နှလုံးသွေးကြောပိတ်ရာမှာ နှလုံးရဲ့ ဧရိယာအများကြီး ထိသွားပြီး ညှစ်အားအရမ်းလျော့သွားလို့ သော်လည်းကောင်းကြောင့် ဖြစ်နိုင်ပါတယ်။

၃။ သွေးပေါင်တွေ ထိုးကျပြီး လာတတ်ပါတယ်။ cardiogenic shock လို့ ခေါ်ပါတယ်။ သူလည်း မောတာနဲ့ အကြောင်းရင်း တူပါတယ်။ arrhythmia ကြောင့် အဖြစ်များပါတယ်။ နှလုံးဧရိယာအများကြီးထိပြီး ညှစ်အားနည်းလို့လည်း ဖြစ်နိုင်ပါတယ်။ အရမ်းကြောက်စရာကောင်းပါတယ်။

၃။ သတိလစ်နိုင်ပါတယ်။ ဒါလည်း အထက်ကပြောသလိုပါပဲ။ မောတာနဲ့ အကြောင်းရင်း အတူတူပါပဲ။arrhythmia ကြောင့် ဦးနှောက်ဆီသွားတဲ့ သွေးအရောက်နည်းသွားရင် ဖြစ်နိုင်ပါတယ်။

၄။ ရုတ်တရက် အသက်ဆုံးရှုံးနိုင်ပါတယ်။ ရောဂါတောင် ရှာချိန်မရလိုက်ဘဲ ဆုံးပါးသွားတာမျိုးဖြစ်နိုင်ပါတယ်။

၄။ အချို့အသက်အရမ်းကြီးသူတွေ၊ ဆီးချိုရောဂါရှိသူတွေမှာ နှလုံးသွေးကြောပိတ်ပေမယ့် ရင်ဘတ်မအောင့်တာမျိုးဖြစ်တတ်ပါတယ်။ အဲ့ဒါကို silent myocardial infarction လို့ ခေါ်ပါတယ်။ ပိုပြီး ကြောက်စရာကောင်း၊ ပိုပြီး အန္တရာယ်ကြီးပါတယ်။ ရင်ဘတ်မအောင့်တော့ စောစောမသိဘဲ ရောဂါလွန်မှ သိလို့ပါ။ သူကကျတော့ ကယောင်ကတန်းပြောပြီး လာတတ်ပါတယ်။ ဆီးချိုရှိတဲ့ အသက်ကြီးကြီး ဘိုးဘွားတွေ သားသမီးတွေ နာမည် မှားခေါ်လိုခေါ်၊ သမီးကို အမေခေါ်၊ အမေကို သမီးခေါ်၊ ကွယ်လွန်ပြီးသားလူတွေရဲ့ နာမည်တွေ ရွတ်လိုရွတ်ဖြစ်နေပြီဆို ပယောဂလား၊ ဘာလား အရင်မတွေးသေးဘဲ ရောဂါသေချာရှာသင့်ပါတယ်။ နောက်တစ်ရက်နှစ်ရက်လောက်ကြာတော့မှ အမောဖောက်၊ သွေးပေါင်တွေ ပြုတ်ကျ၊ သတိတွေလစ်ပြီး ဆေးရုံရောက်မှ နှလုံးသွေးကြောပိတ်မှန်းသိတာတွေ ရှိပါတယ်။ အဲ့ဒါကြောင့် ဆီးချိုရောဂါရှင်တွေ၊ အသက်အရမ်းကြီးသူတွေ ရုတ်တရက် ကယောင်ကတမ်းပြောတာ၊ အရင်လိုမဟုတ်ဘဲ အပြောအဆို အပြုအမူထူးခြားလာရင် (acute confusion in elderly / diabetics ) ဆို silent myocardial infarction ကို one of the differential diagnoses အနေနဲ့ စဉ်းစားသင့်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်
ခင်ဗျား

ဒေါက်တာစိုးထက်အောင်
M.B..B.S( YGN)
MRCP( UK)

08/08/2026

နှလုံးသွေးကြောကျဉ်းရင် ဘယ်လိုခံစားရလဲ။

၁။ ရင်ဘတ်အောင့်ပါတယ်။ ဒါကအများသိပြီးသားပါ။ ဘယ်လို အောင့်သလဲဆိုတာတော့ သေချာသိသူနည်းပါတယ်။
နှလုံးသွေးကြောကျဉ်းရင်
- ရင်ဘတ် အလယ်က အောင့်တတ်ပါတယ်။ ပြီးမှ တခါတရံ ဘယ်ဘက်လက်မောင်း၊ ညာဘက်လက်မောင်း၊ မေးရိုး စတဲ့နေရာတွေကိုပါ ပျံ့ပြီး နာတတ်ပါတယ်။ ရင်ဘတ်ဘယ်ဘက်ခြမ်းက အောင့်ရင် နှလုံးသွေးကြောကျဉ်းတာနဲ့ မတူပါဘူး။ အခြားရောဂါဖြစ်ဖို့များပါတယ်။
- မိနစ်အနည်းငယ်သာ အောင့်ပါတယ်။ နာရီနဲ့ ချီပြီး မအောင့်ပါဘူး။ တမနက်လုံး အောင့်တာ၊တညလုံးအောင့်တာ၊ တနေကုန်အောင့်နေတာဆို နှလုံးသွေးကြောကျဉ်းတာနဲ့ မတူပါဘူး။
- ဆွဲဆုပ်ထားတဲ့ ပုံစံအောင့်ပါတယ်။ တစ်ခုခုနဲ့ ဖိထားသလိုအောင့်တယ်။ ကြပ်တပ်တပ်ကြီး အောင့်တယ်လို့ လူနာတွေဆိုတတ်ကြပါတယ်။ စူးပြီး အောင့်တာဆို နှလုံးသွေးကြောကျဉ်းတာနဲ့ သိပ်မတူပါဘူး။
- နှလုံးသွေးကြောကျဉ်းတာဟာ အားအင်စိုက်ထုတ် လှုပ်ရှားရင် ပိုဆိုးတတ်ပါတယ်။ နားလိုက်ရင် သက်သာသွားတတ်ပါတယ်။ GTN spray ခေါ် အာဖျန်းဆေးဖျန်းရင်၊ nitrol ခေါ် လျှာအောက်ငုံဆေး ငုံရင် သက်သာတတ်ပါတယ်။သွေးကြောကျဉ်းတာ အရမ်းဆိုးလာရင်၊ နှလုံးသွေးကြောပိတ်ရင်တော့ နားလိုက်ရင်လည်း မသက်သာဘဲ အေင့်မြဲအောင့်နေတတ်ပါတယ်။ခုနကဆေးတွေ ဖျန်းရင်၊ ငုံရင်လည်း မသက်သာတော့ပါဘူး။ ဒါလောက်ဆို နှလုံးသွေးကြောကျဉ်းရင် ရင်ဘတ်ဘယ်လိုအောင့်လဲဆိုတာ သိလောက်ပါပြီ။

၂။ အချို့လူနာတွေ ရင်ဘတ်မအောင့်ဘဲ မောပြီး လာပြတာရှိပါတယ်။ အဲဲ့ဒါကို ဆေးပညာမှာ angina equivalent လို့ ခေါ်ပါတယ်။ ရင်ဘတ်အောင့်တာအစား မောတာနဲ့ လက္ခဏာပြတဲ့ နှလုံးသွေးကြောကျဉ်းရောဂါပေါ့။ အဲ့ဒီလူနာတွေ မောနေချိန်မှာ ECG ဆွဲရင် နှလုံးသွေးကြောကျဉ်းတဲ့ ပုံစံထွက်ပါတယ်။

ရင်ဘတ်တစ်နေရာထဲ စူးစူးပြီး အောင့်တာ၊ ထိုးထိုးပြီး အောင့်တာ၊ဖိရင် နာတာ၊ ခန္ဓာကိုယ် လှုပ်ရှားရင်၊ ဟိုဘက် ဒီဘက် လှည့်ရင်နာတာ၊ အသက်ရှူရင် အောင့်တာ မျိုးဆို နှလုံးသွေးကြောကျဉ်းတာနဲ့ မတူပါဘူး။

ဒီလောက်ဆိုရင် မြန်မာရုပ်ရှင်ကားတွေထဲမှာ နှလုံးသွေးကြောကျဉ်းလို့ ရင်ဘတ်အောင့်ပါတယ်ဆိုပြီး ဘယ်
ဘက်ရင်အုံကို ဖိပြနေတာ မှန်မမှန် သိလောက်ပါပြီ။

နောက်တစ်ခါကျရင် နှလုံးသွေးကြောပိတ်တဲ့ လက္ခဏာတွေ မျှဝေပေးပါ့မယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်
ခင်ဗျား။

ဒေါက်တာစိုးထက်အောင်
M.B..B.S( YGN)
MRCP( UK)

ကျီးပေါင်းလား။ လေးဖက်နာလား။မှတ်ချက်- ဆေးပညာလောကသား မိတ်ဆွေများအတွက် Experience sharing post ဖြစ်ပါသည်။ဒီတစ်ခါ လူနာက ၄၆ န...
08/08/2026

ကျီးပေါင်းလား။ လေးဖက်နာလား။

မှတ်ချက်- ဆေးပညာလောကသား မိတ်ဆွေများအတွက် Experience sharing post ဖြစ်ပါသည်။

ဒီတစ်ခါ လူနာက ၄၆ နှစ် အမျိုးသားပါ။ လူနာက သွေးတိုးကို လာပြတာပါ။ အဲ့ဒီမှာ သတိထားမိတာက လူနာပုံစံက သက်တောင့်သက်သာမရှိဘဲ ကြည့်ရတာ တစ်မျိုးကြီးဖြစ်နေတာပါ။ ခေါင်းကို မလှုပ်မိအောင် တမင်ထိန်းထားသလိုကြီး ဖြစ်နေပါတယ်။ တောင့်တောင့်ကြီးဖြစ်နေတာပေါ့။ အဲ့ဒါနဲ့ ကျွန်တော်လည်း အုံးလွဲတာထင်လို့ မေးကြည့်တော့ လည်ပင်းကြီးတောင့်ပြီးနာနေတာ ၁ နှစ် နီးပါးရှိနေပါပြီတဲ့။အနားက ဆေးခန်းကို ပြတော့ ဓာတ်မှန်ရိုက်ပါတယ်တဲ့။ ဓာတ်မှန်မှာ လည်ပင်းကျီးပေါင်းလို့ အဖြေထွက်လို့ သောက်ဆေး၊ ထိုးဆေးနဲ့ ကုနေပါတယ်တဲ့။ နောက်ပိုင်းတော့ ဆေးခန်းမသွားတော့ဘဲ ကိုယ့်ဘာသာပဲ ဆေးခန်းစာအုပ်ပြပြီး ဆေးဆိုင်ကနေ ဆေးဝယ်
သောက်နေပါတယ်။ဒါပေမယ့် ခဏပဲ သက်သာပြီး ဆေးမသောက်ရင် ပြန်နာပြန်ကိုက်လာတာပါပဲတဲ့။ သောက်နေတဲ့ဆေးတွေ ကြည့်တော့
Diclofenac 50mg bd
Omeprazole 20mg bd
Medixon 4mg od ကို နေ့တိုင်းသောက်နေတာပါတဲ့။ ကျွန်တော်လည်း လူနာကို သေချာစမ်းကြည့်လိုက်ပါတယ်။ သွေးတိုးက အပေါ် ၁၅၀၊ အောက် ၈၀ ပါ။ ကျွန်တော် တစ်ခုသတိထားမိတာက လူနာက ခေါင်းအုံးနဲ့ ခေါင်းကို ထိအောင် မလှဲချနိုင်တာပါ။ ကိုယ်လုံးက ကြမ်းပေါ်မှာ လှဲလို့ရပေမယ့် ခေါင်းက ထောင်ပြီးကျန်ခဲ့တာပါ။ လည်ပင်းက Loss of cervical lordosis ဖြစ်နေပါတယ်။ လူနာခမျာ ခေါင်းအုံးပေါ် ခေါင်းမချနိုင်လို့ ခေါင်းအုံးကို ထပ်ခေါက်ပြီး အုံးရရှာတာပါ။ အဲ့ဒါနဲ့ လူနာကို ထပ်မေးကြည့်တော့ မနက်မိုးလင်းအိပ်ယာနိုင် လည်ပင်းက တောင့်တင်းပြီး နေရအခက်ဆုံးပါတဲ့။ တဖြည်းဖြည်း နေမြင့်လာရင်၊ သွေးပူလာရင် နေရတာပိုကောင်းတယ်လို့ ပြောပါတယ်။ Pain character ကတော့ Inflammatory pain ပုံစံဖြစ်နေပါတယ်။ ကျီးပေါင်းက လူကြီးနာပါ။ Degenerative disease ပါ။ inflammatory pain နဲ့ မလာပါဘူး။ ဒီလူနာ ကျီးပေါင်းနဲ့ မတူတဲ့အချက်က အဲ့ဒါပါပဲ။
အဲ့ဒါနဲ့ လူနာကို ဆေးခန်းနံရံကို နောက်ကျောမှီ၊ ဖနောင့်ပါကပ်၊ နောက်စေ့ပါ နံရံနဲ့ ရအောင်ကပ်ခိုင်းပြီး မတ်မတ်ရပ်ခိုင်းတော့ နောက်​စေ့က နံရံနဲ့ဘယ်လိုမှ ကပ်မရအောင် ဖြစ်နေပါတယ်။ ခါးနာလား လို့ စပ်စုကြည့်တော့ ခါးလည်း နာတယ်တဲ့။ pain ကလည်း inflammatory pain character ပါပဲ။ ခါးတော့ အရမ်းမကုန်းသေးပါဘူး။ Neck movement နဲ့ Lumbar spine movement ကတော့ restricted ဖြစ်နေပါတယ်။ Neck ကတော့ ပိုဆိုးတာပေါ့။ လူနာရဲ့ ရောဂါလက္ခဏာကတော့ Spondyloarthritis especially Ankylosing spondylitis နဲ့ တူနေပါပြီ။ မြန်မာလိုဆို “ခါးဆစ်ရောင်လေးဖက်နာ” ပေါ့။ အဲ့ဒါနဲ့ extra articular features တွေ ရှိမရှိ ထပ်ရှာပါတယ်။ Enthesitis အတွက် heel pain ( Archilles tendinitis), foot pain ( plantar fasciitis), hip pain ( sacroiliitis) တွေ ရှိမရှိ မေးတော့၊ စမ်းတော့လည်း ဘာမှ မရှိပါဘူး။ မျက်စိနီတာ ဘာညာလည်း မရှိပါဘူး။( Iritis)
အဲ့ဒါနဲ့ လူနာကို ခါးဆစ်ရောင်လေးဖက်နာ ( Ankylosing spondylitis) ဖြစ်နိုင်ကြောင်းရှင်းပြပြီး သွေးတွေ စစ်ဖို့လိုကြောင်း သေချာပြောပြပြီး စစ်
ခိုင်းလိုက်ပါတယ်။ အဖြေတွေရရင် ပြန်ပြဖို့ သေချာမှာလိုက်ပါတယ်။
နောက်ထပ် ၁ လခွဲလောက် အကြာမှာတော့ လူနာပြန်ရောက်လာပါတယ်။ အဖြေတွေလည်း ပါလာပါတယ်။
အဖြေတွေကတော့
Creatinine-82( Normal)
Urine microalbumin -46.2( နည်းနည်းတက်)
UACR-19.33( Normal)
ESR -45 ( တက်)
HLA- B27 - positive ပါ။
ဒါဆို လူနာက Ankylosing spondylitis ( ခါးဆစ်ရောင်လေးဖက်နာ) ပေါ့။ ကုသမှုကတော့ NSAID ပေးတယ်။ ရောဂါပြင်းထန်ရင် Biological agents ( ဇီဝကုထုံးလို့ခေါ်ကြပါတယ်) တွေ ပေးတယ်။ ဒီလူနာဆို ဇီဝကုထုံး လိုကောင်းလိုနိုင်ပါတယ်။ ဒါကတော့ ကျွန်တော်ဆုံးဖြတ်နိုင်တဲ့ အတိုင်းအတာကို ကျော်သွားပါပြီ။ လေးဖက်နာအထူးကုသမားတော်( Rheumatologist) တွေရဲ့ အကြံဉာဏ်ကို ရယူရမယ့် အဆင့်ဖြစ်သွားပါပြီ။
အဲ့ဒါနဲ့ လူနာကို ရောဂါအကြောင်းနဲ့ ဆက်လုပ်ရမယ့် အစီအစဉ်တွေကို သေချာရှင်းပြပြီး လေးဖက်နာအထူးကုသမားတော်ဆီ လွှဲစာနဲ့ လွှဲပေးလိုက်ပါတယ်။

ဒီဖြစ်စဉ်မှာ
၁။ Inflammatory Vs Non-inflammatory pain ခွဲခြားတတ်ဖို့ သေချာသင်ပေးခဲ့တဲ့ ဆရာတွေကို ကျေးဇူးတင်ကြောင်း ရှေးဦးစွာပြောကြားလိုပါတယ်။ကျီးပေါင်းလို့ခေါ်တဲ့ cervical spondylosis က Degenerative Disease ပါ။ အသုံးပြုတာ များလို့ဖြစ်တဲ့ ရောဂါပေါ့။ အဲ့ဒီတော့ လှုပ်ရှားတာများရင်၊ လည်ပင်းအနေအထားမမှန်ရင် ပိုနာတယ်။ လည်ပင်းအနေအထားမှန်အောင်ထားရင်၊ နားနားနေနေ နေရင် paracetamol တို့၊ muscle relaxantတို့ ပေးရင်၊ ရေနွေးအိတ်ကပ်ရင် သက်သာပါတယ်။ Ankylosing spondylitis က inflammatory pain ပါ။ မနက် အိပ်ယာထချိန်မှာ ပိုဆိုးတယ်။ တောင့်တင်းနေတယ်။ လှုပ်ရှားရင်းနဲ့ သွေးပူလာရင် သက်သာတတ်ပါတယ်။ paracetamol တို့၊ muscle relaxant တို့ပေးရင် မရဘဲ NSAID ပေးမှ response လုပ်ပါတယ်။ ဒီလူနာဆို ကျွန်တော်အစက ကျီးပေါင်းပဲ ထင်လို့ Physiatrist နဲ့ ပြဖို့ ခေါင်းထဲဝင်မိပါသေးတယ်။ ဒါပေမယ့် သေချာမေးတော့မှ inflammatory pain ဖြစ်နေလို့ လမ်းကြောင်းပြောင်းလိုက်ရတာပါ။ ဓာတ်မှန်မှာ ကျီးပေါင်းထွက်ပေမယ့် ဒီလူခံစားနေရတာက ကျီးပေါင်းကြောင့်ဆိုတာ တကယ်သေချာရဲ့လားဆိုတာ ကျွန်တော်တို့ပြန်စဉ်းစားသုံးသပ်ဖို့လိုပါတယ်။
၂။ Ankylosing spondylitis ဟာ Rheumatologist ခေါ် လေးဖက်နာအထူးကုနဲ့ ပြဖို့ လိုတဲ့ ရောဂါဖြစ်ပါတယ်။ disease severity ကို assessment လုပ်ဖ်ု့၊ DMARDS ပေးမလား၊၊ Biological agents ပေးမလား ဆုံးဖြတ်ဖို့၊ disease activity ကို monitoring လုပ်ဖို့အတွက် Rheumatologist ရဲ့ opinion က အရေးကြီးပါတယ်။ သံသယရှိရင် စောစောသာ လွှဲပါ။
၃။ ဒီလူနာကို ကျွန်တော် work up လုပ်တာ အပေါက်အလမ်းတည့်သွားပေမယ့် အရမ်းကြီး စနစ်မကျဘူးဆိုတာ ဝန်ခံပါတယ်။ သေသေချာချာဖတ်ချင်တဲ့ မိတ်ဆွေတွေအနေနဲ့ “Spondyloarthropathy Myanmar National Guidelines 2022” ကို ဖတ်ကြည့်ဖို့ recommend လုပ်ပါတယ်ဗျာ။

အားလုံးအဆင်ပြေကြပါစေဗျာ။

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအား ဂါရဝပြုလျက်ပါ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP ( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ်-၄၊ အောင်မာဃလမ်း၊(၁) ရပ်ကွက်၊ လှိုင်မြို့နယ်

29/07/2026

ကျွန်တော်ကြုံခဲ့ဖူးသော အချို့ကျောက်ကပ်
ရောဂါများ

မှတ်ချက်- ဆေးပညာလောကသားမိတ်ဆွေများအတွက် Experience sharing post ဖြစ်ပါသည်။

ဒီတစ်ခါလူနာက အသက် ၂၀ အရွယ်မိန်းကလေးပါ။ ၅ ရက်
လောက်ဖျားတယ် ။ လည်ချောင်းနာတယ်။ အဖျားတော်တော်နဲ့ မကျဘူးပေါ့။ကျွန်တော်ရော antibiotics ကောင်းကောင်းကို ၅ရက်လောက်ပေးမှ အဖျားကျသွားပါတယ်။ အဲ့ဒီအထိက ပြဿနာမရှိပါဘူး။ ပြဿနာကအဖျားကျပြီးမှ စတာပါ။ လူနာက အဖျားကျပြီး ၂ ရက်လောက်မှာ ခြေချင်းဝတ်တွေရောင်လာပါတယ်။ နာလည်းနာတယ်လို့ ပြောပါတယ်။ ကျွန်တော်
လည်း ဖျားပြီးလို့ အဆစ်ရောင်တာကျန်ခဲ့တယ်လို့ပဲ မှတ်တာပါ။ ဒါပေမယ့် နောက်၂ ရက်လောက်နေတော့ မျက်လုံးတွေပါ အစ်လာပါတယ်။ peri orbital oedema ရတာပါ။ ခြေချင်းဝတ်မှာလည်း oedema ပါရလာပါတယ်။ သွေးပေါင်လည်း ၁၄၀/၉၀ လောက်ဖြစ်လာသလို၊ ဆီးလည်း နည်းလာတယ်လို့ ပြောပါတယ်။အဲ့ဒီတော့မှ ကျောက်ကပ်ပြဿနာများလားလို့ စိတ်ပူပြီး သွေးတွေ၊ ဆီးတွေ စစ်ရပါတော့တယ်။ စစ်လိုက်တော့မှ လူနာက creatinine 1.4
Urine RE မှာ protein +++
RBC ++
ဖြစ်နေတာပါ။
ESR လည်း တက်နေပါတယ်။ 60mm after 1st hour လောက်ရှိပါတယ်။
Anti CCP, RA, Negative ၊ B,C,R negative ပါ။ ANA positive ပြလို့ ENA စစ်တော့ ENA ကတော့ Negative ပါ။
Ultrasound လည်း ကောင်းပါတယ်။လူနာက Nephritis ရနေတာတော့ သေချာနေပါပြီ။ ရောဂါအမည်တိတိကျကျတပ်နိုင်ဖို့နဲ့၊ မှန်ကန်တဲ့ ကုသမှုရဖို့ ကျောက်ကပ်
အထူးကု( Nephrologist)ဆီ လွှဲရပါတော့တယ်။ Nephrologist အစ်မကတော့ APSGN( Acute post streptococcal Glomerulonephritis)ဖြစ်ဖို့များကြောင်း၊ BP control သေချာလုပ်၊ oedema အတွက် diuretic ပေးပြီး တစ်ပတ်လောက် စောင့်ကြည့်ဖို့ ၊ တစ်ပတ်လောက်နေရင် renal function နဲ့ urinalysis ပြန်လုပ်ဖို့နဲ့ မသက်သာရင် vasculitis ဘက်ကို လိုက်မယ့် အကြောင်း ရှင်းပြပါတယ်။လူနာက treatment ကို respond လုပ်ပါတယ်။တစ်ပတ်လောက်နေတော့ oedema တွေလည်းကျ၊ သွေးပေါင်လည်း ကောင်းလာသလို၊နေရတာလည်း တော်တော်ကောင်းနေပါပြီ။ creatinine ပြန်ကျလာသလို၊ Urine RE မှာလည်း protein တွေ၊ RBC တွေ မပါတော့ပါဘူး။ နောက်ပိုင်း ၂ ပတ်လောက်ခြားပြီး ထပ်စစ်တော့လည်း လုံးဝကောင်းသွားတာတွေ့ရပါတယ်။ Final diagnosis က APSGN ပေါ့။ အဓိက ကျေးဇူးတင်ရမှာက ညနေခင်းဆေးခန်းထိုင်တဲ့ ညီမလေးပါ။ လူနာအပေါ် တောက်​လျှောက် ဂရုစိုက်၊ တစ်ခုခုဆို အချိန်မဆွဲဘဲ မြန်မြန်တိုင်ပင်၊ မြန်မြန်လုပ်လို့ လူနာ Diagnosis စောစောထွက်တာပါ။ အခုတော့ လူနာ လုံးဝလူကောင်းဖြစ်ပြီး အလုပ်ပြန်လုပ်နေပါပြီ။

နောက်တစ်ယောက်ကတော့ အသက် ၂၉ နှစ်အရွယ် မိန်းကလေးပါ။ သူကကျွန်တော့်ဆီမှာ အခြားရောဂါပြတာပါ။ထုံးစံအတိုင်း ရောဂါရာဇဝင်၊ ရောဂါအခံတွေ မေးရင်းနဲ့ သူ့ရောဂါကလည်း အထူးအဆန်းမို့ အဲ့ဒီညီမလေးကို ခွင့်တောင်းပြီး ဆရာဝန်မိတ်ဆွေတို့ ဗဟုသုတရအောင် ဖောက်သည်ချလိုက်ရပါတယ်။ သူကတော့ စဖြစ်တုန်းက မျက်ခွံတွေမို့တယ်။ Peri orbital oedema ရှိတယ်ပေါ့။ ခြေထောက်တွေ မအမ်းဘူး။ creatinine စစ်တော့ 3.2 ထိတက်သွားတယ်။ Heavy proteinuria ရှိတယ်။ သွေးလည်းပါတယ်ဆိုတော့ Glomerulonephritis ပေါ့။ အဲ့ဒါနဲ့ Underlying cause ရှာတော့ B,C,R negative, ENA မှာ Ku positive (Significant သိပ်မဖြစ်)၊ Vasculitis screening Negative , syphillis screening မှာ VDRL ရော၊ RPR ရော positive ဖြစ်နေတာနဲ့ Nephrologist က Syphillitic nephritis ဖြစ်နိုင်တယ်ဆိုပြီး Benzathine Penicillin ပေးလိုက်တာ creatinine လည်း 3.2 ကနေ 1.1 ထိ ကျသွားသလို၊ proteinuria ပါ တော်တော်ကျသွားပါတယ်။ ( dip stick negative ဖြစ်သွားပါတယ်။) အစက Biopsy အထိ plan ထားပေမယ့် treatment response လုပ်တာကြောင့် Biopsy မလုပ်တော့ဘဲ Syphillis ကို သေချာကုပြီး monitor ပဲ လုပ်နေတာ အဆင်ပြေနေပါတယ်။ ခုတော့ လူနာမိန်းကလေးလည်း ကျန်းကျန်းမာမာနဲ့ အလုပ်တွေဆက်လုပ်နေဆဲပါ။ သူကတော့ Syphillitic nephritis အဖြစ် Diagnosis ထွက်သွားပါတယ်။

နောက်တစ်ယောက်ကတော့ အသက် ၃၅ နှစ် ညီငယ်တစ်ယောက်ပါ။ သူကလည်း ကျွန်တော့်ကို အခြားရောဂါပြရင်းနဲ့ သူ့ရောဂါဟောင်းအကြောင်း စိတ်ဝင်စားဖွယ်ပြောပြတာပါ။ သူကတော့ ဆီးမည်းမည်းကြီးတွေသွားတယ်။ မျက်နှာတွေ ဖောတယ်။ မောလာတယ်ဆိုပြီး ကျောက်ကပ်အထူးကုဆီရောက်လာတာပါ။ စမ်းကြည့်တော့ marked pallor ရှိတယ်။ creatinine က ကျောက်ကပ်ဆေးရမယ့် အထိ တက်လို့ ကျောက်ကပ်ပါဆေးလိုက်ရပါသေးတယ်။ နောက်ဆုံးအကုန်စစ်တော့မှ လူနာက Newly diagnosed G6PD deficiency နဲ့ Intravascular hemolysis ဖြစ်
ပြီး hemoglobinuria ရ၊ အဲ့ဒီကမှ Acute tubular necrosis ( ATN) ထိ ဖြစ်သွားပြီး renal shutdown ပါရသွားတာပါ။ အဲ့ဒါတွေမဖြစ်ခင် အမည်မသိတဲ့ antibiotic တစ်ခု သောက်ခဲ့သေးတယ်ဆိုတော့ အဲ့ဒီ antibiotic ကြောင့်ပဲ ဖြစ်မှာပေါ့။ လူလည်း တော်တော်အသက်လုလိုက်ရပါတယ်။ ကျောက်ကပ်လည်း ခဏခဏ ဆေးလိုက်ရပါတယ်တဲ့။ ခုတော့ လုံးဝ လူကောင်းဖြစ်နေပါပြီ။ သူကတော့ G6PD deficiency ရှိတာ မသိခဲ့လို့ ကျောက်ကပ်ပါဆေးလိုက်ရရှာတာပါ။ သတိပြုစရာပါပဲ။

ဒီ case တွေကတော့ ကျောက်ကပ်ရောဂါနဲ့ ပက်သက်လို့ ကျွန်တော်ကြုံဖူးတဲ့ case လေးတွေပါ။ Diagnosis ကတော့ ကျွန်တော့်ဆီမှာရတာ မဟုတ်ပါဘူး။ Nephrologist တွေ ဆီမှာ Diagnosis ရတာဖြစ်ပါတယ်။ အဲ့ဒီလောက်အထိ နက်နက်နဲနဲ ရောဂါရှာဖို့အတွက် ကျွန်တော့်မှာ skill and expertise မရှိတာ အမှန်ပါ။ မိတ်ဆွေတို့အတွက် တစ်စုံတစ်ရာ အထောက်အကူဖြစ်
မယ်ထင်လို့ ကျွန်တော့်ကိုယ်တွေ့ရော၊ လူနာတွေဆီက အတွေ့အကြုံရော မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျ။
အပန်းမကြီးရင် ကျောက်ကပ်ရောဂါတွေနဲ့ပက်သက်လို့ မိတ်ဆွေတို့ အတွေ့အကြုံလေးတွေပါ comment မှာ မျှဝေပေးခဲ့ဖို့ မေတ္တာရပ်ခံပါတယ်။

အားလုံးအဆင်ပြေကြပါစေဗျာ။

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအား ဂါရဝပြုလျက်ပါ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP ( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ်-၄၊ အောင်မာဃလမ်း၊(၁) ရပ်ကွက်၊ လှိုင်မြို့နယ်

08/07/2026

အင်ဆူလင် ထိုးရမှာ မကြောက်ကြပါနဲ့။

တော်တော်များများ ထင်နေကြတာ အင်ဆူလင်က ဂိတ်ဆုံးဆေး၊ အခြား ဆီးချိုဆေးတွေ ပေးလို့မရတော့မှ ပေးတာလို့ ထင်နေကြတယ်။
အချို့ကလည်း အင်ဆူလင်ထိုးရင် ကျောက်ကပ်ထိတတ်တယ်လို့ ထင်နေကြတာလည်း ကြုံဖူးတယ်။

ပထမဆုံး ပြောချင်တာက အင်ဆူလင်သည် ဂိတ်ဆုံးဆေးဆိုတဲ့ အချက်သည် အပြည့်အဝမမှန်ပါဘူး။

ဗဟုသုတအနေနဲ့ ပြောရရင် ဆီးချိုရောဂါသည်တွေ အင်ဆူလင်လိုတဲ့ အခြေအနေ အမျိုးမျိုးရှိပါတယ်။( ဒီနေရာမှာ ကျွန်တော်ပြောခဲ့အကြောင်းအရာသည် အဖြစ်များတဲ့ အမျိုးအစား ၂ ဆီးချိုသမားတွေအတွက်ဖြစ်ပါတယ်။ အမျိုးအစား -၁ ဆီးချိုသမားတွေကတော့ အင်ဆူလင်ကို တသက်လုံး ထိုးကိုထိုးနေရမှာမို့ ထွေထွေထူးထူး မပြောတော့ပါဘူး။)

၁။ အရေးပေါ်အခြေအနေကြောင့် ဆေးရုံတက်ရတဲ့ဆီးချိုရောဂါသည်တွေ ဘယ်အကြောင်းကြောင့်ပဲ ဆေးရုံတက်ရတက်ရ ( မီးဖွားခြင်း၊ ခွဲစိတ်မှုခံရခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း၊ အဆုတ်ရောင်ခြင်းစသည်) အင်ဆူလင် ပေးကို ပေးရပါတယ်။

၂။ ဆီးချိုဆိပ်တက်တဲ့ လူနာတွေ ( Diabetic ketoacidosis, Hyperglycemic hyperosmolar state စတဲ့ ရောဂါတွေကို မြန်မာလို ဆီးချိုဆိပ်တက်တယ်လို့ အလွယ်ခေါ်ကြပါတယ်။ ၂ ခုလုံး အသက်အန္တရာယ်ရှိပါတယ်)

၃။ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါသည်တွေ( Gestational diabetes mellitus) သို့မဟုတ် ဆီးချိုသမားတွေ ကိုယ်ဝန်ဆောင်
ရင်( ကိုယ်ဝန်ဆောင်မှာ တရားဝင်ပေးလို့ရတဲ့ဆီးချိုဆေးက metformin နဲ့ အင်ဆူလင်ပဲ ရှိပါတယ်။)

၄။ ဆီးချိုဖြစ်မှန်း သိခါစမှာ မနက်စောစော အစာမစားခင်ဆီးချို ၂၅၀ ကျော် သို့မဟုတ် စားပြီးစစ်လို့ ၃၀၀ ကျော် သို့မဟုတ် HbA1C 10% ကျော်ရင် ၊ ဒါ့အပြင် ဆီးအများကြီးသွားတာ၊ ရေအရမ်းငတ်တာ၊ ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်တာ ပါရှိရင် အင်ဆူလင် ပေးရပါတယ်။

၅။ ဆီးချိုဆေးကို ၃ မျိုးအထိ အမြင့်ဆုံးပမာဏထိ တိုးပေးလို့ ဆီးချိုမကျရင် အင်ဆူလင် ပေးရပါတယ်။

အဲ့ဒီ ၅ ချက်မှာ ပထမ ၄ ချက်အထိမှာ အင်ဆူလင်ဟာ အချိန်ကာလတစ်ခုအထိသာ ပေးဖို့လိုကောင်လိုနိုင်ပါတယ်။ဥပမာ- နဂိုက သောက်ဆေးနဲ့ ဆီးချိုထိန်းနိုင်ပြီးသား လူနာဆို ဆေးရုံတက်ချိန်မှာတော့ အင်ဆူလင်ထိုးရမှာဖြစ်ပေမယ့် ဆေးရုံဆင်းချိန်မှာ သောက်ဆေးပြန်ပြောင်းမှာ ဖြစ်ပါတယ်။ အလားတူပဲ ဆီးချိုရောဂါသည်ကိုယ်ဝန်ဆောင်မိခင် ကိုယ်ဝန်ဆောင်ကာလမှာ အင်ဆူလင် လိုပေမယ့် မွေးပြီးနောက်မှာ လိုချင်မှ လိုမှာပါ။ နောက်ဆုံး နံပတ်(၅) အချက် သောက်ဆေး ၃ မျိုးအထိ ပေးလို့ ဆီးချိုမထိန်းနိုင်တဲ့ လူနာကတော့ အင်ဆူလင် အမြဲလိုမယ့်လူနာအမျိုးအစားပါ။ ဒီလို လူနာမှာတော့ အင်ဆူလင်က ဂိတ်ဆုံးဆေးလို့ ပြောလို့ရပါတယ်။

ဒါပေမယ့် ဂိတ်ဆုံးတာ မဆုံးတာထက် ဆီးချိုကြောင့် လေမဖြတ်ဖို့၊ နှလုံးမထိဖို့၊ ကျောက်ကပ်မပျက်ဖို့က ပိုအရေးကြီးပါတယ်၊ အင်ဆူလင်ထိုးရင် ရမယ့်ကောင်းကျိုးက ဆိုးကျိုးထက်ပိုပါတယ်။ အသက် ၄၀ကျော်
ကတည်းက အင်ဆူလင်ထိုးလာပြီး ခုအသက် ၇၀ ထိ ၆ထပ်တိုက်ကို နေ့စဉ်နီးပါး အတက်အဆင်းလုပ်နေဆဲ၊ ကျန်းမာနေဆဲ လူနာတွေ ကျွန်တော့်ပတ်ဝန်းကျင်မှာကို ရှိပါတယ်။ နိုင်ငံခြားမှာ အင်ဆူလင် pump ကြီးတန်းလန်းနဲ့ Miss ပြိုင်ပွဲတောင် ဝင်နေတာရှိပါသေးတယ်။အခြားတဘက်မှာ အင်ဆူလင်ထိုးသင့်တာကိုမထိုးဘဲ အချိန်ဆွဲနေရင် ကျောက်ကပ်ပျက်မှာ၊ လေဖြတ်မှာ၊ ခြေထောက်ဖြတ်ရမှာ၊ နှလုံးထိမှာကို မမေ့ပါနဲ့။
အားလုံးကို ကျေးဇူးတင်ပါတယ်
ခင်ဗျား။

ဒေါက်တာစိုးထက်အောင်
M.B..B.S( YGN)
MRCP (UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ်-၄၊ အောင်မာဃလမ်း၊(၁) ရပ်ကွက်၊ လှိုင်မြို့နယ်

#ဆီးချိုသမားတို့အတွက်၃လကျနစောင့်ရှောက်မ

06/07/2026

ဝိတ်ချဖို့ ဘယ်လေ့ကျင့်ခန်းက အထိရောက်ဆုံးလဲ။

အဖြေမှန် တစ်ခုတည်း မရှိဘူးဗျ။
Cardio + resistance training နှစ်ခုတွဲလုပ်နိုင်ရင် အကောင်းဆုံးပဲ။

Cardio ဆိုတာ လမ်းလျှောက်တာ၊ ပြေးတာ၊ သိုင်း၊ ရေကူး၊ ကြိုးခုန်၊ ကြက်တောင်၊ အေရိုးဗစ်၊ လက်ဝှေ့ စတဲ့ ခေါင်းခါးခြေလက် အကုန်လှုပ်ရှားရတဲ့ အားကစားတွေပါ။ Cardio ဘာကောင်းလဲ။ဝိတ်မြန်မြန်ကျတယ်။ နှလုံးသွေးကြောကျန်းမာရေးအတွက် အလွန်ကောင်းတယ်။ သွေးတွင်းအဆီကျစေတယ်။ သက်လုံကောင်းစေတယ်။

ဒါပေမယ့် Cardio ရဲ့ အားနည်းချက်က ကျသွားတဲ့ ဝိတ်ကို ကြာကြာမထိန်းနိုင်ဘူး။ ရပ်လိုက်ရင် ၊ ကိုယ်လည်း အစားမဆင်ခြင်ရင် ဒိုင်းဒိုင်းဒိုင်းဆိုပြီး ဝိတ်ပြန်တက်နိုင်တယ်။( ငယ်ငယ်တုန်းက အေရိုးဗစ်ကစားတာ ကစားနေရင် လှပေမယ့် ရပ်လိုက်ရင် ဝလာရော ဆိုပြီး လူကြီးတွေ ပြောကြတာ ကြားဖူးလိမ့်မယ်။ ဖြစ်နိုင်တာ ၂ ချက်ရှိတယ်။ ၁။ အစားမလျှော့လို့၊ ၂။ cardio က ဝိတ်
ထိန်းတဲ့နေရာမှာ အားနည်းလို့)။ cardio က ကောင်းပေမယ့် ခွန်အားကိုတော့ မတိုးစေဘူး။

Resistance training ( အလွယ်ပြောရင် ဝိတ်မတာ၊ ဒါပေမယ့် ဒိုက်ထိုး၊ ဘားခို၊ ထိုင်ထ စတဲ့ Bodyweight workout တွေလည်း အကျုံးဝင်ပါတယ်) ဘာကောင်းလဲ။

ခန္ဓာကိုယ်အချိုးအစားကျနစေတယ်။ Body မိုက်ချင်ရင် Resistance Training လိုကိုလိုတယ်။နောက်ပြီး ကြွက်သားထုမလျော့ပါးအောင် ထိန်းပေးတယ်။ ကြွက်သားထု တိုးတက်လာအောင် ကူညီပေးတယ်။ Basal metabolic rate ( BMR) တက်စေလို့ စားသလောက် အဆီမတက်အောင် ကူညီပေးတယ်။ ဝိတ်ကျပြီး ပြန်မတက်အောင် ထိန်းတဲ့နေရာမှာ Resistance training က သာပါတယ်။
ခွန်အားကိုလည်း တိုးစေပါတယ်။

နှစ်ခုပေါင်းရင် ရှယ်ပါပဲ။

Cardio ပဲ လုပ်ပြီး Resistance training မပါရင် ဝိတ်ကျမယ်။ အဆီကျမယ်။ သက်လုံကောင်းမယ်။ ဒါပေမယ့် ကြွက်သားထု ဆုံးရှုံးမှုကို မကာကွယ်
နိုင်ဘူး။ ခွန်အားလျော့ပါးမှုကို မကာကွယ်နိုင်ဘူး။ ခန္ဓာကိုယ်အချိုးအစားလှဖို့ဆိုရင်တော့ cardio နဲ့ မလုံလောက်ဘူး။ ရပ်လိုက်ရင် ဝိတ်ပြန်တက်နိုင်ပိုချေများတယ်။

Resistance training ပဲ လုပ်ပြီး cardio မလုပ်ရင် ဝိတ်ကျမယ်။ အဆီကျမယ်။ ခန္ဓာကိုယ်အချိုးအစားလှမယ်။ ကြွက်သားထုကို ထိန်းနိုင်တာကြောင့် ခွန်အားလျော့ပါးမှုလည်း ကာကွယ်နိုင်မယ်။ ရပ်လိုက်ရင်လည်း ဝိတ်မြန်မြန်မတက်ဘူး။ ဒါပေမယ့် သက်လုံနဲ့ခံနိုင်
ရည်တိုးတက်မှုနည်းမယ်။ နှလုံးနဲ့အဆုတ်ကျန်းမာရေးတိုးတက်မှု နှေးမယ်။

အဲ့ဒါကြောင့် cardio နဲ့ resistance training ပေါင်းလုပ်တာ ရေရှည်မှာ ရလာဒ်အကောင်းဆုံးပါပဲဗျာ။

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအား ဂါရဝပြုလျက်ပါ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP ( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ်-၄၊ အောင်မာဃလမ်း၊(၁) ရပ်ကွက်၊ လှိုင်မြို့နယ်

03/07/2026

အလုပ်များသော၊ အားကစားလုပ်ရန် သီးသန့်အချိန်မရသော၊ Gym သွားရန် အခက်အခဲရှိသော အသက် ၃၅ မှ ၆၀ အတွင်း အဝလွန်သူ မိတ်ဆွေများအတွက် အရိုးရှင်းဆုံးအကြံပေးချက်

၁။ အစားလျှော့တာထက် အစားကိုစနစ်တကျရွေးစားဖို့ လိုတယ်ဗျ။ တစ်နေ့တစ်နေ့ ကိုယ့်ပါးစပ်ထဲ ဘာတွေသွင်းနေလဲ ဆင်ခြင်ပါ။
ထမင်းလျှော့ပြီး အသားတိုးစား၊ အရွက်တိုးစားပါ။ ထမင်းပန်းကန်ထဲကို အရွက် ၄ ပုံ ၁ ပုံ၊ အသား၊ငါး၄ ပုံ ၁ ပုံ ထည့်ပြီး အဲ့ဒီအချိုးအဆအတိုင်း စားပါ။ အသားပုံမှန်စားဖို့ ငွေကြေးအခက်အခဲရှိရင် ပဲမျိုးစုံနဲ့ တို့ဟူး၊ ပဲပြား တွေကို အသားအစား အချို့နေ့တွေမှာ စားပါ။ ဗိုက်လည်း ပြည့်၊ အာဟာရလည်း ဖြစ်ပါလိမ့်မယ်ဗျ။ ကျွန်တော်တို့ သိပ်ကြိုက်လေ့မရှိတဲ့ ငါးကလည်း ကျန်းမာရေးအတွက် အလွန်သင့်တော်တယ်ဆိုတာ ထပ်သတိပေးချင်ပါတယ်။

၂။ အချိုရည်ဖြတ်ဖို့ လိုပါတယ်။ လက်ဖက်ရည်လျှော့သောက်ဖို့ လိုတယ်ဗျ။ငါ ဘီယာမသောက်ပဲ ဗိုက်ထွက်နေတယ်ဆိုသူတွေ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်။ တစ်နေ့တစ်နေ့ ရေမဟုတ်တဲ့ အခြားအရည်တွေ ပါးစပ်ထဲ
ဘယ်လောက် ဝင်နေလဲဆိုတာ။

၃။ တစ်ခါ တလေ ဗိုက်မဆာဘဲ ပါးစပ်ယားတာ၊ ပါးစပ်က ဆာတာမျိုး ဖြစ်ဖူးကြလား မသိဘူး။ အဲ့ဒီအခါမှာ အာလူးကြော်၊ကိတ်မုန့်၊ ဘီစကွတ်၊ အချိုရည်၊ ထိုးမုန့်၊ဟာလဝါ၊ ဒိုးနပ် စတဲ့ snack တွေ အစား ကန်စွန်းဥပြုတ်၊ ပြောင်းဖူးပြုတ်၊ မြေပဲ ၊ ကြက်ဥပြုတ်၊ ငုံးဥပြုတ်စတဲ့ အာဟာရတန်ဖိုးမြင့်တဲ့ အစားအစာတွေ စားပါ။ အဆာလည်း ပြေ၊ အာဟာရလည်းဖြစ်ပါလိမ့်မယ်။ အသီးအနှံတွေလည်း စားလို့ရပါတယ်။

၄။ အားကစားလုပ်တဲ့အဆင့်မဟုတ်ဘဲ တစ်နေ့တာလုံး လှုပ်လှုပ်ရှားရှား နေခြင်း ကတောင် အဆီမတက်အောင် ကူညီပေးတယ်ဗျ။ ကျွန်တော်တို့ နယ်ဘက်ဆင်းပြီး ဆေးကုတော့ ရွာထဲက အဘွားကြီးတွေ လာပြတာကိုး။( အဘိုးကြီးတွေလာပြတာ နည်းပါတယ်။) ရန်ကုန်သူ၊ရန်ကုန်သားတွေ အသက် ၅၀လောက်ဆို ရောဂါစုံစပြုနေပြီ။ ဆေး ၃၊၄ မျ်ုးသောက်နေရပြီ။ နယ်က အသက် ၇၀ အဘွားကြီးက သွေးပေါင်လည်း ကောင်း၊ ဆီးချ်ုလည်း မရှိ၊ ECG လည်းကောင်း၊ ပိန်ပိန်ပါးပါး သွက်သွက်လက်လက်ဆိုတော့ ကိုယ့်မျက်စိထဲမှာ ထူးဆန်းနေတာ။ အမှန်က လယ်ထဲ၊ ခြံထဲဆင်းပြီး တောက်တောက်တောက်တောက် လုပ်နေတာဆိုတော့ အဆီက သိပ်မတက်တော့ဘူးပေါ့။ တစ်နေ့တာလုံး လှုပ်လှုပ်ရှားရှားနေရင် အဆီကျတာ ပိုမြန်ပါတယ်။ ဘတ်စ်ကားစီးသွားရတဲ့မိတ်ဆွေတွေ တစ်မှတ်တိုင်လောက် ကြိုဆင်းပြီး လမ်းလျှောက်ပါ။ အထုတ်အပိုးမပါရင် တော်ရုံတန်ရုံအထပ်မြင့်ကို ရိုးရိုးလှေကားက ရသလောက်တက်ပါ။ online shop လုပ်တဲ့မိတ်ဆွေတွေ customer reply ပြန်တာမျ်ုး၊ ပို့စ်တင်တာမျိုးကို လမ်းလျှောက်ရင်း ရသလောက်လုပ်ကြည့်ပါ။

၅။ အားကစားလုပ်ပါ။ အထက်မှာ ပြောခဲ့တာက အားကစား မဟုတ်သော လှုပ်ရှားမှုကို ဆိုလိုတာ။ ခုပြောမှာက အားကစား သတ်သတ်မှတ်မှတ်လုပ်ဖို့ပါ။ cardio တစ်ပတ် ၅ ရက်လုပ်ပါ။ တစ်ပတ် ၃ ရက်လောက် အလေးမ ပါ။ ( cardio ဆိုတာ လမ်းလျှောက်တာ၊ ပြေးတာ၊ ကြိုးခုန်တာ၊ကြက်တောင်၊ ဘောလုံး၊ တင်းနစ် ၊ စင်ဘီးနင်း၊သိုင်း၊ လက်ဝှေ့ စတာတွေပါ) အချိန်မပေးနိုင်ရင် တစ်နေ့ ခြေလှမ်း ၇၀၀၀ လောက်နဲ့ တစ်ပတ် ၅ ရက်လောက် လမ်းလျှောက်၊ ရေမချိုးခင်လေးကို body weight squat (ထိုင်ထ)ကို တစ်ရက်ခြားလောက်လုပ်ရင်ကို အတော်ဟုတ်နေပါပြီ။ ထိုင်ထကို စလုပ်လုပ်ချင်း ၅ ခါပဲ ရရ လုပ်ပါ။ တဖြည်းဖြည်းနဲ့ အခါ ၅၀ ထိ ရအောင် ကြိုးစားပါ။ လမ်းကိုလည်း ခြေလှမ်း ၇၀၀၀ မရရင် ၁၀၀၀ ပဲ ရရ၊ ရသလောက်သာလျှောက်ပါ။ ဝိတ်ချတယ်ဆိုတာ ရေရှည်ခရီးပါ။ စွဲမြဲဖို့ လိုပါတယ်။ ယောက်ျားလေးတွေကတော့ Push up ( ဒိုက်ထိုးတာ) ကိုပါ တစ်ရက်ခြားလုပ်ပါ။

အထက်ပါ အကြံပြုချက်တွေဟာ ဝိတ်လဲချချင်တဲ့၊ ဘယ်ကစလုပ်ရမှန်းလည်း မသိတဲ့ ၊ gym လည်း မသွားနိုင်တဲ့ မိတ်ဆွေတွေကို ခေါင်းမရှုပ်အောင် အရိုးရှင်းဆုံး၊ အထိရောက်ဆုံးအကြံပေးထားတာပါ။ အဆင်ပြေကြပါစေဗျာ။

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအား ဂါရဝပြုလျက်ပါ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP ( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ်-၄၊ အောင်မာဃလမ်း၊(၁) ရပ်ကွက်၊ လှိုင်မြို့နယ်

08/06/2026

ဒီဆေးက ဒီလိုတော့ ဖြစ်တတ်ပါတယ်။

မှတ်ချက်- ဆေးပညာလောကသားမိတ်ဆွေများအတွက် Experience sharing post ဖြစ်ပါသည်။

ဒီတစ်ခါလူနာက အသက် ၆၅ နှစ်လူနာပါ။ လာပြတာက နှာစေးတာကြာနေလို့ လာပြတာပါ။ လူကို သေချာမေးကြည့်တော့ သူနှာစေးနေတာ ၄ လကျော်လောက်ရှိပြီလို့ ပြောပါတယ်။ နှာရည်တစ်ခါတလေကျပေမယ့် များသောအားဖြင့် နှာခေါင်းပိတ်တာပိုများပါတယ်။ နားနှာခေါင်းအထူးကုနဲ့လည်း ပြဖူးတယ်လို့ ပြောပါတယ်။ နှာခေါင်းထဲမှာ ဆိုးဆိုးရွားရွားပြဿနာမရှိဘူးလို့ သိရပါတယ်။ နှာခေါင်းပိတ်ရင် Topical nasal decongestant (နှာခေါင်းပွင့်ဆေး)လေးထည့်လိုက်၊ steroid nasal spray လေး ဖျန်းလိုက်နဲ့ နေနေတာပါ။ antihistamine လည်း နေ့တိုင်းနီးပါးသောက်နေရပါတယ်။ အဲ့ဒါလည်းခဏပဲ သက်သာပြီး တောက်လျှောက်နှာခေါင်းပိတ်နေတာလို့ လာပြတာပါ။
ကျွန်တော်လည်း လူနာကို သေချာစမ်းကြည့်ပါတယ်။ လူနာက အဲ့ဒီပြဿနာကလွဲရင် ကျန်တာ အိုကေပါတယ်။ သွေးပေါင်ချိန်လည်းကောင်း၊ ဆီးချိုလည်း ကောင်းပါတယ်။ ဆေးမှတ်တမ်းတွေလည်းပါလာပါတယ်။ ဖတ်ကြည့်တော့ လွန်ခဲ့တဲ့ ၅လလောက်က Medical check up စစ်ထားတာတွေ့ရပါတယ်။ HbA1c ၊ renal function ၊ liver function အကုန် ကောင်းပါတယ်။ ultrasound မှာတော့ Fatty liver နဲ့ BPH grade 1 ရှိနေပါတယ်။
သောက်နေတဲ့ ဆေးတွေက
Amlodipine 5 mg od
Tamsulosin 0.4mg hs
Atorvastatin 10mg hs သောက်နေပါတယ်။ နားနှာခေါင်းအထူးကု ပြထားတဲ့ ဆေးမှတ်တမ်းတွေလည်းပါပါတယ်။ ENT assessment မှာလည်း အန္တရာယ်ရှိတဲ့ ရောဂါတွေမတွေ့ရပါဘူး။
လူနာက နှာခေါင်းပိတ်တာကလွဲရင် ကျန်တာဘာမှ မဖြစ်၊ အန္တရာယ်
လက္ခဏာဘာမှ မရှိပါဘူး။ ဒါပေမယ့် ညတိုင်းနီးပါး နှာခေါင်းပိတ်တော့ တော်တော်စိတ်ညစ်နေတာတော့အမှန်ပါ။
အဲ့ဒါနဲ့ လူနာကို နည်းနည်းထပ်ပြီး စပ်စုကြည့်လိုက်တော့ သူနှာခေါင်းပိတ်တာက ညဘက် ၁၀ နာရီခွဲကနေ ၁၂:၃၀/၁ နာရီလောက်မှာအဆိုးဆုံးပါတဲ့။ ဆေးတွေသောက်၊ ဆေးတွေဖျန်းလုပ်ရင်လည်း နောက်နေ့ပြန်ဖြစ်တာပဲတဲ့။ နေ့ဘက်ဆို နေရတာအဆင်ပြေပါတယ်တဲ့။
ကျွန်တော့်အတွက် တော်တော်အဆင်ပြေတာက လူနာ နားနှာခေါင်းဆရာဝန်နဲ့ပြထားတာ၊ assessment လုပ်ထားတာပါ။ ENT assessment လုပ်ပြီးသားမို့ နှာခေါင်းထဲမှာ structural problem မရှိဘူးလို့ ယူဆလို့ရသွားပါတယ်။ ဒါဆိုရင် သူသောက်နေတဲ့ ဆေးထဲမှာ နှာခေါင်းပိတ်စေမယ့် ဆေးပါလားလို့ စစ်ကြည့်တော့ alpha blocker ဖြစ်တဲ့ Tamsulosin သောက်နေတာ သတိထားမိပါတယ်။ အဲ့ဒါနဲ့ သေချာစပ်စုကြည့်တော့ Tamsulosinသောက်တာ ၅ လ လောက်ပဲရှိပါသေးတယ်။ Ultrasound မှာ BPH ရှိလို့ ( ဆီးကျိတ်ကြီးတာရှိလို့) ဖြစ်နိုင်ပါတယ်။ Tamsulosin သောက်မှ သိသိသာသာပိုပိတ်လာတာပါ။ ဆေးသောက်ပြီး ၂ နာရီလောက်အတွင်းမှာ အဆိုးဆုံးပဲလို့ ပြောပါတယ်။
ဒါဆိုရင် တရားခံက Tamsulosin ကြောင့် ဖြစ်နိုင်ပါတယ်။ အဲ့ဒါနဲ့ သေချာအောင် လူနာကို ဆေးခဏရပ်ခိုင်းပြီး စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တစ်ခုရှိတာက ဆေးဖြတ်မှ လူနာရဲ့ ဆီးကျိတ်ရောဂါလက္ခဏာပိုဆိုးမှာလည်း ကြောက်ရပါသေးတယ်။ အဲ့ဒါနဲ့ လူနာကို ဆီးသွားရခက်တာ၊ ညှစ်ပေါက်ရတာ စတဲ့ obstructive symptoms တွေ ဆေးမသောက်ခင်ကရော ရှိခဲ့လား၊ အခုရော ရှိသေးလား သေချာမေးကြည့်တော့ တစ်ခါမှ မဖြစ်ဖူးကြောင်း ပြောပြပါတယ်။ ဒါဆို လူနာက လက္ခဏာမပြသေးပေမယ့် ultrasound မှာ BPH ရှိလို့ ဆေးကို ဒီတိုင်းပေးလိုက်တာနေပါလိမ့်မယ်။ ဒါဆိုရင် ဆေးခဏဖြတ်ကြည့်လို့ ပြဿနာမရှိလောက်ဘူးလို့ သုံးသပ်ပြီး လူနာကို Tamsulosin ၃ ရက်လောက်ခဏရပ်ကြည့်ဖို့၊ antihistamine ကို နှာမစေးရင်မသောက်ဖို့၊နှာခေါင်းပွင့်ဆေးတွေ၊ ဖျန်းဆေးတွေ ခဏရပ်ထားဖို့၊ ဆီးသွားရခက်တာ၊ ညှစ်ပေါက်ရတာရှိရင် ပြန်လာပြဖို့ သေချာမှာပြီး နောက် ၃ ရက်နေတော့ ပြန်ချိန်းလိုက်ပါတယ်။
နောက် ၃ ရက်နေတော့ လူနာပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်လာပါတယ်။ နှာခေါင်းပိတ်တာ တော်တော်အဆင်ပြေကြောင်း ပြောပါတယ်။ ဒါဆို တရားခံက Tamsulosin ဆိုတာ သေချာသွားပြီပေါ့။ လူနာမှာ BPH grade 1 ရှိတယ်ဆိုပေမယ့် alpha blocker ပေးရမယ့် strong indication ရှိမနေတာနဲ့ ဆေးရပ်ခိုင်းလိုက်ပြီး ၊ တစ်ခုခုထူးခြားမှ ပြန်ပြဖို့မှာလိုက်ပါတယ်။

နောက်တစ်ယောက်ကတော့ အသက် ၃၅ နှစ် လူငယ်တစ်ယောက်ပါ။ သူလည်း နှာခေါင်းတွေပိတ်ပြီး အိပ်မရလို့ လာပြတာပါ။ ပိတ်တာလည်း နှာရည်လုံးဝမကျ၊ နှာလည်းမချေဘဲ ဘလိုင်းကြီး ပိတ်နေတာပါ။ သူကတော့ ဆီးလမ်းကြောင်းကျောက်တည်လို့ ဆီးလမ်းကြောင်းခွဲစိတ်အထူးကုရဲ့ ညွှန်ကြားချက်နဲ့ Tamsulosin သောက်နေတာပါ။ သူ့ကတော့ ဆက်ပေးရမယ့်အခြေအနေလည်းဖြစ်နေလို့ ညဘက်အစား ဆေးကို မနက်ပိုင်း ပြောင်းသောက်ခိုင်းလိုက်ပါတယ်။ အဲ့တော့မှ ညဘက်နှာခေါင်းပိတ်ပြီး အိပ်မရတဲ့ ပြဿနာလွတ်သွားပါတယ်။ ဒါပေမယ့် မနက် ၉ နာရီလောက် ဆေးသောက်ရင် ၁၂ နာရီမထိုးခင်လောက်ထိ နှာခေါင်းပိတ်နေပါသတဲ့။

နောက်တစ်ယောက်ကတော့ ကျွန်တော် ဦးနှောက်စားသွားတဲ့ ပြဿနာပါ။ လူနာကတော့ အသက် ၃၆ နှစ် အမျိုးသားပါ။ သူ့ပြဿနာက အဆန်းပါ။ (နားနဲ့မနာ၊ ဖဝါးနဲ့နာဖို့ ကြိုတင် မေတ္တာရပ်ခံပါရစေခင်ဗျား) လင်မယားအတူနေပြီးရင် သူတို့က ကလေးမရအောင် အပြင်မှာပြီးတဲ့ နည်းလမ်း ( Withdrawal method)ကို သုံးပါသတဲ့။ ပြဿနာက သံဝါသပြုပြီးလို့ အပြင်မှာပြီးတဲ့အခါ သုက်ရည်
ထွက်မလာတာပါ။ ပန်းသေပန်းညှိုးလည်း မဟုတ် ၊လိင်တံမာတင်းမှုလည်း အပြည့်အဝရှိတယ်။ ကြာကြာလည်းဆက်ဆံနိုင်တယ်။ ပြီးမြောက်သွားတဲ့ ခံစားမှုလည်း ရတယ်။ သုက်ရည်ပဲ အပြင်
ထွက်မလာတာပါ။ မသင်္ကာလို့ ကိုယ့်ဘာသာ တစ်ကိုယ်ရည်အာသာဖြေကြည့်တော့လည်း အဲ့ဒီလိုပါပဲ။ ပြီးသွားတယ်။ ဘာမှ ထွက်မလာပါဘူး။ လူနာခမျာ သုက်ပဲ ခန်းသွားတာလား၊ ဘာတွေ ဖြစ်ကုန်တာလဲ၊ လူဖြစ်ရှုံးပြီလားဆိုပြီး စိတ်ပူလို့ လာပြတာပါ။ ကျွန်တော်လည်း ဒီလိုပြဿနာမျိုး စာတွေ့ရော၊ လက်တွေ့ရော မကြုံဖူးတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူးပေါ့။ အဲ့ဒါနဲ့ အင်တာနက်မှာ Ej*******on without semen emission လို့ ရိုက်ရှာကြည့်လိုက်ပါတယ်။ အဲ့တော့မှာ Retrograde ej*******on ကြောင့် ဖြစ်တာဆိုပြီးတွေ့ရပါတယ်။ မြန်မာလိုဆို သုက်ရည်က အပြင်မထွက်ဘဲ ဆီးအိမ်ထဲကို ပြန်ဝင်သွားတာပေါ့။ သူ့ကို ဖြစ်စေတဲ့ အကြောင်းရင်းတွေရှာကြည့်တော့ Urosurgical procedures, Autonomic neuropathy, spinal cord disease, alpha blockers ဆိုပြီးတွေ့ရပါတယ်။ လူနာက အရွယ်ကောင်း၊ ရောဂါအခံမရှိ၊ သန်သန်မာမာ ၊ ခွဲစိတ်ထားတဲ့ ရာဇဝင်မရှိပါဘူး။ သောက်နေတဲ့ဆေးတွေရှိမရှိမေးတော့မှ ဆီးလမ်းကြောင်းကျောက်တည်လို့ Tamsulosin သောက်နေတာ ပေါ်လာပါတယ်။ သောက်နေတာတော့ ၂ ပတ်လောက်ရှိပါပြီ။ ဆီးလမ်းကြောင်းခွဲစိတ်အထူးကု ညွှန်းထားတာပါ။ ဒီဆိုရင် Tamsulosin ကြောင့် Retrograde ej*******on ဖြစ်ပြီး လူနာ dry or**sm ရတာဖြစ်မှာပေါ့။ လူနာက ခုတော့ ဆီးကျောက်ကြောင့် အောင့်တာနာတာ ဘာမှ မဖြစ်တော့ပါဘူး။အဲ့ဒါနဲ့ လူနာကို Tamsulosin ကြောင့် ဖြစ်နိုင်ကြောင်းပြောပြီး၊ ဆေး ၂ရက်လောက်ရပ်ပြီး ပြန်စမ်းကြည့်ဖို့ ပြောလိုက်ပါတယ်။ နောက်နေ့ လူနာပြန်လာပြီး အကုန်အဆင်ပြေသွားပြီ၊ အရင်အတိုင်းပြန်ဖြစ်သွားပြီးဖြစ်ကြောင်း ပြောပြပါတယ်။ လူနာရော၊ ဆရာဝန်ရော စိတ်အေးသွားတာပေါ့ဗျာ။ဆေးကိုတော့ ဆီးလမ်းကြောင်းခွဲစိတ်နဲ့ ရက်ချိန်းပြမယ့်နေ့အထိ ဆက်သောက်ခိုင်းလိုက်ပါတယ်။

ကျွန်တော်ပြောချင်တာလေးတွေက

၁။ Tamsulosin , doxazosin, prazosin စတဲ့ alpha blocker အုပ်စုဝင်ဆေးတွေသည် ဆီးကျိတ်ကြီးတဲ့လူနာတွေ၊ ဆီးလမ်းကြောင်းကျောက်တည်တဲ့ လူနာတွေမှာ အလွန်
အသုံးဝင်တဲ့ ဆေးစွမ်းကောင်းပါ။ ဆီးပေါက်ရခက်တဲ့ ပြဿနာကို လျော့စေတယ်။ ကျောက်ကျစေတယ် စသဖြင့် ကောင်းကျိုးတွေအများကြီးပါ။
ဒီပို့စ်မှာ Tamsulosin ရဲ့ ဘေးထွက်ဆိုးကျိုးတွေချည်းပဲ ရေးထားသလို ဖြစ်သွားပါတယ်။ ဘေးထွက်ဆိုးကျိုးလုံးလုံးမရှိတဲ့ ကုသမှု မရှိပါဘူးဆိုတာ ပြောပါရစေ။ ရမယ့် ကောင်းကျိုးနဲ့ ဖြစ်နိုင်ချေရှိတဲ့ ဘေးထွက်ဆိုးကျိုးကို ချိန်ဆပြီး ကောင်းကျိုးရမယ့်ဘက်က အလေးသာလို့ ဆေးပေးတာပါ။ ဒီပို့စ်ဖတ်ပြီးလို့ ကြောက်လန့်တကြားနဲ့ သောက်နေတဲ့ Tamsulosin ကို ကိုယ့်သဘောနဲ့မရပ်ဖို့ အလေးအနက်မှာပါရစေ။
၂။ Tamsulosin သောက်နေတဲ့ လူနာ နှာခေါင်းပိတ်တိုင်း တရားခံက ဒင်းပဲဆိုပြီး တထစ်ချမတွက်ဖို့ သတိပေးပါရစေ။ နှာခေါင်းပိတ်တဲ့အကြောင်းရင်းမှာ အဖြစ်များဆုံးက Local ENT problems ပါ။ Allergic rhinitis, Vasomotor rhinitis,nasal polyps, rhinosinusitis စတဲ့ cause တွေ အရင် exclude လုပ်ဖို့လိုပါတယ်။ အဲ့ဒါတွေ exclude လုပ်ပြီးလို့မှ၊ ကုသပြီးလို့မှ မသက်သာရင်တော့ alpha blocker ကြောင့် များဖြစ်နေမလားဆိုတာလေး သတိရရင် ကျွန်တော်ကျေနပ်ပါပြီ။ နောက်တစ်ချက်က alpha blocker စသောက်တဲ့ အချိန်နဲ့ symptom ပြတဲ့အချိန်နဲ့ ကိုက်မကိုက် ပြန်သုံးသပ်ဖို့လိုပါသေးတယ်။ အခြား cause တွေလည်း exclude လုပ်ထားတယ်၊ လူနာကလည်း alpha blocker စပြီးတော့မှ နှာခေါင်းသိသိသာသာပိတ်လာတာဖြစ်တယ်၊ဆေးရပ်လိုက်တော့ နှာခေါင်းပိတ်တာသက်သာသွားရင်တော့ alpha blocker ကြောင့် လို့ ရဲရဲပြောနိုင်ပါပြီ။

၃။ alpha blocker ကြောင့် နှာခေါင်းပိတ်တာဆိုရင်တော့ ဆေးရပ်မှ ပျောက်မှာဖြစ်ပါတယ်။ ဆေးမရပ်မချင်း ပိတ်နေဦးမှာပါပဲ။ တစ်ခုရှိတာက ဒီလူနာကို alpha blocker ဘာအတွက်ပေးထားတာလဲဆိုတာ ပြန်သုံးသပ်ဖ်ု့တော့လိုပါတယ်။ ဆေးရပ်လို့ရတဲ့ အခြေအနေလား၊ ဆေးရပ်ရင် ဒုက္ခရောက်နိုင်မယ့် အခြေအနေလား ပေါ့။ ဆေးက ယာယီပေးထားတာဆို ပြဿနာသိပ်မရှိပေမယ့်၊ တစ်သက်လုံးသောက်ရမှာဆို တစ်သက်လုံးနှာခေါင်းပိတ်ပြီး တစ်သက်လုံးအိပ်ရေးပျက်ရမယ်ဆို မစားသာပါဘူး။ အဲ့ဒီလိုမျိုးဆို alpha blocker ကို အချိန်ပြောင်းပြီး သောက်ခိုင်းလို့ရပါတယ်။ ဥပမာ Tamsulosin ကို ပုံမှန်အားဖြင့် postural hypotension မရအောင် ညဘက် ပေးလေ့ရှိပေမယ့် နှာခေါင်းအရမ်းပိတ်ရင် မနက်ပိုင်းကို ပြောင်းသောက်ခိုင်းတာမျ်ုး လုပ်လို့ရပါတယ်။ နှာခေါင်းပိတ်တာတော့ ပိတ်မှာပါပဲ။ ဒါပေမယ့် ညဘက်နှာခေါင်းပိတ်တာလောက်တော့ ဒုက္ခမရောက်တော့ဘူးပေါ့။

၄။ Retrograde ej*******on နဲ့ ပက်
သက်လို့ ပထမတစ်ခါကြုံဖူးတာက အသက် ၇၉ ကျော် အဘိုးကြီး ဆီးအရောင်မကောင်းလို့ လာပြတာပါ။ အဘိုးကြီးက ဆီးချိုလည်းရှိတော့ UTI လား၊ proteinuria လားပေါ့။ မေးကြည့်တော့ ဆီးအရောင်နောက်တာကလွဲရင် ကျန်တာဘာမှ မရှိပါဘူး။ အဲ့ဒါနဲ့ urine RE စစ်တော့ ဆီးထဲမှာ spermatozoa တွေ ပါလာတာတွေ့ရတော့ ကျွန်တော်လည်း ကြောင်သွားပါတယ်။ စာပြန်ဖတ်ကြည့်တော့မှ retrograde ej*******on မှန်းသိတာပါ။ ဒုတိယတစ်ခါကတော့ အပေါ်မှာရေးခဲ့တဲ့ Dry or**sm ရတဲ့လူနာပေါ့။ alpha blocker ကြောင့် retrograde ej*******on ရတာ၊ dry or**sm ရတာသည် reversible ဖြစ်ပါတယ်။ ဆေးရပ်လိုက်ရင်ပြန်ကောင်းပါတယ်။ မကြုံဖူးတဲ့မိတ်ဆွေတွေအတွက် မျှဝေပေးတာပါခင်ဗျာ။

အားလုံးအဆင်ပြေကြပါစေဗျာ။

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအား ဂါရဝပြုလျက်ပါ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP ( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ်-၄၊ အောင်မာဃလမ်း၊(၁) ရပ်ကွက်၊ လှိုင်မြို့နယ်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when DR SOE HTET AUNG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share