19/02/2023
“မဟာသမယ အခါတော်နေ့
မဟာသမယသုတ် ရွတ်ဖတ်ပူဇော်မည်"
•••••••••••••••••
“မဟာသမယနေ့ အကြောင်း သိကောင်းစရာများ။ "
••••••••••••••••••••••••••••••
"မဟာသမယအခါတော်နေ့ ကျင်းပရခြင်းအကြောင်း နှင့် နယုန်လပြည့်နေ့၏ ထူးခြားချက်များ”
•••••••••••••••••••••••••••••••
🌹နယုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အဖို့ ငြိမ်းချမ်းရေး မှတ်တိုင်ကို စိုက်ထူနိုင်သော သမိုင်းဝင် နေ့ထူးနေ့မြတ်ကြီ ဖြစ်ပါသည်။ မြတ်စွာဘုရားသည် ထိုနေ့၌ ကပိလဝတ်ပြည် မဟာဝုန်တောကြီးအတွင်း မဟာသမယသုတ် ဟောကြားတော်မူသည်ကို အကြောင်းပြု၍ နယုန်လပြည့်နေ့၌ “မဟာသမယအခါတော်ပွဲ” ကျင်းပရခြင်း ဖြစ်ပါသည်။
နယုန်လပြည့်နေ့၏ ထူးခြားချက်များမှာ-
•••••••••••••••••••••••••••••••••••••
(၁)။ ရေလုပွဲ ဆင်နွှဲကြသော တောင်သူလယ်သမားတို့ ငြင်းခုံ ခိုက်ရန်ဘေးမှ ကင်းဝေးခြင်း။
(၂)။ ကပိလဝတ် နှင့် ကောလိယ နှစ်ပြည်ထောင် စစ်ခင်းတော့မည့် ဘေးအန္တရာယ်မှ ကင်းဝေးပြီး ငြိမ်းချမ်းရေးရသောနေ့ဖြစ်ခြင်း။
(၃)။ နတ်၊ဗြဟ္မာ၊အသူရာ နှင့် ဂဠုန်၊နဂါးများ၊ ရဟန်းတော်များ ဤ-တစ်ကြိမ်တည်းသာ စုရုံးမိသောနေ့ဖြစ်ခြင်း။
(၄)။မင်းသားငါးရာ သာ့သနာဘောင်သို့ ဝင်ရောက်သောနေ့ဖြစ်၍ ထူးခြားခြင်း။
(၅)။ရဟန်းတော် ငါးရာလုံး ရဟန္တာချည်းဖြစ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
(၆)။ “နိမ္မိတဘုရား” ကမေး၍ “ပကတိဘုရား” ကဖြေဆိုသည်ကို နာရသောကြောင့် ထူးခြားခြင်း။
(၇)။မဟာသမယကို အကြောင်းပြု၍ ဂဠုန်နှင့်နဂါးတို့ ခိုက်ရန်မဖက် မေတ္တာသက်ဝင်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
(၈)။မဟာသမယဆိုင်ရာ သုတ္တန် ၇မျိုးကို ဟောကြားသော နေ့ဖြစ်၍ ထူးခြားခြင်း။
(၉)။ဘိက္ခုနီသာသနာ လမ်းစပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
🌹ဤထူးခြားမှုများကို အာရုံပြု၍ ဗုဒ္ဓဘာသာဝင်တို့က နယုန်လပြည့်နေ့ကို မဟာသမယ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ပါသည်။
“မဟာသမယ သမိုင်း”
•••••••••••••••••••••••••••••••••••••
🌹 ရှေးအခါက အိန္ဒိယနိုင်ငံတွင် ကပိလ၀တ်ပြည်မှ လယ်သမားများနှင့် ကောလိယပြည်မှ လယ်သမားတို့ ရောဟိနီမြစ်မှရေကို အကြောင်းပြု၍ ရေလုပွဲကြီး ဆင်နွှဲခဲ့ကြဖူး၏။ လယ်သမားများကိုအကြောင်းပြု၍ နှစ်ဖက်နိုင်ငံမှ မင်းညီမင်းသားများနှင့် စစ်သည်တော်များသည်လည်း ရောဟိနီမြစ်ရှိရာသို့ ရောက်ရှိလာကြ၏။ နှစ်ဖက်နိုင်ငံမှ လူအများတို့သည် တုတ်၊ဓား၊လက်နက်ကိုင်ဆောင်၍ ထိုးခုတ် တိုက်ခိုက်တော့မည့်အခြေအနေသို့ ရောက်ရှိနေကြ၏။
🌹 ပဋိပက္ခဖြစ်သည့်နေရာသို့ မြတ်စွာဘုရားရောက်ရှိလာပြီး ငြိမ်းချမ်းရေးကို ရှေ့ရှု၍ အာက်ပါ ဝတ္ထုများကို သာဓကထုတ်၍ ငြိမ်းချမ်းရေးတရားကို ဟောကြားတော်မူလေသည်။
(၁)။ ၀က်ဝံနှင့် ရုက္ခစိုးနတ်တို့ ရန်ငြိုးဖွဲ့မှား၍ နှစ်ဦးစလုံးပျက်စီးကြပုံ “ဖန္ဒနဇာတ်”၊
(၂)။ မြေပြိုပါပြီဟု ထင်ကြေးဖြင့် ဟစ်အော် ထွက်ပြေးသော ယုန်တစ်ကောင်၏စကားကို ယုံမှား၍ တိရစ္ဆာန်များ အပြေးမှားပြီး ဆင်းရဲဒုက္ခ ရောက်ကြရပုံ “ဒုဒ္ဒုဘဇာတ်”၊ (ပထဝီဥနြ္ဒိယဇာတ်)၊
(၃)။ အားသေးသော နှံစုတ်ငှက်မ,က အားကြီးသောဆင်ပြောင်ကြီးကို အနိုင်ယူဖူး၍ ရန်သူကို အထင်မသေးသင့်ပုံ “လဋုကိလဇာတ်”၊
(၄)။ ညီညွတ်စဉ်ခါက ရန်သူ၏လက်မှ လွတ်မြောက်သော်လည်း စိတ်ဝမ်းကွဲ၍ အချင်းချင်း မညီမညွတ်ဖြစ်လာသောအခါ ငုံးငှက်များ မုဆိုး၏ ပိုက်ကွန်၌ အမိခံရပုံ “သမ္မောဒမာနဇာတ်”၊
(၅)။ သက်မဲ့ဖြစ်သော သစ်ပင်များပင် တစ်စုတစ်ဝေးတည်း တည်နေ၍ လေဘေးအန္တရာယ်မှ ကင်းဝေးနိုင်ပုံ “ရုက္ခဓမ္မဇာတ်”၊
(၆)။ မိမိကိုယ်ကို ထိန်းသိမ်းဆုံးမရန် ''အတ္တဒဏ္ဍ”သုတ်ကို ထုတ်ဆောင်ဟောပြ ဆုံးမတော်မူပါသည်။
🌹 အထက်ပါ သာဓက (၆) မျိုးကို နာကြားရသောအခါ နှစ်ဖက်တိုင်းပြည်မှ လယ်သမားများနှင့် မင်းညီမင်းသား စစ်သည်တော်များသည် ဒေါသမီးငြိမ်းစဲကာ လက်နက်များကို စွန့်ပယ်၍ မေတ္တာဓာတ်များ သက်၀င်လာကြကုန်၏။ တစ်ဖက်လျှင် ၂၅၀ စီ နှစ်ပြည်ထောင်မှ မင်းသားငါးရာတို့ သာသနာ့ဘောင်သို့ဝင်၍ ရဟန်းပြုကြကုန်၏။
🌹 ထိုရဟန်းတော်များသည် ဇနီးမယားကို အောက်မေ့ တမ်းတ သတိရပြီး သာသနာ့ဘောင်၌ မပျော်မွေ့နိုင်ဘဲ ရှိကြရာ မြတ်စွာဘုရားက ဟိမဝန္တာတောအတွင်း ကုဏာလရေအိုင်သို့ တန်ခိုးတော်ဖြင့် ခေါ်ဆောင်၍ ကုဏာလ ငှက်မင်း၏ ဇာတ်ကြောင်းကို ဟောပြောတော်မူပါသည်။ တရားအဆုံး၌ ရဟန်းငါးရာလုံး သောတာပန် ဖြစ်တော်မူကြပါသည်။
🌹 မြတ်စွာဘုရားသည် ကုဏာလရေအိုင်မှ ကပိလဝတ်ပြည်အနီး မဟာဝုန်တောကြီးသို့ ပြန်လည်ကြွတော်မူရာ အပြန်ခရီးတွင် သောတာပန်ရဟန်းငါးရာလုံး မိမိတို့၏ တန်ခိုးတော်ဖြင့် လိုက်ပါလာကြကုန်၏။ ထိုမဟာဝုန်တောကြီး၌ တရားတော်ကို ဆက်လက် အားထုတ်ရာ ရဟန်းတော်အားလုံး ရဟန္တာချည်းဖြစ်တော်မူကြပါသည်။
🌹 ရဟန်းငါးရာတိုးသည် မိမိတို့ရရှိပြီးသော တရားထူးကို လျှောက်ထားရန် မြတ်စွာဘုရားကို ဖူးမြော်ရန် နယုန်လပြည့်နေ့ ညချမ်းအချိန်တွင် မြတ်စွာဘုရားအထံသို့ စုရုံးရောက်ရှိလာကြကုန်၏။ ဤကဲ့သို့ ထူးခြားသော သံဃာ့အစည်းအဝေးကြီးကို တွေ့မြင် ကြည်ညိုလိုကြကုန်သော နတ်ဗြဟ္မာ အသုရာနှင့် ဂဠုန်၊နဂါးတို့သည် မဟာဝုန်တောကြီးသို့ အုပ်စုလိုက် စုရုံးရောက်ရှိလာကြကုန်၏။
🌹 ဘုရားရှင်လက်ထက်တော်အခါက နယုန်လပြည့်နေ့တွင် ဤကဲ့သို့ နတ်ဗြဟ္မာများ စုရုံးစည်းဝေးမိသောအချိန်ကို “မဟာသမယ” ဟုခေါ်ဆိုပါသည်။ ထိုနတ်သဘင်အစည်းအဝေး၌ အမည်နာမအမျိုးမျိုးကို ထုတ်ဖော်မြွက်ကြား နှုတ်ခွန်းဆက်သောအားဖြင့် မိန့်ကြားသောစကားတော်များကို “မဟာသမယသုတ်”ဟု ခေါ်ဆိုရပါသည်။
🌹 မဟာသမယသုတ်တော်ကြီးကို ဟောကြားပြီးနောက် စရိုက်အားလျော်စွာ အောက်ပါသုတ်တော်များကို ဆက်လက်ဟောကြားတော်မူပါသည်။
(၁)။ ရာဂစရိုက် အားကြီးသူတို့အတွက် သမ္မာပရိဗ္ဗာဇနိယသုတ်၊
(၂)။ ဒေါသစရိုက် အားကြီးသူတို့အတွက် ကလဟဝိဝါဒသုတ်၊
(၃)။ မောဟစရိုက် အားကြီးသူတို့အတွက် မဟာဗျူဟသုတ်၊
(၄)။ ဝိတက်စရိုက် အားကြီးသူတို့အတွက် စုဠဗျူဟသုတ်၊
(၅)။ သဒ္ဓါစရိုက် အားကြီးသူတို့အတွက် တုဝဋကသုတ်၊
(၆)။ ပညာစရိုက် အားကြီးသူတို့အတွက် ပုရာဘေဒသုတ်တို့ကို ဟောကြားတော်မူရာ နတ်ဗြဟ္မာပေါင်း ကုဋေတစ်သိန်းစီ ကျွတ်တမ်းဝင်ကြလေသည်။
🌹 ဤမဟာသမယသုတ်ကို အစဉ်အမြဲ ရွတ်ဖတ်နေပါက နတ်များ၏ချစ်ခင်မူကို ခံရကြောင်း၊ အိမ်သစ်၊တိုက်သစ်၊နေရာသစ်တို့၌ မင်္ဂလာယူလိုသော ပုဂ္ဂိုလ်တို့သည် ဤမဟာသမယသုတ်ကို ရွတ်ဆိုဖတ်ကြားသင့်ကြောင်း အဋ္ဌကထာဆရာ ပြဆိုထားပါသည်။
ဣဒံပန မဟာသမယသုတ်တံ
နာမ ဒေဝတာနံ ပိယံ မနာပံ၊
တသ်မာ မင်ျဂလံ ဝဒန်တနေ အဘိနဝဌာနသေု ဣဒမဝေ သုတ်တံ ဝတ်တဗ်ဗံ။
(ဒီ၊ ဋ္ဌ၊ ၂၊ နှာ၊ ၂၈၇။)
credit-
-【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist's Association】
-【အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ
(မာဂဓီ-သာစည်) ဆရာတော်ဘုရားကြီး၏ “အခါတော်နေ့များမှ”-】
Posted by►
Young Buddhist Association
#အောင်တော်မူဘုရား
#နယုန်လပြည့်နေ့
#မဟာသမယအခါတော်နေ့
#ထူးခြားချက်များ