24/06/2026
မနက်စာ မစားခြင်း၏ ဆိုးကျိုးများ 🚨
တခါတလေမှာ ကျွန်တော်တို့ဟာ မနက်ပိုင်း အအိပ်လွန်သွားတဲ့အခါ၊ ဒါမှမဟုတ် အရေးကြီးသွားစရာကိစ္စတွေကြောင့် အချိန်မမှီတော့တဲ့အခါမျိုးမှာ မနက်စာ မစားဖြစ်ဘဲ ကျော်သွားတတ်ကြပါတယ်။
အချို့သူများကတော့ ဝိတ်ချချင်လို့ မနက်စာကို တမင်ကျော်ပြီး နေ့လည်စာနဲ့ တစ်ခါတည်း စားတတ်ကြပါတယ်။
တစ်ခါတလေ မနက်စာမစားမိခြင်းဟာ လူအများစုအတွက် ကြီးမားတဲ့ပြဿနာ မဖြစ်နိုင်ပေမယ့်၊ ရေရှည်မှာ အာဟာရမညီမျှမှု၊ အစားအသောက်ပုံစံပျက်ယွင်းမှုများ ဖြစ်လာနိုင်ပါတယ်။
-------------
မနက်စာမစားရင် ချက်ချင်းဖြစ်လာနိုင်တဲ့ အကျိုးဆက်များ 🔬
တစ်ညလုံး အစာမစားထားပြီးနောက် မနက်ခင်းမှာ ခန္ဓာကိုယ်ဟာ စွမ်းအင်လိုအပ်နေတဲ့အချိန် ဖြစ်ပါတယ်။
၁။ အာရုံစူးစိုက်မှုနှင့် စွမ်းဆောင်ရည် ကျဆင်းနိုင်ခြင်း
ဦးနှောက်ဟာ အဓိကအားဖြင့် glucose ကို စွမ်းအင်အဖြစ် အသုံးပြုပါတယ်။
မနက်စာမစားဘဲ အချိန်ကြာလာတဲ့အခါ လူအချို့မှာ သွေးတွင်းသကြားဓာတ် လျော့ကျခြင်းကြောင့်
* နုံးချိခြင်း
* စိတ်မကြည်လင်ခြင်း
* အာရုံစူးစိုက်ရခက်ခြင်း
* စိတ်တိုလွယ်ခြင်း
တို့ ဖြစ်လာနိုင်ပါတယ်။
အထူးသဖြင့် ကလေးငယ်များနှင့် ကျောင်းတက်နေသူများမှာ မနက်စာနဲ့ မှတ်ဉာဏ်၊ သင်ယူနိုင်စွမ်းကြား ဆက်နွယ်မှုရှိကြောင်း လေ့လာမှုများမှာ တွေ့ရပါတယ်။
၂။ နောက်ပိုင်း အလွန်အကျွံစားမိနိုင်ခြင်း
မနက်စာကျော်သွားတဲ့အခါ ခန္ဓာကိုယ်က ဆာလောင်မှုကို ထိန်းချုပ်တဲ့ ဟော်မုန်းများ ပြောင်းလဲလာနိုင်ပါတယ်။
ဒါကြောင့် နေ့လည်စာအချိန်ရောက်တဲ့အခါ
* အရမ်းဆာလာခြင်း
* အစားပိုစားမိခြင်း
* အချိုဓာတ်များတဲ့ အစားအစာများကို ပိုလိုချင်လာခြင်း
တို့ ဖြစ်နိုင်ပါတယ်။
(လူတိုင်းမှာ ဒီလိုဖြစ်မယ်လို့ မဆိုလိုပါ။)
---------------------------
ရေရှည် မနက်စာကျော်ခြင်းနှင့် ကျန်းမာရေး ⚠️
၁။ ကိုယ်အလေးချိန် ထိန်းချုပ်ရခက်နိုင်ခြင်း
“မနက်စာမစားရင် ဝိတ်ကျမယ်” ဆိုတာ အမြဲမှန်တဲ့အချက် မဟုတ်ပါ။
ဝိတ်ကျခြင်းဟာ
* တစ်နေ့တာ စုစုပေါင်းစားသုံးတဲ့ calorie
* အစားအစာအရည်အသွေး
* ကိုယ်လက်လှုပ်ရှားမှု
တို့ပေါ် ပိုမိုမူတည်ပါတယ်။
တချို့သူများမှာ မနက်စာကျော်ခြင်းကြောင့် နောက်ပိုင်း အလွန်အကျွံစားမိပြီး ဝိတ်တက်လာတာမျိုးတွေလည်း ရှိတတ်ပါတယ်။
၂။ နှလုံးကျန်းမာရေးနှင့် ဆက်နွယ်မှု
မနက်စာပုံမှန်မစားသူများမှာ သွေးတိုး၊ အဝလွန်ခြင်း၊ သွေးတွင်းအဆီဓာတ်မညီမျှခြင်း စတဲ့ အန္တရာယ်များ ပိုတွေ့ရနိုင်ကြောင်း လေ့လာမှုအချို့မှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် အကြောင်းရင်းက မနက်စာမစားခြင်းတစ်ခုတည်းမဟုတ်ဘဲ နေထိုင်မှုပုံစံတစ်ခုလုံးနဲ့လည်း ဆိုင်ပါတယ်။
----------------------------
Dr. Beast ၏ ဆေးပညာကျကျ နိဂုံးချုပ် အကြံပြုချက် 💡
မနက်စာစားခြင်းက စွမ်းအင်ရရှိစေပြီး တစ်နေ့တာအစားအသောက်ကို ထိန်းညှိရာမှာ ကူညီနိုင်ပါတယ်။
အရေးကြီးတာက
🥚 Protein (အသားဓာတ်)
🥦 Fiber (အမျှင်ဓာတ်)
🥑 Healthy fats (ကျန်းမာတဲ့အဆီဓာတ်)
တို့ပါဝင်တဲ့ အာဟာရပြည့်ဝတဲ့ အစားအစာကို ကိုယ့်ခန္ဓာကိုယ်နဲ့ ကိုက်ညီအောင် စားသုံးဖို့ ဖြစ်ပါတယ်။
ကျန်းမာရေးကောင်းတယ် ဝိတ်ထိန်းနိုင်တယ်ဆိုတာ မနက်စာတစ်နပ်တည်းနဲ့ ဆုံးဖြတ်တာမဟုတ်ဘဲ၊ နေ့စဉ်အစားအသောက်၊ အိပ်စက်မှုနဲ့ လှုပ်ရှားမှုတို့ ပေါင်းစပ်ပြီး တည်ဆောက်ရတာ ဖြစ်ပါတယ်။ 👍✨
Dr. Beast 🍽