16/08/2026
*ဒိုလိုမိုက်မြေဩဇာ*
▪️▪️▪️▪️▪️▪️▪️
*ဒိုလိုမိုက်နှင့် ဂျစ်ပဆန် မြေပြုပြင်ပစ္စည်းများ၏ အသုံးဝင်ပုံ*
✅ စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးများသော မြေပြုပြင်ပစ္စည်းများအနက် ဂျစ်ပဆန်နှင့် ဒိုလိုမိုက်တို့သည် ရည်ရွယ်ချက်နှင့် အသုံးပြုသည့် အခြေအနေ မတူညီကြပါ။
✅ မြေဆီလွှာအရည်အသွေးကို ရေရှည်ထိန်းသိမ်းလိုပါက ဂျစ်ပဆန်ကို မြေအမျိုးအစားအများစုတွင် အသုံးပြုနိုင်သော်လည်း ဒိုလိုမိုက်နှင့် ထုံးအခြေခံမြေပြုပြင်ပစ္စည်းများကို မြေချဉ်ပြဿနာရှိသော မြေများတွင်သာ အသုံးပြုသင့်ပါသည်။
✅ ဒိုလိုမိုက်နှင့် ထုံးအခြေခံမြေပြုပြင်ပစ္စည်းများကို လိုအပ်သည်ထက် ပိုမိုအသုံးပြုပါက သီးနှံပင်များ၏ ကြီးထွားမှုကို ထိခိုက်စေနိုင်ပါသည်။
✅ မြေချဉ်ငန်ဓာတ်ညွှန်းကိန်း (pH) ၆.၂ အောက် ရှိသော မြေများတွင် ဒိုလိုမိုက် (သို့) ထုံးကို အသုံးပြု ခြင်းဖြင့် pH တိုးတက်လာစေပြီး အပင်ကြီးထွားမှုနှင့် အထွက်နှုန်းကို မြှင့်တင်နိုင်ပါသည်။
✅ မိုးများစွာရသည့် ဒေသများတွင် မြေဆီလွှာအာဟာရများ စီးဆင်းဆုံးရှုံးလွယ်သောကြောင့် မြေချဉ်မှု ပိုမိုဖြစ်ပေါ်တတ်ပါသည်။
✅ မြေဆီလွှာမှ အာဟာရဓာတ်များ ဆုံးရှုံးမှုများလာသည်နှင့်အမျှ မြေချဉ်မှုလည်း ပိုမိုမြင့်တက်လာ တတ်ပါသည်။
✅ အလွန်ချဉ်သော မြေများတွင် ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်နှင့် ဆိုဒီယမ်တို့ကဲ့သို့သော အရေးကြီးအာဟာရဓာတ်များကို အပင်အမြစ်မှ စုပ်ယူနိုင်မှု လျော့နည်းတတ်ပါသည်။
✅ ထိုသို့သောမြေများတွင် အလူမီနီယမ်၊ ဟိုက်ဒရိုဂျင်နှင့် မဂ္ဂနီးစ်ဓာတ်များ များပြားလာနိုင်ပြီး မြေဆီလွှာအဆိပ်သင့်မှု ဖြစ်စေနိုင်သကဲ့သို့ ဆာလ်ဖာ၊ ဘိုရွန်၊ ဇင့်၊ မော်လစ်ဒီနမ်နှင့် ကလိုရင်းတို့ကဲ့သို့ အာဟာရဓာတ်များလည်း ဆုံးရှုံးလွယ်ပါသည်။
✅ မြေချဉ်မှုပိုများလာသည်နှင့်အမျှ အလူမီနီယမ်နှင့် မဂ္ဂနီးစ်တို့၏ အဆိပ်သင့်မှုအန္တရာယ်လည်း ပိုမိုမြင့်မားလာပါသည်။
✅ မြေချဉ်ငန်ဓာတ်ညွှန်းကိန်း (pH) ၇ အထက် ရှိသော မြေများတွင် ဒိုလိုမိုက်နှင့် ထုံးအခြေခံ မြေပြု ပြင်ပစ္စည်းများကို မအသုံးပြုသင့်ပါ။
✅ မြေငန်များတွင် ဒိုလိုမိုက် သို့မဟုတ် ထုံးကျောက်ကို အသုံးပြုပါက ကာဗွန်နိတ်ဓာတ်ကြောင့် အပင် များ လောင်ကျွမ်းနိုင်ပြီး ပြင်းထန်ပါက အပင်သေဆုံးနိုင်ပါသည်။
✅ ထို့ကြောင့် စိုက်ပျိုးသူများအနေဖြင့် မြေအခြေအနေနှင့် ကိုက်ညီသော မြေပြုပြင်ပစ္စည်းအမျိုးအစား နှင့် အသုံးပြုသင့်သည့် ပမာဏကို မှန်ကန်စွာ သိရှိထားရန် လိုအပ်ပါသည်။
✅ ဒိုလိုမိုက်ကို ကမ္ဘာတစ်ဝှမ်းတွင် ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်အရင်းအမြစ်အဖြစ် အသုံးပြုကြသော်လည်း pH (၇) အောက် ရှိသော မြေများတွင်သာ အသုံးပြုသင့်ပါသည်။
✅ ဂျစ်ပဆန်နှင့် နှိုင်းယှဉ်ပါက ဒိုလိုမိုက်နှင့် ထုံးကျောက်တို့၏ ပျော်ဝင်နှုန်းမှာ အဆ (၁၅၀) ခန့် နှေး ကွေးပါသည်။
ဒိုလိုမိုက်မြေဩဇာ၏ အရေးပါမှု
*******************************
✅ ဒိုလိုမိုက်မြေဩဇာတွင် အပင်ကြီးထွားမှုအတွက် အရေးပါသော ဒုတိယအာဟာရဓာတ်များဖြစ်သည့် ကယ်လ်စီယမ် (Ca) နှင့် မဂ္ဂနီစီယမ် (Mg) တို့ ကြွယ်ဝစွာ ပါဝင်ပါသည်။
✅ ကယ်လ်စီယမ်သည် မြေပဲအပင် ကြီးထွားဖွံ့ဖြိုးရန်နှင့် အစေ့အဆန်ပြည့်ဝသော သီးတောင့်များ ဖြစ်ပေါ်စေရန် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်ဖြစ်ပြီး မြေပဲအထွက်နှုန်း တိုးတက်စေရန် အထောက်အကူပြုပါသည်။
✅ မြေပဲစိုက်မြေအများစုသည် သဲဆန်သော မြေများဖြစ်၍ ကယ်လ်စီယမ်နှင့် အော်ဂဲနစ်ပစ္စည်း ပါဝင်မှု နည်းပါးတတ်ပါသည်။ ကယ်လ်စီယမ်ချို့တဲ့ပါက အစေ့မပြည့်သော သီးတောင့်များ (ဗောက်သီး) ပိုမို ဖြစ်ပေါ်နိုင်သောကြောင့် မြေတွင်း၌ ကယ်လ်စီယမ်လုံလောက်စွာ ရှိနေစေရန် လိုအပ်ပါသည်။
✅ ဒိုလိုမိုက်သည် ပျော်ဝင်နှုန်းနှေးသဖြင့် စိုက်ပျိုးမည့်အချိန်မတိုင်မီ (၁) လခန့် ကြိုတင်ထည့်သွင်း ထားခြင်းက ပိုမိုထိရောက်ပါသည်။
*ဒိုလိုမိုက်အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ*
************************************
✅ မြေချဉ်သော မြေများတွင် pH ကို မြှင့်တင်ပေးနိုင်သည်။
✅ အပင်အမြစ်များမှ အာဟာရဓာတ်များကို ပိုမိုလွယ်ကူစွာ စုပ်ယူနိုင်စေသည်။
✅ မြေဆီလွှာအတွင်းရှိ အကျိုးပြုအဏုဇီဝပိုးများ တိုးပွားလာစေပြီး မြေဆီလွှာ၏ အရည်အသွေးကို မြှင့်တင်ပေးသည်။
✅ မြေဆီလွှာဖွဲ့စည်းပုံကို ကောင်းမွန်စေ၍ အမြစ်ဖွံ့ဖြိုးမှုနှင့် အာဟာရစုပ်ယူနိုင်စွမ်းကို တိုးတက်စေသည်။
✅ အသီးနှင့် အစေ့အဆန်များ၏ အလေးချိန်ကို တိုးစေပြီး အသီးညှာများကို ပိုမိုခိုင်မာစေသည်။
✅ အစာချက်လုပ်ငန်းစဉ်ကို အားကောင်းစေပြီး သီးနှံအထွက်နှုန်း တိုးတက်စေသည်။
✅ မြေတွင်းရှိ နိုက်ထရိုဂျင်၊ ဖော့စ်ဖောရပ်နှင့် ပိုတက်စီယမ်တို့ကို အပင်များ ပိုမိုထိရောက်စွာ အသုံးချနိုင်စေသည်။
✅ မြေဆီလွှာအတွင်းရှိ အော်ဂဲနစ်အက်စစ်များ၏ ဓာတ်ပြုမှုကို ညီမျှစေသည်။
✅ မျိုးစေ့အပင်ပေါက်နှုန်းကို ကောင်းမွန်စေပြီး အပင်ငယ်များ၏ ကြီးထွားမှုကို အားပေးသည်။
✅ သီးနှံများ အမှည့်ညီညာစေပြီး အအေးဒဏ်ကို ခံနိုင်ရည် ပိုမိုကောင်းမွန်စေသည်။
✅ မြေဆီလွှာအတွင်းရှိ အော်ဂဲနစ်ပစ္စည်းများကို ပိုမိုလျင်မြန်စွာ ဆွေးမြေ့စေသဖြင့် အပင်များ အာဟာရဓာတ်များကို အလွယ်တကူ ရရှိနိုင်သည့်အပြင် မဂ္ဂနီစီယမ်ကဲ့သို့သော အနည်းလို အာဟာရ ဓာတ်များကိုလည်း ဖြည့်ဆည်းပေးနိုင်ပါသည်။
✅ မြေချဉ်မှုကို ပြုပြင်လိုပါက ထည့်သွင်းအသုံးပြုမည့် ဒိုလိုမိုက်၊ ထုံးကျောက် သို့မဟုတ် မဖောက်ထုံး ပမာဏကို မြေဆီလွှာဓာတ်ခွဲစမ်းသပ်မှုရလဒ်အပေါ် အခြေခံ၍ တွက်ချက်သင့်ပြီး သီးနှံမစိုက်ပျိုးမီ (၁) လခန့် ကြိုတင်ထည့်သွင်းခြင်း သည် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။
ကိုးကား- https://www.fertilesoilsolutions.com/uncategorized/comparing-agricultural-gypsum-with-limestone-and-dolomite/