ရွှေဇင်ယော် ဆေးဆိုင် - Shwe ZinYaw Pharmacy

  • Home
  • Myanmar
  • Kayan
  • ရွှေဇင်ယော် ဆေးဆိုင် - Shwe ZinYaw Pharmacy

ရွှေဇင်ယော် ဆေးဆိုင် - Shwe ZinYaw Pharmacy You can buy all sorts of medicine you want

08/06/2026

၁။ ရှောက်သီး … အသည်း

အကျိုးပြုပုံ: ရှောက်သီးမှာ Vitamin C နဲ့ Antioxidants တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အသည်းကနေ အဆိပ်အတောက်တွေကို ချေဖျက်ရာမှာ ကူညီပေးတဲ့ Glutathione ဒြပ်ပေါင်း ထွက်ရှိမှုကို လှုံ့ဆော်ပေးပြီး၊ အသည်းအဆီဖုံးခြင်းကို သက်သာစေပါတယ်။

၂။ ဟင်းနုနယ် … သွေး

အကျိုးပြုပုံ: ဟင်းနုနယ်မှာ သံဓာတ် နဲ့ ဖောလစ်အက်ဆစ် ကြွယ်ဝတဲ့အတွက် သွေးနီဥဆဲလ်တွေ တိုးပွားစေပြီး သွေးအားကောင်းစေပါတယ်။ ဒါ့အပြင် ကလိုရိုဖီးလ် ပါဝင်မှုကြောင့် သွေးထဲက အညစ်အကြေးတွေကို ဖယ်ရှားရာမှာ ကူညီပေးပါတယ်။

၃။ သခွားသီး … ကျောက်ကပ်

အကျိုးပြုပုံ: သခွားသီးမှာ ရေဓာတ် ၉၅% ကျော် ပါဝင်ပြီး သဘာဝ ဆီးရွှင်စေတဲ့ အာနိသင်ရှိပါတယ်။ ကျောက်ကပ်ကနေ ယူရစ်အက်ဆစ်နဲ့ အညစ်အကြေးတွေကို ဆီးကတစ်ဆင့် အလွယ်တကူ မောင်းထုတ်ပေးနိုင်လို့ ကျောက်ကပ်ကျောက်တည်ခြင်းကို ကာကွယ်ပေးပါတယ်။

၄။ ကြက်သွန်ဖြူ … သွေးကြော

အကျိုးပြုပုံ: ကြက်သွန်ဖြူမှာ ပါဝင်တဲ့ Allicin ဒြပ်ပေါင်းက သွေးကြောတွေကို ကျယ်စေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။ သွေးကြောနံရံတွေမှာ ကိုလက်စထရော ဂျိုးကပ်တာကို လျှော့ချပေးလို့ သွေးကြောပိတ်ဆို့ခြင်းကို အထူးကာကွယ်ပေးပါတယ်။

၅။ မုန်လာဥနီ … မျက်စိ

အကျိုးပြုပုံ: မုန်လာဥနီမှာ Beta-carotene အလွန်ကြွယ်ဝပြီး ခန္ဓာကိုယ်ထဲရောက်ရင် Vitamin A အဖြစ် ပြောင်းလဲသွားပါတယ်။ ဒါဟာ အမြင်အာရုံကို ကြည်လင်စေပြီး ကြက်မျက်သင့်ရောဂါနဲ့ အသက်ကြီးလို့ မျက်စိမှုန်ခြင်းကို ကာကွယ်ပေးပါတယ်။

၆။ ပန်းဂေါ်ဖီစိမ်း… အဆုတ်

အကျိုးပြုပုံ: ဘရိုကိုလီမှာ Sulforaphane လို့ခေါ်တဲ့ ဒြပ်ပေါင်း ပါဝင်ပါတယ်။ သူက အဆုတ်ဆဲလ်တွေကို လေထုညစ်ညမ်းမှု၊ ဆေးလိပ်ငွေ့နဲ့ အဆိပ်အတောက်တွေကြောင့် ပျက်စီးခြင်းမှ ကာကွယ်ပေးပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးပါတယ်။

၇။ ပန်းသီး … အူ

အကျိုးပြုပုံ: ပန်းသီးမှာ Pectin လို့ခေါ်တဲ့ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် ကြွယ်ဝပါတယ်။ သူက အူလမ်းကြောင်းထဲက အဆိပ်အတောက်တွေနဲ့ သတ္တုအဆိပ်တွေကို သံလိုက်လို ဆွဲကပ်ပြီး ဝမ်းကတစ်ဆင့် မောင်းထုတ်ပေးပါတယ်။

၈။ ပြောင်းဖူး … အူမကြီး

အကျိုးပြုပုံ: ပြောင်းဖူးမှာ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ် မြင့်မားစွာ ပါဝင်ပါတယ်။ ဒါက အူမကြီး လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးကာ အူမကြီးထဲမှာ အညစ်အကြေးတွေ ကြာရှည်အောင်းမနေအောင် သန့်စင်ပေးပါတယ်။

၉။ စပျစ်သီး … နှလုံး

အကျိုးပြုပုံ: အထူးသဖြင့် စပျစ်သီးအမည်းနဲ့ အနီရောင်တွေမှာ Resveratrol လို့ခေါ်တဲ့ အစွမ်းထက် Antioxidant ပါဝင်ပါတယ်။ သူက သွေးခဲခြင်းကို ကာကွယ်ပေးပြီး သွေးဖိအားကို ထိန်းညှိပေးတဲ့အတွက် နှလုံးရောဂါဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးပါတယ်။

၁၀။ လက်ဖက်ရည်ကြမ်း … ဆဲလ်

အကျိုးပြုပုံ: Green Tea မှာ EGCG လို့ခေါ်တဲ့ Catechinsဓာတ်တိုးဆန့်ကျင်ပစ္စည်း အမြောက်အမြား
ပါဝင်ပါတယ်။ ခန္ဓာကိုယ်တွင်းက ဆဲလ်တွေ ပျက်စီးအိုမင်းခြင်း၊ ကင်ဆာဆဲလ်အဖြစ် ပြောင်းလဲခြင်းတို့ကို ဆဲလ်အဆင့်အထိ လိုက်လံကာကွယ် တားဆီးပေးပါတယ်။

၁၁။ သရက်သီး … အရေပြား

အကျိုးပြုပုံ: သရက်သီးမှာ Vitamin A နဲ့ Vitamin C ဒြပ်ပေါင်းတွေ စုံလင်စွာ ပါဝင်ပါတယ်။ Vitamin C က အရေပြား တင်းရင်းဖို့အတွက် ကော်လာဂျင် ကို ထုတ်လုပ်ပေးပြီး အရေပြားဆဲလ်အသစ်ဖြစ်ပေါ်မှုကို အားပေးလို့ အသားအရေကို ကြည်လင်ဝင်းပစေပါတယ်။

၁၂။ ငှက်ပျောသီး… အစာအိမ်

အကျိုးပြုပုံ: ငှက်ပျောသီးက အစာအိမ်နံရံကို အက်ဆစ်ဒဏ်ကနေ ကာကွယ်ပေးတဲ့ အကျိအချွဲလွှာကို ပိုမိုထွက်ရှိစေပါတယ်။ အစာအိမ်အနာ ရှိသူတွေအတွက် အနာကျက်မြန်စေပြီး အစာခြေစနစ်ကို ငြိမ်သက်စေပါတယ်။

၁၃။ အုန်းရည် … ဆီးအိမ်

အကျိုးပြုပုံ: အုန်းရည်က သဘာဝအတိုင်း ဆီးရွှင်စေပြီး ပိုတက်စီယမ် Electrolytesတွေ ကြွယ်ဝပါတယ်။ ဆီးလမ်းကြောင်းနဲ့ ဆီးအိမ်ထဲက ဗက်တီးရီးယားတွေကို ဆေးကြောသန့်စင်ပေးလို့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း ကို ကာကွယ်ပေးပါတယ်။

၁၄။ ခရမ်းချဉ်သီး … ဆီးကျိတ်

အကျိုးပြုပုံ: ခရမ်းချဉ်သီးမှာ Lycopene ဆိုတဲ့ ဓာတ်တစ်မျိုး အလွန်မြင့်မားစွာ ပါဝင်ပါတယ်။ သိပ္ပံနည်းကျ သုတေသနတွေအရ လိုင်ကိုပင်းက အမျိုးသားတွေမှာ ဆီးကျိတ်ရောင်ခြင်းနဲ့ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်ပေးနိုင်ကြောင်း သက်သေပြထားပါတယ်။

၁၅။ အာလူး … မုန့်ချိုအိတ်

အကျိုးပြုပုံ: အာလူးမှာပါတဲ့ Complex Carbohydrates နဲ့ ဗီတာမင်တွေက သွေးတွင်းသကြားဓာတ်ကို ဖြည်းဖြည်းချင်းပဲ တက်စေပါတယ်။ ဒါကြောင့် အင်ဆူလင်ဟော်မုန်း ထုတ်လုပ်ပေးရတဲ့ မုန့်ချိုအိတ်ကို အလုပ်အလွန်အကျွံ မလုပ်ရအောင် ဝန်ထုပ်ဝန်ပိုး လျှော့ချပေးပါတယ်။

၁၆။ စတော်ဘယ်ရီ … ခံတွင်း

အကျိုးပြုပုံ: စတော်ဘယ်ရီသီးမှာ Malic Acid ပါဝင်ပါတယ်။ သူက သွားတွေမှာ စွန်းထင်နေတဲ့ အစွန်းအထင်းတွေကို သဘာဝအတိုင်း ဖြူစင်စေပြီး ခံတွင်းထဲက ဗက်တီးရီးယားတွေကို လျှော့ချပေးလို့ ခံတွင်းရနံ့ကို လန်းဆန်းစေပါတယ်။

#ဆေးဝိဇ္ဇာအာရုံကြောအားဆေး
#အာရုံကြောအားဆေး
#အာရုံကြောအားနည်းသူများအတွက်
#သွေးပျစ်နေသူများအတွက်
#ထုံကျင်နေသူများအတွက်
#ကျီးပေါင်းရောဂါခံစားနေရသူများအတွက်

🌿 အူလမ်းကြောင်းသန့်စင်ပြီး အသားအရေလှပစေမယ့် Detox Water ပြုလုပ်နည်း✨ဒီနေ့ခေတ်မှာ Detox Water သောက်တာဟာ ခန္ဓာကိုယ်ထဲက အဆိ...
19/02/2026

🌿 အူလမ်းကြောင်းသန့်စင်ပြီး အသားအရေလှပစေမယ့် Detox Water ပြုလုပ်နည်း✨

ဒီနေ့ခေတ်မှာ Detox Water သောက်တာဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးရုံတင်မကဘဲ ဝိတ်ကျချင်သူတွေနဲ့ အသားအရေ ကြည်လင်ချင်သူတွေအတွက် အကောင်းဆုံး "Bestie" ပဲလေနော်

🍋 ဘာတွေ လိုအပ်လဲ? (Ingredients)
အခြေခံအားဖြင့်တော့ မိမိကြိုက်နှစ်သက်တဲ့ သစ်သီးလေးတွေကို အသုံးပြုနိုင်ပါတယ်။

လူကြိုက်အများဆုံးကတော့ -
• သံပရာသီး သို့မဟုတ် ရှောက်သီး: အစာခြေစနစ်ကို ကောင်းမွန်စေပြီး Vitamin C ကြွယ်ဝစေတယ်။

• သခွားသီး: ခန္ဓာကိုယ်ကို အေးမြစေပြီး ရေဓာတ်ဖြည့်တင်းပေးတယ်။

• ချင်း (Ginger): အစာအိမ် လေပွတာကို သက်သာစေတယ်။(ကြိုက်တတ်မှ ထည့်ပါ)

• ပူစီနံရွက် (Mint): လန်းဆန်းတဲ့ အရသာရစေပြီး အသက်ရှူလမ်းကြောင်း ကောင်းမွန်စေတယ်။

🍶 ဘယ်လိုလုပ်ရမလဲ? (Step-by-Step)
1. သစ်သီးတွေကို သေသေချာချာ ဆေးကြောပြီး အကွင်းလိုက် ပါးပါးလေးတွေ လှီးပါ။

2. ဖန်ပုလင်း (သို့မဟုတ်) ရေဘူးထဲကို အသီးတွေ ထည့်ပါ။

3. ရေပမာဏ: ရေ ၁ လီတာ (သို့မဟုတ်) ၁.၅ လီတာ ခန့် ထည့်ပါ။

4. ချက်ချင်းသောက်လို့လည်း ရပေမယ့် အာနိသင် ပိုထွက်အောင် အနည်းဆုံး ၂ နာရီကနေ ညသိပ် (Overnight) အထိ ရေခဲသေတ္တာထဲ ထည့်ထားပေးရင် ပိုကောင်းပါတယ်။

⏰ ဘယ်အချိန်မှာ သောက်သင့်လဲ?
• မနက်စောစော: အိပ်ရာနိုးနိုးချင်း ဗိုက်ထဲ ဘာမှမရှိခင် သောက်ပေးတာက အူလမ်းကြောင်း သန့်စင်ဖို့အတွက် အထိရောက်ဆုံးပါ။

• တစ်နေ့တာလုံး: ရေအစားထိုးအနေနဲ့ တစ်နေကုန် နည်းနည်းချင်းစီ သောက်ပေးလို့ ရပါတယ်။ (တစ်နေ့ကို ၂ လီတာခန့် ကုန်အောင် သောက်သင့်ပါတယ်)

✨ Detox Water ရဲ့ အကျိုးကျေးဇူးများ
• အဆိပ်အတောက် ဖယ်ရှားခြင်း: ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ အညစ်အကြေးတွေကို ဆီးကတစ်ဆင့် စွန့်ထုတ်ပေးတယ်။

• အသားအရေ ကြည်လင်ခြင်း: ရေဓာတ်ပြည့်ဝပြီး ဝက်ခြံကင်းစင်ကာ အသားအရေကို တင်းရင်းစေတယ်။

• ကိုယ်အလေးချိန် ထိန်းညှိပေးခြင်း: အစာစားချင်စိတ်ကို ထိန်းပေးပြီး Metabolism (စွမ်းအင်လောင်ကျွမ်းမှု) ကို မြှင့်တင်ပေးတယ်။

• လန်းဆန်းစေခြင်း: ကော်ဖီ၊ လက်ဖက်ရည်တွေအစား သဘာဝ သစ်သီးနံ့လေးတွေကြောင့် စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်။

အကြံပြုချက်: Detox Water ကို ၂၄ နာရီထက် ပိုမထားပါနဲ့။ အသီးတွေ ပုပ်သွားရင် ဗိုက်နာနိုင်လို့ပါ။ တစ်ရက်စာ တစ်ရက်ပဲ လုပ်သောက်တာ အကောင်းဆုံးပဲနော်!

ညဘက် အိပ်မပျော်ခြင်း (သို့) ကောင်းမွန်တဲ့ အိပ်ဆက်ခြင်းများအတွက် နည်းလမ်းကောင်းများ ညဘက် အိပ်မပျော်တာဟာ ခန္ဓာကိုယ်နဲ့ စိတ...
18/02/2026

ညဘက် အိပ်မပျော်ခြင်း (သို့) ကောင်းမွန်တဲ့ အိပ်ဆက်ခြင်းများအတွက် နည်းလမ်းကောင်းများ

ညဘက် အိပ်မပျော်တာဟာ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ မှာပါ ထိခိုက်မှုတွေ ရှိစေနိုင်ပါတယ်။
ဒါကြောင့် ကောင်းမွန်စွာ အိပ်ပျော်စေဖို့ အောက်ပါ နည်းလမ်းလေးတွေကို လိုက်နာကြည့်ပါနော်။

၁။ ပုံမှန် အိပ်စက်ချိန်ကို သတ်မှတ်ပါ- နေ့စဉ် ပုံမှန် အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်ကို သတ်မှတ်ပြီး တသမတ်တည်း လုပ်ဆောင်လိုက်နာပါ။

၂။ သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင် ဖန်တီးပါ- အိပ်ခန်းကို အမှောင်ချ၊ တိတ်ဆိတ်ပြီး အပူအအေး မျှတအောင် ထားပါ။

၃။ အိပ်ရာမဝင်မီ ပြုလုပ်ရမည့်အရာများ- အိပ်ရာမဝင်ခင် နာရီဝက် သို့မဟုတ် တစ်နာရီအလိုတွင် စာဖတ်ခြင်း၊ ရေနွေးနွေးဖြင့် ရေချိုးခြင်း သို့မဟုတ် တရားထိုင်ခြင်းကဲ့သို့သော စိတ်ကို အေးချမ်းစေသည့် လှုပ်ရှားမှုများကို ပြုလုပ်ပါ။

၄။ ရှောင်ရန်အချက်များ- ကဖိန်းဓာတ် (ကော်ဖီ၊ လက်ဖက်ရည်)၊ အရက်နှင့် ဆေးလိပ်တို့ကို ညနေပိုင်းနှင့် ညဘက်တွင် ရှောင်ကြဉ်ပါ။ အိပ်ရာမဝင်မီ အစားအစာ အများအပြား စားသုံးခြင်းကိုလည်း ရှောင်ပါ။

၅။ ဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများ- အိပ်ရာမဝင်မီ အနည်းဆုံး တစ်နာရီခန့်အလိုတွင် ဖုန်း၊ i pad နှင့် ကွန်ပျူတာစသည့် အီလက်ထရောနစ်ပစ္စည်းများ အသုံးပြုခြင်းကို ရပ်တန့်ပါ။ ၎င်းတို့မှ ထွက်သော အလင်းရောင်သည် အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်

၅။ အလေ့အကျင့်- အိပ်ရာမဝင်ခင် စိတ်ကို ဖြေလျှော့တဲ့ လှုပ်ရှားမှုတွေ လုပ်ပါ။

၆။ ရှောင်ရန်- ကဖိန်းဓာတ်၊ အရက်နဲ့ စီးကရက်ကို ရှောင်ပါ။

ညဘက် ကောင်းကောင်း အိပ်ပျော်စေဖို့ အတွက် အိပ်ရာမဝင်ခင် သင့်တင့်တဲ့ အစားအစာ မျိုးတွေကို စားသုံးနိုင်ပါတယ်-

• ဗာဒံစေ့ (Almond): မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝပြီး ကြွက်သားတွေကို ပြေလျော့စေကာ ကောင်းမွန်စွာ အိပ်ပျော်ဖို့ ကူညီပေးပါတယ်။

• နို့နွေး: Tryptophan လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ် ပါဝင်လို့ စိတ်ကို ပြေလျော့စေပြီး အိပ်ပျော်စေဖို့ အထောက်အကူ ပေးပါတယ်။

• ကီဝီသီး (Kiwi): ဆီရိုတိုနင် (Serotonin) ဓာတ် ပါဝင်မှုကြောင့် အိပ်စက်မှု အရည်အသွေးကို မြှင့်တင်ပေးနိုင်ပါတယ်။

• ချယ်ရီသီး (Cherry): မယ်လတိုနင် (Melatonin) လိုမျိုး ဟော်မုန်းဓာတ် ပါဝင်လို့ အိပ်မပျော်တဲ့ သူတွေအတွက် ကောင်းပါတယ်။

• ငှက်ပျောသီး: ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် ကြွယ်ဝပြီး ကြွက်သားတွေကို ပြေလျော့စေလို့ ကောင်းကောင်း အိပ်ပျော်နိုင်ပါတယ်။

ဒါတွေက အိပ်စက်ခြင်းကို ကူညီပေးတဲ့ ဟော်မုန်းတွေနဲ့ သတ္တုဓာတ်တွေ ကြွယ်ဝလို့ပါပဲ။

💧 ရေဓာတ်ပြည့်ဝခြင်းရဲ့ အကျိုးကျေးဇူးများလူ့ခန္ဓာကိုယ်ရဲ့ 60% - 70% ခန့်က ရေနဲ့ ဖွဲ့စည်းထားတာမို့ ရေများများသောက်ပေးရင် အ...
13/02/2026

💧 ရေဓာတ်ပြည့်ဝခြင်းရဲ့ အကျိုးကျေးဇူးများ

လူ့ခန္ဓာကိုယ်ရဲ့ 60% - 70% ခန့်က ရေနဲ့ ဖွဲ့စည်းထားတာမို့ ရေများများသောက်ပေးရင် အောက်ပါကောင်းကျိုးတွေကို ရရှိမှာပါ -

* ဦးနှောက်စွမ်းဆောင်ရည် တက်ကြွခြင်း: ရေဓာတ်နည်းရင် ခေါင်းကိုက်တာ၊ အာရုံစူးစိုက်မှု မရှိတာနဲ့ စိတ်တိုလွယ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ရေဝဝသောက်ရင် မှတ်ဉာဏ်ပိုကောင်းစေပါတယ်။

* အသားအရေ စိုပြေလှပခြင်း: အသားအရေ ခြောက်သွေ့တာကို ကာကွယ်ပေးပြီး အတွင်းပိုင်းကနေ ဝင်းပလာစေတဲ့အပြင် ဝက်ခြံထွက်ခြင်းကိုလည်း လျှော့ချပေးပါတယ်။

* အစာခြေစနစ် ကောင်းမွန်ခြင်း: ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး အစာအိမ်နဲ့ အူလမ်းကြောင်းကို သန့်စင်ပေးပါတယ်။

* ကိုယ်အလေးချိန် ထိန်းညှိပေးခြင်း: ထမင်းမစားခင် ရေသောက်ပေးတာက အစာစားချင်စိတ်ကို ထိန်းပေးလို့ ဝိတ်ချနေသူတွေအတွက် အင်မတန် ထိရောက်ပါတယ်။

* ကျောက်ကပ် ကျန်းမာရေး: ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဆီးကတစ်ဆင့် စွန့်ထုတ်ပေးလို့ ကျောက်ကပ်မှာ ခဲတာ (ကျောက်တည်တာ) ကို ကာကွယ်ပေးပါတယ်။

💧တစ်နေ့ကို ရေ ဘယ်လောက်သောက်သင့်လဲ?
လူတိုင်းက "တစ်နေ့ကို ၈ ဖန်ခွက်" လို့ အလွယ်မှတ်ထားတတ်ကြပေမဲ့ တကယ်တမ်းကတော့ တစ်ဦးချင်းစီရဲ့ ကိုယ်အလေးချိန်နဲ့ လှုပ်ရှားမှုအပေါ် မူတည်ပါတယ်။
အကြမ်းဖျင်း တွက်ချက်ပုံကတော့ -
* အမျိုးသားများ: တစ်နေ့လျှင် ပျမ်းမျှ ၃.၇ လီတာ ခန့် (၁၅ ဖန်ခွက်ဝန်းကျင်)
* အမျိုးသမီးများ: တစ်နေ့လျှင် ပျမ်းမျှ ၂.၇ လီတာ ခန့် (၁၁ ဖန်ခွက်ဝန်းကျင်)
(မှတ်ချက် - ဤပမာဏတွင် သောက်ရေအပြင် အစားအစာနှင့် တခြားဖျော်ရည်များမှ ရရှိသော ရေဓာတ်ပါဝင်ပြီးသား ဖြစ်ပါသည်။)

အလွယ်မှတ်ရန်: မိမိရဲ့ ဆီးအရောင်ကို ကြည့်ပါ။ ဆီးအရောင်က အရောင်မရှိသလောက် ကြည်လင်နေရင် ရေဓာတ်ပြည့်ဝနေပြီး၊ ဆီးအရောင်က အဝါရင့်ရောင် ဖြစ်နေရင်တော့ ရေအမြန်သောက်ဖို့ လိုနေပါပြီ။

💡 ရေမှန်မှန်သောက်ဖြစ်အောင် ဘယ်လိုလုပ်မလဲ?
၁။ မနက်နိုးနိုးချင်း ရေသောက်ပါ: အိပ်ရာနိုးနိုးချင်း ရေတစ်ဖန်ခွက်သောက်တာက ခန္ဓာကိုယ်က အင်္ဂါအစိတ်အပိုင်းတွေကို နှိုးလိုက်သလိုပါပဲ။
၂။ ရေဘူး ဆောင်ထားပါ: သွားလေရာ ရေဘူးလေး ပါသွားရင် သောက်ဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။
၃။ Alarm ပေးထားပါ: ရေသောက်ဖို့ မေ့တတ်ရင် ဖုန်းထဲမှာ Reminder ပေးထားပါ။
၄။ အစားအစာကတစ်ဆင့် ရယူပါ: ရေဓာတ်များတဲ့ အသီးအနှံတွေ (ဥပမာ - ဖရဲသီး၊ သခွားသီး) ကို စားပေးပါ။

-သေနှုန်းမြင့်တဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း သိထားသင့်တဲ့ (၅) ချက်�- အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်နေတဲ့ နီပါ (Nip...
26/01/2026

-သေနှုန်းမြင့်တဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း သိထားသင့်တဲ့ (၅) ချက်�

- အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်နေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ် - မြန်မာတွေ ဘာတွေသတိထားရမလဲ? 🦇🚨

မင်္ဂလာပါ... ဒေါက်တာရဲ ဖြစ်ပါတယ်။

ဒီရက်ပိုင်း သတင်းတွေမှာ အိမ်နီးချင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်မှာ နီပါ (Nipah Virus) ပြန်တွေ့နေရသလို၊ ထိုင်းနိုင်ငံဘက်ကလည်း သတိပေးချက်တွေ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဒါကြောင့် ကိုယ့်မြန်မာနိုင်ငံက ပြည်သူတွေလည်း ကြိုတင်သတိထားနိုင်အောင် ဒီဗိုင်းရပ်စ်အကြောင်းလေး အရေးပေါ် မျှဝေပေးချင်ပါတယ်။

Nipah ဆိုတာက သာမန်တုပ်ကွေးလိုလိုနဲ့ အသက်အန္တရာယ်အထိ ပေးနိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။ ဒီရောဂါအတွက် အတိအကျ ကုသပျောက်ကင်းနိုင်တဲ့ ဆေးမရှိသေးသလို၊ ကြိုတင်ကာကွယ်ဖို့ ကာကွယ်ဆေး (Vaccine) လည်း ကမ္ဘာပေါ်မှာ မပေါ်သေးပါဘူး။
သေဆုံးနှုန်းက (၄၀% ကနေ ၇၅%) အထိ မြင့်မားနိုင်တာမို့ လုံးဝပေါ့ဆလို့ မရပါဘူး။

🔍 ဘယ်လိုကူးစက်နိုင်လဲ?
အဓိကကတော့ တိရစ္ဆာန်ကနေ လူကို ကူးစက်တာပါ။

(၁) လင်းနို့များ
လင်းနို့တွေက အသီးမှည့်ရင် အရမ်းကြိုက်ပါတယ်။ သရက်သီး၊ မာလကာသီး စတာတွေပေါ့။
* ❌ အပင်အောက် ပြုတ်ကျနေတဲ့ အသီးတွေကို ကောက်မစားပါနဲ့။
* ❌ ငှက်ဆိတ်ရာ၊ အကောင်ကိုက်ရာ ပါတဲ့ အသီးဆိုရင် နှမြောပြီး လှီးထုတ်စားတာမျိုး လုံးဝ မလုပ်ပါနဲ့။ တစ်လုံးလုံး လွှင့်ပစ်လိုက်ပါ။ အဲ့ဒီအသီးမှာ လင်းနို့တံတွေးကနေတဆင့် ဗိုင်းရပ်စ်ပါလာနိုင်ပါတယ်။

လင်းနို့တွေက ထန်းရည်အိုးတွေမှာ လာတွဲခိုတတ်သလို၊ အိုးထဲကို အညစ်အကြေးစွန့်တာတွေ ရှိနိုင်ပါတယ်။
* ❌ ထန်းရည်အိုးဖွင့်ထားတာတွေကို သောက်တာက အရမ်းအန္တရာယ်များပါတယ်။

(၂) ရောဂါပိုးရှိတဲ့ ဝက် တွေကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။

(၃) ရောဂါပိုးရှိတဲ့ လူနာ ရဲ့ ခန္ဓာကိုယ်အရည် (တံတွေး၊ သွေး၊ ဆီး) နဲ့ အနီးကပ်ထိတွေ့မိရင်လည်း လူအချင်းချင်း ကူးစက်နိုင်ပါတယ်။

🚨 သတိထားရမည့် လက္ခဏာများ (Symptoms)
ဗိုင်းရပ်စ်ဝင်ပြီး (၄) ရက်ကနေ (၁၄) ရက်အတွင်းမှာ လက္ခဏာပြတတ်ပါတယ်။
1. ဖျားခြင်း၊ ခေါင်းအရမ်းကိုက်ခြင်း။
2. ကြွက်သားတွေ နာကျင်ကိုက်ခဲခြင်း။
3. အော့အန်ခြင်း၊ လည်ချောင်းနာခြင်း။
4. မောပန်းခြင်း၊ အသက်ရှူရခက်ခဲခြင်း
5. အရေးကြီးဆုံးအဆင့် - ရောဂါရင့်လာရင် ဦးနှောက်ရောင်ရမ်းခြင်း (Encephalitis) ဖြစ်လာမယ်။ ခေါင်းမူးဝေမယ်၊ ကယောင်ကတမ်းဖြစ်မယ်၊ သတိလစ်မလိုဖြစ်မယ်။ ဒီအဆင့်ရောက်ရင် (၂၄) နာရီကနေ (၄၈) နာရီအတွင်း ကိုမာ (Coma) ဝင်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။

-လောလောဆယ် နီပါဗိုင်းရပ်စ်အတွက် တိကျတဲ့ ကုသဆေးနဲ့ ကာကွယ်ဆေး မရှိသေးပါဘူး။ ဒါကြောင့် ကာကွယ်ခြင်းကသာ အထိရောက်ဆုံး ကုသမှုပါ။

🛡️ ဘယ်လိုကာကွယ်ကြမလဲ?

✅ (၁) အသီးအနှံများကို သတိထားစားသုံးပါ - အသီးတွေကို ရေစင်စင်ဆေးပြီးမှ စားပါ။ အခွံနွှာစားပါ။ ငှက်/လင်းနို့ ကိုက်ရာပါတဲ့ အသီးတွေကို လုံးဝ(လုံးဝ) မစားပါနဲ့။ မြေကြီးပေါ် ကြွေကျနေတဲ့ အသီးတွေကို ကောက်မစားပါနဲ့။

✅ (၂) လက်သန့်ရှင်းရေး - ဆပ်ပြာနဲ့ ရေကိုသုံးပြီး မကြာခဏ လက်ဆေးပါ။ အထူးသဖြင့် အစားမစာခင်နဲ့ တိရစ္ဆာန်တွေနဲ့ ထိတွေ့ပြီးချိန်မှာ လက်ဆေးပါ။

✅ (၃) ထန်းရည် - ထန်းရည်အိုးတွေမှာ လင်းနို့တွေ လာပြီးတွဲခိုနေတတ်တာကြောင့် သတိထား သောက်သုံးပါ။

✅ (၄) လူနာနှင့် ထိတွေ့မှု - ဖျားနာနေတဲ့လူနာကို ပြုစုရမယ်ဆိုရင် Mask တပ်ပါ၊ လက်အိတ်စွပ်ပါ၊ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ။

ဒီရောဂါက ကုဆေးမရှိပေမယ့် "ဆင်ခြင်မှု" နဲ့ ၁၀၀% ကာကွယ်လို့ ရပါတယ်။

ကျန်းမာရေးသတိ၊ အမျိုးသားသတိ ဆိုသလိုပဲ ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင် ဂရုစိုက်ကြပါခင်ဗျာ။

ဒီအကြောင်းအရာလေးကို ကိုယ်ချစ်ရတဲ့ သူတွေလည်း သိရအောင် Share လုပ်ပြီး သတိပေးလိုက်ကြပါဦးနော်။

Dr Ye

(Update ဖြစ်သော ကျန်းမာရေးဗဟုသုတများကို နေ့စဉ်ဖတ်ရှုရန် Dr. Ye Page ကို See First လုပ်ထားပါ)

#နီပါဗိုင်းရပ်စ် #ကျန်းမာရေး
#နီပါဗိုင်းရပ်စ် #ကျန်းမာရေးဗဟုသုတ
#ဒေါက်တာရဲ

ရှေးယခင်က ကျေးလက်ဒေသတွေမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ သံပရာသီးတို့ကို ရေနွေးနဲ့ ကျိုချက်ပြီး သောက်သုံးလေ့ရှိပါတယ်။သူတို့...
10/12/2025

ရှေးယခင်က ကျေးလက်ဒေသတွေမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ သံပရာသီးတို့ကို ရေနွေးနဲ့ ကျိုချက်ပြီး သောက်သုံးလေ့ရှိပါတယ်။
သူတို့က "ဒီအရည်က သွေးလေ လည်ပတ်မှုကောင်းစေတယ်၊ သွေးပေါင်ကျစေတယ်၊ သွေးတွင်းအဆီလျှော့ချပေးတယ်၊ ရင်ဘတ်ထဲက မအီမသာဖြစ်တာကို လျော့ပါးစေတယ်" လို့ ဆိုပါတယ်။

​ဒီနေ့မှာတော့ ဒီလိုရိုးရှင်းတဲ့ အိမ်တွင်းဖြစ် ဖျော်ရည်ရဲ့ အဓိက အကျိုးကျေးဇူးတွေကို ပြောပြချင်ပါတယ်နော်။
​💓 ခန္ဓာကိုယ်ကျန်းမာရေးအတွက် အကျိုးကျေးဇူးများ...

​🧄 ၁။ သွေးတိုးကို ထောက်ပံ့ပြီး လျှော့ချပေးခြင်း
​ကြက်သွန်ဖြူမှာပါတဲ့ Allicin ဓာတ်က သွေးကြောတွေကို ပြေလျော့စေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ အစားအသောက် ဂရုစိုက်မှုနဲ့အတူ တွဲဖက်သောက်သုံးရင် သွေးပေါင်တက်နေသူတွေကို "ကျန်းမာရေးကို ထိန်းညှိ" ပေးနိုင်ပါတယ်။
​(ဆေးဝါးကို အစားထိုးတာ မဟုတ်ပေမဲ့ အားဖြည့်ပေးရာမှာတော့ အထောက်အကူပြုပါတယ်နော်။)

​🧅 ၂။ သွေးတွင်းအဆီကို ထိန်းချုပ်ပေးခြင်း
​ကြက်သွန်နီနဲ့ ကြက်သွန်ဖြူမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) တွေပါဝင်လို့ မကောင်းတဲ့အဆီ (LDL) ကို အနည်းငယ် လျှော့ချပေးနိုင်ပါတယ်။ ဆီကြော်၊ အဆီများတဲ့ အစားအစာတွေ မကြာခဏစားသူ၊ ကိုယ်အလေးချိန် များပြီး အိပ်ငိုက်တတ်သူတွေအတွက် သင့်တော်ပါတယ်။

​🍋 ၃။ အစာခြေစနစ်ကို ကူညီခြင်း
​နွေးနေတဲ့အရည်နဲ့ ဆေးဖက်ဝင်အနံ့တွေက ဗိုက်ကို သက်သောင့်သက်သာဖြစ်စေပြီး အစာမကြေ၊ ရင်ပြည့်၊ ရင်ကယ်ဖြစ်တာကို လျော့နည်းစေပါတယ်။

​✨ ၄။ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုငယ်လေးများကို လျှော့ချပေးခြင်း
​ပါဝင်ပစ္စည်းသုံးမျိုးစလုံးမှာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ အစွမ်းသတ္တိရှိလို့ ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်ဖို့ ပိုမိုလွယ်ကူစေပါတယ်။

​💨 ၅။ သွေးလေ လည်ပတ်မှု ကောင်းစေပြီး ကိုယ်ခန္ဓာပေါ့ပါး၊ အသက်ရှူချောင်စေခြင်း
​ကြက်သွန်နီနဲ့ သံပရာသီးအနံ့က လန်းဆန်းစေပါတယ်။ အထူးသဖြင့် မနက်ပိုင်းမှာ သောက်ရင်ပေါ့။

​🍵 ပြုလုပ်နည်း လွယ်ကူရိုးရှင်း
​၁။ ကြက်သွန်နီ ၃-၄ လုံးကို ထုပေးပါ။
၂။ ကြက်သွန်ဖြူ ၃-၅ မြွှာကို ထုပေးပါ။
၃။ သံပရာသီး ၁ လုံးကို အကွင်းလိုက် ပါးပါးလှီးပါ။
၄။ ရေ ၁ လီတာမှာ ထည့်ပြီး ၅-၇ မိနစ်လောက် ဆူအောင် တည်ပါ။
၅။ နွေးနွေးလေးကို မနက်စာနဲ့ ညစာ မစားမီ သောက်သုံးပေးနိုင်ပါတယ်။

​🌿 မီးဖိုချောင်ထဲက ရိုးရှင်းတဲ့ ပစ္စည်းလေးတွေပေမဲ့ သွေးပေါင်၊ အဆီ၊ အစာခြေစနစ်နဲ့ နေ့စဉ်ဘဝရဲ့ လန်းဆန်းမှုအတွက် ကျန်းမာရေးကို များစွာ အထောက်အကူပြုနိုင်ပါတယ်။

​တစ်ရက်ကို တစ်ဖန်ခွက်လောက် စမ်းသောက်ကြည့်လိုက်ပါနော်။
အရင်ထက် ခန္ဓာကိုယ် ပေါ့ပါး သက်သောင့်သက်သာဖြစ်လာမှာ သေချာပါတယ် 💚✨

ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻


MON SOUNG

ကိုယ်ခံအားကောင်းစေဖို့ စားပါဒန့်သလွန်မှာပါတဲ့ အာဟာရဓါတ်တွေကဘာတွေလဲ။ဒန့်သလွန်ရွက်နဲ့ဒန့်သလွန်သီးတို့မှာ အာဟာရဓါတ်ကြွယ်ဝစွ...
08/12/2025

ကိုယ်ခံအားကောင်းစေဖို့ စားပါ
ဒန့်သလွန်မှာပါတဲ့ အာဟာရဓါတ်တွေကဘာတွေလဲ။

ဒန့်သလွန်ရွက်နဲ့ဒန့်သလွန်သီးတို့မှာ အာဟာရဓါတ်ကြွယ်ဝစွာပါဝင်ပြီး ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်း၊ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒန့်သလွန်ရွက်မှာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ အမိုင်နို အက်ဆစ်လည်းကြွယ်ဝစွာပါဝင် ပါတယ်။ ဒန့်သလွန်ရွက်နဲ့ဒန့်သလွန်သီးတွေမှာ ဗီတာမင်အေ၊ ဗီတာမင်B1 (သိုင်ရာမင်)၊ B2 (ရီဗိုဖလာပင်), B3 (နီရာဆင်), B-6၊ folate နဲ့ ascorbic အက်ဆစ် (ဗီတာမင် C) တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒန့်သလွန်ရွက်နဲ့အသီးမှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ဖော့ဖရိတ်နဲ့ဇင့်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ အဆီပါဝင်မှုအရမ်းနည်းသလို အန္တရာယ်ရှိတဲ့ ကိုလက်စထရောတွေလည်းမပါဝင်ပါဘူး။

ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရစေနိုင်သလဲ။

၁. အမိုင်နိုအက်ဆစ်

ဒန့်သလွန်ရွက်မှာ ခန္ဓါကိုယ်ရဲ့ဖွဲ့စည်းမှုနဲ့ ပရိုတင်းတွေဖြစ်ပေါ်မှုအတွက် အသုံးဝင်တဲ့ အမိုင်နိုအက်ဆစ် ၁၈ မျိုးပါဝင်ပါတယ်။ အဆိုပါအက်ဆစ်တွေက ကိုယ်ခန္ဓါရဲ့လုပ်ငန်းစဉ်တွေပုံမှန်လည်ပတ်စေဖို့ အထောက်အကူပြုပေးပါတယ်။

၂.ရောင်ရမ်းမှုမဖြစ်အောင်လုပ်ဆောင်ပေးနိုင်ခြင်း

ဒန့်သလွန်ရွက်မှာ သံဓါတ်၊ရောင်ရမ်းမှုကို ကျဆင်းစေတဲ့အာနိသင်နဲ့ရောဂါပိုးတွေကိုသေစေနိုင်တဲ့အစွမ်းသတ္တိတွေပါဝင်ပါတယ်။ ဒန့်သလွန်ရွက်က အနာတွေ၊အပူလောင်တာနဲ့ပြန်ရှဒဏ်ရာတွေလိုမျိုး အသေးစားဒဏ်ရာတွေကို သက်သာစေနိုင်ပါတယ်။ အနာကျက်လည်းမြန်စေပါတယ်။

၃. နို့ထွက်စေခြင်း

နို့တိုက်မိခင်တွေမှာ နို့ထွက်စေဖို့အတွက် ဒန့်သလွန်ရွက်စားသုံးပေးတာကိုရှေးယခင်ကာလတွေကတည်းကအသုံးပြုခဲ့ကြပါတယ်။ ဒန့်သလွန်ရွက်က နို့တိုက်မိခင်တွေမှာ နို့ထွက်ကောင်းအောင်အထောက်အကူပေးပါတယ်။

၄. ကိုလက်စထရော

ဒန့်သလွန်ရွက်မှာ အဆီတွေကိုလောင်ကျွမ်းစေပြီး ခန္ဓါကိုယ်ကိုကျစ်လျစ်သွယ်လျစေတဲ့ အစွမ်းတွေရှိပါတယ်။ ဒန့်သလွန်ရွက်က ကိုယ်ခန္ဓါကို ကျစ်လျစ်သွယ်လျစေသလို အားအင်ပြည့်စေပါတယ်။ ဒန့်သလွန်ရွက်ကို သရေစာတွေစားချင်စိတ်ကိုဖျောက်ဖျက်ပေးပြီး ကျန်းမာတက်ကြွတဲ့ ဘဝနေထိုင်မှုတစ်ရပ်ဖန်တီးဖို့အတွက် အသုံးပြုနိုင်တဲ့ သဘာဝဆေးနည်းကောင်းတစ်ခုပါ။ ကိုလက်စထရောပမာစ နည်းတာက နှလုံးရောဂါခံစားရနိုင်ခြေကိုလျော့ချပေးသလို အခြားနှလုံးသွေးကြောရောဂါတွေခံစားရနိုင်ခြေကိုလျော့ချရာမှာလည်း အထောက်အကူပြုပါတယ်။

၅. ဆီးချို

ဒန့်သလွန်ရွက်ရဲ့နောက်ထပ်အကျိုးကျေးဇူးတစ်ရပ်က ဆီးချိုရောဂါကိုထိန်းချုပ်ပေးတာပဲဖြစ်ပါတယ်။ ဒန့်သလွန်ရွက်က အချိုဓါတ်မပါဘဲ ခန္ဓါကိုယ်အတွက် စွမ်းအင်တွေထောက်ပံ့ပေးပါတယ်။ ဒန့်သလွန်ကသွေးတွင်းသကြားဓါတ်ကိုလျှော့ချပေးနိုင်တဲ့ဆေးဖက်ဝင်အပင်တစ်မျိုးပါ။

၆. ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ

ခန္ဓါကိုယ်ရဲ့ ဆဲလ်တွေကျန်းမာစေဖို့အတွက် အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတဲ့အရာတစ်မျိုးဖြစ်ပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကင်ဆာရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်သလို အသက်အရွယ်အိုမင်းမှုဖြစ်စဉ်ကိုလည်းနှေးကွေးစေပါတယ်။ ဒန့်သလါန်ရွက်မှာ အရေပြားကို အားဖြည့်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း အမျိုး ၃၀လောက်ပါဝင်ပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ဒန့်သလွန်ရွက်ကိုထည့်သွင်းစားသုံးပေးမယ်ဆိုရင် ခန္ဓါကိုယ်ရဲ့ဇီဝတွင်းဖြစ်ပျက်မှုကို လှုံ့ဆော်ပေးမှာဖြစ်သလို ကိုယ်အလေးချိန်ကိုလည်းကျဆင်းစေမှာဖြစ်ပါတယ်။

၇. ဆံပင်သန်စွမ်းစေခြင်း

ဒန့်သလွန်ရွက်မှာ ဆံပင်နဲ့ဦးရေပြားကိုအကျိုးပြုတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အများအပြားပါဝင်နေပါတယ်။ ဒန့်သလွန်ရွက်ကို ဆံပင်နဲ့ဦးရေပြား သန့်ရှင်းစေဖို့၊ဆံပင်ကျွတ်သက်သာစေဖို့ နဲ့ ဗောက်မထစေဖို့အတွက်အသုံးပြုနိုင်သလို ဆံသားခြောက်သွေ့ပျက်စီးတာမျိုး မဖြစ်အောင်ကာကွယ်ရာမှာလည်း အထောက်အကူပြုပါတယ်။ ဒန့်သလွန်ရွက်မှာ ဆံသားကိုကျန်းမာသန်စွမ်းစေတဲ့ ဗီတာမင်B1 ၊ B2 ၊ B3 ၊ B-6 ၊ folate နဲ့ဗီတာမင် C တို့ပါဝင်နေပါတယ်။ ဒန့်သလွန်ရွက်က ဦးရေပြားမှာသွေးလည်ပတ်မှုကိုတိုးတက်စေသလို ဆံပင်သန်စွမ်းမှုကို အထောက်အကူပေးပါတယ်။ ဦးရေပြားမှာသွေးလည်ပတ်မှုကောင်းမွန်တဲ့အခါ ဆံတွင်းပေါက်လေးတွေကို အာဟာရပြည့်ဝစေပြီး ဆံပင်တွေကို သန်စွမ်းနက်မှောင်စေပါတယ်။

၈ အာရုံကြောစနစ်

ဒန့်သလွန်ရွက်က အာရုံကြောစနစ်မှာ ချို့ယွင်းမှုတွေမဖြစ်အောင်တိုက်ထုတ်ရာမှာ အထောက်အကူပေးပါတယ်။ ဒန့်သလွန်ရွက်ကခေါင်းတစ်ခြမ်းကိုက်တာ၊ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာနဲ့ အခြားအာရုံကြောဆိုင်ရာဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကိုတိုးတက်ကောင်းမွန်စေပါတယ်။ အယ်လ်ဇိုင်းမားလိုမျိုးရောဂါတွေမဖြစ်အောင်ကာကွယ်ရာမှာလည်းအထောက်အပံ့ပေးပါတယ်။

၉. အစာချေစနစ်ကိုကောင်းမွန်စေခြင်း

ဒန့်သလွန်ရွက်က အစာကျေလွယ်ပြီး အစာချေဖျက်မှုကိုကောင်းမွန်အောင်အထောက်အကူပေးပါတယ်။ ခန္ဓါကိုယ်အစိတ်အပိုင်းတွေက အာဟာရဓါတ်တွေကို ပိုမိုစုပ်ယူနိုင်စေပါတယ်။

၁၀. အဆိပ်ပြေစေခြင်း

ဒန့်သလွန်ရွက်က ခန္ဓါကိုယ်တွင်းကအဆိပ်အတောက်တွေကိုပြေစေပြီးသွေးသန့်စေပါတယ်။

၁၁. စွမ်းအင်ပြည့်ဝစေခြင်း

ဒန့်သလွန်ရွက်က စွမ်းအင်ပြည့်ဝစေပါတယ်။ ဒန့်သလွန်ရွက်က အချိုဓါတ်လုံးဝမပါဝင်ဘဲ သဘာဝနည်းအတိုင်း ခန္ဓါကိုယ်ကို စွမ်းအင်ပြည့်ဝစေတာဖြစ်ပါတယ်။

၁၂. ဝက်ခြံ နဲ့ ဆားဝက်ခြံတွေကိုသက်သာစေခြင်း

ဒန့်သလွန်ရွက်က အရေပြားကအဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကို ဖယ်ရှားပေးပြီး အရေပြားကိုနုပျိုစေပါတယ်။ အသားအရေကိကြည်လင်စေပြီး ဖြူဝင်းလှပစေနိုင်ပါတယ်။ ဝက်ခြံနဲ့အမဲစက်တွေဖြစ်ပေါ်မှုကိုလည်း သက်သာစေပါတယ်။

၁၃. ကူးစက်ရောဂါတွေကို တိုက်ဖျက်နိုင်ခြင်း

ဒန့်သလွန်ရွက်မှာ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့အာနိသင်နဲ့ မှိုပိုးကိုတိုက်ဖျက်နိုင်တဲ့အာနိသင်တွေရှိတာကြောင့် ကူးစက်ရောဂါတွေတိုက်ဖျက်ရာမှာ အထောက်အကူပြုပါတယ်။ ဒန့်သလွန်ရွက်က အရေပြားမှာကူးစက်ရောဂါဖြစ်စေတဲ့ မှိုပိုးတွေကိုတိုက်ဖျက်ပေးသလိုသွေးနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုလည်း တိုက်ဖျက်ပေးပါတယ်။

၁၄. အသည်းကျန်းမာစေခြင်း

ဒန့်သလွန်ရွက်မှာpolyphenols များစွာပါဝင်တာကြောင့် အသည်းကို အဆိပ်အတောက်ဖြစ်စေတာနဲ့ပျက်စီးတာမျိုးတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

၁၅. အရိုးကျန်းမာသန်စွမ်းစေခြင်း

ဒန့်သလွန်ရွက်မှာ ကယ်လ်ဆီယမ်နဲ့ဖော့စဖရိတ်လိုမျိုး မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တွေပါဝင်တာကြောင့် အရိုးတွေကျန်းမာသန်စွမ်းအောင် ထိန်းသိမ်းပေးပါတယ်။ ဒန့်သလွန်ရွက်ကရောင်ရမ်းမှုကိုလျော့ကျစေတာကြောင့် အဆစ်ရောင်နာလိုမျိုး အရိုးအဆစ်တွေနာကျင်တဲ့ဝေဒနာတွေကို ကုသရာမှာထိရောက်တဲ့အစွမ်းအာနိသင်တွေရှိပါတယ်။ ဒန့်သလွန်ရွက်က အရွတ်တွေမှာဖြစ်တဲ့ နာကျင်မှုတွေကို သက်သာစေနိုင်တဲ့အစွမ်းလည်းရှိပါတယ်။

၁၆.ကျောက်တည်တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးခြင်း

ဒန့်သလွန်ရွက်ကကျောက်ကပ်၊ဆီးအိမ်နဲ့ သားအိမ်ထဲမှာကျောက်တည်တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒန့်သလွန်မှာကျောက်တည်တာကိုလျှော့ချပေးနိုင်တဲ့အစွမ်းသတ္တိရှိသလိုendogenous oxalate synthesis ကိုထိန်းချုပ်ရာမှာလည်းအထောက်အကူပြုပါတယ်။

၁၇.ကျောက်ကပ်ရောဂါတွေမဖြစ်အောင်ကာကွယ်ပေးခြင်း

ဒန့်သလွန်ရွက် အဆီအနှစ်ကဆေးဝါးတွေနဲ့ အဆိပ်ရှိတဲ့အရာတွေနဲ့ထိတွေ့မိတာကြောင့်ဖြစ်တဲ့ကျောက်ကပ်ပျက်စီးတာတွေကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ဒန့်သလွန်မှာပါတဲ့ nephroprotectiveကကျောက်ကပ်ကိုထိခိုက်မှုတွေကိုလျော့ကျစေပါတယ်။nephroprotective က ထိရောက်တဲ့bio-absorbent အဖြစ်လုပ်ဆောင်ပေးပြီး ခန္ဓါကိုယ်တွင်းက အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေနဲ့ အန္တရာယ်ရှိတဲ့အရာတွေကိုဖယ်ရှားရာမှာ အထောက်အကူပြုပါတယ်။

၁၈. သန္ဓေတားပေးနိုင်စွမ်းရှိခြင်း

ဒန့်သလွန်မှာ သန္ဓေတားပေးနိုင်စွမ်းရှိပါတယ်။ ဒန့်သလွန်ရဲ့အဆီအနှစ်ကိုဟော်မုန်းပျက်စီးစေမှု ( estrogenic activity) လုပ်ဆောင်ရာမှာအသုံးပြုကြသလို သန္ဓေမအောင်စေအောင်ကာကွယ်ရာမှာလည်းအကျိုးပြုပါတယ်။

၁၉.သွေးတိုးကျစေခြင်း

ဒန့်သလွန်ကသွေးပေါင်ချိန်နဲ့ ကိုယ်တွင်းကိုလက်စထရောပမာဏကို သင့်တင့်တဲ့အနေအထားဖြစ်အောင် ထိန်းညှိရာမှာ အထောက်အကူပြုပါတယ်။isothiocyanate နဲ့ niaziminin တို့လိုမျိုးBioactive ပစ္စည်းတွေကသွေးကြောတွေမပိတ်အောင်ကာကွယ်ပေးသလို အဆုတ်သွေးကြောတွေကို ထိခိုက်စေနိုင်တဲ့သွေးတိုးရောဂါ (pulmonary hypertension)ဖြစ်ပေါ်မှုကိုလည်းလျော့ကျစေနိုင်ပါတယ်။လေ့လာမှုတွေမှာ ဒန့်သလွန်ရွက်မှာပါတဲ့hypocholesterolemic အစွမ်းအာနိသင်က အသည်းအဆီဖုံးတာ၊ ကျောက်ကပ်မှာအဆီများတာနဲ့သွေးတွင်းကိုလက်စထရောပမာဏများတာတွေဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။

၂၀. မျက်လုံးကျန်းမာစေခြင်း

ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတဲ့ ဒန့်သလွန်ရွက်က မျက်ကြည်လွှာမပျက်စီးအောင် ကာကွယ်ရာမှာ အထောက်အပံ့ပေးနိုင်ပါတယ်။ ဒန့်သလွန်ရွက်မှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက မျက်ကြည်လွှာသွေးကြောတွေ ကျယ်လာတာမျိုးမဖြစ်အောင်ကာကွယ်ရာမှာ နဲ့ မျက်ကြည်လွှာကြွက်သားတွေမထိခိုက်အောင်ထိန်းသိမ်းပေးနိုင်ပါတယ်။ မျက်လုံးအတွင်းကသွေးကြောနံရံတွေထူမလာအောင် တားဆီးပေးသလို မျက်ကြည်လွှာပျက်စီးတာမျိုးတွေကိုလည်းကာကွယ်ပေးပါတယ်။

၂၁.သွေးအားနည်းရောဂါကို သက်သာစေခြင်း

ဒန့်သလွန်ရွက်က သွေးအားနည်းရောဂါကိုကုသရာမှာအထောက်အကူပြုပါတယ်။လေ့လာမှုတွေအရ ဒန့်သလွန်ရွက်က ခန္ဓါကိုယ်ရဲ့သံဓါတ်စုပ်ယူမှုကိုကောင်းမွန်စေအောင် အထောက်အပံ့ပေးနိုင်သလိုသွေးနီဥဆဲလ်အရေအတွက်ကိုတိုးစေသလို ပုံမှန်သွေးပေါင်ချိန်ကိုထိန်းသိမ်းရာမှာလည်း အထောက်အကူုပြုပေးပါတယ်။

ဘေးထွက်ဆိုးကျိုးတွေ

ဒန့်သလွန်မှာ ဝမ်းပျော့ပျော့သွားစေနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် ဗိုက်နာစေသလို၊gaseous distension၊ ဝမ်းလျှောတာနဲ့ ရင်ပူတာတွေကိုဖြစ်ပေးစေပါတယ်။
ဒန့်သလွန်ရွက်ကိုအလွန်အကျွံစားသုံးပါက မအီမသာဖြစ်တာမျိုးတွေဖြစ်နိုင်ပါတယ်။
ဒန့်သလွန်ရဲ့ အမြစ်၊အပွင့်နဲ့အခက်တွေမှာပါတဲ့ ဓါတုဓါတ်ပေါင်းတွေက ကိုယ်ဝန်ဆောင်အမျိုးသမ်းတွေမှာ သားအိမ်ကျုံ့တာကိုဖြစ်စေနိုင်တာကြောင့် ကိုယ်ဝန်ပျက်ကျနိုင်ခြေကိုတိုးစေပါတယ်။
ဒန့်သလွန်မှာပါတဲ့ အချို့ဓါတ်တွေကမွေးကင်းစ ကလေးငယ်တွေအတွက် မသင့်တော်တာကြောင့် နို့တိုက်မိခင်တွေအနေနဲ့ စားသုံးဖို့မသင့်တော်ပါဘူး။
သွေးကြဲဆေးသောက်သုံးနေရသူတွေအနေနဲ့လည်း ဒန့်သလွန်ရွက်ကိုမစားသင့်ပါဘူး။
ကိုယ်ခံအားဆဲလ်တွေကို အဆိပ်အတောက်ဖြစ်စေနိုင်တာကြောင့် ဒန့်သလွန်စေ့အဆီကို မစားသုံးသင့်ပါဘူး။
ကလေးငယ်တွေ၊ကိုယ်ဝန်ဆောင်တွေနဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့ ဒန့်သလွန်ရွက်ကိုမစားခင်မှာ ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။

အထက်ပါအချက်တွေကိုဖတ်ရှုပြီး ကျန်းမာရေးနဲ့ညီညွတ်စွာသတိပြုစားသုံးနိုင်ကြစေဖို့ရည်ရွယ်ပါတယ်။
crd original uploader

👶🏻ဘေဘီတွေ အိပ်စက်တဲ့အခါ  နူးညံ့ပြီးလေဝင်လေထွက်ကောင်းစေမယ့် ခြုံစောင် အပြင် တစ်မျိုးဝယ်ပြီး အမျိုးမျိုးသော နေရာစုံက အသုံး...
03/12/2025

👶🏻ဘေဘီတွေ အိပ်စက်တဲ့အခါ နူးညံ့ပြီးလေဝင်လေထွက်ကောင်းစေမယ့် ခြုံစောင် အပြင် တစ်မျိုးဝယ်ပြီး အမျိုးမျိုးသော နေရာစုံက အသုံးပြုနိုင်မယ့် အရာလေးတစ်ခုကို ရှာနေလား ???

💁🏼‍♀️ဒါဆိုရင်တော့ Good Shape Cotton Blanket လေးနဲ့ မိတ်ဆက်ပေးပါရစေနော် …. Good Shape Blanket လေးက Cotton puff ( Muslin Cotton ) လေးနဲ့ချုပ်လုပ်ထားပြီး ဘယ်လိုနေရာလေးတွေမှာ အသုံးပြုနိုင်လဲဆိုတော့ ……

👉🏻ဘေဘီတို့ အိပ်စက်တဲ့အခါလေဝင်လေထွက်ကောင်းမွန်စေပြီး
နူးညံ့ အေးမြစေကာ ချွေးထွက်များတဲ့အခါလဲ ချွေးစုပ်စေတာမို့ ဘေဘီတို့ လုံခြုံမှုအပြည့်နဲ့ နှစ်ခြိုက်စွာ အိပ်စက်စေနိုင်ပါတယ်

👉🏻၄၂” ပတ်လည် ချုပ်လုပ်ထားလို့ မွေးစ ဘေဘီလေးတွေအတွက် အနှီးအဖြစ်အသုံးပြုနိုင်သလို ကောင်းမွန်စွာ လိုသလို ထုပ်ပိုးနိုင်ပြီး လေဝင်လေထွက်ကောင်းမွန်မှုကြောင့်
သက်တောင့်သက်သာ အိပ်စက်စေနိုင်ပါတယ်

👉🏻မေမေတို့ အပြင်ထွက်တဲ့အခါ ဘေဘီလေးတွေကို ချီထားရင်း နေရောင်မှ ကာထားနိုင်သလို ၊ နို့တိုက်တဲ့အခါ ပခုံးပေါ်တင်ထားပြီး နို့တိုက်ကာ အဖြစ် အသုံးပြုနိုင်ပါတယ်

👉🏻ဘေဘီတို့ ရေချိုးသန့်စင်ပြီးတဲ့အခါ သဘက်အဖြစ် အသုံးပြုနိုင်သလို အောက်ခံခင်းချင်တဲ့အခါလဲ ရေစုပ်ယူမှုရှိပြီး နူးညံ့တဲ့အတွက် ဘေဘီတို့ရဲ့ သေးခင်းလေးအဖြစ်လဲ အသုံးပြုနိုင်ပါတယ်

👉🏻၁၁” x ၁၂” လက်ကိုင်ပုဝါလေးက ဘေဘီတို့ရဲ့ နှပ်ချေး ၊ သရေလေးများ သုတ်ဖို့အသုံးပြုနိုင်သလို နို့တိုက်လို့ နို့အန်တဲ့အခါလဲ အသုံးပြုနိုင်ပါတယ်

🤍မေမေတို့အတွက် ဘေဘီလေးတွေ နှစ်ခြိုက်စွာ အိပ်စက်စေချင်တယ်… တစ်မျိုးဝယ်ရုံနဲ့ နေရာစုံမှ အသုံးပြုချင်တယ် ဆိုရင် Good Shape Cotton Blanket လေးကတော့ မရှိမဖြစ်ဝယ်ထားသင့်တဲ့ အရာလေးပါပဲနော် 🤍

18,500 MMK per one pair. 🌨️🦋

27/11/2025

Address

Kayan

Telephone

+959429578082

Website

Alerts

Be the first to know and let us send you an email when ရွှေဇင်ယော် ဆေးဆိုင် - Shwe ZinYaw Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရွှေဇင်ယော် ဆေးဆိုင် - Shwe ZinYaw Pharmacy:

Shortcuts

Share