ရွှေကောင်း ဆေးဆိုင်

ရွှေကောင်း ဆေးဆိုင် ပုံမှန်အားဖြင့်၂၄နာရီအတွင်းစာပြန်?

10/07/2026

-နှစ်ဖက်ချွန်အားဆေး သောက်မယ်ဆိုရင် ……….
(ကောင်းကျိုး/ဆိုးကျိုး အစုံအလင်)

မင်္ဂလာပါခင်ဗျာ... ဒေါက်တာရဲ ဖြစ်ပါတယ်။

ဒီနေ့တော့ ကျွန်တော်တို့မြန်မာပြည်မှာ လူကြီးလူငယ်မရွေး တော်တော်လေးရင်းနှီးပြီးသားဖြစ်တဲ့ "နှစ်ဖက်ချွန်" လို့ လူသိများတဲ့ ဆေးအကြောင်းလေး ပြောပြပေးချင်ပါတယ်။

တော်တော်များများက "အားမရှိရင် ဒါလေးဖောက်သောက်လိုက်၊ အားပြည့်တယ်" ဆိုပြီး သောက်လေ့ရှိကြပါတယ်။ တကယ်ရော လူတိုင်းနဲ့ တည့်ရဲ့လား။ ဆက်ဖတ်ကြည့်လိုက်ရအောင်။

🟢 (နှစ်ဖက်ချွန်အားဆေး) ဆိုတာ ဘာလဲ
သူက သာမန်အားဆေးသက်သက် မဟုတ်ပါဘူး။ အဓိကအားဖြင့် သံဓာတ် (Iron) ပါဝင်သလို ကြေးနီဓာတ် (Copper) နဲ့ မန်ဂနိစ် (Manganese) တို့ ပေါင်းစပ်ထားတဲ့ သွေးအားဖြည့်ဆေးရည် တစ်မျိုးဖြစ်ပါတယ်။

🟢 ဘယ်လိုလူတွေ သောက်သင့်လဲ
ဒီဆေးက အောက်ပါအချက်တွေရှိမှ သောက်သင့်တဲ့ ဆေးပါ။

✅ သံဓာတ်ချို့တဲ့လို့ သွေးအားနည်းနေသူများ (Iron Deficiency Anemia): မျက်ခမ်းဖြူဖျော့နေမယ်၊ မောပန်းလွယ်မယ်၊ ဆံပင်ကျွတ်မယ်၊ ရင်တုန်မယ် စတဲ့လက္ခဏာတွေရှိပြီး သွေးစစ်ကြည့်လို့ သွေးအားနည်းနေမယ်(သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းခြင်း) ဆိုရင်သောက်သင့်ပါတယ်။

✅ ကိုယ်ဝန်ဆောင်မိခင်များ: ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်လိုအပ်ချက်များလာလို့ ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်နိုင်ပါတယ်။

✅ ခွဲစိတ်ကုသမှု ခံယူထားသူများ: ခွဲစိတ်မှုကြောင့် သွေးဆုံးရှုံးမှုများထားသူတွေ ပြန်လည်သောက်သုံးသင့်ပါတယ်။

🔴 ဘယ်သူတွေ လုံးဝ (လုံးဝ) မသောက်သင့်ဘူးလဲ
ဒါက အရေးအကြီးဆုံးအချက်ပါပဲ။

❌ Thalassemia (သာလာဆီးမီးယား) လို့ခေါ်တဲ့ မွေးရာပါ သွေးအားနည်းရောဂါ) ရှိသူများ:
ဒီရောဂါရှိသူတွေက ခန္ဓာကိုယ်ထဲမှာ သံဓာတ်တွေ ပုံမှန်ထက် ပိုများနေတတ်ပါတယ်။ ထပ်သောက်လိုက်ရင် သံဓာတ်အဆိပ်သင့်ပြီး အသည်းနဲ့ နှလုံးကို ထိခိုက်စေနိုင်လို့ လုံးဝမသောက်ရပါဘူး။

❌ သံဓာတ် ပုံမှန်ရှိနေသူများ: ဘာရောဂါမှမရှိဘဲ အားဆေးသဘောမျိုးနဲ့ ရေရှည်စွဲသောက်ရင် သံဓာတ်ပိုလျှံပြီး ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ပါတယ်။

⚠️ သောက်သုံးခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးများ

* ကောင်းကျိုး: သံဓာတ်ချို့တဲ့သူတွေအတွက် သွေးအားအမြန်တက်စေတယ်။ အရည်ပုံစံဖြစ်လို့ စုပ်ယူမှုအားကောင်းတယ်။

* ဆိုးကျိုး (ဘေးထွက်လက္ခဏာများ):
* ဝမ်းအရောင် မည်းသွားတတ်ပါတယ် (ဒါက ပုံမှန်ပါပဲ၊ မလန့်ပါနဲ့)။
* သွားအရောင် ညိုမည်းတတ်ပါတယ် (ဒါကြောင့် ပိုက် (Straw) လေးနဲ့ စုပ်သောက်တာ ပိုကောင်းပါတယ်)။
* တချို့လူတွေမှာ ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ ဝမ်းချုပ်တာ သို့မဟုတ် ဝမ်းလျှောတာမျိုး ဖြစ်တတ်ပါတယ်။

💡 အကြံပြုချက်
နှစ်ဖက်ချွန်ဆေး သောက်မယ်ဆိုရင် အစာမစားခင် (သို့) အစာစားပြီး ၂ နာရီလောက်ခြားပြီး သောက်တာ အကောင်းဆုံးပါ။ Vitamin C ပါတဲ့ သံပုရာရည်၊ လိမ္မော်ရည်တို့နဲ့ တွဲသောက်ရင် သံဓာတ်စုပ်ယူမှု ပိုကောင်းစေပါတယ်။ (ကော်ဖီ၊ လက်ဖက်ရည်နဲ့တော့ တွဲမသောက်ရပါဘူးနော်)။

ကိုယ့်မှာ သွေးအားနည်းတာက သံဓာတ်လိုလို့လား၊ တခြားအကြောင်းအရင်းကြောင့်လားဆိုတာ သေချာစစ်ဆေးပြီးမှ သောက်သုံးကြဖို့ မေတ္တာရပ်ခံပါရစေခင်ဗျာ။

ဒီလောက်ဆိုရင်တော့ နှစ်ဖက်ချွန်အားဆေးအကြောင်း သိသွားလောက်ပြီထင်ပါတယ်။

နောက်ထပ် ဘယ်လိုအကြောင်းအရာတွေကို သိချင်သလဲဆိုတာ comment မှာ မေးထားခဲ့လို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတတွေ နေ့စဉ်ဖတ်ရှုဖို့ Dr. Ye Page ကို See First လုပ်ထားဖို့ မမေ့နဲ့နော်။

အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ ။

#ကျန်းမာရေးဗဟုသုတ #သွေးအားနည်းရောဂါ

10/07/2026

နာမည်ကြီးနေတဲ့ "တချက်ထိုး ပိန်ဆေး (Tirzepatide)" အကြောင်း 💉

မင်္ဂလာပါခင်ဗျာ…. ဒေါက်တာရဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ အွန်လိုင်းမှာရော၊ အပြင်မှာပါ အရမ်းနာမည်ကြီးနေတဲ့ "တချက်ထိုးရုံနဲ့ ဝိတ်ကျတဲ့ဆေး"၊ Mounjaro ဆိုပြီး လူသိများတဲ့ "တချက်ထိုးပိန်ဆေး" အကြောင်းကို ခဏခဏ လာမေးနေကြလို့ လိုတိုရှင်း ရှင်းပြပေးပါမယ်။

ဒီဆေးရဲ့ ဆေးပညာနာမည်ရင်းကတော့ "Tirzepatide (တာဇက်ပတိုက်)" လို့ ခေါ်ပါတယ်။ မူလက ဆီးချိုအမျိုးအစား (၂) ရောဂါကို ကုသဖို့အတွက် ထုတ်လုပ်ထားတာဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ အဝလွန်တဲ့သူတွေ ဝိတ်ချတဲ့နေရာမှာ (FDA) အသိအမှတ်ပြု ခွင့်ပြုချက်ရလာတဲ့ ဆေးတစ်မျိုးပါ။

ဆေးပညာသုတေသနတွေအရ ဒီဆေးဟာ လက်ရှိပေါ်သမျှ ဝိတ်ကျဆေးတွေထဲမှာ အစွမ်းအထက်ဆုံးလို့ ပြောလို့ရပါတယ်။ ဆီးချိုကိုလည်း ကောင်းကောင်းထိန်းပေးသလို၊ လူနာအများစုဟာ လအနည်းငယ်အတွင်းမှာတင် ခန္ဓာကိုယ်အလေးချိန်ရဲ့ ၁၅% ကနေ ၂၀% အထိ (ပေါင် ၂၀၊ ၃၀ အထိ) ကျသွားနိုင်ပါတယ်။

✅ သူက ဘယ်လို အလုပ်လုပ်ပြီး ဝိတ်ကျစေတာလဲ?
ဒီဆေးဟာ ကျွန်တော်တို့ အစာစားလိုက်တဲ့အခါ အူလမ်းကြောင်းကနေ ထွက်လာတဲ့ GLP-1 နဲ့ GIP ဆိုတဲ့ အူလမ်းကြောင်းဟော်မုန်း နှစ်မျိုးစလုံးကို တုပပြီး အလုပ်လုပ်ပါတယ်။

- အစာအိမ်ထဲက အစားအစာတွေ ရွေ့လျားတာကို နှေးစေတဲ့အတွက် နည်းနည်းစားရုံနဲ့ အကြာကြီး ဗိုက်ပြည့်နေစေပါတယ်။

- ဦးနှောက်ကို "ငါ ဗိုက်ဝနေပြီ၊ ထပ်မစားနဲ့တော့" လို့ အချက်ပြလို့ အစားစားချင်စိတ် (Cravings) ကို သိသိသာသာ လျော့ကျစေပါတယ်။ ဒါကြောင့် ဝိတ်ကတော့ တကယ်ကို သိသိသာသာ ကျပါတယ်။

✅ အကျိုးကျေးဇူးများ
* အဝလွန်နေသူတွေနဲ့ ဆီးချိုအမျိုးအစား (၂)ရောဂါ ရှိသူတွေအတွက် ကိုယ်အလေးချိန်ကို သိသိသာသာ ကျဆင်းစေပြီး ဆီးချိုကို အကောင်းဆုံး ထိန်းပေးနိုင်လို့ တကယ်ကို ကောင်းတဲ့ဆေး ဖြစ်ပါတယ်။

* ဝိတ်ကျစေတဲ့အတွက် အဝလွန်ခြင်းကြောင့် ဖြစ်လာမယ့် ရောဂါတွေကို ကြိုတင် ကာကွယ်ပေးနိုင်တဲ့အတွက်လည်း အကောင်းဆုံး ဝိတ်ကျဆေးတမျိုး ဖြစ်ပါတယ်။

* ဒါပေမယ့် အလှအပအတွက် သီးသန့်သုံးရမယ့်ဆေး မဟုတ်ပါဘူး။

🛑 သိထားရမယ့် ဆိုးကျိုးတွေက ဘာတွေလဲ?
ဝိတ်ကျစေတယ် ဆိုပေမယ့် အလွယ်တကူ ကိုယ့်သဘောနဲ့ကိုယ် ဝယ်ထိုးရမယ့် ဆေးမဟုတ်ပါဘူး။
ကောင်းကျိုးရှိသလို ဘေးထွက်ဆိုးကျိုးတွေကိုလည်း မဖြစ်မနေ သိထားရပါမယ်။

* အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာ: အဖြစ်အများဆုံးကတော့ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း နဲ့ ဝမ်းချုပ်ခြင်းတွေ ဖြစ်တတ်ပါတယ်။

* ကြွက်သားတွေပါ ဆုံးရှုံးနိုင်ခြင်း: အစားသိပ်မစားနိုင်တဲ့အတွက် ဝိတ်ကျသွားတဲ့အခါ အဆီတွေသာမက ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ကြွက်သားတွေပါ အရည်ပျော်သွားတတ်ပါတယ်။ ဒါကြောင့် မျက်နှာချောင်ကျပြီး အိုစာသွားတာမျိုး၊ လူက နုံးခွေနေတာမျိုး ဖြစ်တတ်ပါတယ်။ Ozempic face ဆိုပြီး ခေါ်ကြပါတယ်။

* ဒါကြောင့် ဒီဆေးထိုးရင် အသားဓာတ် (Protein) အလုံအလောက်စားပြီး အလေးမတာလိုမျိုး လေ့ကျင့်ခန်းတွေပါ တွဲလုပ်ပေးရပါမယ်။ မလုပ်ရင် လူကပိန်ပြီး အရေပြားတွေ တွဲကျနေတဲ့အပြင် ကိုယ်ခံအားပါ ကျသွားပါလိမ့်မယ်။

* ဆေးရပ်ရင် ဝိတ်ပြန်တက်ခြင်း (Rebound): ဆေးရပ်လိုက်တာနဲ့ အစားစားချင်စိတ်က ပြန်ဖြစ်လာတဲ့အတွက် အစားအသောက် မထိန်းနိုင်ရင် ဝိတ်က အရင်ထက် ပိုတက်လာတတ်ပါတယ်။ ဒါကြောင့် ဆေးရပ်လိုက်ပြီးတဲ့နောက်မှာလည်း စားသောက်တဲ့ပုံစံနဲ့ လေ့ကျင့်ခန်းကို သေချာလေး ဆက်ထိန်းသွားဖို့ လိုပါတယ်။

* အခြားအန္တရာယ်များ: အလွန်ရှားပါးပေမယ့် မုန့်ချိုအိတ် (Pancreas) ပန်ကရိယ ရောင်ရမ်းတာ၊ သည်းခြေကျောက်တည်တာ နဲ့ သိုင်းရွိုက်ကင်ဆာ (မိမိရဲ့ မျိုးရိုးထဲမှာ သိုင်းရွိုက်ကင်ဆာ ဖြစ်ဖူးသူရှိမယ်ဆိုရင်) ဖြစ်နိုင်ခြေ ရှိပါတယ်။

💡အကြံပြုချက်
ဒီဆေးဟာ တကယ်ကို အဝလွန်နေတဲ့သူတွေ (BMI အလွန်များသူတွေ)၊ အဝလွန်ပြီး ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ ရှိနေသူတွေအတွက် ဆရာဝန်ကိုယ်တိုင် လိုအပ်တဲ့ ပမာဏကို တွက်ချက်ပြီး သေချာစောင့်ကြည့် ကုသရမယ့် "ဆေးဝါး" ဖြစ်ပါတယ်။

လှချင်ရုံသက်သက်နဲ့ အွန်လိုင်းကနေ ကိုယ့်သဘောနဲ့ကိုယ် ဝယ်ထိုးတာမျိုး လုံးဝ (လုံးဝ) မလုပ်ရပါဘူး။
မုန့်ချိုအိတ်ရောင်ရမ်းတာ၊ သိုင်းရွိုက်ကင်ဆာ အန္တရာယ်တွေအထိ ရှိနိုင်လို့ပါ။

( ဒီဆေးတွေကို အွန်လိုင်းမှာ ကစားစရာရောင်းသလို အလွယ်တကူ ရောင်းဝယ်နေကြတာ တွေ့နေရလို့ပါ။ )

အစားအသောက်ပုံစံ ပြင်ဆင်မှုနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းကသာ ရေရှည်တည်တံ့တဲ့ အကောင်းဆုံး ပိန်ဆေးဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ တချက်ထိုးပိန်ဆေးဆိုပြီး နာမည်ကြီးနေတဲ့ ဆေးအကြောင်းကို သိသွားလောက်ပြီ ထင်ပါတယ်။

အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ ။

#ဒေါက်တာရဲ
#ပိန်ဆေး #ဝိတ်ချခြင်း #ကျန်းမာရေးဗဟုသုတ

သိထားသင့်တဲ့အရာလေးတွေပါ
14/06/2026

သိထားသင့်တဲ့အရာလေးတွေပါ

#မျက်နှာတစ်ခြမ်းရွဲ့သွားတယ်
#ရွဲ့သွားတဲ့တဲ့ဘက်ရဲ့ဟိုဘက်မျက်လုံးကပိတ်လို့မရဘူး
#သွားရည်တွေလည်းကျတယ်

လေဖြတ်ပြီနဲ့တူပါတယ်


#မျက်နှာတစ်ခြမ်းရွဲ့သွားခြင်း

ပထမဆုံးပြောချင်တာက
- လျှာလေးမသွားဘူး
- ချာချာလည်အောင်မူးမနေဘူး
- အစာကောင်းကောင်းမျိုချလို့ရတယ်
- ခြေ၊လက် (ကိုယ်တစ်ခြမ်း)ကောင်းကောင်းလှုပ်ရှားနိုင်တယ်
- ခြေ၊လက် (ကိုယ်တစ်ခြမ်း) ထုံကျဉ်မနေဘူး
- လမ်းကောင်းကောင်းလျှောက်နိုင်တယ် (အရက်သမားလျှောက်သလို ဒယိုင်းဒရိုင်ဖြစ်မနေဘူး)

#မျက်နှာတစ်ခြမ်းရွဲ့သွားတာ ပဲက လေဖြတ်တာ မဟုတ်ပါဘူး
လို့ခေါ်တဲ့ အာရုံကြောပြဿနာ ဖြစ်တာပါ။

အချိန်အတိုင်းအတာတစ်ခု ယူပြီး ဆေးကုတယ်၊ လေ့ကျင့်ခန်းလုပ်တယ် ဆိုရင် ပြန်ကောင်းပါတယ်

👉👉👉
ကျွန်တော်တို့ ဦးနှောက်ရဲ့အနောက်ပိုင်း ဦးနှောက်အညှာက နေ အာရုံကြော စုစုပေါင်း (၁၂) စုံ (ဘယ်တစ်ခု၊ညာတစ်ခု) ထွက်ပါတယ်။

- အနံခံတဲ့အာရုံကြော (Olfactory Nerve) CN-I
- အမြင်အာရုံကြော (Optic Nerve) CN-II
- မျက်လုံးကြွက်သားတွေကိုထိန်းတဲ့အာရုံကြော (CN-III,IV,VI)
- အစားစားတဲ့ကြွက်သားတွေကိုထိန်းတဲ့အာရုံကြော(CN-V)
- မျက်နှာက ကြွက်သားတွေကိုထိန်းတဲ့အာရုံကြော (Facial Nerve) CN-VII

အစရှိသဖြင့် ရှိကြပါတယ်။

CN-VII Cranial Nerve VII (Facial Nerve) မျက်နှာက ကြွက်သားတွေကိုထိန်းတဲ့အာရုံကြော ဟာ

- နဖူးတွန့်ခြင်း
- မျက်လုံးအတင်းမှိတ်ခြင်း
- ပါးဖောင်းခြင်း
- ပြုံးရယ်ခြင်း
- နှုတ်ခမ်းစူခြင်း စသည်တို့ကို လုပ်ပေးပါတယ်။

အဲ့ဒီအာရုံကြောဟာ ဦးနှောက်အညှာကနေထွက်လာပြီး ၊ နားအတွင်းဘက်ကိုဖြတ်၊ ခေါင်းရိုးထဲကနေထွက်လာပြီး ပါးချိတ်တံထွေးအိတ်နားကဖြတ်ကာ မျက်နှာကြွက်သားတွေကို ထိန်းချုပ်ပါတယ်။

တကယ်လေဖြတ်တဲ့အခါ ဦးနှောက်တစ်ခြမ်းထိတဲ့ အတွက် Facial Nerve ကို #ထိန်းချုပ်တဲ့နေရာပါသွားတဲ့ အတွက် လေဖြတ်တဲ့လူတွေမှာလည်း မျက်နှာတစ်ခြမ်းရွဲ့ပါတယ်။

လေဖြတ်တဲ့လူတွေမှာ မျက်နှာတစ်ခြမ်းရွဲ့ရတာ အာရုံကြောပြဿနာမဟုတ်ပါဘူး 👉 အာရုံကြောကို
ထိန်းချုပ်တဲ့နေရာပျက်တာ ဖြစ်ပါတယ်။

👉👉👉
အခု ကျွန်တော်ပြောနေတာက

Facial Nerve မျက်နှာက ကြွက်သားတွေကိုထိန်းတဲ့အာရုံကြော ပြဿနာပါ။

- နားထဲမှာပြည်တည်နာဖြစ်လို့ဖြစ်ဖြစ်
- နားထဲမှာ ရေယုန်ပေါက်လို့ဖြစ်ဖြစ်
- ပါးချိတ်ရောင်/ပါးချိတ်တံထွေးအိတ်အကျိတ်ပေါက်လို့ဖြစ်ဖြစ်
- အအေးမိလို့ဖြစ်ဖြစ်

အာရုံကြောဒဏ်ဖြစ်ပြီး ရောင်သွားတဲ့ အခါ။

အာရုံကြောက ထိန်းချုပ်ထားတဲ့ ကြွက်သားတွေ အလုပ်မလုပ်တော့တာပါ။

👉 ဖြစ်တဲ့ မျက်နှာဘက်အခြမ်းက နှာဖူးတွန့်လို့မရတော့ပါဘူး
👉 ဖြစ်တဲ့ မျက်နှာဘက်အခြမ်းက မျက်လုံးက အဆုံးထိပိတ်လို့မရတော့ပါဘူး
👉 နှုတ်ခမ်းကိုလည်း လုံအောင်မပိတ်နိုင်တဲ့အတွက် ပါးဖောင်းလို့မရတော့ပါဘူး၊ လေချွန်လို့မရတော့ပါဘူး
👉 ပါးရွဲ့သွားတယ်ဆိုပြီး ကျွန်တော်တို့ရွှေမြန်မာတွေ ရွဲ့နေတဲ့မျက်နှာကို သံပရာသီးနဲ့ပွတ်ကြပါတယ်
😅 ဒီနေရာမှာ အရေးကြီးတာက ဘက်မှားပွတ်ကြတာပါ။
သံပရာသီးနဲ့ပွတ်လို့ကောင်းမယ်ဆိုရင်တောင် ဘက်မှားပြီးပွတ်နေကြပါတယ်။

ဘာမှားလည်း ပြောပြပါမယ်။ သေသေချာချာဖတ်ပေးကြပါ။

ဥပမာ။ ။ မျက်နှာရဲ့ ညာဘက် က အာရုံကြောမကောင်းတဲ့အခါ။

မျက်နှာညာဘက် အခြမ်းက ကြွက်သားတွေ မကောင်းတော့ပါဘူး
- ညာဘက်မျက်လုံးပိတ်မရဘူးပေါ့
- ပါးဖောင်းလို့မရဘူး

ဒါပေမယ့် ပါးရွဲ့တာကျတော့ ဘယ်ဘက်ရွဲ့သွားပါတယ်၊ အဲ့တော့ သံပရာသီးနဲ့ ဘယ်ဘက်ပါးကိုလှိမ့်ကြပါရောလေ။ (အဲ့မှာလွဲတာ)

ပါးကကြွက်သားတွေက ပါးစပ်ကို ဘယ်/ညာက ဆွဲထားကြတယ်လေ။
အဲ့တော့ရယ်ပြတဲ့အခါ ဘယ်ဘက်ကကြွက်သားရော
ညာဘက်ကကြွက်သားရော ပြိုင်တူအလုပ်လုပ်တဲ့အတွက် နှုတ်ခမ်းဒေါင့်က နှစ်ဖက်လုံးဆီတက်သွားတယ်လေ (ဟုတ်တယ်မလား)
အခုကျတော့
မျက်နှာညာဘက် အခြမ်းက ကြွက်သားတွေ မကောင်း ပေမယ့်
မျက်နှာဘယ်ဘက် အခြမ်းက ကြွက်သားတွေက ကောင်းတယ်လေ၊
ကောင်းတဲ့အခြမ်းဘယ်ဘက်က ကြွက်သားတွေက ဆွဲပေမယ့် မကောင်းတဲ့အခြမ်းညာဘက်က ကြွက်သားတွေက မဆွဲနိုင်တော့ ပါးကြီးကရွဲ့သွားရော

🤷‍♂️ ဘယ်ဘက်ကို ရွဲ့မလဲ ကြွက်သားတွေကောင်းလို့ဆွဲတဲ့ဘက်အခြမ်း ဘယ်ဘက်ကိုရွဲ့သွားမှာနော်။

သိကြပြီနော် 😅 ဘက်မှားပြီး သံပရာသီးနဲ့ကောင်းတဲ့ဘက်ပွတ်မနေကြနဲ့ဦး။

#အာရုံကြောရောင်သွားတာဖြစ်တဲ့အတွက်
1. အရောင်ကျဆေးတွေပေးရပါတယ်
2. အာရုံကြောအားဆေးတွေပေးရပါတယ်
3. ကြွက်သားတွေပြန်သန်လာအောင်လေ့ကျင့်ခန်း လုပ်ပေးရပါတယ်
4. ဖြစ်စေတဲ့အကြောင်းရင်းရှိရင်ကုရပါတယ် (ဥပမာ - ရေယုန်ကြောင့်ဖြစ်ရင် Anti-Viral ပေးရပါတယ်)

အရေးကြီးတာထပ်ပြောချင်ပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ ကျန်းမာရေးအသိပညာနည်းကြသလို၊ လူလိမ်အရမ်းများပါတယ်။

ဒီရောဂါဖြစ်တဲ့အခါ အကြောပြင်ဆရာ ဘလာ ဘလာ ဆိုတာတွေနဲ့ပြကြပါတယ်။ တစ်ပတ် ဆယ်ရက်လောက်ပြပြီး မသက်သာမှ ကျွန်တော်တို့ဆီရောက်လေ့ရှိပါတယ်။

😰😰😰

စိတ်ညစ်ရပါတယ်။

အပေါ်မှာ ပြောထားတဲ့ အာရုံကြောအရောင်ကျတဲ့ဆေး၊ Anti-viral drugs တွေဟာ ဖြစ်ဖြစ်ချင်းပေးမှ အကျိုးရှိပါတယ်။ အချိန်ကြာသွားရင် အသုံးမဝင်တော့ပါဘူး။

ဆယ်ရက်လောက်ကြာတဲ့အခါ ရောင်နေတဲ့အာရုံကြောက အရောင်လွန်ပြီးပျက်စီးသွားပါပြီ။
👉 ရောဂါကြီး မဟုတ်ပဲ တစ်လ နှစ်လ လောက်နဲ့ပြန်ကောင်းနိုင်တဲ့ရောဂါကို

လပေါင်းများကြာအောင် တစ်ခါတလေ၊ နှစ်ချီပြီး ခံစားရအောင် အချိန်မဆွဲကြပါနဲ့။

တကယ်တတ်ကျွမ်းတဲ့ ကျန်းမာရေးပညာရှင်များနဲ့ပြသပြီး ကုသမှုခံယူကြပါ။

အပ်နဲ့ထွင်းရမှာကို ပေါက်စိန်နဲ့ မပေါက်ရလေအောင်
ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ


Dr. ဘုန်းစည်သူလွင်
(Photo credit; Mayoclinic)

03/01/2026

Address

Kyaukpadaung

Telephone

+959794733857

Website

Alerts

Be the first to know and let us send you an email when ရွှေကောင်း ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share