08/12/2021
"အဖြူ"
Credit to Mu Co
သားအမိနှစ်ယောက် ဆေးခန်းထဲ ဝင်လာတယ်။ အမေက စပြောတာ။ "သမီးကလေ အဖြူတွေဆင်းနေလို့၊ ကြာလာတော့...သူ ခေါင်းတွေလည်းမူး၊ အားတွေလည်းကုန်နေပီ"။ အဲ့ဒီမှာ ရပ်မယ်ထင်လား။ သင်က မြန်မာဆရာဝန်ဆိုရင် ဒီလောက်ကံမကောင်းနိုင်ဘူး။ သူဆက်ပြောပါလိမ့်မယ်။ " အဲ့ဒါ၊ အားဆေးထိုးမလို့ ရမလားဆရာ"။
ကျွန်တော်တို့ လူမျိုးတွေက ကျိုးကြောင်းဆက်စပ်တွေးခေါ်တာ သိပ်နည်းပါတယ်။ သူတို့ ဘာမှ သိပ်မသိတာက ပြဿနာမဟုတ်ဘူး။ သိနားလည်သူဆီမှာ နာယူနိုင်စွမ်းနည်းတာက ခက်နေတာပဲ။ သူတို့ဘာသာပဲ ပြောချင်ရာပြော၊ သူတို့ဘာသာ ကောက်ချက်ချ၊ သူတို့လိုချင်တဲ့ ကုထုံးတောင် သတ်မှတ်လိုက်ပါသေးတယ်။ အတော်တော့ စိတ်ဝင်စားဖို့ကောင်းသား။ " "ကောင်းပါပီ အမရေ၊ ဒါနဲ့ အဖြူဆင်းတယ်ဆိုတာ ဘာတွေများလည်း၊ ဘာကြောင့် အဖြူဆင်းရင် အားကုန်သလဲ" လို့ပြန်မေးကြည့်ရတယ်။ အမေက " အဖြူဆိုတာ သွေးဖြူဥတွေလေ၊ ဒါကြောင့်အားကုန်တာပေါ့လို့ ဖြေရှာပါတယ်"။ အော်။ လူတယောက်လောက်ကိုပဲဖြစ်ဖြစ် ရှင်းပြဖို့ သက်သာလို သက်သာငြား ကြိုးစားဦးမှပါပဲ။
အရွယ်ရှိ အမျိုးသမီးတွေရဲ့ ယောနိဟာ ခြောက်သွေ့မနေပါဘူး။ စိုစွတ်တယ်ဆိုကတည်းက အရည်တမျိုးရှိလို့ပေါ့။ အရည်ဟာ ရေလို အရောင်မရှိတာကနေ အဖြူရောင်အထိ ရှိနေမယ်။ ရေလိုကျဲနိုင်သလို၊ ကြက်ဥ အကာလို ပြစ်နိုင်တယ်။ ရာသီပေါ်ပီးစ ရက်အနည်းငယ်ကလွဲရင် အဖြူဆင်းတာ ပုံမှန်သဘာဝပါ။ သွေးဖြူဥတွေ လုံးဝ မဟုတ်ရဘူး။
ဒါဆို အဖြူဆင်းနေတာ ရောဂါ မဖြစ်နိင်ဘူးလား။ အောက်ပါအချက်သုံးချက်ထဲမှာ တချက်ရှိရင် ရောဂါဖြစ်နိုင်ပါတယ်။
၁။ ယားယံခြင်း။
၂။ အနံ့ဆိုးခြင်း သို့မဟုတ် ညှီခြင်း။
၃။ စိတ်အနှောက်အယှက် ဖြစ်လောက်အောင် ပမာဏ များပြားခြင်း။
အကြောင်းရင်း သေချာရှာဖို့ လိုလာပါမယ်။ အများစုက ကုသရ လွယ်ကူတဲ့ ရောဂါများပါ။ ပြသနာဟာ ယောနိမှာပဲ ရှိပီး၊ အားကုန်ဖြူဖျော့ဖို့၊ အားဆေးထိုးဖို့နဲ့ ဘယ်လိုမှ စက်ဆပ်မှုမရှိတာပါ။ ရောဂါ တမျိုးခြင်းနဲ့ ပတ်သက်ပီး အလျဉ်းသင့်သလို ဖော်ပြပေးပါမယ်။
ကျန်းမာတဲ့ မိန်းကလေးများ ကိုယ့်ကိုယ်ကိုယ် တစုံတခု မှားယွင်းနေပီလို့ မလိုအပ်ပဲ ပူပန်ကြောင့်ကြရခြင်းများမှ ကင်းဝေးနိုင်ကြပါစေ။