26/06/2024
အဂတိလေးပါးနှင့်
လူတိုင်း ထိန်းသိမ်းရမယ့် လူ့အရည်အချင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဂတိဆိုတာ .....
ဓမ္မလမ်းကြောင်း တိမ်းစောင်းသွားပြီးတော့
မလိုက်သင့်တဲ့ဘက်ကို လိုက်သွားတာ။
မလုပ်သင့်တာကို လုပ်တာ၊
ဒါကို အဂတိလို့ခေါ်တယ်။
အဲဒီအဂတိဟာ .....
ဘာကြောင့် လိုက်သလဲလို့ ဆိုရင်
#ဆန္ဒာဂတိ - ကိုယ့်အမျိုးမို့၊ ကိုယ့်မိတ်ဆွေမို့၊
ကိုယ့်ကို ထောက်ပံ့ ကူညီတဲ့ ပုဂ္ဂိုလ်မို့၊
ကိုယ့်ကို လာဘ်ထိုးထားလို့၊ ပိုက်ဆံပေးထားလို့ ဆန္ဒ၊
သူ့အပေါ်မှာ favor ပေးတာ။
ချစ်ခင်ခြင်းကြောင့် တရားလမ်းကြောင်း
တိမ်းစောင်းသွားတယ်၊ ဆန္ဒာဂတိ။
#ဒေါသာဂတိ - ဒီလူကတော့ တစ်ချိန်တုန်းက
ငါ့အပေါ် ဘယ်လိုလုပ်တာ၊ စော်ကားတယ်
သို့မဟုတ် ဒီလူ့ကို မုန်းတယ်၊
မုန်းသည့်အတွက်ကြောင့် ပြစ်မှုဟာ
ဒီလောက်မကြီးပေမဲ့ ကြီးအောင် လုပ်တယ်။
အဲဒါ ဒေါသာဂတိ။
အမုန်းတရားကို အခြေခံပြီးတော့
ဆုံးဖြတ်လို့ရှိရင် ဒေါသာဂတိ။
နောက်တစ်ခုကျတော့ #မောဟာဂတိ၊
တရားဥပဒေတို့၊ တကယ့်ပြစ်မှုတွေတို့
သေသေချာချာ လေ့လာ စုံစမ်းခြင်း မပြု ဘဲနဲ့
အမှန်အမှား ခွဲခြားပြီးတော့ သေချာသိအောင်
မကြိုးစားဘဲနဲ့ ဆုံးဖြတ်လိုက်ပြီဆိုရင် မောဟာဂတိ၊ ဥပဒေလမ်းကြောင်း မသိဘဲနဲ့ ဆုံးဖြတ်လိုက်တယ်
မောဟာဂတိ။
#ဘယာဂတိ -; ဒီလူက ရာထူးအာဏာရှိတယ်
သို့မဟုတ် ဒီလူက ငါ့ကို ဒုက္ခပေးလိမ့်မယ်။
ကြောက်ရတယ်၊ သူ့ကို သက်သက်ညှာညှာ
ဆုံးဖြတ်မှ ဖြစ်လိမ့်မယ်။ သို့မဟုတ် သူ့ကိုကတော့
ဒီလူတော့ နိုင်တုန်း ဖိမှ ဖြစ်မယ်။
ဒီလူက ကြောက်ရတယ်၊ အပြင်ထားလို့ မဖြစ်ဘူး။
အတွင်းပို့ရမယ်။ အဲဒီလို ကြောက်လို့ဆုံးဖြတ်တာမျိုးတွေကျတော့ ဘယာဂတိ လို့ခေါ်တယ်။
အဲဒီလို အဂတိလေးပါး လိုက်စားပြီးတော့
တရားလမ်းကြောင်းက သွေဖီပြီး
ဆုံးဖြတ်မယ်ဆိုရင် တရားသူကြီး မဟုတ်ဘူးတဲ့။
အဲဒီတော့ ဓမ္မလမ်းကြောင်းအတိုင်း ဓမ္မနဲ့အညီ၊
ဥပဒေရှိတဲ့အတိုင်း တရားဥပဒေနဲ့ အညီ၊
ပြစ်မှုနဲ့ လိုက်လျောညီထွေပြီးတော့
ဆုံးဖြတ်ပေးရမယ်တဲ့။
လူတိုင်း လူတိုင်းဟာ
လိုက်နာကျင့်သုံးရမယ့်ကိစ္စတွေ ရှိတယ်။
ကိုယ့်အရည်အချင်းတွေ မပျက်ပြားဖို့
ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်တယ်။
ကိုယ့်ရဲ့စိတ်နေသဘောထားတွေ မှန်ကန်နေဖို့
ကြိုးစားအားထုတ်သင့်တယ်။
လူ့ရဲ့အရည်အချင်းတွေဆိုတာ ဘာတွေလဲ။
သူများအပေါ် မေတ္တာ ထားတယ်၊
ကိုယ့်ထက် နိမ့်ကျရင် ကရုဏာထားတယ်၊
ကိုယ့်ထက်သာလို့ ရှိရင် ဝမ်းသာနိုင်ရမယ်။
အပြစ်အနာအဆာနဲ့ ပတ်သက်လာလို့ရှိရင်
လျစ်လျူ ရှုနိုင်ရမယ်။ကိုယ်က ကျေးဇူးပြုထားပြီး
သူများဆီက ပြန်ပြီးတော့ တုန့်ပြန်ခံချင်တာမျိုး
မရှိဘဲနဲ့ ကိုယ်ကျေးဇူးပြုတာ မေတ္တာနဲ့ကျေးဇူးပြုတဲ့
အပေါ်မှာ ကိုယ့်ရဲ့ကျေးဇူးပြု မှုကို
တုံ့ပြန်လာတာကို မမျှော်လင့်တဲ့
ဥပေက္ခာ ဆိုတာ ရှိရမယ်။
ဒါက တကယ့် ကိုယ့် အရည်အချင်းတွေ
ထိန်းသိမ်းတာ။
လူတိုင်း လူတိုင်းဟာ လူ့ရဲ့ အရည်အချင်းတွေကို
ထိန်းသိမ်းစောင့်ရှောက် သင့်တယ်။
ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ