30/12/2021
ဆောင်းတွင်းမှာတော်တော်များများ ဖြစ်လေ့ဖြစ်ထရှိတဲ့ နှာရည်ယို၊နှာပိတ်ခြင်းအကြောင်းကို ကူးယူမျှဝေပေးလိုက်ပါတယ်။
"နှာရည်ယို၊ နှာပိတ်ခြင်း - ဒေါက်တာစိမ့်"
ရာသီဥတုအေးတဲ့အခါဖြစ်စေ၊ ရာသီအကူးအပြောင်းမှာဖြစ်စေ၊ Covid19 အပါအဝင် တုပ်ကွေးမိတဲ့အခါဖြစ်စေ နှာပိတ်တဲ့ပြဿနာဟာ လူတိုင်းလိုလို ကြုံတွေ့နေရပါတယ်။ နှာပိတ်တာဟာ နှာခေါင်းတွင်းက တစ်ရှူးနဲ့ သွေးကြောတွေက အရည်တွေနဲ့ဖောင်းလာပြီး ပိတ်ဆို့လာတာပဲ ဖြစ်ပါတယ်။ နှာပိတ်တာဟာ တချို့တွေမှာလည်း နှာစေးတာ၊ နှာရည်ယိုတာနဲ့တွဲလေ့ရှိတယ်။ တချို့လည်း မဖြစ်ပါဘူး။ နှာပိတ်တာဟာ အသက်ရှူရခက်ခဲစေတဲ့အတွက် စိတ်အနှောင့်ယှက်ဖြစ်ရပါတယ်။ အထူးသဖြင့် အိပ်နေတုန်း အသက်ရှူပိတ်တဲ့အတွက် လန့်နိုးရတာဟာ ပိုဆိုးပါတယ်။ ကလေးငယ်လေးတွေမှာဆိုရင် အစာကျွေးရခက်ခဲနိုင်ပါတယ်။
🤔 ဘာကြောင့် ဖြစ်ရတာလဲ ❓❓
နှာခေါင်းတွင်းတစ်ရှူးတွေကို ရောင်ရမ်းစေတဲ့၊ သွားဆွစေတဲ့အရာတွေကြောင့် နှာပိတ်နိုင်ပါတယ်။ အအေးမိတာ၊ တုပ်ကွေး၊ ဦးခေါင်းခွံအခန်းငယ်လေးတွေ ရောင်ရမ်းတာ၊ အလက်ဂျစ်ဖြစ်တာတွေကြောင့် နှာရည်ယို၊ နှာပိတ်စေပါတယ်။ တခါတလေလည်း ဆေးရွက်ကြီးအငွေ့တွေ၊ ကားမီးခိုးတွေ ရှူရှိုက်မိတာကြောင့် ဖြစ်တတ်ပါတယ်။ ဒါကို non-allergic rhinitis or vasomotor rhinitis လို့ ခေါ်ပါတယ်။ ရှားရှားပါးပါး အလုံးအကျိတ်တွေကြောင့် နှာပိတ်တာလည်း ရှိပါတယ်။
ဖြစ်နိုင်ခြေရှိတဲ့အကြောင်းတွေကတော့ -
အရိုးခေါင်းပွတွေရောင်ရမ်းတာ၊ အရက်၊ ဓာတ်မတည့်တာ၊ အအေးမိတာ၊ နှာပွင့်ဆေးတွေ အလွန်အကျွံသုံးတာ၊ နှာနုရိုးစောင်းတာ၊ လေအေးအေးရှူရတာ၊ အစပ်စားတာ၊ အရာဝတ္ထု၊ တုပ်ကွေးဖြစ်တာ၊ ကိုယ်ဝန်ဆောင် (ဟော်မုန်းအပြေင်းအလဲကြောင့်)၊ တချို့သွေးကျဆေးတွေ၊ စိတ်ကျဆေးတွေ၊ နှာခေါင်းတွင်းအလုံးကျိတ်တွေ၊ ပန်းနာရင်ကြပ်ဖြစ်တာ။
💊 ဘယ်လိုပျောက်ကင်းသက်သာနိုင်မလဲ ❓
နှာပွင့်ဆေးတွေက နှာခေါင်းတွင်းတစ်ရှူးတွေ ဖောင်းတင်းနေတာကို လျော့ပါးသက်သာစေပြီး နှာခေါင်းအရိုးခေါင်းပွအတွင်းက ဖိအားကိုကျစေပါတယ်။ naphazoline (Privine), oxymetazoline (Afrin, Dristan, Nostrilla, Vicks Sinus Nasal Spray), phenylephrine (Neo-Synephrine, Sinex, Rhinall) ဆိုပြီး နှာခေါင်းတွင်းဖြန်းတဲ့ စပရေးတွေအနေနဲ့ ထုတ်ထားတာရှိသလို သောက်ဆေးအနေနဲ့ phenylephrine (Sudafed PE, and others) and pseudoephedrine (Sudafed) ဆိုပြီးလည်း လာပါတယ်။
nasal spray ခေါ် နှာခေါင်းတွင်းဖြန်းဆေးတွေကို ၃ ပတ်ထက် ပိုမသုံးသင့်ပါဘူး။ ဒီဆေးတွေကို အသက် ၄ နှစ်အောက်ကလေးတွေမှာ မသုံးရပါဘူး။
ဓာတ်မတည့်တာကြောင့် နှာပိတ်တာဆိုရင်တော့ antihistamines ဆေးအမျိုးစားတွေက နှာချေတာ၊ နှာစေးတာ၊ နှာပိတ်တာတွေကို သက်သာစေပါတယ်။ ဒီဆေးတွေက နှာခေါင်းအရိုးတွင်း ဖိအားကိုကျစေ တဲ့အပြင် လူကို အိပ်စေတဲ့အာနိသင်ရှိတာကြောင့် အအေးမိတဲ့သူတွေကို ညဘက်ဆေးအဖြစ်နဲ့လည်း ပေးလေ့ရှိပါတယ်။
acetaminophen, ibuprofen, and naproxen လို အကိုက်ခဲပျောက်ဆေးတွေက နှာပိတ်တာကို လုံးဝ မပျောက်စေပေမယ့် အရိုးခေါင်းပွတွေ နာကျင်တာကို သက်သာစေပြီး ဖိအားကျစေပါတယ်။
🏨 ဘယ်အခါမှာ ဆေးခန်းပြဖို့လိုလဲ ❓
• နှာပိတ်တာတွေဟာ ၁၀ ရက်ကျော်လို့မှ မသက်သာရင်၊
• အဖျားအရမ်းကြီးရင်
• အစိမ်းရောင် (သို့) အဝါရောင် နှာရည်တွေကျနေရင် (အမြဲတော့မဟုတ်ပါ။ များသောအားဖြင့်ကတော့ ဗိုင်းရပ်စ်ပိုးတွေကို ခန္ဓာကိုယ်ခံအားစနစ်က တိုက်ထုတ်တဲ့အခါ ဆဲလ်သေတွေ၊ ပိုးမွှားအသေတွေ၊ တခြားအညစ်ကြေးတွေကြောင့် ဒီလိုအရောင်တွေ ဖြစ်ရတာပါ။ ဒီလို အစိမ်းရောင်နှပ်ရည်တွေကျတာအပြင် အအေးမိနှာစေးတာ ၁၀ ရက်ကျော်နေမှ ဆေးခန်းသွားပြဖို့လိုတာပါ။ ပုံမှန်အားဖြင့်တော့ အကြည်ရောင်နှာရည်က ကျန်းမာတဲ့လက္ခဏာပါ။ အဖြူရောင်နှပ်တွေကတော့ အအေးမိတာရဲ့လက္ခဏာ ဖြစ်ပါတယ်။)
• နှဖူးတွေ၊ နှာရိုးတွေပါ အရမ်းနာနေရင်
• ခေါင်းကိုခိုက်မိပြီးနောက် နှာရည်မှာ သွေးစတွေပါလာတာ ၊ ဒါမှမဟုတ် အရည်ကြည်ကြည်တွေကျဆင်းနေတာ
• ကလေးတွေမှာဆိုရင် အသက် ၂ လအောက်နဲ့ အဖျားရှိနေရင်၊
• ကလေးအသက်ရှူရခက်နေရင်
ကိုယ့်ဘာသာ ဆေးသောက်မနေနေတာ့ဘဲ ဆေးခန်းသွားပြီး သေချာကုသမှုခံယူဖို့လိုပါတယ်။
✅ နှာပိတ်တာဟာ လေအေးအေးခြောက်ခြောက်တွေကို ရှူရတာကြောင့်လည်း ဖြစ်တတ်တာမို့ ဆေးဝါးတွေအပြင် အသက်ရှူလမ်းကြောင်းကို စိုစွတ်နေအောင် လုပ်ပေးရင်လည်း သက်သာစေပါတယ်။ နှာရည်ယို နှာပိတ်တာကို သက်သာစေပြီး အသက်ရှူလမ်းကြောင်းစိုစွတ်နေစေတဲ့ အိမ်တွင်းနည်းလေးတွေကတော့ -
အခန်းတွင်း ရေနွေးငွေ့ပေးစက် (သို့) ရေငွေ့ပေးစက်တပ်ဆင်ပါ။ အသက်ရှူရတဲ့ လေထုကို ရေဓာတ်ဖြည့်ပေးတဲ့အတွက် နှာပိတ်တာသက်သာစေပါတယ်။
✅ ရေနွေးနွေးလေးနဲ့ ကြာကြာချိုးပါ။ 🚿🛁
✅ ရေများများသောက်ပါ။ ဒီလိုသောက်ပေးခြင်းက ပိတ်ဆို့နေတဲ့ နှာရည်ပျစ်ပျစ်တွေကို ကျဲစေပြီး နှာပိတ်တာ သက်သာစေပါတယ်။
✅ စလိုင်းရည်ကို နှာခေါင်းတွင်း အစက်ချပါ။
✅ ရေနွေးစိမ်ထားတဲ့ သဘက်နွေးနွေးကို ရေညှစ်ပြီး မျက်နှာတွင် အုပ်ထားပါ။
✅ ရေနွေးပူပူတည်ပြီး ထွက်လာတဲ့ ရေနွေးငွေ့တွေကို ၁၀ မိနစ်၊ ၁၅ မိနစ်လောက် ရှူပေးပါ။ ပိတ်ဆို့နေတဲ့ နှပ်တွေအရည်ပျော်ပြီး အအေးမိတာကြောင့် နဖူး၊ နှာရိုးနာကျင်တာတွေပါ သက်သာစေပါတယ်။
✅ အိပ်စက်တဲ့အခါ ဦးခေါင်းပိုင်းကို ပိုမြင့်အောင်ထားပြီး အိပ်ပါ။ ခေါင်းအုံးထပ်ပြီး မြှင့်မယ်ဆိုရင် အသက်ရှူရတာ လည်း ပိုပြီးအဆင်ပြေစေပါတယ်။
🚫 ကလိုရင်းခပ်ထားတဲ့ရေကန်တွေမှာ မကူးပါနဲ့။ နှာခေါင်းတွင်းတစ်သျှူးတွေကို သွားဆွပေးသလိုဖြစ်စေပါတယ်။
#လေးစားစွာဖြင့်