17/06/2026
ပညာတွေလည်းရ ၊ စိတ်ကျေနပ်မူ့လည်းရ ၊ မိတ်ကောင်းဆွေကောင်းများဖြင့်လည်း ပြန်လည်တွေ့ဆုံရ ၊ ပင်လည်းပင်ပန်းလွန်းရ ၊ အစားကောင်းအသောက်ကောင်းများလည်းစားရ ၊ ဇွဲနဲ့သွန်းကိုလည်း သတိတရလွမ်းဆွတ်ရ ၊ အလွန်အဖိုးတန်လှသော ၁ချက်ခုတ် ၁၀ချက်ပြတ် ခရီးစဥ်လေး မျှဝေရ 😊😊😊
ပြီးခဲ့တဲ့ post မှာ ဖော်ပြခဲ့သလို ၂၀၀၇ မှ ၂၀၀၈ အထိ ပညာသင်ကြားခဲ့ဖူးသော စင်္ကာပူအမျိုးသားတက္ကသိုလ် နဲ့ တွဲဖက်ထားသော စင်္ကာပူအမျိုးသားတက္ကသိုလ် ဆေးရုံသို့ တစ်ခေါက်ပြန်လည်ရောက်ခဲ့ပါတယ် ၊ နှစ် ၂၀ အတွင်း နိုင်ငံတကာမှကျောင်းသားကျောင်းသူများ စုစုပေါင်း အယောက် ၈၀ သင်ကြားပေးခဲ့ပြီးဖြစ်ပါသည် ၊ နှစ် ၂၀ နီးပါးအတွင်း အရှိန်အဟုန်ဖြင့်တိုးတက်ပြောင်းလဲနေသော စင်္ကာပူမှာ ယခင်အဆောက်အဦးများ ၂၅ % သာရှိတော့ပြီး ၇၅ % မှာ အသစ်အသစ်များပင်ဖြစ်နေပါသည် ၊ ဆေးတက္ကသိုလ်ကြီးရော ဆေးရုံကြီးရော ယခင် ၁၀ထပ်အဆောက်အဦးမှ ယခု ၂၅ ထပ်အဆောက်အဦးဖြစ်နေသည် ၊ ယခင် ကျွန်တော်တို့ ကျောင်းသားလေးတွေ စာသွားသင်စဥ် ပေးထားသော desk စာပွဲနေရာလေးကို ပြန်သွားကြည့်ချင်တာ မရှိတော့ပါ ၊ National University Hospital Heart Center ကြီးဖြစ်နေသည် ၊ ထိုစဥ်က တွေ့ဆုံခဲ့ရသော အချို့ဆရာများလည်း အသက် ၇၅ ကျော်ကို ပင်စင်ယူကြပြီ ၊ ၉၀ % သော အတူစာသင်ခဲ့ အတူအလုပ်များလုပ်ခဲ့ကြသော စင်္ကာပူလူမျိုး ဆရာဝန်တွေလည်း Private ဆေးရုံတွေက ဝင်ငွေကောင်းလို့ အတွေ့အကြုံတွေကလည်း များလာလို့ Clinical director ၊ Professor တွေ Senior Consultant တွေလည်း ဖြစ်နေကြပါပြီ ၊ ခရီးသွားနေသော ကျေးဇူးရှင် ဆရာ Professor Dr Lomanto , Professor KK Madhaven , Prof Victor Lee တို့နှင့်တော့ မတွေ့ခဲ့ရပါ ။
တစ်လက်စတည်း ၂၀၁၅ တွင် အဆင့်မြင့် အစာအိမ်သင်တန်းသွားတက်ခဲ့သော ထိုင်းဘုရင့်တပ်မတော်ဆေးရုံသို့ စင်္ကာပူမှအပြန် ဝင်ရောက်ခဲ့ရာ သူတို့လည်း ယခင် ၁၂ ထပ်အဆောက်အဦးဘေးတွင် ယခု ၂၅ ထပ်ကြီး အသစ်ဖြစ်နေသည် ၊ ဆရာများ သူငယ်ချင်းများက Clinical director , Professor , Senior Consultant တွေဖြစ်နေကြပြီ ၊ ၅၀ % သော ဆရာဝန်များ private ဆေးရုံများသို့ ပြောင်းသွားကြပါပြီ ။
နိုင်ငံအသီးသီးသဘောသဘာဝ မတူညီကြသော်လည်း တူညီတာကတော့ မိမိအပေါ် မိတ်ဟောင်းဆွေဟောင်း မိတ်ဆွေအရင်းအချာလို ၊ တပည့်သားသမီးလို ရင်းနှီးချစ်ခင်စွာ ဖော်ရွေစွာ နူတ်ဆက်ကြ စကားများပြောကြ မိမိရဲ့ ၅နှစ်တာကာလ မန္တလေးမှ Z& T အစာအိမ်အူလမ်းကြောင်းဆေးရုံလေး၏ လုပ်ငန်းဆောင်တာများ ၊ ကုသပေးမူ့များ ၊ တွေ့ကြုံရသည့် ခက်ခဲသော case များ ၊ သွေး ၂၅ လုံး ၊ ၃၀ လုံးထိတောင်သွင်းခဲ့ရပြီး အသက်ကယ်နိုင်ခဲ့သော အောင်မြင်မူ့များ ၊ သူတို့သိလိုသည်များ မိမိသိလိုသည်များ ကမ္ဘာ့စံချိန်မှီ Guide Line များအတိုင်း သူတို့ Singapore ရော ၊ Thailand ရော အခြေအနေပေါ် လူနာအနေအထားပေါ်မူတည်ပြီး local guideline များ ထပ်မံရေးဆွဲကာ အနီးစပ်ဆုံးတူရန်ကုသနေမူ့များ ၊ အစာအိမ်နှင့်အူမကြီး ကင်ဆာလူနာများ ( မြန်မာကိုသူတို့ထည့်မပြောပါ အားနာလို့ထင်တယ် ) ဗီယက်နမ် အင်ဒိုနီးရှား ဖိလစ်ပိုင် တို့တွင် အလွန်များပြားလာကြောင်း ၊ ထူးထူးခြားခြားပြောကြသည်မှာ အရည်အသွေးမမှီသော တရုတ်အစားအစာများ မာလာရှမ်းကော သူတို့သိသည် ၊ ထိုအစားအစာများ တရုတ်မုန့်များ အပူအစပ်လွန်ကဲသော တရုတ်အစားအစာများ ၊ H pylori ပိုး အလွန်ပွားများလာမူ့ကြောင့်ကင်ဆာများတိုးပွားလာကြောင်းများ ဆွေးနွေးဖြစ်ကြပါသည် ၊ အစာအိမ်ပိုး၏ အန္တရာယ် ၊ ရွေးချယ်ရသောဆေးအမျိုးအစားများ ၊ အသားစအဖြေ biopsy မှာ အလွန်အရေးကြီးပြီး ဆဲလ်များအသွင်ပြောင်းလာလျှင် မည်သို့ဆေးပေးရမည် ဆေးပြောင်းရမည် ၊ ကင်ဆာသံသယဖြစ်ဖွယ်အဆင့် Dysplasia ဖြစ်လာလျှင် သူ့ level အလိုက် ကုသမူ့များ ၊ severe dysplasia ဖြစ်လျှင်တော့ မဖြစ်မနေ Early Submucosal Disection ESD ( ၂၀၁၀ ဂျပန်တွင် အစာအိမ်အူလမ်းကြောင်း ပညာတော်သင်သွားစဥ်ကတည်းက စလုပ်နေပါပြီ ၊ မြန်မာပြည်မှာတော့ စက်ပစ္စည်းများ ကျွမ်းကျင်မူ့များ အားနည်းသေး၍ ယခုထိ တွင်တွင်ကျယ်ကျယ်မလုပ်နိုင်သေးပါ ) ကင်ဆာဖြစ်မှ ကုသလျှင် နောက်ကျသွားလို့ မဖြစ်ခင်စောစီးစွာ ကုသရန် ပိုလိုအပ်ကြောင်း ၊ ကျန်းမာရေးအသိပေးခြင်းသည် ကုသခြင်းထက် များစွာပိုကောင်းလို့ လူနာများအား ဆေးကုသရုံမဟုတ် အချိန်လေးပေးကာ ရှင်းပြပေးလျှင် ပိုကောင်းကြောင်းလည်း အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည် ၊ အသားပိုများကလည်း အလွန်ဖြစ်ပွားကြလို့ အသားပိုတွေ့လျှင် ၂၅ % ကလည်း တစ်ချိန်တွင် ကင်ဆာဖြစ်နိုင်လို့ အလွန်အရေးကြီးကြောင်း ၊ အစာအိမ်သွေးကြောပေါက်လျှင် အသက်အန္တရယ် အလွန်ရှိလို့ နောင်ထပ်မဖြစ်ရန် အသေးစိတ်ကအစ သူတို့နိုင်ငံများတွင် လူနာရော လူနာ၏ဆွေမျိုးများကိုပါ အနည်းဆုံး ၁နာရီကြာ အသေးစိတ်ရှင်းပြကြောင်း စားရန်သောက်ရန်များ နည်းမှန်လမ်းမှန်စားရန် Life style ကိုပါ သင်ပေးလိုက်ကြောင်း ၊ ထိုသွေးကြောပေါက်လူနာများ နောင် follow up လာတိုင်းလည်း ၃ကြိမ်တိတိ စာသင်ပေးကြောင်း ၄ကြိမ်မြောက်လာလျှင် လူနာအား စာပြန်မေးကြောင်းတို့ မှတ်သားလေ့လာသင်ယူခဲ့ရပါသည် ၊ စင်္ကာပူ NUH တွင် ၃နာရီကြာ ၊ Bangkok Royal Thai Army Hospital တွင် ၅နာရီကြာ ဆရာများနှင့်ရော လုပ်ဖော်ကိုင်ဖက်များနှင့်ရော လူနာများကို မည်သို့မည်ပုံ health care ပေးနေခြင်းများအား ward ထဲအထိသွားကာ လေ့လာသင်ယူခဲ့ရပါသည် ၊ မွမ်းမံသင်တန်းပြန်တက်လိုက်ရသလို ကျွန်တော်ရှေ့ဆက်ကုသပေးရမည့် လူနာများအပေါ် ယုံကြည်မှု ပိုရှိလာခဲ့ရပါသည် ၊ ( လူနာနှင့်ပတ်သတ်သောပုံများကတော့ လုံးဝရိုက်ခွင့်မရှိလို့ မှတ်တမ်းတင်ခွင့်မရရှိခဲ့ပါ ) စာများ knowledge sharing များ experience များ ကတော့ ရသမျှကို အပြည့်သယ်လာခဲ့ပါသည် ။
Singapore မှ Clinical Director Professor Cheah Wei Keat မှာ အသက် ၆၀ ရှိပြီ ၊ စိတ်ထားအလွန်နူးညံ့သိမ်မွေ့သည် ၊ ၂၀၀၆ ခုနှစ်တွင် မြန်မာပြည်သို့ လာလည်ခဲ့ပြီး ရန်ကုန်မြို့ ၈မိုင်ရှိ ကျွန်တော့်အိမ်အထိ မိဘများနှင့်ပင်တွေ့ဖူးသည် ၊ ညနေဖက် တစ်နေ့တာ သင်ယူမူ့များပြီးတိုင်း the whole team ကို ကျေးဇူးတင်တယ် ဒီနေ့ ငါတို့လူနာတွေကို အောင်မြင်စွာ အသက်ကယ်ကုသပေးနိုင်တာ ငါတစ်ယောက်ထည်းကြောင့်မဟုတ် မင်းတို့အားလုံးကြောင့်ပါလို့ သူနာပြအထိပါ ကျေးဇူးတင်စကားပြောတတ်သူပါ ၊ သူ့အနားရောက်သွားတိုင်း အေးချမ်းမူ့ လုံခြုံမူ့တို့ကို ရရှိခံစားခဲ့ရသည် ၊ ယခုလည်း သူမှ စာတင်မက philosophy of life များလည်း ပြောပြပါသေးသည် ၊သူတို့က အလွယ်အဖျားစွတ်ကာ မိုးမြတ်အောင်ကို မိုးလို့သာခေါ်ကြသည် ၊ မိုး , မင်းလည်း အရွယ်ရောက်လာပြီ ၊ ငါဟာတကယ်တော့ ဘယ်ဘာသာကိုမှ အရမ်းထဲထဲဝင်ဝင် religious မဖြစ်ပါ စည်းမျဥ်းစည်းကမ်းတွေများလွန်းလို့ အချို့ကိစ္စတွေက ကန့်သတ်ချက်တွေများလို့ တရုတ်လူမျိုးဖြစ်လို့ Chinese temple ကို ၃ - ၄လ ၁ခါ ပွဲတော်တွေသွားတယ် ၊ ဒီလောက်ပဲတဲ့ သူပြောတဲ့စကားအရ The best blessing is the live simply , less attachments , less materials , less expectations , dont show what you possess to your children and let them be independent , otherwise they will be lazy and will not try very hard , give them mainly on decent education platform , keep looking after the poors who are really in need , finally leave the world simply without giving trouble and burdens to others . အကောင်းဆုံးသော အမွန်မြတ်ဆုံး ဘဝနေထိုင်နည်းမှာ ရိုးရှင်းစွာနေပါ ၊ တွယ်တာမူ့များလျှော့ပါ ၊ ရုပ်ဝထ္ထုပစ္စည်းများ နည်းနိုင်သမျှနည်းပါ ၊ ဘယ်အရာကိုမဆို နည်းနည်းသာမျှော်လင့်ပါ ၊ သားသမီးများကို မင်းတို့ဘာပိုင်ဆိုင်နေတာတွေမသိပါစေနဲ့ သူတို့မိဘများချမ်းသာတယ်ဆိုတာသိရင် သူတို့ပျင်းသွားကြလိမ့်မယ် ပညာအမွေသာအဓိကပေးပြီး လူရိုသေရှင်ရိုသေ သူတို့ဘဝသူတို့ရပ်တည်နိုင်ကြရန်သာ ကြိုးစားပါ ၊ မပြည့်စုံသူ လိုအပ်ချက်ရှိသူများကို အမြဲစောင့်ရှောက်ပေးပါ ၊ နောက်ဆုံး မိမိကြောင့် မည်သူတစ်ဦးမှ ဝန်ထုတ်ဝန်ပိုးမဖြစ်ပဲ အနှောင့်အယှက်မဖြစ်ပဲ လောကကြီးမှ ရိုးရှင်းစွာထွက်ခွာပါလို့ ပြောပြပါတယ် ၊ မိမိက စောဒကတက်မိတယ် ကျွန်တော်လစဥ် ဘုန်းကြီးကျောင်းတွေလှူတယ် လူနာတွေကိုလည်း ဇီဝိတဒါနလှူတယ်ဆိုတော့ သူက အံ့သြစရာ ထပ်ပြောပါတယ် ၊ တကယ်တော့ ဘုန်းကြီးတွေကပြည့်စုံနေပါပြီ ဘဏ်ထဲတောင် အချို့ငွေတွေစုထားကြတာ မိမိမှာရှိတာတွေကို sharing and caring လုပ်ပေးရန် အမှန်လိုနေသော ချို့တဲ့သူများကို ပိုကြည့်ရူ့ပေးပါတဲ့ ၊ သူဟာ အရမ်းတောင် ဘာသာရေးခံယူချက်မပြင်းပါ နေ့စဥ်ပုတီးလည်းမစိတ် ဘုရားလည်းမရှိခိုး ပရိတ်များလည်းမရွတ်ပါ ၊ သို့သော် မြတ်စွာဘုရားဟောကြားထားသော တရားတော်နဲ့အညီ ဗြဟ္မာစိုရ်တရား ၄ပါးနှင့် အညီနေထိုင်နေတာ ပါမောက္ခချုပ်ဆရာတော်ဘုရားနှင့် တွေ့လျှင် လျှောက်တင်ရပါဦးမည် ။
ထိုင်းမှ Professor Theranum က အသက် ၅၀ ၊ Head of Department Prof Krut က ၄၇ ၊ Prof Chaipachit က ၄၅ ၊ Senior Consultant Dr Kamin က ၄၂ ၊ သူတို့ကပိုငယ်ကြသည် ၊ သူတို့ကတော့ Singapore မှ Professor လိုမဟုတ် ထိုင်းလူမျိုးများက အယူသည်းသည် ၊ မိမိ accident ဖြစ်ခဲ့ဖူး၍ နောင်အန္တရယ်ကင်းစေရန် ကျန်းမာရေးအတွက် ၊ လုံခြုံရေးအတွက် ၊ အဆောင်များသဖွယ် သူတို့ကိုးကွယ်သော ဘုန်းကြီးများထံမှဆိုကာ ပေးကြတာလည်း ချစ်စရာ ကောင်းလှပါသည် ၊ သူတို့ကတော့ အသက်ကလည်းပိုငယ်သည် မြန်မာနှင့်လည်းနီးစပ်လို့ ရယ်ကြမောကြ ဟာသများလည်းပြော မိမိတို့ကလေးများအကြောင်းလည်းပြောနှင့် ပေါ့ပေါ့ပါးပါး ဖြစ်ခဲ့ကြရသည် ၊ မိမိအား Michelin star ရထားသော အမဲသားမျိုးစုံဆိုင်မှာ ညစာလိုက်ကျွေးတာ မိမိတို့ ၅ယောက် တစ်ယောက် တစ်မျိုး မှာပြီး ဟင်းပွဲ ၈မျိုးအား ညီအစ်ကိုများလို အတူတူမျှဝေကာစားခဲ့ကြပါသည်၊ စင်္ကာပူမှ ဆရာများ မိတ်ဆွေများနှင့်တော့ တစ်ယောက်တစ်ပွဲစီသီးသန့်မှာစားကြခြင်းဖြစ်ပါသည် ၊ ဘန်ကောက်မှ ဆရာများနှင့်က ပိုပြီး မိသားစုဆန်ကြပါသည် ။
စင်္ကာပူ ဘန်ကောက်တို့သည် တစ်ခါသွားတစ်မျိုး ရုပ်ပိုင်းဆိုင်ရာများ တိုးတက်လွန်းသော နေရာဖြစ်ပါသည် ၊ ကျွန်တော်မှာ ရိုးသားစွာဝန်ခံရလျှင် ဆရာတို့နှင့်တွေ့ရတာ တစ်ဖက်ကလည်း အလွန်ဝမ်းမြောက်ရသလို တစ်ဖက်ကလည်း ပစ္စည်းကရိယာများ လုပ်ကိုင်နိုင်သောအခြေအနေအချိန်အခါများကြောင့် စိတ်ဓါတ်လည်းကျရပါသည်လို့ ပြောခဲ့ပါတယ် ၊ စိတ်ထားကောင်းသော ဆရာများကပြောပြသည်မှာ = မိုး , ငါတို့ဒီမှာ ပစ္စည်းကရိယာအစုံ စျေးအလွန်ကြီးပြီး ကုသပေး အသက်ကယ်ပေးလည်း လူ ၁ ယောက်ပါပဲ ၊ မင်းနိုင်ငံ မင်းမြို့မှာ မင်းတတ်နိုင်တဲ့အတိုင်းအတာနဲ့ အသက်ကယ်ပေး ကုသပေးနေတာလည်း လူ ၁ယောက်ပါပဲ ၊ အခြေခံတန်ဖိုး Root Value ကတော့ အတူတူပါတဲ့ ၊ ငါတို့က ပြည့်စုံသောနေရာတွေမှာ အသားကျနေတော့ မင်းနေရာမှာသာ ငါတို့ဆိုရင် ငါတို့မင်းလောက်လုပ်နိုင်ပါ့မလားမထင်ပါ ၊ ငါတို့လည်း ကိုယ်ပိုင်ဆေးခန်းလေး ဆေးရုံလေးဖွင့်ချင်သော ဆန္ဒများရှိသော်လည်း ဒီတစ်သက်တော့မဖြစ်နိုင်တော့ပါ၊ မင်းကိုလည်း ငါတို့အားကျတယ် လေးစားဂုဏ်ယူတယ်လို့ပြောလို့ စိတ်ခွန်အားများရရှိခဲ့ရပါတယ် ၊ သူတို့ကိုလည်း တစ်ချိန်ချိန် မြန်မာပြည်သို့ ထပ်မံလာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည် ၊ ကျေးဇူးတရားများကို အထူးသိတတ်စွာဖြင့် အမွန်မြတ်ဆုံး အမြင့်မြတ်ဆုံးအားဖြင့် ကြမ်းပြင်တွင်ထိုင်ကာ အနေန္တာ အနန္တ ဂိုင်းဝင် ဆရာသမားများအား ရှိခိုးဦးချ ထိုင်ကန်တော့ခဲ့ပါတော့သည် 🙏🙏🙏