11/03/2026
တုပ်ကွေး (Influenza) ဆိုတာဘာလဲ ❓
တုပ်ကွေးသည် တုပ်ကွေးဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ရောဂါလက္ခဏာများမှာ အဖျားတက်ခြင်း၊ ခေါင်းနှင့် ခန္ဓာကိုယ် ကိုက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် နှာရည်ယိုခြင်းတို့ ဖြစ်ပါတယ်။ သင့်တွင် ကျန်းမာရေးပြဿနာတစ်ခုခုရှိနေခြင်း (သို့မဟုတ်) ကိုယ်ဝန်ရှိနေပါက ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ချေပိုများနိုင်ပါတယ်။ တုပ်ကွေးသည် မိုးရာသီနှင့် ဆောင်းရာသီတွင် အဖြစ်အများဆုံးဖြစ်ပြီး ကပ်ရောဂါအသွင် လူများစွာကို ဖြစ်စေနိုင်ပါတယ်။ နှစ်စဉ် တုပ်ကွေးကာကွယ်ဆေး ထိုးခြင်းသည် တုပ်ကွေးဖျားနာခြင်းကို ရှောင်ရှားရန် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။
တုပ်ကွေးဗိုင်းရပ်စ်ပိုးဆိုတာဘာလဲ❓
Influenza ဗိုင်းရပ်စ်ပိုး က တုပ်ကွေးဖြစ်စေပါတယ်။ Influenza A, B နှင့် C သည် လူကိုကူးစက်နိုင်သော အဖြစ်အများဆုံးအမျိုးအစားများ ဖြစ်ပါတယ်။ Influenza A နှင့် B သည် ရာသီအလိုက်ဖြစ်သည့် ရာသီတုပ်ကွေး ဖြစ်စေနိုင်ပြီး ပိုမိုပြင်းထန်သောလက္ခဏာများ ဖြစ်ပေါ်နိုင်ပါတယ်။ Influenza C သည် တစ်နှစ်ပတ်လုံး ဖြစ်စေနိုင်ပြီး ပြင်းထန်သော လက္ခဏာများ ဖြစ်ပေါ်ခြင်းမရှိနိုင်ပါ။ H1N1 (ဝက်တုပ်ကွေး) နှင့် ကြက်ငှက်တုပ်ကွေး နှစ်မျိုးလုံးသည် Influenza A ၏ အမျိုးအစားခွဲများ ဖြစ်ပါတယ်။
တုပ်ကွေးက ဘယ်လိုကူးစက်ပျံ့နှံ့နိုင်ပါသလဲ❓
တုပ်ကွေးဗိုင်းရပ်စ်ပိုးသည် အလွန်ကူးစက်မြန်သောရောဂါပိုးဖြစ်ပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်ပိုးသည် လူတစ်ဦးမှ တစ်ဦးသို့ အောက်ပါနည်းလမ်းများအတိုင်း လျင်မြန်စွာကူးစက်ပျံ့နှံ့နိုင်ပါတယ်။
(၁) တုပ်ကွေးရောဂါရှိသူက ချောင်းဆိုးခြင်း၊ နှာချေခြင်း (သို့) စကားပြောခြင်းတို့ကြောင့် ထွက်လာသော အမှုန်အမွှားများကို ရှူရှိက်မိခြင်း။
(၂) တုပ်ကွေးဗိုင်းရပ်စ်ပိုးရှိနေသော မသန့်ရှင်းသော မျက်နှာပြင်များ၊ တံခါးလက်ကိုင်များ၊ စားပွဲများ၊ ကွန်ပျူတာနှင့် ဖုန်းများကိုကိုင်တွယ်မိပြီး သင့်မျက်နှာ၊ နှာခေါင်း၊ ပါးစပ် (သို့) မျက်လုံးများကိုကိုယ်တွယ်မိခြင်း။
(၃) တုပ်ကွေးရောဂါရှိသူ၏ မျက်နှာ၊ နှာခေါင်း၊ ပါးစပ် (သို့) မျက်လုံးတို့ကို ထိတွေ့ကိုင်တွယ်မိခြင်း။
တုပ်ကွေးနှင့် သာမန်အအေးမိခြင်း ကွာခြားချက်ကဘာလဲ ❓
တုပ်ကွေးနှင့် သာမန်အအေးမိခြင်းတွင် တူညီသော ရောဂါလက္ခဏာများ ရှိနိုင်ပါတယ်။ သို့သော် အအေးမိရောဂါလက္ခဏာများသည် အများအားဖြင့် ပျော့ပျောင်းပြီး တုပ်ကွေးလက္ခဏာများသည် ပြင်းထန်နိုင်ပြီး ပြင်းထန်သော နောက်ဆက်တွဲပြဿနာများအထိ ဖြစ်နိုင်ပါတယ်။
တုပ်ကွေးရဲ့လက္ခဏာတွေက ဘာတွေလဲ❓
တုပ်ကွေး၏ အောက်ပါလက္ခဏာများသည် အများအားဖြင့် လျင်မြန်စွာပေါ်လာတတ်ပါတယ်။
(၁) ကိုယ်ပူဖျားခြင်း။
(၂) ချမ်းတုန်ခြင်း။
(၃) ခန္ဓာကိုယ်ကိုက်ခဲခြင်း။
(၄) ခေါင်းကိုက်ခြင်း။
(၅) ချောင်းဆိုးခြင်း။
(၆) လည်ချောင်းနာခြင်း။
(၇)နှာရည်ယိုခြင်း (သို့) နှာပိတ်ခြင်း။
(၈) ပင်ပန်းနွမ်းနယ်ခြင်း။
(၉) ဝမ်းလျှောခြင်း (သို့) အော့အန်ခြင်း။ (အများအားဖြင့် ကလေးများတွင်သာ)
တုပ်ကွေးရောဂါလက္ခဏာတွေကို သက်သာအောင်ဘာလုပ်သင့်သလဲ❓
အောက်ပါနည်းလမ်းများဖြင့် တုပ်ကွေးရောဂါလက္ခဏာများကို သက်သာအောင်လုပ်ဆောင်နိုင်ပါတယ်။
(၁) လုံလောက်စွာ အနားယူပါ။
(၂) ရေဓာတ်ခန်းခြောက်ခြင်းကိုကာကွယ်ရန် ဓာတ်ဆားရည်၊ ရေနှင့် ဟင်းရည်ကဲ့သို့ အရည်များသောက်ပါ။
(၃) ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ခန္ဓာကိုယ်ကိုက်ခဲခြင်းကို သက်သာစေရန် ပါရာစီတမော (Paracetamol) သောက်သုံးနိုင်ပါတယ်။
(၄) နှာရည်ယိုခြင်း (သို့) နှာစေးခြင်းတို့ကို သက်သာစေရန် Cetirixine ကဲ့သို့ ဆေးမျိုးသောက်နိုင်ပါတယ်။
(၅) ချောင်းဆိုးပျောက်ဆေးနှင့် ချွဲပျော်ဆေးများသည် သင့်ရောဂါလက္ခဏာများကို သက်သာစေနိုင်ပါတယ်။ အချို့သောဆေးဝါးများသည် လူတိုင်းအတွက် မသင့်တော်သဖြင့် နားလည်တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်း (သို့) ဆရာဝန်နှင့် တိုင်ပင်ပါ။
တုပ်ကွေးရောဂါကို ဘယ်လိုကာကွယ်နိုင်မလဲ ❓
တုပ်ကွေးရောဂါကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ တုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်ထိုးပေးရန် ဖြစ်ပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်ပိုးသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်သောကြောင့် နှစ်စဉ်ကာကွယ်ဆေးထိုးရန် လိုအပ်ပါတယ်။
ကာကွယ်ဆေးထိုးခြင်းအပြင် အောက်ပါနည်းလမ်းများလိုက်နာခြင်းဖြင့် တုပ်ကွေးဖြစ်နိုင်ခြေကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။
(၁) လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ မကြာခဏဆေးပါ။ အရက်ပျံပါသော လက်သန့်ဆေးကို သုံးနိုင်ပါတယ်။
(၂) နှာချေ ချောင်းဆိုးသည့်အခါတိုင်း နှာခေါင်းနှင့် ပါးစပ်ကို ဖုံးအုပ်ထားပါ။ တံတောင်ဆစ်ကွေး (သို့) တစ်ရှူးထဲကို ချောင်းဆိုး၊ နှာချေပါ။
(၃) တုပ်ကွေး (သို့) အခြားကူးစက်ရောဂါများ ဖျားနာနေချိန်တွင် လူစုလူဝေး ရှောင်ကြဉ်ပါ။
(၄) အကယ်၍ သင်သည် နေမကောင်းဖြစ်ပြီး အခြားသူများနှင့် မရှောင်နိုင်ပါက Mask တပ်ပါ။
(၅) သင့်မျက်နှာ၊ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ကို သင့်လက်နဲ့ မထိမိပါစေနှင့်။
(၆) အစားအစာ (သို့) စားသုံးရန် အသုံးအဆောင်များ (ခက်ရင်း၊ ဇွန်း၊ ခွက်) ကို အခြားသူများနှင့် မမျှဝေပါနှင့်။
💉💉💉💉💉💉💉💉💉💉💉💉💉
ရာသီတုပ်ကွေး ကာကွယ်ဆေးဆိုတာ ဘာလဲ❓
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နှစ်စဉ်ကမ္ဘာ့ဒေသအသီးသီးတွင် ဖြစ်ပွားနိုင်သော တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုး မျိုးကွဲများကိုသတ်မှတ်၍ ယင်းမျိုးကွဲများကို ကာကွယ်နိုင်သော ကာကွယ်ဆေးကို ဆိုလိုပါတယ်။
တုပ်ကွေးကာကွယ်ဆေးထိုးခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးများရနိုင်ပါသလဲ❓
မြန်မာနိုင်ငံတွင် မိုးဦးနှင့် မိုးတွင်းကာလ (ဧပြီလမှ စက်တင်ဘာလ) တွင် ရာသီတုပ်ကွေးအဖြစ်များပြီး၊ တုပ်ကွေးကြောင့် ပြင်းထန်အဆုတ်ရောင်ဂါဖြစ်ပွားခြင်း၊ အသက်သေဆုံးခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။ တုပ်ကွေးကာကွယ်ဆေးထိုးခြင်းသည် တုပ်ကွေးရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချခြင်း၊ ဆေးရုံတက်ကုသခြင်းနှင့် တုပ်ကွေးဆက်စပ်သေဆုံးနိုင်ခြေကိုပင်လျှော့ချပေးခြင်းအပါအဝင် အကျိုးကျေးဇူးများစွာရှိကြောင်း တွေ့ရှိရပါတယ်။
မြန်မာနိုင်ငံတွင် ထိုးနှံသင့်သော တုပ်ကွေးကာကွယ်ဆေးအမျိုးအစားက ဘာလဲ❓
မြန်မာနိုင်ငံပါဝင်သော ကမ္ဘာ့တောင်ဘက်ခြမ်း တုပ်ကွေးရာသီသည် ယေဘူယျအားဖြင့် ဧပြီလမှ စက်တင်ဘာလအထိဖြစ်ပါတယ်။ အောက်ပါတုပ်ကွေးမျိုးစိတ် 3️⃣မျိုးကို ကာကွယ်နိုင်သော ကမ္ဘာ့တောင်ဘက်ခြမ်း တုပ်ကွေးကာကွယ်ဆေး (Influenza vaccine SH2025) ကို ထိုးနှံရမှာ ဖြစ်ပါတယ်။
1️⃣ A/Missouri/11/2025 (H1N1) pdm09-like virus
2️⃣ A/Singapore/GP20238/2024 (H3N2)-like virus
3️⃣ B/Austria/1359417/2021 (B/Victoria lineage) like virus
တုပ်ကွေးကာကွယ်ဆေးကို ဘယ်အချိန်မှာ ထိုးသင့်ပါသလဲ❓
မြန်မာနိုင်ငံတွင် တုပ်ကွေးရာသီသည် ဧပြီလမှ စက်တင်ဘာလအထိ ဖြစ်သောကြောင့် ယင်းကာလမတိုင်မှီ ထိုးနှံထားသင့်ပါတယ်။
တုပ်ကွေးကာကွယ်ဆေးကို ဘယ်နှစ်ကြိမ် ထိုးနှံဖို့လိုပါသလဲ❓
နှစ်စဉ်တုပ်ကွေးရာသီမတိုင်ခင် တစ်ကြိမ်ထိုးနှံရပါမည်။ အသက် (၉)နှစ်အောက်ကလေးများတွင် ယခင်နှစ်က ထိုးနှံခဲ့ဖူးပါက တစ်ကြိမ်သာထိုးနှံရန်လိုအပ်ပါတယ်။ ယခင်ထိုးနှံခဲ့ဖူးခြင်းမရှိပါက ပထမအကြိမ်ထိုးပြီး တစ်လအကြာတွင် ဒုတိယအကြိမ်ထိုးနှံရန်လိုအပ်ပါတယ်။ အသက် (၉)နှစ်အထက်ဆိုပါက တစ်ကြိမ်သာ ထိုးနှံရန်လိုအပ်ပါတယ်။
တုပ်ကွေးကာကွယ်ဆေးကို ဘယ်သူတွေထိုးနှံသင့်ပါသလဲ❓
တုပ်ကွေးကာကွယ်ဆေးကို အသက် (၆) လအထက်မှစ၍ လူတိုင်းထိုးနှံသင့်ပါတယ်။ မဖြစ်မနေထိုးသင့်သူများက
(၁) အသက် (၆၅)နှစ်အထက်လူကြီးများ
(၂) ကိုယ်ဝန်ဆောင်မိခင်များ
(၃) အသက် (၆) လအထက် ကလေးသူငယ်များ
(၄) နာတာရှည်ရောဂါရှိသူများ (ကျောက်ကပ်၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ)
(၅) COVID ရောဂါဖြစ်ပွားထားပြီး အဆုတ်မကောင်းသူများ
📍(အသက် ၆ လအောက်ကလေးငယ်များ တုပ်ကွေးကာကွယ်ဆေးထိုးနှံရန် မလိုအပ်ပါ)📍
ဘယ်သူတွေမှာ မထိုးနှံသင့်ပါသလဲ❓
အရင်နှစ်ကာကွယ်ဆေးထိုးချိန်တွင် ဆေးဓါတ်မတည့်ခြင်းဖြစ်ပေါ်ခဲ့ဖူးသူများမှာ တုပ်ကွေးကာကွယ်ဆေး မထိုးနှံသင့်ပါ။
#ရွှေပြည်တန်ဆေးခန်း
General Practitioner & Public Health Consultant