26/04/2024
မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အရေးတကြီးသတိပေးတရား
====================================
"ငါ "ဆိုတဲ့ အတ္တဒိဋ္ဌိ မပြုတ်သေးတဲ့ ပုဂ္ဂိုလ်မှန်သမျှ ဒါနတွေ အကြိမ်ကြိမ်ပြု ,သီလတွေ အကြိမ်ကြိမ် ဆောက်တည်နေပါစေ။အဲဒီ ဒါန ,သီလ သတ္တိတွေက ဆိုင်ရာ,ဆိုင်ရာ "သုဂတိဘုံ"တွေမှာ အကျိုးပေးပေမဲ့ ကံအရှိန်ကုန်လို့ သတ္တိကုန်ရင်တော့ အဲဒီ ပုဂ္ဂိုလ်ကို အဲဒီ ဒိဋ္ဌိကဘဲ ဒုက္ခတိ ဘုံ တွေကို ပြန်ဆွဲချတယ်။
-ဝိပဿနာ မလုပ်သေးတာဖြင့် သေရတာ အားမရသေးလို့လား မေးဖို့ဘဲ ရှိတော့တယ်။
ခင်ဗျားတို့ အင်မတန် ကိုယ်ကျိုးနည်းမှာစိုးလို့ ဒီအလုပ်ကို ခိုင်းနေတာမှတ်ပါ။
- ပုထုဇဉ်အဖြစ်နဲ့ သေရင် လူတစ်သိန်းသေလို့ တစ်ယောက် သုဂတိ မရောက်ဘူး။ ဖြည်းဖြည်းမှ ဆိုတဲ့စကား မသုံးပါနဲ့ဖြည်းလာခဲ့တာ ကြာပါပြီ။
-ခင်ဗျားတို့က မသိလို့အေးအေးနေတာ,တော်ကြာ ခင်ဗျားတို့ တွေ့ရမဲ့ ဒုက္ခက မသေးဘူးနော်။ "ဆုတောင်းပြည့် ဘုရား"မကယ်နိုင်ဘူး ဖြည်းဖြည်းမှဆိုတဲ့ ဆင်ခြေပေးနေလို့ကတော့ ငရဲမျိုးစေ့ ကြီးပွားပါရစေဆိုတာနဲ့ အတူတူဘဲ။
-တစ်နေ့တစ်နေ့ ဖြစ်နေတဲ့ လောဘ,ဒေါသ,မောဟ တွေဟာ တစ်နေ့ကို ငရဲရောက်ဖို့ ဘဝပေါင်း မရေမတွက်နိုင်ဘူး။စိတ်ကလေး တစ်လုံး,စေတနာလေးတစ်ခု အပါယ်တစ်ခါရောက်ဆိုတော့,
စိတ်ပေါင်းကလည်း မရေတွက်နိုင်ဘူးဆိုတော့က,အပါယ်က တက်စရာမမြင်ဘူး။
-သာသနာ ငါးထောင်ဆိုတာ နှစ် အပိုင်းအခြားကို ခေါ်တာမဟုတ်ဘူး။သာသနာဆိုတာ နှစ်ကိုမခေါ် အဆုံးအမ ကိုခေါ်တာဘဲဆိုတဲ့ အချက်ကို သိကြရမယ်။ဟောတဲ့အတိုင်း လိုက်နာကြ ကျင့်ကြံအားထုတ်ကြလို့ဆိုတာဟာ သာသနာဘဲ။သာသနာ ငါးထောင်ဆိုတဲ့ စကားတွေဟာ သာသနာမဟုတ်ဘူး။သာသနာဆိုတာ လိုက်နာသူအပေါ်မှာ လုံးဝတည်နေတယ်။လိုက်နာရမယ့် သူက မလိုက်နာရင် ဘုရားရှင် ရှိနေလည်းမဆိုင်, မရှိလည်း မဆိုင်ဘူး။ ဒီ ဘုရားဟောထားတဲ့ စကားတော်အတိုင်း, အဆုံးအမ အတိုင်း လိုက်နာမှု မလိုက်နာမှု အပေါ်မှာသာ တည်တယ်။
-မနက်ဖြန် သေသွားရင် သာသနာနဲ့ငါ အိုးစားကွဲတာဘဲမှတ်။ကိုယ်သေရင် အပါယ်တွန်းချမယ့် တရားတွေ ဝမ်းထဲရှိနေလျက်နဲ့နှောင့်နှေးတဲ့ အလုပ် လုပ်နေရင် ဒီထက်မိုက်တာ ရှာမတွေ့တော့ဘူး။ တစ်ဘဝ တစ်နပ်စာ ငဲ့နေတာနဲ့ တစ်သံသရာလုံး နစ်နာသွားလိမ့်မယ်။
- ဘုရား အပေါ်လည်း သံသယမရှိနဲ့ ,တရား အပေါ်လည်း သံသယ မရှိနဲ့,ကိုယ့်ကိုယ်လည်း သံသယ မရှိနဲ့ သာသနာနဲ့ကြုံ ,ဆရာကောင်းနဲ့ကြုံလို့ ပါရမီကလည်း ပြည့်နေပြီ။ကျင့်သာကျင့်ရမှာဘဲ။ အချည်းနှီးလုံးဝ မဖြစ်ဘူးဆိုတာ မှတ်လိုက်ပါ။
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော် ဘုရားကြီး