အောင်သုခ ကလေးအထူးကုဆေးခန်း - Sittwe

  • Home
  • Myanmar
  • Sittwe
  • အောင်သုခ ကလေးအထူးကုဆေးခန်း - Sittwe

အောင်သုခ ကလေးအထူးကုဆေးခန်း - Sittwe Child Health

21/11/2023

အခုတလောမှာ ကလေးငယ်တွေ ဝမ်းပျက်ဝမ်းလျော၊ အော့အန်တာမျိုးတွေအတွေ့ရများလာပါတယ်။ ၃နှစ် ​အောက် ကလေးငယ်တွေမှာပိုဖြစ်တာတွေ့ရပါတယ်။ အများစုကတော့ ရောဂါလက္ခဏာ မပြင်းထန်တာတွေ့ရပါတယ်။ အကယ်၍ ကိုယ့်ကလေး ဝမ်းလျောတယ် ဆိုရင်

၁။ဓါတ်ဆားကို စနစ်တကျဖျော်စပ်၍တိုက်ပါ။
၂။ ဇင့်(Zinc) တိုက်ပါ။ (အသက် ၁နှစ်အောက် 5ml တစ်ကြိမ်၊ အသက် ၁ နှစ်အထက် 5ml နှစ်ကြိမ်)
၃။အစားအစာပုံမှန်အတိုင်းကျွေးပါ။
၄။အချိုရည်၊ အချိုများသောအစားအစာများရှောင်ပါ။

အောက်ပါလက္ခဏာများတွေ့လျှင် ဆရာဝန်နှင့်အမြန်ဆုံးပြသပါ။
၁။ မှိန်းလွန်းလျှင်
၂။ အစာ၊ရေ၊ဓါတ်ဆား မဝင်လျှင်။
၃။ အဖျားကြီးလျှင်။
၄။အဆက်မပြတ် အန်လျှင်။
၅။သွေးဝမ်းသွားလျှင်၊ ဆန်ဆေးရည်ရောင်ဝမ်းများ အဆက်မပြတ်သွားလျှင်။
၆။မိမိကလေး က ရောဂါအခံရှိလျှင်၊ အာဟာရချို့တဲ့လျှင်။

ကျန်းမာကြပါစေ။
Dr.ATP

13/11/2022

ကလေး ငယ်တွေ ကို မနက် စာ ဘာတွေ ကျွေးသင့်သလဲ????

အခုရက်ပိုင်းမှာ အုပ်ထိန်းသူတွေကလည်း အလုပ်တွေ ရှုပ်ပြီး မအား လာတာနဲ့အမျှ ကလေးငယ်တွေ ကိုလည်း အလွယ်တကူ ရတဲ့ လက်ဖက်ရည် ဆိုင် က အစားအစာ တွေ ကို ကျွေးလာတာကိုလည်း တွေ့ရပါတယ်။

ဘာတွေ မကျွေးသင့်ဘူးလဲ????

ဥပမာ - ကလေးငယ် ကို အလွယ်ရတဲ့ ဆိုင်က မုန့်ဟင်းခါး ကျွေးကြပါတယ်။ အခုဆို ၃-၄ နှစ် သား အရွယ်ကတည်း က မနက်စာ ကို မုန့်ဟင်းခါး ဝယ်ကျွေးနေတဲ့ မိဘ တွေ တွေ့နေရပါတယ်။ ဆိုင်မုန့်ဟင်းခါး ကတော့ ထုံးစံ အတိုင်း ဆားပါဝင်မှု့များတော့ ငယ်ငယ်ကတည်းက အငန် စားတတ်တဲ့ အကျင့်ဖြစ်ပြီး ကြီးလာရင် သွေးတိုးရောဂါ ဖြစ်လာနိုင်ပါတယ်။

နောက်တစ်ခု ကတော့ အသုပ် မျိုးစုံပါ။ ဆိုင်လုပ် လက်သုပ် တွေကတော့ အချို့မှုန့်များရုံတင်မကပဲ နီနီရဲရဲ အချဉ် တွေ နဲ့ သုပ်ထားတဲ့ အပြင် မှို ပေါင်းများစွာပါနေတဲ့ ငရုတ်သီးမှုန့်တွေ က ကလေးတွေရဲ့ ကျန်းမာရေး ကို လွန်စွာ ဒုက္ခပေးနိုင်ပါတယ်။ ဥပမာပြောရင် ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ အစားအသောက်မသန့်လို့ ဖြစ်တဲ့ အသည်းရောင် ရောဂါ၊ အထိ ဖြစ်သွားနိုင်ပါတယ်။

နောက်တစ်ခု ကတော့ ဆီတွေ နစ်နေအောင်ကြော်ထားတဲ့ အကြော်စုံ၊ ဆီ ထပ်ခါထပ်ခါ ပြန်သုံးပြီးကြော်ထားတဲ့ အကြော်စုံ တွေ မကျွေးသင့်ပါဘူး။ ရံဖန်ရံခါ စားတာ ပြဿနာ အရမ်းမရှိပေမယ့်။ ရည်ရှည်ဆိုရင်တော့ ကလေးငယ် အဝလွန် ရောဂါ ဖြစ်လာ နိုင်ပါတယ်။

ဘာတွေကျွေးသင့်သလဲ????

1. နွားနို့
2. ပေါင်မုန့် (expire date သေချာကြည့်ပြီး၊ မှို ပါ မပါ စစ်ဆေးပြီးမှ ဝယ်ပါ)
3. ပေါက်စီ
4. အိမ်လုပ် အသုပ် (မကျည်းရည် ဖြင့်သာ သုပ်ရန်၊ ငရုပ်သီးမှုန့် မထည့်သင့်ပါ)
5. လက်ဖျော် အသီး ဖျော်ရည် တစ်ခုခု
6. ပဲပြုတ် ထမင်း
7. နံပြား
8. ကြက်ဥပြုတ်
9. ထောပါတ်သီး
10. မြေပဲထောပတ်
11. ဒိန်ချဉ်
12. အိမ်လုပ် ခေါက်ဆွဲပြုတ်
13. ပဲ သို့မဟုတ် နို့ တခုခု ပါသော သန့်ရှင်းလက်ဆက်သော မြန်မာ မုန့်မျိုးစုံ

အသက် ၅ နှစ် အောက် ကလေးများ ကို အပြင် အစားအစာ များမကျွေးသင့်ပါ။ အပြင်အစားအစာ တွေမှာ ဆားပါဝင်မှု့ များတဲ့ အတွက် ကလေးတွေ က အိမ်လုပ် အစားအစာတွေ ကို မစားဘဲ အပြင်စာ တွေ ကိုသာ ပိုပြီး စွဲမက် သွားစေနိုင်ပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

က​လေးများ နှင့် အိပ်ချိန်••••••••••••••••••••••••••အိပ်စက်ခြင်းဟာ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ မှတ်ဉာဏ်အတွက် အလွန်အရေးပါ ပါတယ...
04/11/2022

က​လေးများ နှင့် အိပ်ချိန်
••••••••••••••••••••••••••

အိပ်စက်ခြင်းဟာ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ မှတ်ဉာဏ်အတွက် အလွန်အရေးပါ ပါတယ်။ အိပ်စက်နေစဉ်အတွင်းမှာ ကြွက်သားအများစုဟာအနားရရှိပြီး အသစ်ပြန်လည်ပြုပြင်ပါတယ်။ ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ ဟော်မုန်းများကိုလည်း ထုတ်လုပ်ပေးပါတယ်။ ဦးနှောက်ဟာ တစ်နေ့တာ သင်ယူထားသမျှကို ညဘက်အိပ်စက်ချိန်မှာ မှတ်သားမှုလုပ်ရပါတယ်။ ခဏတာမှတ်ဉာဏ်ကို ရေရှည်မှတ်ဉာဏ်အဖြစ် ပြောင်းလဲပေးပါတယ်။ ဒါကြောင့် သီချင်းတစ်ပုဒ်ကိုနားထောင်ကာစမှာ သိပ်မမှတ်မိပေမယ့် နောက်တစ်နေ့မှာပိုမှတ်မိတာမျိုးကြုံဖူးကြပါလိမ့်မယ်။ တရေးနိုးသော်အကြံပေါ် ဆိုတာမျိုးပေါ့။

သားသားမီးမီးတို့လို ငယ်ရွယ်နုနယ်တဲ့အချိန်၊ ဦးနှောက်မှတ်ဉာဏ်ဖွံဖြိုးနေတဲ့အချိန်မှာဆို အိပ်ရေးဝဝအိပ်ဖို့ပိုလိုတောင် လိုအပ်ပါတယ်။အသက်အရွယ်အလိုက် လုံလောက်တဲ့အိပ်ချိန်ရရှိနေဖို့လိုပါတယ်။ အိပ်ချိန်မလုံလောက်ရင်
ဦးနှောက်ထဲမှာရှိတဲ့ Neurons လေးတွေကိုဆက်သွယ်ထားတဲ့ Plasticity လေးတွေ ပျောက်ဆုံးကုန်ပါတယ်။ ဦးနှောက်အတွက်လိုအပ်တဲ့ သကြားဓာတ်ကို သွေးထဲကနေစုပ်ယူနိုင်စွမ်းကျဆင်းလာတဲ့အတွက် ဦးနှောက်လုပ်ဆောင်ရည်ကျဆင်းလာပါတယ်။

အိပ်ရေးပျက်တာကြာလာတဲ့အခါ အိပ်ရေးပျက်ခံနိုင်လာတယ်လို့ အထင်မှားတတ်ကြပါတယ်။ တကယ်တော့ အိပ်ချိန်မလုံလောက်တဲ့ဒဏ်ကို ဦးနှောက်နဲ့ ခန္ဓာကိုယ်ကနှစ်ဆတိုး ခုခံနေရတာပါ။ အဲ့အတွက်ကြာလာတာနဲ့အမျှ မှတ်ဉာဏ်စွမ်းရည်ကျဆင်းခြင်း၊ အာရုံစူးစိုက်မှုလျော့နည်းခြင်း၊ အားအင်ကုန်ခမ်းလွယ်ခြင်း၊ အမောမခံနိုင်ခြင်း၊ သွေးတိုး၊ ဆီးချို၊ အဝလွန်ခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကလေးငယ်များအတွက်အသက်အရွယ်အလိုက် လိုအပ်တဲ့ အိပ်ချိန်ပမာဏကို ဖော်ပြပေးလိုက်ပါတယ်။

အခုဇယားမှာဖော်ပြထားတာကတော့ နေ့ခင်းနေ့လည်အိပ်ချိန်အပါအဝင် တစ်နေ့တာ စုစုပေါင်းအိပ်ချိန် (အနည်းဆုံး- အများဆုံး)ဖြစ်ပါတယ်။ မွေးစ ကလေးလေးတွေကတော့ ပျမ်းမျှနေ့ ၈နာရီ၊ ည ၈နာရီ အိပ်ပါတယ်။ တစ်ခါအိပ်ရင် ၂နာရီ ၃နာရီ လောက်ပဲအိပ်ပါတယ်။ တစ်ခါတစ်လေ နေ့ဘက်အိပ်တာပိုများတတ်လို့ နေ့နဲ့ညမှားအိပ်တယ်ဆိုပြီး မိခင်တွေအနေနဲ့စိတ်ပူတတ်ကြပါတယ်။ များသောအားဖြင့် အသက် ၃လကျော်လောက်ဆို ပုံမှန်ပြန်ဖြစ်သွားတတ်ကြပါတယ်။

မေ​မေတို့ သားသားမီးမီး​လေး​လေး​တွေရဲ့ ဦး​နှောက်နှင့် ခန္ဓါကိုယ် ဖွံ့ဖြိုးတိုးတက်​စေဖို့ဆိုတဲ့​နေရာမှာ အစာအဟာရအပြင် အိပ်စက်ခြင်းဆိုတဲ့ အခန်းကဏ္ဍကလည်း အ​ရေးကြီးတဲ့ အ​ကြောင်းအရာတစ်ခုအ​နေနဲ့ ပါဝင်ပါတယ်​နော်။ သားသားမီးမီးတို့အားလုံး အိပ်ရေးဝဝ၊ အိပ်မက်လှလှ မက်ကြပါစေ​။

26/10/2022

က​လေးဦး​နှောက် ဖွံ့ ဖြိုး​စေမဲ့ အဓိက အစားစာ​လေး​တွေကို ​မေ​မေတို့အတွက် မျှ​ဝေ​ပေးပါရ​စေ​✅✅✅

✅ ရေ (ဦး​နှောက်အတွင်း oxygenရဖို့ရန် ​သွေးလည်ပတ်မှု ​ကောင်း​စေဖို့အတွက်ပါ)

✅ မိခင်နို့ (​မေ​မေ့နို့ရည်က သားသားမီးမီးတို့ ဦး​နှောက်ဖွင့်ဖြိုးဖို့အ​ကောင်းဆုံး အာဟာရပါ​)

✅ နို့ထွက်ပစ္စည်းများ (နွားနို့ , ချိစ်, ဆိတ်နို့ ,ဒိန်ချဥ် )

✅ ငါးအမျိုးမျိုး (ဦး​နှောက်ဖွံ့ ဖြိုး​စေမဲ့ အိုမီဂါ ၃ အဆီဓါတ် ပါဝင်ပါတယ်)(DHA,Omega 3 fatty acid,Zinc,Vitamin B12)

✅ အသားအမျိုးမျိုး (iron , zinc ပါဝင်သည့်အတွက် ဦး​နှောက်မှတ်ညဏ် နှင့် အားရုံစူးစိုက်မှုအား ပို​ကောင်း)

✅ ပဲအမျိုးမျိုး (ပဲတီစိမ်း , စား​တော်ပဲ , ပဲလိပ်ပြာ , ပဲနီ​လေး ,ပဲဝါ ,ကုလားပဲ , ပဲကတ္ထီပါ ,ပဲကြီး အစရှိသဖြင့် )

✅ အ​စေ့အဆံ (​မြေပဲ, ​နေကြာ​စေ့, သီဟိုဠ်စေ့, သစ်ကြားသီး, ဖရုံ​စေ့, ကွာ​စေ့)

✅ ဝါစိမ်းနီပါ​သော အသီးအရွက်များ (ဥနီ, brocoli(ပန်းပွင့်စိမ်း),​ရွှေဖရုံသီး,ကန်စွန်း ,ဟင်းနုနွယ် အစရှိသဖြင့်)

✅ ကြက်ဥ/ငုံးဥ (ဦး​နှောက်နှင့်အမြင်အာရုံဖွံ့ဖြိုး​စေတဲ့ choline ပါဝင်)

✅ သစ်သီးအမျိုးမျိုး (ပန်းသီး,နာနတ်သီး,စ​တော်ဘယ်ရီ,စပျစ်သီး,ငှက်​ပျောသီး )

က​လေး နှင့် အား​ဆေး •••••••••••••••••••••••••ဒီ​ခေါင်းစဥ်​လေးက​တော့ ​မေ​မေ​တွေအများဆုံး​မေး​နေကျ ​မေးခွန်း​လေးပဲ ဖြစ်ပါတ...
20/10/2022

က​လေး နှင့် အား​ဆေး
•••••••••••••••••••••••••

ဒီ​ခေါင်းစဥ်​လေးက​တော့ ​မေ​မေ​တွေအများဆုံး​မေး​နေကျ ​မေးခွန်း​လေးပဲ ဖြစ်ပါတယ်။
က​လေးက အစာမစားလို့၊ က​လေးက ပိန်​နေလို့ အား​ဆေး​ကောင်းတာ​လေးညွှန်​ပေးကြပါအုံး ဆိုပြီး အမြဲ​တွေ့​နေကျ ​မေးခွန်း​လေး ပါပဲ။

အရင်ဆုံး အား​ဆေးအ​ကြောင်းမ​ပြောခင် ခန္ဓါကိုယ်အတွက်မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓါတ်​တွေအ​ကြောင်းကို ရှင်းပြချင်ပါတယ်။

၁။ Calorie ​ပေး​သော အာဟာရအုပ်စု
••••••••••••••••••••••••••••••••••••••••
▪︎Carbohydrates (ကာဗိုဟိုက်ဒရိတ်)
▪︎Protein (အသားဓါတ်)
▪︎Fat (​အဆီဓါတ်)
(ပမာဏာများများစား​ပေးဖို့ လိုအပ်တဲ့ အာဟာရဓါတ်​တွေဖြစ်ပါတယ်)

၂။ Calorie မ​ပေး​သော အာဟာရအုပ်စု
•••••••••••••••••••••••••••••••••••••••••
▪︎Vitamins ( ဗီတာမင် )
▪︎Minerals (သတ္တုဓါတ်)
(ပမာဏာနဲနဲသာ စား​ပေးဖို့ လိုအပ်တဲ့ အာဟာရဓါတ်​တွေဖြစ်ပါတယ်)

ဗီတာမင်များနှင့်သတ္တုဓာတ်များဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင် ပေးခြင်း၊ ပုံမှန်ကြီးထွားမှုနှင့်ဖွံ့ဖြိုးမှုကိုအထောက်အပံ့ပေးပြီးဆဲလ်များနှင့်ကိုယ်တွင်းအင်္ဂါများကို ၎င်းတို့၏အလုပ်များလုပ်ဆောင်နိုင်ရန်ကူညီပေးပါတယ်။ ဥပမာအားဖြင့် မုန်လာဥနီက မျက်လုံးအတွက်ကောင်းတယ်လို့​မေ​မေတို့အ​နေနဲ့ ကြားဖူးကောင်းကြားဖူးပါလိမ့်မယ်။ အဲဒါအမှန်ပါပဲ! မုန်လာဥနီမှာ carotenoids လို့ခေါ်တဲ့ဓာတ်​တွေ ပြည့်ဝစွာပါ ၀င်တဲ့အတွက်​ကြောင့် မျက်လုံးပြဿနာ​တွေကိုကာကွယ်ပေးပါတယ်။

ဒီအာဟာရဓါတ်​တွေဟာ ​မေ​မေတို့ သားသားမီးမီးတို့ကို ​နေ့စဥ်​ကျွေး​နေတဲ့ အစားအစာထဲမှာ ကောက်နှံထွက်ပစ္စည်းများ၊ လတ်ဆတ်သောသစ်သီးများနှင့်ဟင်းသီးဟင်းရွက်များ၊ နို့ထွက်ပစ္စည်းများ၊ အခွံမာသီးများ၊ အစေ့များ၊ ဥများနှင့်အသားများ ပါ၀င်လျှင် ခန္ဓာကိုယ်က လိုအပ်တဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေရရှိနိုင်ပါတယ်။ပုံမှန်အာဟာရဓါတ်လုံ​လောက်စွာရရှိ​နေတဲ့က​လေးငယ်တစ်​ယောက်မှာ ဆိုလျှင် အား​ဆေးမလိုအပ်ပါဘူး။

က​လေးငယ်ဟာ ပိန်တယ်/ဝတယ် ဆိုတဲ့​နေရာမှာ အ​ကြောင်းအရင်းအမျိုးမျိုးရှိနိုင်ပါတယ်။
မျိုးရိုးဗီဇ၊ ​ရောဂါတစ်ခုခုရှိတာ၊ အာဟာရချို့တဲ့တာ၊ ​နေထိုင်စား​သောက်မှုပုံစံအ​လေ့အကျင့်မမှန်တာ၊ ကိုယ်လက်လှုပ်ရှားမှု့မရှိတာ စတဲ့အ​ကြောင်းအရင်းများ​ကြောင့်လည်း အဝလွန်တာ ပိန်တာ ​တွေဖြစ်နိုင်ပါတယ်။ ​မေ​မေတို့ရဲ့ က​လေးဟာ က​လေးငယ်တစ်​ယောက်မှာ ရှိရမဲ့ ကိုယ်အ​လေးအချိန်ဇယားမှာ ရှိမယ်ဆိုရင် ဝတာပိန်တာနဲ့မဆိုင်ပဲ ကျန်းမား​ရေး​ကောင်းမွန် အာဟာရဓါတ် လုံ​လောက်စွာရတဲ့က​လေးလို့ယူဆလို့ရပါတယ်​နော်။

အဓိက က​လေးကို ပုံမှန်ရှိရမဲ့ ကိုယ်အ​လေးချိန်ဇယားထဲမှာ ရှိ​စေချင်တယ်ဆိုတဲ့​မေ​မေ​တွေအ​နေနဲ့ အာဟာရဓါတ်​တွေ ကို ကယ်လိုရီတွက်ချက်ပြီး ​သေချာ​ကျွေး​ပေးပါ။တချို့​ကျွေး​တော့​ကျွေးပါတယ် ​ကျွေးတဲ့အစားအစာထဲမှာ တကယ်လိုအပ်​နေတဲ့ ကယ်လိုရီကိုမရဘူးဆိုလျှင် က​လေးက ကြီးထွားဖွံ့ဖြိုးသင့်သ​လောက် မဖွံ့ဖြိုးနိုင်ပါဘူး​နော်။ ဥပမာ (ကြက်ဥ၊ နွားနို့၊ အသား​/ငါး၊ ပဲအမျိုးမျိုး) အစရှိတဲ့ ခန္ဓါကိုယ် ကြီးထွားဖွံ့ဖြိုးဖို့ အဓိကလိုအပ်တဲ့ protein အများဆုံးရတဲ့အစားအစာ​တွေကို တ​နေ့တာလိုအပ်တဲ့ ကယ်လိုရီပမာဏ အလိုက် ​လုံလုံ​လောက်​လောက် ကျွေး​ပေးရပါမယ်။

က​လေးငယ်ဟာ အစာ​ကျွေးရခက်​နေတာ ပုံစံအမျိုးမျိုး​ပြောင်း​ကျွေးလည်းမရတာ အစာစားချင်စိတ်မရှိတာ အစရှိသဖြင့် အာဟာရလိုအပ်ချက်ရှိ​နေရင်​တော့ အား​ဆေးမဖြစ်မ​နေကူ​ပေးရပါမယ်။ ဒါမှသာ လိုအပ်တဲ့အာဟာရဓါတ်ကို ဖြည့်​ပေးနိုင်မှာပါ။ ​မေ​မေတို့အ​နေနဲ့ လွဲမှားစွာ​တွေး​နေတဲ့ အ​တွေးတစ်ခုရှိပါတယ်။ (အဲ့ဒါက​တော့အား​ဆေးတိုက်ရင်က​လေးဝလာမယ်ထင်​နေတဲ့အ​တွေးပါပဲ။ )လုံးဝမဟုတ်ပါဘူး​နော်။ အား​ဆေးတိုင်းဟာ မဝ​စေပါဘူး က​လေးငယ်အတွက်မရှိမဖြစ် လိုအပ်တဲ့ vitamins ​တွေ minerals ​တွေဖြည့်​ပေးတာပါ။

က​လေးကိုညဏ်​ကောင်း​စေချင်လို့ အား​ဆေးတိုက်တာ၊ ကိုယ်ခံအားစနစ်မြင့်​စေချင်လို့တိုက်တာ၊ အစာစားချင်စိတ်ဖြစ်​အောင် lysine ပါတာတိုက်တာ၊ က​လေးကအစားအစုံမစားလို့ အာဟာရဓါတ်လိုမှာစိုးလို့တိုက်တာ အစရှိသဖြင့် ဒါမျိုးဆိုရင် တိုက်နိုင်ပါ​တယ်နော်။

ကလေး နှင့် ရေ•••••••••••••••••မိဘများဟာ မိမိတို့ကလေးရဲ့ အာဟာရ နှင့် အာဟာရလိုအပ်ချက်များကိုအလွန်ဂရုစိုက်ကြပါတယ်။ သို့သော်...
19/10/2022

ကလေး နှင့် ရေ
•••••••••••••••••

မိဘများဟာ မိမိတို့ကလေးရဲ့ အာဟာရ နှင့် အာဟာရလိုအပ်ချက်များကိုအလွန်ဂရုစိုက်ကြပါတယ်။ သို့သော် မိဘတွေမေ့နေပြီး သတိမပြုမိကြတဲ့ အချက်တချက်ရှိပါတယ်။အဲ့ဒါကတော့ မိမိကလေးငယ် တနေ့ကိုရေဘယ်လောက်သောက်သင့်သလဲ၊ ဘယ်လောက်သောက်မိနေသလဲဆိုတာ တွက်ချက်ဖို့ကိုမေ့နေတတ်ကြပါတယ်။ ပုံမှန်အတိုင်းပဲ ကလေးရေဆာလျှင်၊ ကလေးကရေတောင်းလျှင်၊ အစာတစ်ခုခုကျွေးပြီးလျှင် တိုက်နေကြအတိုင်းပဲ တိုက်လိုက်တတ်ကြပါတယ်။ မေမေတို့ရဲ့ ကြီးထွားနေတဲ့ ကလေးငယ်အတွက် ရေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ရေသောက်ခြင်းအားဖြင့် ကလေးငယ်ရဲ့ ဦးနှောက် နှင့် ကြွက်သားများ မှန်ကန်စွာလည်ပတ်ရန် အထောက်အပံ့ဖြစ်စေပါတယ်။ အကြိမ်များစွာမိဘတွေဟာ သူတို့ရဲ့ကလေးငယ်လေးတွေက အခြားအရည်များသောက်ခြင်းဖြင့် သူတို့ရဲ့ လိုအပ်နေတဲ့ရေဓာတ်ကို အစားထိုးပေးနိုင်တယ်လို့တွေးတတ်တာကြောင့် ရေရဲ့ အဓိက အရေးပါမှုကို မေ့နေတတ်ကြပါတယ်။ဒါကြောင့်မလို့ မေမေတို့အနေနဲ့ မိမိတို့၏ကလေးများအား ငယ်ရွယ်စဉ်ကတည်းက ရေသောက်တဲ့ အလေ့အထကို လေ့ကျင့်ပေးထားသင့်ပါတယ်နော်။ အသက် ၁ နှစ်မှ ၃ နှစ်ကြားကလေးတစ်ယောက်ဟာ တစ်နေ့လျှင်ရေဖန်ခွက် ၅-၆ ခွက်ခန့်လိုအပ်ပါတယ်။ကလေးငယ်တစ် ဦး ၏ရေလိုအပ်မှုဟာဆိုရင် ရာသီဥတုပေါ်မှာလည်း မူတည်ပါတယ်။ ရာသီဥတုပူတဲ့နေ့ဆိုလျှင် ကလေးငယ်အတွက် ရေဓာတ်ခန်းခြောက်ခြင်းနှင့်ပင်ပန်းနွမ်းနယ်ခြင်းကိုကာကွယ်ရန် ရေပိုလိုအပ်ပါလိမ့်မယ်။ ကလေးငယ်ရဲ့ကိုယ်ခန္ဓာဟာ အလွန်တက်ကြွနေပါက သူရဲ့ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးဖို့ ရေပိုလိုအပ်နိုင်ပါတယ်။ဒါ့အပြင် ဖျားနာနေသောကလေးငယ်များအထူးသဖြင့်အအေးမိ၊ တုပ်ကွေး သို့မဟုတ် ဝမ်းပျက်ဝမ်းလျှော ဖြစ်နေသောကလေးငယ်များအတွက်ဆိုလျှင်လည်းလုံလောက်တဲ့ ရေဓါတ်ကို ဖြည့်ပေးရပါမယ်။

ကလေးငယ်ရဲ့ ခန္ဓာကိုယ် နှင့် ဦးနှောက်ကို ကောင်းမွန်စွာလည်ပတ်စေဖို့အတွက် လုံလောက်သောရေပမာဏလိုအပ်ပါတယ်။ သင့်ကလေးငယ်ဟာ ရေဓါတ် အလုံအလောက်မရှိဟုခံစားရပါက အောက်ပါလက္ခဏာများကိုသတိပြုသင့်ပါတယ်။

၁။ ဆီးနှင့်အူလမ်းကြောင်းလှုပ်ရှားမှုများ
•••••••••••••••••••••••••••••••••••••••••

လုံလောက်သောရေပမာဏကိုသောက်သောကလေးငယ်သည်တစ်နေ့လျှင်ငါးကြိမ်မှခြောက်ကြိမ်ထိ ဆီးသွားနိုင်သည်။ သို့သော်သင့်ကလေးရေအလုံအလောက်မသောက်ပါကသူမကြာခဏဆီးမသွားဘဲ ဆီးအရောင်ဖျော့ဖျော့မှအဝါရောင်သို့ ပြောင်းနေသည်ကိုသင်သတိပြုမိလိမ့်မည်။ သင့်ကလေးငယ်သည်ဝမ်းသွားရာတွင်အခက်အခဲတွေ့နိုင်ပြီးဝမ်းချုပ်နိုင်သည်။ ဆီးပိုနက်ပြီးဝမ်းသွားရခက်ခဲခြင်းသည်သင်၏ကလေးငယ်တွင်ရေအလုံအလောက်မရှိကြောင်းညွှန်ပြသည်။

၂။ စိတ်နေစိတ်ထား
•••••••••••••••••••••

ရေသည်ကျွန်ုပ်တို့၏ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကောင်းမွန်စွာလည်ပတ်ရန်အခြေခံလိုအပ်ချက်ဖြစ်သည်။ ရေဓါတ် ခမ်းခြောက်သောအခါ သင့်ကလေးငယ်သည်ပင်ပန်းနွမ်းနယ်ပြီးအားအင်နည်းလာသည်။ သူ၏အိပ်စက်မှုပုံစံပြောင်းလဲခြင်းကိုသင်သတိပြုမိနိုင်ပြီးသူသည်ပိုအိပ်ချင်ပြီးပိုနှေးလာပုံပေါ်ပါသည်။ ရေဓာတ်ချို့တဲ့ခြင်းက သင့်ကလေးကိုဒေါသထွက်စေပြီး ဇီဇာကြောင် စေနိုင်ပါတယ်။

၃။ ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်
•••••••••••••••••••••••••••••••••

ရေလုံလောက်စွာမသောက်ခြင်းသည်သင့်ကလေးငယ်၏ရုပ်ရည်သွင်ပြင်ကို သိသာထင်ရှားလာနိုင်စေသည်။ ကျန်းမာသန်စွမ်းသောကလေးငယ်တစ် ဦး သည်တောက်ပသောအသားအရေနှင့်တောက်ပသောမျက်လုံးများရှိသည်။ အခြားတစ်ဖက်တွင်လုံလောက်သောရေမသောက်သည့် ကလေးငယ်တစ်ဦးသည် ခြောက်သွေ့ပြီးမွဲခြောက်သောအသားအရေရှိနိုင်သည်။ သူ၏မျက်လုံးများမှေးမှိန်သွားပြီးကျန်းမာတောက်ပမှုမရှိခြင်းဖြစ်နိုင်သည်။ သူ၏ပါးစပ်သည် ခြောက်သွေ့သွားနိုင်ပြီးငိုနေစဉ်တွင်မျက်ရည်အနည်းငယ် သို့မဟုတ် လုံးဝမကျဘဲနေနိုင်သည်။

ဒါကြောင့်မလို့ မေမေတို့အတွက် ကလေးငယ်တစ်ယောက်ရဲ့ တစ်နေ့တာရေလိုအပ်ချက်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

7-12 Months - 800ml
1-3 Years - 1.3L
4-8 Years - 1.7L
9-13 Years - 2.4L (for boy)
9-13 Years - 2.1L (for girl)

အခုပြောပြတဲ့ တစ်နေ့တာရေလိုအပ်ချက် ပမာဏဆိုသည့်အထဲတွင် သောက်ရေအပြင် အခြားသောအရည်( ဖျော်ရည်၊ ဟင်းရည်) စုစုပေါင်းပမာဏကိုပါထည့်တွက်ရပါမယ်။

က​လေးများ နှင့် ကာကွယ်​ဆေးအ​ကြောင်း••••••••••••••••••••••••••••••••••••••••••••ပုံမှန် ကျန်းမာတဲ့ကလေးတစ်ယောက်ကို မွေးစမှ...
18/10/2022

က​လေးများ နှင့် ကာကွယ်​ဆေးအ​ကြောင်း
••••••••••••••••••••••••••••••••••••••••••••

ပုံမှန် ကျန်းမာတဲ့ကလေးတစ်ယောက်ကို မွေးစမှာ ကာကွယ်ဆေး ၂ မျိုးထိုးရပါမယ်။
အသည်းရောင်အသားဝါဘီကာကွယ်ဆေးနဲ့ တီဘီရောဂါကာကွယ်ဆေး (BCG) တို့ဖြစ်ပါတယ်။ စောစောထိုးနိုင်လေ ကောင်းလေဖြစ်ပါတယ်။ အကယ်၍ မွေးစမှာ မထိုးဖြစ်ရင် ပုံမှန် ၂လ ကာကွယ်ဆေးထိုးတဲ့အချိန်မှာထိုးလို့ရပါတယ်။ အစိုးရကထိုးပေးတဲ့ ပုံမှန်ကာကွယ်ဆေးတွေကို အသက် ၂လ-၄လ-၆လ-၉လ-တစ်နှစ်ခွဲ အရွယ်တွေမှာ ထိုးရပါမယ်။ မီးမီး​လေးတို့အတွက်က​​တော့ အသက် ၉နှစ် နဲ့ ၁၀နှစ် မှာ သားအိမ်​ခေါင်း ကာကွယ်​ဆေး (၂) ကြိမ် ထိုး​ပေးပါတယ်။

ကာကွယ်ဆေးထိုးတဲ့ရက်မှာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်တုံ့ပြန်မှုကြောင့် ကလေးဖျားတတ်ပါတယ်။ များသောအားဖြင့် အဖျားမကြီးပါဘူး။ ၁ရက် ၂ရက်ဆို သက်သာသွားပါတယ်။၂လ ၄လ ကလေးတွေမှာဖြစ်တာများပါတယ်။ နို့ကောင်းကောင်းစို့နိုင်တယ် ကျန်တာပုံမှန်ပဲဆို စိုးရိမ်စရာမရှိပါ။ ရေပတ်တိုက်ပေးပါ။ ပါရာစီတမော အစက်ချအရည် တစ်ကြိမ် (သို့) ၂ကြိမ်တိုက်လို့ရပါတယ်။
( ၂လ ကလေးအတွက် 0.8ml သို့ 80mg)
( ၄လ ကလေးအတွက် 1ml သို့ 100mg)
ဖျားမှတိုက်ပါ။ မဖျားရင်မတိုက်ပါနဲ့။ဆေးမထိုးခင်ကြိုတိုက်ခြင်းမျိုးမလုပ်ရပါ။

ဆေးထိုးပြီးပါက ရေချိုးချင်ချိုးလို့ရပါတယ်။ ဘာမှမဆိုင်ပါ။ ပုံမှန်နို့တိုက်နေကြအတိုင်း၊ ကျွေးနေကြအတိုင်း ကျွေးလို့ရပါတယ်။

ဆေးထိုးတဲ့နေရာမှာ တစ်ခါတစ်ရံ အကျိတ်အခဲလေးပေါ်တတ်ပါတယ်။ အများအားဖြင့် ၅ မျိုးစပ်ကာကွယ်ဆေးမှာ ဖြစ်တာများပါတယ်။ ၂ရက်မှ ၂လခန့်ထိကြာတတ်ပါတယ်။ အစပိုင်း ၂ရက် ၃ရက်လောက်မှာ နာတတ်ပါတယ်။ ရေခဲအိတ်ကပ်ပေးပါ။ ကလေးအထိမခံဘဲ ဂျီနေရင် ပါရာစီတမောတိုက်လို့ရပါတယ်(အထက်ပါအတိုင်း)။ မနာရင်တိုက်စရာမလိုပါ။ အကျိတ်သည် နီရဲ၍ ပိုကြီးလာခြင်း၊ အဖျားမကျခြင်း၊ ဆေးထိုးထားသည့်ခြေထောက်မှာ လှုပ်ရှားမှုနည်းခြင်း၊ ပြည်တည်ဖုကဲ့သို့ဖြစ်လာပါက ဆရာဝန်နှင့်ပြပါ။

ကာကွယ်ဆေးကို ကလေးအသက်အရွယ်အလိုက် အတိအကျ ထိုးနှံခြင်းသည်သာ အကောင်းဆုံးဖြစ်ပါတယ်။ သို့သော် အကြောင်းကြောင်းကြောင့် သတ်မှတ်ရက်တွင်မထိုးဖြစ်လိုက်ပါက အခွင့်အရေးရသည်နှင့် ချက်ချင်းထိုးနှံပါ။

အစိုးရထိုးပေးတဲ့ ကာကွယ်ဆေးတွေအပြင် ဈေးကွက်အတွင်းမှာရှိတဲ့ အခြားသောကာကွယ်ဆေးများအကြောင်းကိုလည်း ဆက်လက်ဖော်ပြပေးသွားပါမယ်။

Photo by MOHS

 ်ဇိုင်းချို့တဲ့ခြင်း•••••••••••••••••••••••••••••••G6PD ဆိုတာ (Glucose 6 Phosphate Dehydrogenase) ဆိုတဲ့ အင်ဇိုင်းကို အ...
18/10/2022

်ဇိုင်းချို့တဲ့ခြင်း
•••••••••••••••••••••••••••••••
G6PD ဆိုတာ (Glucose 6 Phosphate Dehydrogenase) ဆိုတဲ့ အင်ဇိုင်းကို အတို​ကောက်​ခေါ်တာပါ​ ဒီအင်ဇိုင်းဟာ​ ​သွေးထဲမှာရှိတဲ့ ​သွေးနီဥ​တွေ ​ကောင်း​ကောင်း အလုပ်လုပ်နိုင်​အောင် ကူညီ​ပေးတဲ့ အင်ဇိုင်းတစ်မျိုးပါ။

​မွေးရာပါ G6PD Enzyme ချို့တဲ့ခြင်းဟာ ရာသက်ပန်ချို့တဲ့ခြင်းဖြစ်ပါတယ် ။ G6PD ချို့ယွင်းတာဟာ မျိုးရိုးလိုက်တတ်တဲ့အ​​ခြေအ​နေတစ်ခုဖြစ်ပြီး ​များ​သောအားဖြင့် ​ယောကျ်ား​လေးများမှာ ပို၍ဖြစ်တတ်ပါတယ်။ မြန်မာ​ယောကျ်ား​လေး အ​ယောက် ၁၀၀ မှာ ဆိုရင် ၅​ယောက် (သို့) ၁၀​ယောက် အထိ ဖြစ်ပွားတာကို​တွေ့ရှိရပါတယ်။

G6PD အင်ဇိုင်းချို့တဲ့​သော က​လေးများဟာ အသားဝါတတ်ပါတယ်။ ​သွေး​ဖောက်ကြည့်မှ ဒီအင်ဇိုင်းဓါတ်ချို့တဲ့မှုကို သိရှိနိုင်ပါသည်။G6PD အင်ဇိုင်းချို့တဲ့​သော က​လေး​တွေဟာ မတည့်​သော​ဆေးဝါး၊ ဓါတုပစ္စည်း၊ အစားအစာများ စားမိပါက ​သွေးနီဥ​တွေအကွဲများ​စေပါသည်။

G6PD အင်ဇိုင်းချို့တဲ့​ခြင်းဟာ ​​ရောဂါတစ်ခု မဟုတ်ပါဘူး​နော်။ G6PD အင်ဇိုင်းချို့တဲ့​သော က​လေးများသည် မတည့်​သော ​ဆေးဝါး ၊ အသုံးအ​ဆောင်၊ အစားအစာများကို ​ရှောင်နိုင်လျှင် ပုံမှန်က​လေးများနှင့်တန်းတူပဲဖြစ်ပါတယ်။ ဒါ​ကြောင့် အခု G6PD အင်ဇိုင်းချို့တဲ့​သော က​လေးများ ​ရှောင်ရမဲ့အရာ​တွေကို ​ပြောပြ​ပေးပါမယ်​။

@ ပရုပ်လုံး လုံးဝမသုံးရ (က​လေးငယ်ရဲ့ အနှီးနှင့် တစ်ခြားအသုံးအ​ဆောင်​​တွေမှာ ပရုပ်လုံး ထည့်မသုံးပါနဲ့ G6PD ရှိတဲ့က​လေးအိမ်မှာ ပရုပ်လုံး လုံးဝမထားလျှင်အ​ကောင်းဆုံးပါ)

@ ပဲကြီး၊ ပဲကြား၊ ​တောင်ကြီးပဲ (ပဲလိပ်ပြာ)၊ ​ကျောက်ကပ်ပုံပဲ မတည့်ပါ လဘ္ဘက်သုပ်ထဲထည့်စားသော ပဲအစုံ​ကြော်များမ​ကျွေးရ (စား​တော်ပဲ၊ ပဲနီ​လေး၊ ပဲဝါ၊ ကုလားပဲ၊ ပဲကတ္ထီပါ အားလုံးတည့်ပါသည်)

@ ဆိုး​ဆေးပါ​​သောအစားအစာများမစားရ

@ Sulphur ပါ​သော​ဆေးများနှင့် ငှက်ဖျား​ဆေးများ၊ Quinolone အုပ်စုပါတဲ့​ဆေးများ မ​သောက်သုံးရ (ဆရာဝန်ညွှန်ကြား​သော ​ဆေးများသာ ​သောက်သုံးသင့်ပါတယ် )

@ G6PD အင်ဇိုင်းချို့တဲ့​သော က​လေးများကြီးလာလျှင် ဝိုင် နှင့်မတည့်ပါ။

@ ​ဆေးရုံ​ဆေးခန်းများသွားတိုင်း မိမိက​လေးတွင် G6PD ရှိ​ကြောင်း ​ပြောပြ​ပေးရပါမယ်။

​မေ​မေတို့​ရေ မိမိကလေးက G6PD ချို့တဲ့ခဲ့ရင်တောင် အ​ပေါ်က​ရှောင်ရမဲ့အချက်​လေး​တွေကို ​သေချာလိုက်နာ​ပေးရင်း ​ပျော်ရွှင်သွက်လက် ညဏ်ထက်မြက်တဲ့ သားသားမီးမီး​လေး​တွေဖြစ်ကြပါ​စေ​နော်။

အသီးအရွက်မစားတဲ့ သားသားမီးမီး​လေးများအတွက်•••••••••••••••••••••••••••••••••••••••••••••••••••••••ကလေးတွေဟာ အသက်အရွယ်ရလာတ...
18/10/2022

အသီးအရွက်မစားတဲ့ သားသားမီးမီး​လေးများအတွက်
•••••••••••••••••••••••••••••••••••••••••••••••••••••••

ကလေးတွေဟာ အသက်အရွယ်ရလာတာနဲ့အမျှ အစာကျွေးရခက်လာပါတယ်။ ဒါဟာလည်း သူတို့ကိုယ်တိုင် ရွေးချယ်စားသောက်ချင်လာတဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတစ်ခုပါပဲ။ အဲ့ဒီထဲမှာမှ ကလေးအများစုက အသီးအရွက် သိပ်မကြိုက်ကြပါဘူး။ ဒါကလည်း မိဘတွေရဲ့ စားသောက်မှုပုံစံ၊ ကျွေးမွေးမှုပုံစံနဲ့ စပ်ဆက်နေပါတယ်။ အသီးအရွက်မစားတဲ့အခါမိဘတွေအနေနဲ့ စိတ်ပူကြပါတယ်။ မစားချင်တဲအချိန် အတင်းကျွေးတော့ ကလေးဟာ အသီးအရွက် စားရမှာပိုကြောက်လာပါတယ်။ ဒီလိုနဲ့သံသရာလည်ပြီး "ကျွန်မကလေးက အသီးအရွက်လုံးဝမစားဘူးဒေါက်တာ" ဆိုတဲ့အခြေအနေဖြစ်လာပါတယ်။ ဒီတော့

(၁) အသီးအရွက်နဲ့ စတင်မိတ်ဆက်​ပေးပါ။
•••••••••••••••••••••••••••••••••••••••••••••
အသက်(၆)လပြည့် ဖြည့်စွက်စာ စတင်​ကျွေးချိန်မှာကထဲက အသီးအရွက်များနှင့် မိတ်ဆက်​ပေးထားရမှာ ဖြစ်ပါတယ်။ က​လေး​တွေ ကိုယ်တိုင် မိမိလက်နဲ့ အစားအစာ​လေး​တွေကို ယူစားတတ် ​ကောက်စားတတ်တဲ့အရွယ်​ရောက်ပြီဆိုရင် မိဘတွေက ကလေးနဲ့အတူတူထမင်းဝိုင်းမှာစားပြတာမျိုးလုပ်ရပါမယ်။ မိသားစုထမင်းဝိုင်းမှာ နေ့တိုင်း အသီးအရွက်တစ်ခွက် ပါအောင်ချက်ပြုတ်သင့်ပါတယ်။ ကလေးမစားချင်တဲ့အချိန် အတင်းမကျွေးပါနဲ့။

(၂) ကလေးစိတ်ကြိုက်ရွေးချယ်ခွင့်ပေးပါ။
•••••••••••••••••••••••••••••••••••••••••••
ကလေးကို အသီးအရွက်ဆိုင်ခေါ်သွားပြီး သူစား ချင်တာရွေးခိုင်းပါ။ ကလေးငယ်လေးတွေအတွက်ဆိုလည်း ရုပ်ပုံ၊ ပန်းချီကားလေးတွေနဲ့ပြောပြခြင်း၊ ရွေးချယ်ခိုင်းခြင်းမျိုးလုပ်ပေးရပါမယ်။စင်တာ​တွေ ဈေးတွေမှာ shopping သွားမယ်ဆိုရင်လည်း က​လေး​လေးကို သူစားချင်တဲ့ အသီး​အရွက်လေး​တွေကို ပုံ​လေးနဲ့ဆွဲ​ပေးပါ။ ဝယ်ရမဲ့ list ​​လေးနဲ့ က​လေးကိုပါ​ခေါ်သွားပြီး ပုံဆွဲထားတဲ့အသီး​အရွက်လေး​တွေကို ​ရွေးချယ်ဝယ်ခိုင်း​ပေးပါ။ ဒါဆိုရင် ​မေ​မေတို့ရဲ့ က​လေး​ငယ်ဟာ shopping ထွက်ရင်​တွေ့သမျှ အကုန်ဆွဲထည့် ပူဆာတတ်တဲ့ က​လေး​လေးမဟုတ်​တော့ပဲ စနစ်တကျနဲ့ ​ဝယ်တတ်တဲ့က​လေး​လေး ဖြစ်လာတဲ့အပြင် အသီး​အရွက်​လေး​တွေ​အ​ပေါ်မှာလည်း စိတ်ဝင်စားမှုရှိလာမှာပါ​နော်။

(၃) စိတ်ဝင်စားအောင်ဖန်တီးပေးပါ။
••••••••••••••••••••••••••••••••••••••••
ကလေးငယ်နဲ့အတူ အသီးအရွက်တွေဆေးတာ၊ ဟင်းပြင်ဆင်တာမျိုး၊ အသီးအရွက်သုပ်ဆိုရင် သူတို့ကိုနယ်ခိုင်းတာမျိုးလုပ်ပေးပါ။သမီးသုပ်ထားတာအရမ်းကောင်းတာပဲလို့သာပြောကြည့်ပါ။ တစ်ပတ်လောက် အရွက်သုပ်တွေချည့် သုပ်ကျွေးနေပါလိမ့်မယ်။ အသီးအရွက်တွေရဲ့ အခေါ်အဝေါ်၊ အနံ့အရသာ၊ စိုက်ပျိုးပုံ၊ အပင်အကြောင်းတွေကို စိတ်ဝင်စားအောင်ပြောပြပေးပါ။ ဟင်းသီးဟင်းရွက်စိုက်ခင်းလေးတွေရှိရင် အပင်ပြုစုပျိုးထောင်တာမျိုး၊ ရေလောင်းတာမျိုးလုပ်ခိုင်းပေးပါ။အသီး​လေး​တွေဆိုရင်လည်း က​လေးစားချင်​အောင် သူကိုယ်တိုင် ဖန်တီးခွင့်​ပေးပါ။ က​လေးကို က​လေးကိုင်တဲ့ ပလပ်စတစ်ဓါး​လေး​တစ်ခု နဲ့ ပလပ်စတစ် စင်းနှီတုံး တစ်ခု​ပေးထား​ပေးပါ။ သန့်ရှင်းစွာ ​ဆေး​ကြောထား​ပေးပါ။ ဥပမာ- က​လေးကိုအသီး​ကျွေး​တော့မယ်ဆို ငှက်​ပျောသီးတစ်လုံးကို က​လေးကိုယ်တိုင် အခွံနွှာတတ်​အောင် သင်​ပေးပါ ပြီးလျှင် စင်းနှီတုံး​ပေါ်တင်ပြီး သူကိုယ်တိုင် လှီးတတ်​အောင်သင်​ပေးပါ။ သူကိုယ်တိုင်လှီးထားတဲ့အသီး​လေး​တွေကို ပန်းကန်ပြား​လှလှ သေး​သေးတချပ်​ထဲထည့်ခိုင်းပြီး ခက်ရင်းလှလှ​လေးနဲ့ သူကိုယ်တိုင် ထိုးစားခိုင်းပါ။ ဒါဆို က​လေးက သူ့ကို အစာ​ကျွေး​နေတယ်လို့မထင်​တော့ပဲ ကစား​နေရတယ်ထင်ပြီး ​​ပျော်ရွှင်စွာနဲ့ စား​သောက်ကစားရင်း အသီး​လေး​တွေကို ကြိုက်နှစ်သက်လာမှာပါ​နော်။

(၃) စားချင်စဖွယ် ပြင်ဆင်ပါ။
•••••••••••••••••••••••••••••••
ဒါကတော့ထွေထွေထူးထူးပြောစရာမလိုပါဘူး။ အသီးအနှံတွေကို ကလေးအကြိုက် အရုပ်ပုံလေးတွေ၊ အရောင်စုံစုံလင်လင်လေးတွေပြင်ဆင်ပေးပါ။ တချို့က သစ်သီးမစားပေမယ့် အသီးဖျော်ရည်ဆိုသောက်ကြပါတယ်။ပန်းကန်လှလှလေးတွေ၊ ထမင်းဘူးလှလှလေးတွေကလည်း အစာပိုဝင်စေပါတယ်။ စားနေကျ အစားအစာ၊ အသီးအရွက်၊ ပန်းကန်လေးတွေကို အပြောင်းအလဲဖြစ်အောင် တလှည့်စီပြောင်းပေးပါ။

​(၄) Snack Time မှာ ကြိုးစားကြည့်ပါ။
•••••••••••••••••••••••••••••••••••••••••••
ကလေးတွေက ထမင်းသာမစားရင်နေမယ် သွားရည်စာတော့ကြိုက်ကြပါတယ်။ ဒီတော့ snack time မှာ အသီးအနှံလေးတွေပါအောင် menu ဆွဲပါ။ (ဥပမာ - သီးစုံဒိန်ချဥ်၊ သီးစုံ​ကျောက်​ကျော) တစ်ခုတော့ရှိပါတယ် ဘယ်လိုပဲ ပုံစံမျိုးစုံပြောင်းကျွေးကျွေး ကလေးလုံးဝ မကြိုက်တဲ့အစားအစာမျိုးရှိတတ်ပါတယ်။ အတင်းအကျပ်မကျွေးပါနဲ့။ အဲဒီအစား အာဟာရတူတဲ့တခြား အသီးအရွက်မျိုးပြောင်းကျွေးပါ။ ကလေးတွေရဲ့ အကြိုက်ကပြောင်းတတ်ပါတယ်။ အခုမကြိုက်ပေမယ့် နောင်ကြိုက်ချင်ကြိုက်တတ်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ မစားတာနဲ့ စာရင် နည်းနည်း စားလည်း အဆင်ပြေပါတယ်။ any amount is better than none. ပါ။ ဇွတ်အတင်းကြီးကျွေးတာထက်စာရင် နည်းနည်းချင်းစီ try သင့်ပါတယ်။ မစားဘူးဆိုလည်း စိတ်ဓာတ်မကျပါနဲ့။ စိတ်မဆိုးပါနဲ့။ အပေါ်မှာပြောပြခဲ့တဲ့နည်းလမ်းလေးတွေအတိုင်း ကြိုးစားကြည့်ပါနော်။

(၆)လက​လေး ဖြည့်စွက်စာ​ကျွေးနည်း••••••••••••••••••••••••••••••••••••••••••••​မေ​မေတို့ရဲ့က​လေး​လေး အသက်(၆)လပြည့်ပြီဆိုတာန...
18/10/2022

(၆)လက​လေး ဖြည့်စွက်စာ​ကျွေးနည်း
••••••••••••••••••••••••••••••••••••••••••••
​မေ​မေတို့ရဲ့က​လေး​လေး အသက်(၆)လပြည့်ပြီဆိုတာနဲ့ သူတို့ရဲ့အစာအိမ်နှင့် အူလမ်း​ကြောင်းဟာ ဖြည့်စွက်စာနဲ့စတင်မိတ်ဆက်ဖို့အဆင်သင့်ဖြစ်​နေပါပြီ။ ဖြည့်စွက်စာစတင်​ကျွေး​တော့မယ်ဆိုတာနဲ့ ​မေ​မေ​တွေအတွက် စဥ်းစားရပါ​တော့မယ်။ ဘယ်လိုစ​ကျွေးရမလဲ? ဘာ​လေး​တွေ​ကျွေးရမလဲ? ဘယ်နှကြိမ်​ကျွေးရမလဲ? ဆိုတာ​တွေပါပဲ။ ဒါ​ကြောင့်မလို့ ဒီ​နေ့​ပြောပြ​ပေးမှာက​တော့ က​လေးငယ်ရဲ့ ဦး​နှောက်နှင့် ခန္ဓါကိုယ် ဖွံ့ ဖြိုးတိုးတက်​စေဖို့အတွက် ​ကျွေး​မွေးရမဲ့ အာဟာရပြည့်ဝတဲ့ ဖြည့်စွက်စာအ​ကြောင်းပဲ ဖြစ်ပါတယ်။

ဖြည့်စွက်စာစ​ကျွေးမည့် ပထမရက်မှာ​တော့ Cereal လို့​ခေါ်တဲ့ (က​လေးအာဟာရမှုန့်) နဲ့ စ​စေချင်ပါတယ်။ Cereal စားပွဲတင်ဇွန်း ၁ဇွန်းကို ​ရေ(သို့)မိခင်နို့ဖြင့် ​ဖျော်စပ်၍ မနက်(၈)နာရီတစ်ကြိမ် နှင့် ည​နေ(၃)နာရီတစ်ကြိမ် ​ကျွေး​ပေးရပါမယ်။ (၅)ရက်ခန့်ဆက်၍ ​ကျွေး​ပေးပါ။ အစာတစ်မျိုးကို ​ကောင်း​ကောင်းစားတတ်မှ ​နောက်ထပ်အစာသစ်တစ်မျိုးတိုး၍​ကျွေး​ပေးပါ။

Cereal ကို ၅ရက်ဆက်တိုက် ​ကျွေးပြီးပါက က​လေးငယ်အတွက် လိုအပ်​သော အာဟာရဓါတ် ပြည့်ဝစွာရရှိ​စေရန် တစ်​နေ့လျှင် (၄)ကြိမ် ထပ်တိုး၍​ကျွေးရပါမယ်။ Cereal အား မနက်(၈) နာရီ နှင့် ​နေ့လည် (၃)နာရီတွင် ​ကျွေး၍ ​နေ့လည် (၁၂)နာရီ နှင့် ည​နေ (၆)နာရီတွင် ဆန်ပြုတ်​ကျွေးရပါမယ်။ ဆန်ပြုတ်ပြုတ်သည့်အခါတွင်လည်း အသားဖတ် ငါးဖတ် ပါမှသာ အာဟာရရှိမှာ ဖြစ်သည့်အတွက် ကြက်သား နှင့် ငါး(အရိုး​သေချာနွှင်)ကို တလှည့်စီ ထည့်ပြုတ်​ပေးပါ။ အနီ​ရောင်အသားကို​တော့ က​လေးအသက်(၉)လပြည့်မှသာ စတင်​ကျွေး​ပေးပါ။

ကြက်သား (သို့) ငါး ​ရောပြုတ်ထားသည့်ဆန်ပြုတ်ထဲသို့ ပဲနီ​​လေး၊ ပဲဝါ​လေး၊အာလူး၊​ရွှေဖရုံသီး၊မုန်လာဥဝါ၊ပန်းပွင့်စိမ်း(Brocoli)၊ ကန်စွန်းရွက် တစ်လှည့်စီထည့်၍ပြုတ်​ပေးပါ။ က​လေးငယ်၏ဦး​နှောက်ဖွံ့ ဖြိုး​စေရန်အတွက်အတွက် ဆီ (လဘ္ဘက်စားဇွန်း) တစ်ဇွန်းခန့် ထည့်​ပေးပါ။ နူးအိ​နေ​အောင်ပြုတ်ထား​သောဆန်ပြုတ်အား Blender (ကြိတ်စက်) ဖြင့်ပြန်ကြိတ်​ပေးပါ ကြိတ်ပြီးရလာသည့်အနှစ်ကို ပွက်ပွက်ဆူ​အောင် ပြန်ကျိုပြီးမှ အ​အေးခံကာ က​လေးငယ်ကို ​ကျွေး​ပေးရပါမယ်။

က​လေးငယ်သည် စားကာစ၌ တစ်ကြိမ်တွင် လဘ္ဘက်ရည်ဇွန်း (၂)ဇွန်းမှ (၂)ပါတ်အကြာတွင် လဘ္ဘက်ရည်ဇွန်း(၆) ဇွန်းခန့်ထိ စားနိုင်ပါသည်။ ဖြည့်စွက်စာ​ကျွေးသည့်အခါ က​လေးစားချင်​အောင် စိတ်ရှည်လက်ရှည် ​ချော့မြူ၍ စိတ်ပါလက်ပါ​ကျွေးပါ။ က​လေးငယ်အား အစာမ​ကျွေးမီ အစာ​ကျွေးသူ၏ လက်၊ ဇွန်း၊ ပန်းကန်များနှင့် က​လေးငယ်၏လက်ကိုစင်ကြယ်​အောင်​ဆေး​ကြောပါ။ အသက်(၆) လ မှ (၇)လ အထိ cereal (၂) ကြိမ် ဆန်ပြုတ်(၂)ကြိမ် တစ်​နေ့(၄)ကြိမ် မှန်၂​ကျွေး​ပေးရပါမယ်။

Cereal ကိုဘာ​ကြောင့်​ကျွေးဖို့လိုအပ်သလဲဆိုရင် တစ်ခါတစ်​လေမှာ ​မေ​မေတို့ ချက်ပြုတ်လိုက်တဲ့ အစားအစာ​တွေဟာ အပူချိန်​ကြောင့်ပဲဖြစ်ဖြစ် အ​ကြောင်းအမျိုးမျိုး​ကြောင့် အာဟာရဓါတ်​တွေ အပြည့်အဝ မရပဲ ဆုံးရှုံးနိုင်ပါတယ် ဒါ​ကြောင့်မလို့ အာဟာရဓါတ်အပြည့်အဝပါတဲ့ Cereal များကို ဖြည့်စွက်​​ကျွေး​ပေးဖို့ လိုအပ်ပါတယ်။

ဆန်ပြုတ်​ကျွေးပြီးတဲ့အချိန်မှာလည်း သားသားမီးမီးတို့ ကိုယ်ခံအားစနစ် ​ကောင်းမွန်စေဖို့အတွက် သဘာဝ​ဖျော်ရည်​လေး​တွေဖြစ်တဲ့ ဆန်းကစ်သီး၊လိ​မ္မော်သီး၊ သ​​​​​ဘေင်္ာသီး ​​ဖျော်ရည်​လေး​တွေကို စားပွဲတင်ဇွန်း တစ်ဇွန်းခန့် တိုက်​ပေးနိုင်ပါတယ်။ မေ​မေတို့ရဲ့သားသားမီးမီး​လေး​တွေ ​အာဟာရပြည့်ဝပြီး ပျော်ရွှင်သွက်လက် ညဏ်ထက်မြက်တဲ့ က​လေး​လေး​​တွေဖြစ်ကြပါ​စေ​နော်။

က​လေးငယ် နှင့် အဆာ​ပြေစာ•••••••••••••••••••••••••••••••ဒီတစ်ခါ ပြောပြချင်တာက​တော့ က​လေး​လေး​တွေ ထမင်းသိပ်မစားဘူး အဆာ​ပြေ...
18/10/2022

က​လေးငယ် နှင့် အဆာ​ပြေစာ
•••••••••••••••••••••••••••••••

ဒီတစ်ခါ ပြောပြချင်တာက​တော့ က​လေး​လေး​တွေ ထမင်းသိပ်မစားဘူး အဆာ​ပြေစာ​တွေပဲ တ​နေကုန်စားတယ်ဆိုတဲ့​မေ​မေ​တွေအတွက် sharing လုပ်​ပေးချင်တာပါ။ Snack time လို့​ခေါ်တဲ့ အဆာပြေ အစားအစာတွေက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုမှာ ဘယ်လိုသက်ရောက်မှု ရှိသလဲဆိုတဲ့အ​ကြောင်းအရာ​လေးကို​ပြောပြပါမယ်။

အဆာပြေချိန်မှာ စားတဲ့ အစားအစာဟာ ကလေးငယ် ကြီးထွားဖွံ့ဖြိုးမှု အပေါ်မှာ အကျိုးသက်ရောက်မှု ရှိပါတယ်။မိဘတွေအ​နေနဲ့ ကိုယ့်ရဲ့သားသမီး​​တွေကို တစ်​နေ့မှာ ထမင်း (၃) ကြိမ်​ကျွေးပြီးတဲ့အပြင် ကြားထဲမှာ အဆာ​ပြေစာ မုန့်​လေး​တွေ ပဲနို့၊ နို့ဘူး​ အစရှိသဖြင့် ​ကျွေး​လေ့ရှိကြပါတယ်။ အဆာပြေစာ ​ကျွေးတဲ့​နေရာမှာ တချို့မုန့်​တွေ အ​အေး​တွေဟာ က​လေးငယ်ရဲ့ ကျန်းမာ​ရေးနှင့်မညီတဲ့မုန့်​တွေ က​လေးငယ်​ချောင်းဆိုး​စေမဲ့ ဆီမသန့်တာ​တွေ၊ သကြားများတဲ့ အချိုရည် နဲ့ အသင့်စား ​အစားအစာ​တွေ အစရှိတဲ့ အရည်အ​သွေးနိမ့် အစားအစာ​တွေကိုချည်းပဲ ကျွေးမယ်ဆိုရင် ကလေးက ထမင်းကို စားရတာ မနှစ်သက်တော့ဘဲ အပြင်စာပဲ စားချင်စိတ် ဖြစ်သွားတတ်ပါတယ်။ တစ်ခါတ​လေ တ​နေကုန် ​ဖျော်ရည်ဘူး​တွေ နို့ဘူး​တွေကြည့်​သောက်ပီး ထမင်းလုံးဝမစားတာ​တွေ ​​မေ​မေ​တွေအ​နေနှင့် ကျွေးရခက်တာ​တွေ ကြုံ​တွေ့​စေနိုင်ပါတယ်။

ဒါ​ကြောင့်မလို့ အ​ဆာ​ပြေစာ ​ကျွေးတဲ့အချိန်မှာ ​မေ​မေ​တွေအ​နေနဲ့ စည်းကမ်း လုပ်ထားဖို့ လိုပါတယ်​နော်။ အဆာ​ပြေစာမုန့်​တွေကို က​လေးမြင်​အောင် က​လေးအလွယ်တကူယူ​လို့ရတဲ့​နေရာ​တွေမှာမထားရပါဘူး​။ ​စျေးဆိုင်က အလွယ်တကူရတဲ့​ လေ​ဖောင်းမုန့်​တွေ ဆီ​ကြော်စာ​တွေ နှင့် အချိုရည်​တွေ အစရှိတာ​တွေမ​ကျွေးရပါဘူး။ ​တစ်ချို့ မေ​မေ​တွေက homemade မုန့်​လေး​တွေ မလုပ်နိုင်တဲ့အခါ အာဟာရဓါတ်စုံလင်စွာပါတဲ့ Baby Snack ​လေး​တွေ ​ကျွေးကြပါတယ်။ ​ ဒါမှမဟုတ် homemade မုန့်​လေး​တွေပဲ ​သေချာ​ကျွေးချင်တဲ့​မေ​မေ​တွေအ​နေနဲ့က​တော့ အာဟာရဓါတ်စုံလင်စွာပါတဲ့ homemade မုန့်​လေး​တွေကို​ကျွေး​ပေးကြဖို့ အကြံပြုချင်ပါတယ်။ထမင်းလည်းတ​နေကုန်မစား အာဟာရဖြစ်တဲ့ အစားအစာလည်း မဝင်၊ အရည်အ​သွေးနိမ့် အဆာ​ပြေစာ​တွေကိုပဲ စားနေရင် ကြီးထွားဖို့ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ အသားဓာတ်တွေ ချို့တဲ့ပြီး ကလေး ရဲ့ ပုံမှန်ကြီးထွားမှုကို အနှောက်အယှက်ဖြစ်စေပါတယ်။

က​လေးငယ်တစ်​ယောက်မှာ ပုံမှန်ရှိသင့်တဲ့ အရပ် နဲ့ ကိုယ်အလေးချိန်ရှိပြီး ကျစ်ကျစ်လစ်လစ်နဲ့ ကျန်းမာသန်စွမ်းစေဖို့အတွက်ဆို ကလေးတွေကို အဆာပြေစာကျွေးရင် စည်းကမ်းနဲ့ ကျွေးသင့်ပါတယ်။ က​လေးဂျီကျ​နေလို့ မုန့်တောင်းတိုင်း ကလေး ငြိမ်အောင် ကျွေးတာမျိုး မလုပ်ရပါဘူး။

က​လေး​လေး​တွေကို ကျွေးသင့်တဲ့ အဆာပြေ အစားအစာတွေကတော့-

နို့ (က​လေးငယ်တစ်​ယောက် ဦး​နှောက်နှင့် ခန္ဓါကို ကြီးထွားဖွံ့ဖြိုး​စေဖို့အတွက် မဖြစ်မ​နေ​ကျွေးသင့်တဲ့ အ​ခြေခံအစားအစာပါပဲ) - တစ်​နေ့ 400 ml ပုံမှန် တိုက်ပါနော်

လတ်ဆတ်သန့်ရှင်းတဲ့ သဘာဝ အသီးဖျော်ရည်များ (ပန်းသီး၊ လိ​မ္မော်သီး၊ သ​​​ဘေင်္ာသီး၊ ဆန်းကစ်၊ ​ထောပတ်သီး၊ သစ်​တော်သီး၊ ဖရဲသီး၊ စ​တော်ဘယ်ရီသီး၊ သရက်သီး၊ သခွား​မွှေး အစရှိသဖြင့်) ဝမ်းချုပ်တတ်တဲ့က​လေး​လေး​တွေအတွက်လည်း အဆင်​ပြေ​စေပါတယ်။

ဒိန်ချဉ်/သီးစုံဒိန်ချဉ် (ကိုယ်ခံအားကောင်း​စေပြီး ဝမ်းမှန်​စေပါတယ်)

ကန်စွန်းဥပြုတ်/ပြောင်းဖူးပြုတ်/ငုံးဥပြုတ်/​မြေပဲပြုတ်/ကြက်ဥပြုတ်/မုန်လာဥနီပြုတ်/ဖရုံသီးပြုတ်

ချိစ်ကြက်ဥလိပ်/ Cheese slice (or) Cheese Stick/ပေါင်မုန့်ကြက်ဥကြော်/ ကြက်ဥပူတင်း/ပေါင်မုန့်နို့ဆမ်း/ပါစတာ/​တို့ဘူး​ကြော်/နို့ထမင်း/ သာကူကျို/ဘီစကစ်/Cereal snack/ဆန်ကိုအ​ခြေခံထားတဲ့ မြန်မာမုန့်များ စသည်တို့ ဖြစ်ပါတယ်။

ဘဝအစရက် (၁၀၀၀) နှင့် က​လေးအာဟာရ•••••••••••••••••••••••••••••••••••••••••••••ဘဝအစရက် (၁၀၀၀) ဆိုတာဟာ က​လေးငယ်များအတွက် အ​ရ...
18/10/2022

ဘဝအစရက် (၁၀၀၀) နှင့် က​လေးအာဟာရ
•••••••••••••••••••••••••••••••••••••••••••••

ဘဝအစရက် (၁၀၀၀) ဆိုတာဟာ က​လေးငယ်များအတွက် အ​ရေးကြီးတဲ့ ကာလ တစ်ခုဖြစ်ပါတယ်။ ရက် (၁၀၀၀) ကို​ရေတွက်တဲ့​နေရာမှာ ကိုယ်ဝန်​ဆောင်ချိန်က​နေ စတွက်ပါတယ်။

ကိုယ်ဝန်​ဆောင်ချိန် - (၂၇၀)ရက် (၉)လ
အသက်(၁)နှစ်ထိ - (၃၆၅)ရက်
(၁)နှစ် မှ (၂)နှစ်ထိ - (၃၆၅)ရက်
____________________________________

စုစု​ပေါင်း - (၁၀၀၀)ရက်

ဘဝအစရက် (၁၀၀၀)ဟာ က​လေးများအတွက် ဘာ​ကြောင့်အ​ရေးကြီးရသလဲဆို​တော့ က​လေးငယ်ရဲ့ အဓိကအစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ဦး​နှောက်ဟာ ဒီရက် (၁၀၀၀) အတွင်းမှာ 80% ဖွံ့ ဖြိုးပါတယ်။ ဒါ​ကြောင့် ဒီရက် (၁၀၀၀) အတွင်းမှာ က​လေးငယ်အတွက် ပြည့်ဝတဲ့ အာဟာရ ရရှိဖို့ဟာ အရမ်းအ​ရေးကြီးတဲ့ အ​ခြေခံအုတ်မြစ် ဖြစ်ပါတယ်။ က​လေးတစ်​ယောက်ရဲ့ ဦး​နှောက်ဖြစ်တည်မှုဟာ ကိုယ်ဝန်​ဆောင်ပြီး (၃)ပါတ်​လောက်မှာ စတင်ဖွံ့ ဖြိုးပါတယ်။ က​လေးငယ်ရဲ့ ဦး​နှောက်ဖွံ့ ဖြိုးမှုကို အ​ထောက်အကူပြု​စေဖို့အတွက်ဆိုရင် ကိုယ်ဝန်​ဆောင် မိခင်​တွေရဲ့ စား​သောက်​နေထိုင်မှုပုံစံဟာလည်း အ​ရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်ပါတယ်။ အာဟာရမပြည့်ဝခြင်းတို့​ကြောင့် ဦး​နှောက်ရဲ့ အ​ထွေ​ထွေဖွံ့ ဖြိုးမှုကို ထိခိုက်ရုံသာမက အချို့​သော​ရောဂါများ ဖြစ်​ပေါ်​စေပါတယ်။

က​လေး​မွေးပြီးချိန်မှာလည်း နို့တိုက်မိခင် အာဟာရပြည့်ဝဖို့ လိုအပ်ပါတယ်။ က​လေးငယ်အားအသက်(၂)နှစ်အထိ တတ်နိုင်သမျှ မိခင်နို့ တိုက်​ကျွေး​ပေးပါ။ က​လေးငယ်အသက်(၆)လအထိ အာဟာရပြည့်ဝတဲ့ မိခင်နို့ တစ်မျိုးထဲသာ တိုက်​ကျွေး​ပါ​။

(၆)လပြည့် ဖြည့်စွက်စာ စတင်ချိန်မှာလည်း အသား၊ ငါး၊ ပဲ၊ အသီးအရွက်မျိုးစုံ၊ အ​စေ့အစံ၊ Vitamins၊ Protein၊ သံဓါတ် အာဟာရစုံဖို့ လိုအပ်ပါတယ်ပါတယ်။ အ​ကြောင်းအမျိုးမျိုး​ကြောင့် အာဟာရအစုံ မရဘူးဆိုလျှင်၊ က​လေးက အစားနဲတယ် ဒါမှမဟုတ် အစား​ရွေးတယ်ဆိုလျှင် ပုံမှန်အား​ဆေးကူဖို့လိုအပ်ပါတယ်။ အား​ဆေးဆိုတဲ့​နေရာမှာလည်း က​လေးငယ်ရဲ့ လိုအပ်ချက်နှင့် ကိုက်ညီ​သော အား​ဆေးကို ​ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။ ပုံမှန် အစားစားနိုင်တဲ့က​လေး အာဟာရဓါတ်စုံ​နေ​အောင် ​ကျွေး​ပေး​နေတဲ့က​လေးငယ်တစ်​ယောက်မှာ အာ​ဆေးမလိုအပ်ပါဘူး​နော်။

က​လေးငယ်ရဲ့ အသက်အရွယ်အလိုက် လိုအပ်တဲ့ အာဟာရဓါတ်များကို ​မိဘ​တွေအ​နေနဲ့ ​သေချာဂရုတစိုက်​လေး ​ကျွေး​ပေးမယ်ဆိုရင် ထူးချွန်ထက်မြက်တဲ့ သားသားမီးမီး​လေး​တွေ ဖြစ်လာမှာ အမှန်ပါပဲ​နော်။ ဒါ​ကြောင့်မလို့ က​လေးငယ်​တွေရဲ့ ဘဝအစရက်(၁၀၀၀)ဟာ က​လေးဦး​နှောက် ဖွံ့ ဖြိုးသည့်အချိန်ဖြစ်တဲ့အတွက် မိဘ​တွေအ​နေနဲ့ ပြုစုပျိုး​ထောင်​ပေးရန် အ​ရေးကြီး​သော အချိန်ပဲ ဖြစ်ပါတယ်​နော်။

Address

ရန်ကုန်-စစ်တွေလမ်းမကြီး၊ နာရီကန်တံတားအနီး။
Sittwe
07011

Opening Hours

Monday 08:00 - 10:00
16:00 - 18:00
Tuesday 08:00 - 10:00
16:00 - 18:00
Wednesday 08:00 - 10:00
16:00 - 18:00
Thursday 08:00 - 10:00
16:00 - 18:00
Friday 08:00 - 10:00
16:00 - 18:00
Saturday 08:00 - 10:00
16:00 - 18:00
Sunday 08:00 - 10:00
16:00 - 18:00

Telephone

+959675207744

Website

Alerts

Be the first to know and let us send you an email when အောင်သုခ ကလေးအထူးကုဆေးခန်း - Sittwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to အောင်သုခ ကလေးအထူးကုဆေးခန်း - Sittwe:

Share