Drmyo

Drmyo This page is about the personal experience of a surgeon and to share some knowledge about the surgery. Consultant Surgeon ( General & Colorectal Surgery)

19/04/2026

လူတယောက် အသက်ရှင်ဖို့ ကံတရားက အရေးပါသလား။
# # # # # # # # # # # # # # # # # # # # # # # # # # # # # # # #

ကျွန်တော်က ဘာသာရေးသမားတစ်ယောက်တော့ဖြင့် မဟုတ်ပါ။ သာမန် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်ပဲလို့ ပြောရမယ်ဗျ။ တရားစာတွေလဲ သိပ်မသိဘူးပေါ့ဗျာ။ ကိုယ်တတ်နိုင်သလောက် ကောင်းတာလေးလုပ်ရင် စိတ်သန့်ရှင်းတယ်၊ စိတ်ချမ်းသာတယ်။ လောဘ၊ ဒေါသ၊ မောဟတွေနည်းရင် ဘဝက ပိုပြီးပျော်စရာကောင်းတယ်ပေါ့ဗျာ။ ဒီလောက်ပဲ သိတာပါ။

ဒါပေမယ့် ဆေးရုံပေါင်းစုံမှာ ဆရာဝန်ဘဝနဲ့ အနှစ် ၂၀ ကျော် ကျင်လည်ခဲ့ပြီးချိန်မှာ တချို့ တချို့သော လူနာတွေရဲ့ အဖြစ်တွေက ကံဆိုးမှုတွေ တိုက်ဆိုင်နေတတ်တယ်။ တချို့ကျတော့လဲ ကံကောင်းမှုတွေ တိုက်ဆိုင်နေတတ်ကြတယ်။ တခါတလေမှာ ဒါတွေက လူတယောက်ရဲ့ သေရေး၊ ရှင်ရေးကို အဆုံးအဖြတ်ပေးသွားတတ်ကြတာကို ကြုံနေရတယ်။

ကံဆိုတာ အလုပ်လို့လဲ ပြောကြတယ်။ ဒါ အမှန်ဆုံးပေါ့။ သို့သော် လက်တွေ့မှာ ကိုယ်လုပ်လို့မရတဲ့ ကိစ္စတွေကလဲ ကိုယ့်ဘဝရဲ့ အဆုံးအဖြတ် ဖြစ်သွားတတ်ကြတယ်။

မကောင်းချင်တဲ့လူနာဟာ မကောင်းတဲ့အချိန်မှာ ထဖေါက်လေ့ရှိတယ်ဗျ။ ဥပမာ သင်္ကြန်လို ကာလမျိုးပေါ့။ သင်္ကြန်ဆို ကျွန်တော် အရမ်းသတိထားလေ့ရှိတယ်။ ဧပြီလထဲရောက်ပြီဆို ကျွန်တော်ဟာ တတ်နိုင်သလောက် အကြီးစားခွဲစိတ်မှုတွေကို မလုပ်ချင်ဘူး။ emergency လို့ခေါ်တဲ့ အရေးပေါ်ခွဲစိတ်မှုတွေကို ရှောင်လွှဲဖို့ မဖြစ်နိုင်သော်လဲ elective လို့ခေါ်တဲ့ အေးအေးဆေးဆေးခွဲရမယ့် အကြီးစားခွဲစိတ်မှုတွေကို သင်္ကြန်မတိုင်ခင်မှာ မလုပ်ချင်တော့ သင်္ကြန်ပြီးမှ လူစုံတက်စုံအေးအေးဆေးဆေး
လုပ်ကြရအောင်ဆိုပြီး လူနာကို ပြောလေ့ရှိတယ်။

အကြောင်းကတော့ အကြီးစားခွဲစိတ်မှုတွေဟာ ခွဲပြီးပြီးချင်း အိုကေပဲဟေ့ဆိုပြီး စိတ်ချရတာ မဟုတ်ဘူးဗျ။ ခွဲတာသာ အိုကေတာ၊ ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲပြဿနာတွေက ရပြီဟေ့ဆိုရင် ခွဲပြီး ၅ ရက်၊ တပတ်လောက်မှ မြင်ရလေ့ရှိတော့ သင်္ကြန်မတိုင်ခင်ခွဲထားတဲ့ လူနာဟာ သင်္ကြန်တွင်းကြီးကျမှ ပြဿနာက ဖြစ်တော့တာ။ မတော်တဆများ ပြန်ဖွင့်ရမယ်၊ ပြန်ခွဲရမယ်၊ ဓါတ်မှန်တွေ လိုပြီဟေ့ဆိုတဲ့ အချိန်ကျ ဟိုဆရာဝန်က သင်္ကြန်တွင်း မရှိလို့၊ ဒီဆရာဝန်က ခရီးသွားလို့ ဒီလိုဖြစ်တော့ လုပ်ရကိုင်ရခက်ပြီး လူနာဟာ အကောင်းဆုံးကုသမှုကို မရတော့ဘဲ ရှိသမျှလူနဲ့ ဖြစ်သလို ကြဲရတော့တာပဲဆိုပြီး ဖြစ်သွားနိုင်တယ်ဗျ။ ဘောလုံးစကားနဲ့ ပြောရရင် first line up ကန်နေကျ အကောင်းဆုံးကစားသမားတွေ မဟုတ်တော့ဘဲ အရန်လူနဲ့ ဘောလုံးကန်ရသလို ဖြစ်သွားနိုင်တယ်။ ဒါကြောင့် သင်္ကြန်မတိုင်ခင် ကျွန်တော် major မခွဲချင်တဲ့ အကြောင်းပါပဲ။

လူနာတွေရဲ့ ကံကြမ္မာတွေဟာ တခါတလေမှာ ထူးဆန်းတတ်တယ်။ လူသေတာတောင် ထူးဆန်းတတ်တယ်။ တချို့ဆို စကားလေးများပြီး ရင်ဘတ်လေးတွန်းလိုက်တာ ချော်လဲပြီး ပလက်ဖောင်းနဲ့ ခေါင်းနဲ့ဆောင့်မိပြီး ချက်ချင်းသေသွားတာ ကြုံဖူးတယ်။ တွန်းမိတဲ့သူဟာ သေစေလောက်သော ရည်ရွယ်ချက်မရှိသော်ငြား ချက်ချင်း လူသတ်မှု ဖြစ်သွားပါရောလား။

တချို့များကျတော့လဲ ရန်ဖြစ်လို့ လှံနဲ့ထိုးတာ လည်ပင်းကနေ ထုတ်ချင်းပေါက်ပြီး လှံက ခေါင်းကိုပါ ထုတ်ချင်းပေါက်နေတယ်။ လှံက ဦးနှောက်ထဲ ထုတ်ချင်းပေါက်နဲ့ ဆေးရုံကို လှံအရှည်ကြီးတန်းလန်းနဲ့ ရောက်လာသော်ငြား လူနာက စကားတောင် ပြောနိုင်သေးတယ်။ ခွဲပြီးတော့လဲ အေးဆေးပဲ ကောင်းသွားတာပဲ။ ဒါတွေက ကံတွေလို့ ပြောရမယ် ထင်တယ်။

နေမကောင်းလို့ပဲ ဖြစ်ဖြစ်၊ ဒဏ်ရာရလို့ပဲဖြစ်ဖြစ် ဆေးရုံကို ရောက်လာရင်လဲ ကံတရားက အရေးကြီးပြန်တယ်။ ဒီဆေးရုံ၊ ဒီခွဲခန်းပဲနော်။ ဒါပေမယ့် လူနာတွေရဲ့ ကံတွေက မတူကြပြန်ဘူးဗျ။

တချို့ကျ သူဆေးရုံလာတဲ့အချိန်မှာ တာဝန်ကျတဲ့ ဆရာဝန်တွေက လူတော်လူကောင်းနဲ့တွေ့၊ မေ့ဆေးဆရာဝန်ကလဲ လုပ်ချင်ကိုင်ချင်စိတ် လုပ်ပေးချင်စိတ်ရှိတဲ့သူ၊ ခွဲစိတ်ဆရာဝန်ကလဲ တက်ကြွတဲ့ ကြက်ဖဆို လူနာက ကောင်းဖို့တော်တော်များနေပြီ။

တချို့ကျတော့လဲ သူရောက်တဲ့နေ့မှ ခွဲစိတ်ဆရာဝန်ကလဲ ဟိုလိုလို ဒီလိုလိုဆုံးဖြတ်တတ်သူ၊ မေ့ဆေးဆရာဝန်ကလဲ သူ့ဂျူတီမေ့ဆေးမပေးရပြီးရော၊ အကြောင်းအမျိုးမျိုးပြပြီး postpone ရွှေ့ဆိုင်းတာပဲ လုပ်ချင်နေ၊ ဘာမှ ကြိုးကြိုးစားစား မလုပ်ချင်တဲ့သူဆို လူနာက ဇတ်မျောတော့တာပဲ။

ဒါက လူကိစ္စ။

ဟော ပစ္စည်းကိစ္စတွေက ရှိသေးတယ်။ အဲ့နေ့ကျမှ ဓါတ်မှန်စက်က ပျက်လို့၊ CT က ရိုက်မရလို့၊ မီးအားက ကျနေလို့၊ ဒါတွေကလဲ ကြမ္မာငင်ခြင်းတမျိုးပဲ။

အချိန်ကိစ္စကလဲ ရှိသေး။ လူတွေ စက်တွေ ကောင်းနေအုန်းတော့၊ အဲ့ဒီနေ့မှာမှ ဆရာဝန်တွေ လူနာတွေပြုံကျပြီး အရမ်းပင်ပန်းနွမ်းနယ်နေတာတွေကလဲ ဆရာဝန်ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းစေနိုင်သေးတယ် ခင်ဗျ။

တခါတလေမှာ ဆရာဝန်တွေရဲ့ ပင်ပန်းနွမ်းနယ်ခြင်းတွေဟာ ဒီလူနာကို ဘယ်လောက်ကြိုးစားမလဲဆိုတဲ့ အားထုတ်မှုအပေါ်မှာ တကယ်ကို သက်ရောက်မှု ရှိတယ်။

ဆေးကုသမှုတွေဟာ အမြဲတမ်း အဖြူ၊ အမဲ သည်းကွဲနေတာ မဟုတ်ဘူး။ အဖြူအမည်းသဲကွဲတဲ့ ကိစ္စတွေမှာတော့ ရှင်းတာပေါ့။ ဒါပေမယ့် အများစုသော ကိစ္စတွေမှာ ဆရာဝန်တွေဟာ grey area လို့ခေါ်တဲ့ အဖြူအမည်း သည်းကွဲမနေတဲ့ အခြေအနေမှာ အဆုံးအဖြတ်ပေးနေရတာက ပိုများတယ်။ absolute white လုံးဝ အဖြူ၊ absolute black လုံးဝ အမည်းမှာ လုပ်ရကိုင်ရ ဆုံးဖြတ်ရတာက ရှင်းတယ်။ အဖြူအမည်း မဟုတ်တဲ့ ကြားအခြေအနေ grey area မှာ အကောင်းဆုံး ဆုံးဖြတ်နိုင်ဖို့ဆိုတာ ခုနက ကျွန်တော်ပြောခဲ့တဲ့ လူ၊ ပစ္စည်း၊ အချိန်၊ အလုပ်ဝန်ပိမှုတွေဟာ အရေးကြီးလာရော။

ဥပမာ ကင်ဆာတခုကို ခွဲတယ်။ အဲ့နေ့ ခွဲတဲ့သူကလဲ စိတ်ကြည်နေ၊ မေ့ဆေးဆရာဝန်ကလဲကောင်း၊ ဘာမှလဲ အလုပ်ရှုပ်မနေဘူးဆိုရင် ကင်ဆာက အတော်ခက်ခက်ခဲခဲ ကပ်ညှပ်နေရင်တောင် ငါတို့ ထုတ်လို့ရ၊ မရ ဖြေးဖြေးရှင်းကြည့်ကြတာပေါ့ဆိုပြီး တချို့လူနာတွေမှာ ရှင်းရင်း ရှင်းရင်း ထုတ်လို့ရသွားတတ်တယ်။ ဒါဆို ကံကောင်းတာပေါ့။

နောက်တမျိုး ဖြစ်နိုင်တာက အဲ့ဒီနေ့ကျမှ ခွဲမယ့်ဆရာဝန်ကလဲ မနေ့က အိပ်ရေးမဝ၊ မေ့ဆေးကလဲ ခေါင်းရင်းကနေ ဗျစ်တောက် ဗျစ်တောက်နဲ့ ဒီခွဲမရတဲ့ဟာကို တင်ပြန်ပြီ၊ ဘာတွေလုပ်အုန်းမလို့လဲ ဟိုပွါး ဒီပွါးလုပ်၊ နေ့လည်ဖက် အစည်းအဝေးက ရှိတယ်၊ ညနေဖက် စာမေးပွဲစစ်ရအုန်းမယ် ၊ စသဖြင့် ဒီလို ဒီလိုတွေ တိုက်ဆိုင်လာရင် ဟေ့တော်ပြီကွာ ၊ ဒီကေ့စ် case က inoperable ခွဲလို့ မရပါဘူး၊ bypass ( လမ်းကြောင်းလွှဲခြင်း) ပဲ လုပ်လိုက်တော့ဆိုပြီး ဖြစ်တတ်တယ်ဗျ။

ကံတွေ မတူတာနော်။ ဒါတွေ ကျွန်တော်လဲ ကြုံခဲ့ဖူးတာပါပဲ။

တခါတလေမှာ လူနာရဲ့ ဆရာဝန်အပေါ် ဆက်ဆံပုံတွေဟာလဲ ကံကြမ္မာ အပြောင်းအလဲ ဖြစ်စေတတ်သေးတယ်။ တချို့လူနာတွေဟာ မျက်နှာချိုတယ်၊ ရိုးသားတယ်၊ ရိုးရိုးလေး တင်ပြတတ်တယ်။ အဲ့တော့ ဆရာဝန်တွေက ချစ်ကြတယ်။

ကျွန်တော်ကိုယ်တိုင် လူနာနှစ်ယောက်ကို မှတ်မှတ်ရရ ရှိနေခဲ့တယ်။ နှစ်ယောက်လုံးက လူငယ်အမျိုးသမီးလေးတွေ။ နှစ်ယောက်လုံးဟာ cholangitis လို့ခေါ်တဲ့ သည်းခြေလမ်းကြောင်းပိတ်ပြီး ပိုးဝင်တာပါပဲ။

ပထမတယောက်ကတော့ ကျွန်တော်ခွဲတယ်။ အနောက်ပိုင်းဆေးရုံ (ကြည့်မြင့်တိုင်) မှာပေါ့။ ခွဲပြီးတော့ နောက်ရက် ကျွန်တော်ဖျားလို့ ခွင့်ယူသွားတယ်။ (၃) ရက်လောက်ကြာတယ် ထင်တာပဲ။ ကျွန်တော်ပြန်လာတော့ အဲ့လူနာရောဆိုတော့ လူနာက ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေတယ်။ septicemia နဲ့ သွေးဆိပ်တက်နေပြီ။ bile leak သည်းခြေရည် ယိုစိမ့်ခြင်း ဖြစ်နေတယ်။ လက်ထောက်ဆရာဝန်တွေကို မေးကြည့်တော့ ကျွန်တော်ခွဲပြီး bile leak ရလို့ ကျွန်တော် ခွင့်ယူထားချိန်မှာ တွဲဖက်ပါမောက္ခက ပြန်ခွဲပေးသော်လဲ မကောင်းလာဘဲ ခုလို ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေခြင်းပါပဲ။ လူနာက ငယ်သေးသည်။ သူ့ယောင်္ကျားကလဲ ဘာမှ မပြော၊ သနားစဖွယ်သာ ကြည့်နေသည်။ ကျွန်တော်က ကျွန်တော့်အကြီးအကဲဖြစ်သော တွဲဖက်ပါမောက္ခကို သွားပြီးပြောသည်။ အဲ့ဒီလူနာကို ကျွန်တော် ပြန်ဖွင့်ပါရစေပေါ့။ လူနာက ပိုက်ဆံပေးလို့မဟုတ်ပါ။ တပြားမှ မပေးပါ။ ကျွန်တော် အဲ့တာတွေ စိတ်ကူးလဲ မရှိပါ။ ဒါက အစိုးရဆေးရုံပဲ။ ကျွန်တော်စိတ်ထဲ လူနာအသက်ငယ်ငယ်နဲ့ မသေသင့်ပဲ မသေစေလို၊ သူ့မျက်လုံး၊ သူ့ယောင်္ကျားမျက်လုံးတွေက သူတို့ကို ပစ်မထားပါနဲ့ဆိုတာမျိုး အဓိပ္ပါယ်ရသည်။ သို့သော် ပြန်ခွဲပေးပါလို့ သူတို့မတောင်းဆိုပါ၊ ဘာမှလဲ မတောင်းဆိုပါ။ တိုတိုပြောရရင် တွဲဖက်ပါမောက္ခအမက နင်ခွဲချင်လဲ ပြန်ခွဲ ခွင့်ပြုသဖြင့် ပြန်ခွဲရာ bile leak ရခြင်းမှာ ကျွန်တော်ချုပ်ခဲ့သော T tube မှ ကြိုးတချောင်း ပြတ်ထွက်နေခြင်းကို တွေ့ရပြီး ထိုနေရာမှ leak ရနေကြောင်း သေချာသဖြင့် ပြန်၍ ခွဲစိတ်ရာ တိုတိုပြောရလျှင် လူနာကောင်းသွားပါသည်။ အော် ကံကြမ္မာ ကံကြမ္မာ ။ ကျွန်တော့်ကြောင့် လူနာရှင်သည်ဟု မဆိုလိုပါ။ bile leak က ကျွန်တော်ခွဲရင်း ရခဲ့တာပဲ မဟုတ်ပါလား။ နေမကောင်းတော့ ခွင့်ကလဲ ယူရသေးသည်။ သို့သော် လူနာရဲ့ ကံက ကံဆိုးရာမှ ပြန်တက်လာတော့လဲ အရာရာအားလုံးက အဆင်ပြန်ပြေသွားခဲ့ပြန်ကာ ရှင်သန်ခွင့်ရခဲ့တော့သည်။

နောက်တယောက် ရန်ကုန်ဆေးရုံကြီးမှာ။ ဒါလဲ cholangitis ပါပဲ။ ward ထဲက ဘုံလူနာပါပဲ။ ကျွန်တော်အဲ့လူနာကို သိလဲမသိပါ။ ရန်ကုန်ဆေးရုံကြီးဆိုတော့ ကျွန်တော်က နေ့တိုင်း round စရာလဲ မလိုပါ။ နေ့ခင်းနေ့လည် ကျွန်တော့်အခန်းကထွက်လာရင်း working station မှာ လက်ထောက်ဆရာဝန်လေးတွေနဲ့ အပျင်းပြေ စကားထိုင်ပြောနေကြသည်။ working station ကကြည့်ရင် HDU လို့ခေါ်သည့် အထူးကြပ်မတ်လူနာကုတင်တွေကို မှန်ကတဆင့် မြင်နေရသည်။ အမျိုးသမီးလူနာတယောက်က မောနေသည်။ ဆင်းဆင်းရဲရဲပါပဲ။ သူ့ယောင်္ကျားလို့ ယူဆရမည့် လူငယ်လေးကလဲ ဘေးနားမှာ မှိုင်လို့။ ကျွန်တော်က လက်ထောက်ဆရာဝန်အား အဲ့တာဘာ case လဲလို့ မေးလိုက်ရာ၊ သူက CBD obstruction နဲ့ septicemia ရနေတာ။ ERCP တော့ GI ကိုတောင်းထားတယ်။ နောက်တပတ်ရမယ်ပြောတယ်ဟု ပြန်ပြောလေသည်။

ဒီနေရာမှာ ဒီလက်ထောက်ဆရာဝန်ပြောတာကို ဘာသာပြန်ပြရသော် ( လူနာ၏ သည်းခြေလမ်းကြောင်းသည် ကျောက်များနှင့်ပိတ်နေ၍ သည်းခြေပြွန်ပိတ်ကာ သွေးဆိပ်တက်နေခြင်းဖြစ်ပြီး သည်းခြေပြွန်ကို ပြန်ပွင့်ရန် အစာအိမ်အူလမ်းကြောင်းဌာနသို့ ERCP ဟုခေါ်သော မှန်ပြောင်းကြည့်ပြီး stent ပလပ်စတစ်ပြွန်ထည့်ပြီး ပြန်ပွင့်အောင်လုပ်ဖို့ ရက်တောင်းထားရာ နောက်တပတ်တော့ အစာအိမ်အူလမ်းကြောင်းဌာနက လုပ်ပေးမည်ဟု ရက်ချိန်းပေးထားပါသည် ဟူ၏။) အမလေး ဘာသာပြန်ရတာ မောလိုက်တာ။

ထိုနေ့သည် သောကြာနေ့ဖြစ်ကြောင်း ကျွန်တော် မှတ်မိသည်။ ကျွန်တော့်စိတ်ထဲ ဒီလူနာ လာမည့် တနင်္လာနေ့ အထိ အသက်ရှင်မည်မဟုတ်ကြောင်း အာရုံရလာသည်။ အသက်ငယ်ငယ်နှင့် ကင်ဆာလဲမဟုတ်ဘဲ သေရတာ မတန်ဟု တွေးသည်။ သူတို့ရုပ်ရည်တွေကလဲ သနားစရာပါ။ လက်ထောက်ဆရာဝန်ကလဲ သူ့ထုံးစံအတိုင်း chart ပဲ show ရာ ဟိုအစာအိမ် အူလမ်းကြောင်းဌာနကလဲ ထုံးစံအတိုင်း chart ပဲကြည့်ပြီး နောက်အပတ်လုပ်ပေးမည်ဟု ရက်ချိန်းပေးခြင်းပင်။

အဘယ်သို့သော နတ်ကောင်းနတ်မြတ်က ကျွန်တော့်ကို စေ့ဆော်သည် မသိ။ ကျွန်တော်သည် အပျင်းပြေ အာလူးဖုတ်နေရာမှ ငါကြိုးစားကြည့်မည်ဟု ဆုံးဖြတ်ကာ ငါ့ကိုလူနာ chart ပေး၊ ငါ GI ကို လူကိုယ်တိုင်သွားတောင်းကြည့်မယ်ဟုပြောကာ chart ယူပြီး GI သို့ တယောက်တည်း သွားလေသည်။

GI ( gastro intestinal unit/ အစာအိမ် အူလမ်းကြောင်းဌာန) တွင် အထူးကုသူငယ်ချင်းများ
ရှိသော်လဲ သူတို့ကိုတောင် မပြောတော့ပါ။ ကျွန်တော်က သောကြာနေ့ ဖြစ်နေသဖြင့် ဖြစ်နိုင်လျှင် ခုချက်ချင်း ERCP လုပ်ပေးပါတောင်းဆိုရမှာ ဖြစ်တာကြောင့် GI ၏ ရာထူးအကြီးဆုံး ပါမောက္ခဦးသိန်းမြင့် အခန်းသာ တန်း၍ သွားလိုက်ပါတော့သည်။

ကျွန်တော်နှင့် ဦးသိန်းမြင့်သည် ယခုခင်ကြသော်လဲ ထိုအချိန်က မရင်းနှီးလှပါ။ မျက်မှန်းတန်းမိရုံလောက်ပဲ။ ကျွန်တော်က တံခါးခေါက်ပြီး ဝင်သွားသောအခါ တန်းတန်းမတ်မတ်ပင်တွေ့ရပါသည်။ သို့သော် ဆရာဦးသိန်းမြင့်က တခြားဆေးကုပ္ပဏီက ဧည့်သည်တယောက်နှင့် စကားပြောနေသည်။ ကျွန်တော် ခဏ စောင့်နေရသည်။ ဧည့်သည်ပြန်သွားမှ ဆရာက ဘာကိစ္စလဲ မေးလေရာ ကျွန်တော်က ကျွန်တော့်ထုံးစံအတိုင်း ဒီလူနာသည် ယခု သွေးဆိပ်တက်နေသဖြင့် နောက်တပတ်အထိ စောင့်နိုင်မည်မထင်ကြောင်း၊ လူနာမှာ အသက်ငယ်သေးပြီး ကင်ဆာလဲမဟုတ်သဖြင့် မသေသင့်ကြောင်း၊ ဖြစ်နိုင်ရင် ဆရာကြီးအခု ERCP လုပ်ပေးပါဟု အားမနာ လျှာမကျိုး အကူအညီတောင်းလိုက်ရာ ဆရာဦးသိန်းမြင့်သည် အလုပ်ရှုပ်နေပုံရသော်လဲ လုပ်ပေးမယ် ညနေ ၃ နာရီလောက်ပို့လိုက်ဟုဆိုကာ လူနာ၏ chart တွင် စာတကြောင်း နှစ်ကြောင်း ကောက်ခြစ်လိုက်ခြင်းဖြင့် တိုတိုပြောရသော် လူနာမှာ ကောင်းသွားပြီး အသက်ရှင်သွားတော့သည်။

ဒီနေရာမှာ ကျွန်တော်ထောက်ပြလိုတာက ကျွန်တော်တို့ ဦးသိန်းမြင့်တို့ စေတနာ မေတ္တာကြီးမား၍ ဆင်းရဲသောလူနာ၏ အသက်ကို ကယ်တင်ကြပါပေသည်ဟူသော ရုပ်ရှင်ထဲက အကွက်မျိုး မဟုတ်ပေ။ ကျွန်တော်ပြောချင်သည်က လူနာ၏ ကံအကြောင်းတရား၊ အသက်ရှင်ဖို့ ဖန်တီးလာသော ကံအကြောင်းကို ဖော်ပြလိုရင်းဖြစ်သည်။ ဒီလို ဇာတ်လမ်းမျိုးသည် ဆရာဝန်တိုင်း ရှိဖူးကြမည်ပင်။ ဘာမှ ကျွန်တော်တို့ကို ထူးခြားချီးမွမ်းစရာမရှိပါ။ ဆရာဝန်တိုင်း ရှိကြမည့် ဇာတ်လမ်းမျိုးသာဖြစ်သော်လဲ ကံတရားက သေကံမရောက်သေးလျှင် ထူးထူးခြားခြား ရှင်သန်ခွင့် ရလာခြင်းကတော့ လက်ခံရပေမည်။

ဒီလူနာဆို သူ အသည်းအသန်ဖြစ်ချိန်က သောကြာနေ့။ ကြည့်စမ်း ဒင်း ဘယ်လောက် သေလမ်းနီးနေပြီလဲ။ ကျွန်တော် အဲ့လူနာကို တခါမှလဲ မမြင်ဘူး။ ကျွန်တော်သည် လူနာကြည့်ဖို့ ထွက်လာတာလဲ မဟုတ်။ အလကားနေ လေပန်းရအောင် ထွက်လာရင်းက သူ့ကို သတိထားမိခြင်း။ ဟော ရှောရှူချင်တော့ ကျွန်တော်ကလဲ GI ကို သွားတောင်းချင်စိတ်ဖြစ်မိသည့်အပြင် ဦးသိန်းမြင့်ကလဲ တိုက်တိုက်ဆိုင်ဆိုင် သူ့အခန်းထဲမှာ တန်းပြီးရှိနေသည်။ သာမန်အားဖြင့် ပါမောက္ခတို့သည် အစည်းအဝေး၊ စာသင် စသည့်ကိစ္စတို့ဖြင့် လေဖမ်းရတာထက် တွေ့ဖို့ခက်သေးသည်။ ခုတော့ သူကလဲ ကွက်တိရှိနေသည်။ ကျွန်တော့်ကိုသာ နတ်ကောင်းတို့က စေ့ဆော်တာမဟုတ်၊ ဦးသိန်းမြင့်ကိုလဲ စေ့ဆော်ဟန်တူ၏။ ဆရာဦးသိန်းမြင့်သည် သူနဲ့လဲ ခင်ခင်မင်မင်မဟုတ်သော junior consultant ကျွန်တော်၏ တင်ပြချက်ကို ချက်ချင်းလုပ်ပေးမယ်ဆိုတာ မထူးဆန်းဘူးလား၊ မတိုက်ဆိုင်ဘူးလား။ သူက ဒီနေ့တော့ သောကြာနေ့လည်တောင်ဖြစ်နေပြီ ၊ ဘယ်လိုမှ အဆင်မပြေတော့ဘူးဗျာ၊ တနင်္လာနေ့ ရုံးဖွင့်တာနဲ့ လုပ်ပေးပါ့မယ်ဟု ပြောရင်လဲ ကျွန်တော် စောဒက တက်ဖို့မရှိပါ၊ လှည့်ပြန်ခဲ့မည်သာ ဖြစ်ပါသည်။ သို့သော်သူကလဲ အခုပဲ လုပ်ပေးပါ့မယ်တဲ့။ မထူးဆန်းဘူးလားဗျာ။

ဪ ဒါကြောင့် ကံဆိုတာ ဆန်းကြယ်တယ်နော်။

နှစ်သစ်မှာ ကံကောင်းအောင် စိတ်ကောင်းလေးများများပိုမွေးရမယ်လို့ ကျွန်တော် ဒီစာလေး
ရေးဖြစ်သွားတာပါ။

ဆရာတော်လိုက်တာ၊ စိတ်ထားကောင်းလိုက်တာ၊ လေးစားပါတယ် တွေလဲ မချိီးကျူးကြပါနဲ့။ ကျွန်တော်သည် သာမန်ဆရာဝန်တဦးဖြစ်သည့် အားလျှော်စွာ ဒီ case ကတော့ ခွဲလို့မရဘူး၊ ပြန်ပိတ်လိုက်တော့၊ bypass ပဲ လုပ်လိုက်တော့ ၊ stoma ပဲ ဖေါက်လိုက်တော့လို့ လဲ လူနာများစွာကို အမိန့်တော် ချမှတ်ခဲ့ဖူးလေရာ ကျွန်တော် အထက်က ဖော်ပြခဲ့ဖူးသလို အဆိုပါ grey area မှ ဆုံးဖြတ်ချက်များသည်ရော အကုန်မှန်နိုင်ပါ့မလား။ ကံတရားက ကျွန်တော့်အပေါ် လွှမ်းမိုးမှု ဘယ်လောက်ပါမလဲ ကျွန်တော် တွေးနေမိတော့သည်။


နှစ်သစ် မင်္ဂလာမှာ ရောဂါဘယကင်းရှင်းပြီး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ ပြည်စုံပြီး ဘဝကို အပူအပင်ကင်းကင်းဖြင်...
17/04/2026

နှစ်သစ် မင်္ဂလာမှာ ရောဂါဘယကင်းရှင်းပြီး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ ပြည်စုံပြီး ဘဝကို အပူအပင်ကင်းကင်းဖြင့် လွတ်လပ်ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ။

05/04/2026

ဆေးရုံမှာ သရဲရှိသလား နှင့် ကျွန်တော့်ရဲ့ ကိုယ်တွေ့ အတွေ့အကြုံ
# # # # # # # # # # # # # # # # # # # # # # # # # # # # #

လူတို့က သရဲ သစ္ဆေ ဆိုတာ လူသေအလောင်းတွေနဲ့ ဆက်စပ်နေတယ်လို့ အများအားဖြင့် ယုံကြည်ကြကုန်သည် မဟုတ်ပါလား။

ထိုအခါ လူသေအလောင်းတို့ အမြဲမပြတ်ရှိနေရာဖြစ်သော ဆေးရုံတို့တွင် သရဲဦးရေလဲ များလတ္တံ့ဟု တွေးထင်စရာပင်။ ဆေးရုံဆိုသည်ကလဲ သိတော်မူကြသည့်အတိုင်း လူမသေဘူးသော လူနာကုတင်ဆိုသည်မှာ မရှိ၊ လူနာမသေဘူးသော အခန်းလဲ မရှိ၊ လူသေအလောင်းတို့ကို အမြဲမပြတ်သွားလာဖြတ်သန်းနေသော လျှောက်လမ်းများ၊ လှေခါးများကလဲ ကျွန်တော်တို့လဲ သုံးနေကြရတာပဲ မဟုတ်ပါလား။ လူသေအလောင်းပေါင်းများစွာ ခေတ္တသိုမှီးထားရာ ရင်ခွဲရုံတို့ ရေခဲတိုက်တို့ဆိုသည်မှာလဲ တဝင်းတခြံထဲ အတူတူနေကြတာပဲလေ။ မှုခင်းဆရာဝန်တွေရဲ့ ရုံခန်းဆိုတာကတော့ အဲ့သည့် အလောင်းတွေထားရာ အခန်းရဲ့ အပေါ်ထပ်မှာပဲ ရုံးခန်းဖွင့်ကာ နေထိုင်အလုပ်လုပ် စားသောက်နေကြတာ မဟုတ်ပါလား။

ရန်ကုန်ဆေးရုံကြီးရဲ့ basement မြေညီလျှောက်လမ်းလေးတွေကလဲ အမိုးပုပုလေးနဲ့ ၊ နံရံအရောင်ကလဲ နီနီ၊ ညဆို မီးကလဲ မှိန်မှိန်နဲ့ ဒီလိုပဲ ဒီလျှောက်လမ်းလေးတွေကနေပဲ လူနာသွားကြည့်ကြရတာပါပဲ။ အလောင်းတင်တဲ့ လူနဲ့ဆွဲတဲ့ လှည်းကလေးကလဲ ဒီလမ်းပဲ၊ ကိုယ်တွေလဲ ဒီလမ်းပါပဲ။

ဒပ်ဖရင်ခေါ်တဲ့ ဗဟိုအမျိုးသမီးဆေးရုံ D ဆောင်ဆိုလဲ သရဲခြောက်တယ် နာမည်ကြီးတာပဲ။ တကယ် ဘယ်လိုခြောက်တယ် မခြောက်တယ် မကြုံဖူးသော်လဲ မြင်ရတာတော့ သရဲကားထဲက အတိုင်းပင်။ အုတ်တိုက်နီနီကြီးက ဟောင်းနွမ်းဆွေးမြေ့နေပြီး တိုက်ကြီးက ၃ ထပ်ရှိရာမှာ မြေညီထပ်နဲ့ အပေါ်ဆုံးထပ်ကို ဘာကြောင့်မှန်း မသိ၊ အသေပိတ်ထားသည်။ အလယ်ထပ်ကလေး ကွက်ကွက်လေးကို သားဖွားဆောင် AB II နဲ့ ဆက်ထားပြီး ကြည့်ရတာ အုတ်ကျိုးအုတ်ပဲ့တွေနဲ့ ခြောက်ကပ်ကပ်။ AN rest လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်တွေကို နားခိုင်းတဲ့နေရာဖြစ်ပြီး လူနာကလဲ ခြောက်ကပ်ကပ်။ ဓါတ်လှေခါးကလဲ ပြိုကျပျက်ဆီးနေပြီး အဲ့ဓါတ်လှေခါးကပဲ ပြုတ်ကျပြီး လူသေဖူးသလိုလို၊ လူသေပြီးသရဲခြောက်လွန်းလို့ ပြန်မပြင်တော့ သလိုလို ပြောတာကြားရသည်။ အဲ့တာတွေ ဟုတ်မဟုတ် သေချာမသိသော်လဲ အဆောက်အဦးကြီးကို ပြန်မပြင်ဘဲ ခြောက်ကပ်ဆွေးမြေ့ပြီး ခြောက်ခြားစရာ အဆောင်ကြီး ဖြစ်နေတာကတော့ ကျွန်တော်တို့ခေတ်က အသေအချာပင်။ ယခုတော့ မရောက်တာကြာတော့ မသိတော့ပြီ။

ရန်ကုန်ဆေးရုံကြီးမှာလဲ ချောင်ကြိုချောင်ကြား အခန်းများ မြောက်များစွာလဲရှိရာ တချို့အခန်းတို့မှာ သရဲခြောက်သည်ဟု မိန်းကလေးဆရာဝန် အများစုက ပြောကြလေသည်။ သူတို့ပြောပြသော ဟိုအသံ ဒီအသံကြားခြင်း၊ ဟို အနံ့ ဒီအနံ့ရခြင်း၊ ဟိုဆွဲ ဒီဆွဲလုပ်ခြင်းတို့မှာ ကျွန်တော့်အမြင်ဖြင့်မူ သရဲခြောက်တာ သေချာလောက်ပါတယ် ဟူ၍ဖြင့် သေချာပေါက် မဆိုနိုင်သေးလို့ ဆိုရပေမည်။

ဟိုအသံ ဒီအသံတို့သည် လေတိုက်သောကြောင့်၊ ကြွက်တို့ ကြောင်တို့ကြောင့် ဖြစ်နိုင်သည် မဟုတ်ပါလား။ ဟိုဆွဲ ဒီဆွဲတို့ ဟိုအနံ့ ဒီအနံ့တို့မှာလဲ စိတ်ထဲက ယုံထင်ကြောင်ထင်ဖြစ်၍ ရနိုင်သေးသည် မဟုတ်ပါလား။

ဆရာဝန်၊ ဆရာမတို့ အဖို့ကား ကိုယ့်မျက်စိရှေ့၊ ကိုယ့်လက်ပေါ်မှာ ကိုယ့်အခန်းဘေးမှာ လူသေဆုံးခြင်းဆိုတာသည် ဘာမှ အထူးအဆန်းမဟုတ်တော့ဘဲ မကြာခဏ ကြုံတွေ့နေရသော ကိစ္စမျိုးပင်ဖြစ်ရာ လူသေတိုင်း သရဲခြောက်ရမည်ဆိုသည်ကား တယ် မဖြစ်နိုင်ပေ။ ကျွန်တော့်သည် ရန်ကုန်ဆေးရုံကြီး၏ အဆောင်ပေါင်းများစွာ၊ အခန်းပေါင်းများစွာတို့တွင် ညပေါင်းများစွာ အိပ်စက်ခဲ့ဖူး၍ လက်ဆုတ်လက်ကိုင် ပြနိုင်လောက်သော သရဲခြောက်ခြင်း သေချာခြင်းကို တခါမျှ မကြုံဖူးခဲ့ချေ။

ဒါဆို မယုံလို့လား။ ကျွန်တော့်စိတ်ထဲ ယုံတယ်လဲ မဟုတ်၊ လုံးဝမယုံဘူးတော့လဲ မဟုတ်ပြန်ချေ။ ကျွန်တော့်စိတ်သည် တဖက်ပိတ်မဟုတ်ဘဲ ဖွင့်ထားသူဖြစ်သည်။ ငယ်စဉ်က life after death ဟူသော စာအုပ်ကို ဖတ်ဖူးသည်။ နိုင်ငံရပ်ခြားမှ သရဲအတွေ့အကြုံ အင်တာဗျူးများဖြစ်၍ ဝိညဉ်ကို ပြန်ခေါ်ကာ အင်တာဗျူးထားသည် ဆို၏။ အသံပြုခြင်း ၊ ဟိုပစ္စည်း ဒီပစ္စည်းများ ပြုတ်ကျအောင် လုပ်ခြင်းတို့မှာ သေပြီးသူတို့က ဘဝခြားနေပြီဖြစ်သော လူတို့အား သူတို့ဆက်သွယ်ရန် တတ်နိုင်သလောက် ကြိုးစားကြခြင်းဟူ၍ အဆိုပါ စာအုပ်ကဖော်ထုတ်သည်။ ဘယ်လောက် မှန်၊ မမှန်ကား မပြောနိုင်ပေ။

စစ်မက်ဖြစ်ပွါးရာဒေသက အသိမိတ်ဆွေတွေနှင့် တွေ့ကြရင် စစ်ကြောင့် အစိမ်းသေ သေကြသူများ၏ ဝိညာဉ်သည် မကြာခဏ လူတို့ကို သရဲပူးပြီး ဗမာက တရုတ်လိုပြောခြင်း စသည်ဖြင့် သူတို့ကိုယ်တိုင် ကြုံတွေ့ဖူးကြသည်ဟူ၍ ပြောကြသည်ကို နားထောင်ဖူးပါသည်။ သို့သော် ကိုယ်တွေ့တော့ မဟုတ်ပေ။

သဘာဝလွန်ဖြစ်ရပ် ကိုယ်တွေ့တွေလဲ ရှိတယ်လေ။ ဥပမာ အီးတီသည် သင်၏ နာမည်၊ အလုပ်အကိုင်၊ သင် ဘာစဉ်းစားနေသည် စသည်တို့ကို ဟောပြောရာတွင် မလွဲဘူး မဟုတ်ပါလား။ ဒါကတော့ ကိုယ်တွေ့ သဘာဝလွန်ဖြစ်ရပ် မဟုတ်ပါလား။

ဒါမျိုးဆင်တူဖြစ်ရပ်တခုကိုလဲ ကျွန်တော့် ဆရာတယောက်က ပြောပြဖူးခဲ့သည်။ ဘိုးတော်တင်ဦး နာမည်သျှမ်းသျှမ်းတောက်နေစဉ် တနေ့တ၌ ဘိုးတော်တင်ဦးနှင့် အလွန်ထူးချွန်ထက်မြက်သော ခွဲစိတ်ဆရာဝန်ကြီးတစ်ဦး မိတ်ဆွေဖြစ်ကြသည်ပေါ့။

ဘိုးတော်တင်ဦးက ပြောသတဲ့၊ ဆရာကြီးက ကျွန်တော့်ပညာကို မယုံဘူးလို့ ပြောသည်တဲ့။ ဆရာကြီးကလဲ သိပ္ပံသမားစစ်စစ် ပွင့်လင်းသူဖြစ်သည့်အတိုင်း ဟုတ်တယ်၊ ခင်ဗျားမှာ သဘာဝလွန်အတတ်တွေရှိတယ်ဆိုတာ ကျွန်တော်မယုံဘူးလို့ ပြန်ပြောသည်တဲ့။

အဲ့တော့ ဘိုးတော်တင်ဦးက ဆရာကြီးကို ဆရာကြီး ဆရာကြီးဘဝမှာ ဘယ်သူမှ မသိတဲ့ ဆရာကြီးကိုယ်တိုင်သာသိတဲ့ အကြောင်းအရာ မေးခွန်း(၃)ခုကို စိတ်ထဲက သတ်မှတ်ပါ။ အဲ့ဒီ အဖြေကို ကျွန်တော်ပေးမယ်လို့ ပြောပါသတဲ့။ ဆရာကြီးကလဲ ကောင်းပြီဆိုပြီ အားတဲ့တရက်ကို ထပ်မံချိန်းဆိုကြပါသတဲ့။

ချိန်းတဲ့ရက်မှာ ဆရာကြီးက သူ့ဇနီးတောင် မသိတဲ့ ကိုယ်ရေးကိုယ်တာ လျို့ဝှက်ချက် (၃)ခုကို မေးခွန်းအနေနဲ့ စိတ်ထဲက မှတ်ထားတယ်။ ဟောမယ့် စာရွက်ကိုလဲ ဘိုးတော်တင်ဦးရဲ့ စာရွက်ကို မသုံးချင်လို့ သူ့စာရွက်အလွတ်ကို သူ့ဟာသူယူသွားတယ်။ ဘိုးတော် တင်ဦးနဲ့ တွေ့တဲ့အခါ သူမေးခွန်း (၃) ခုကို စိတ်ထဲမှာ မှတ်လာခဲ့ပြီ၊ ဟောပေတော့လို့ ပြောသတဲ့။

ဘိုးတော်တင်ဦးက သူ့စာရွက်ကို ရွတ်ဖတ်လိုက်တာမှာ ဆရာကြီးသူ့အိမ်ကယူလာတဲ့ စာရွက်ပေါ်မှာ သူ့စိတ်ထဲက မေးခွန်းတွေဟာ စာရွက်ပေါ်မှာ လက်နှိပ်စက်နဲ့ ရိုက်လိုက်သလို တဖြောင်းဖြောင်းလာထင်ပါသတဲ့။ အဖြေကိုလဲ ဘိုးတော် တင်ဦးက မှန်ကန်စွာပဲ ပြောပြလိုက်လို့ ခွဲစိတ်ဆရာဝန်ကြီးက ဘိုးတော်တင်ဦးဟာ သဘာဝလွန်အစွမ်းရှိတယ်ဆိုတာ သူလက်ခံခဲ့ရတော့တယ်တဲ့။ ဒီလို ဆရာကြီးဆီက first hand experience တကယ့်ကိုယ်တွေ့ဆိုတော့လဲ မယုံလို့ မဖြစ်ပေဘူး မဟုတ်ပါလား။

ကျွန်တော်တို့ခေတ်မှာလဲ အီးတီဟာ ဒီလိုအစွမ်းရှိတာတော့ လူအများကြီးက လက်ခံကြရတာပါပဲ ။

ဆရာကြီးက ဒီစာရွက်ကို သေတ္တာထဲ သေချာသိမ်းထားခဲ့ပေမယ့် ဘိုးတော်တင်ဦးကို အစိုးရက ထောင်ချပြီးတဲ့နောက်ပိုင်းမှာ သူ့စာရွက်ပေါ်ကစာတွေမှာ မှေးမှိန်ပျောက်ကွယ်သွားတယ်တဲ့။ ဆရာကြီးကတော့ ဘိုးတော်တင်ဦးရဲ့ ဘုန်းတန်ခိုး နိမ့်ပါးသွားတာကြောင့် သူ့စာရွက်ပေါ်ကစာတွေ ပျောက်ကွယ်သွားတယ်လို့ သူယူဆမိပါသတဲ့။

မထူးဆန်းဘူးလားဗျာ။

ဆရာကြီး ရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်းမှာလဲ ဆရာကြီးရဲ့ သရဲတစ္ဆေအတွေ့အကြုံတွေကို မှတ်တမ်းတင်ထားတာ ဖတ်ဖူးကြပါလိမ့်မယ်။ ဆရာကြီးရွှေဥဒေါင်းဆိုတာလဲ အင်မတန် အတွေးအခေါ်ကောင်းတဲ့ လူတော်ပဲ။ သာမန် ဥာဏ်ရည် အတွေးအခေါ်နဲ့သူမှ မဟုတ်ပဲတကား။ ရွှေဥဒေါင်းကြီးကတောင် သူရဲ့ သရဲ တစ္ဆေ အတွေ့အကြုံများကို မှတ်တမ်းတင်ခဲ့သေးတာပဲ။ ဒီလို ရွှေဥဒေါင်းကြီးက အစပျိုးခဲ့သဗျ။ ဤခေတ်ဤအခါတွင် သရဲသစ္ဆေကိစ္စများကို အလကားဟာများအနေဖြင့် ရေးသားပြောဟော နေကြရာ ကျွန်တော့် ကိုယ်တွေ့အတွေ့အကြုံများကိုမူ ပြောပြရအုန်းမည် အစချီကာ အညာဒေသ ထီးချိုင့်၊ မြတောင် ဒေသတွင် သူခရီးသွားစဉ်က ကြုံရသမျှ ဆရာကြီးရွှေဥဒေါင်းက မှတ်တမ်းတင်ခဲ့သည်။ ဆရာကြီးသည်လဲ ချိုးချိုးချွတ်ချွတ်မျှလောက်ကို သစ္ဆေခြောက်သည် ယူဆသည့်သူမျိုး မဟုတ်ပေ။

ဆေးရုံမှာ တခါမှ သရဲ တစ္ဆေဆိုတာကို မတွေ့ခဲ့ဘူး၊ တခါမှလဲ အခြောက်မခံရဘူးလို့ ထင်တဲ့ ကျွန်တော်ဟာ ( ချိုး ချိုး ချွတ် ချွတ် လောက်ကို သရဲလို့ ကျွန်တော်မထင်) တရက်မှာတော့ တော်တော်ကြီးကို ပီပီသသ သရဲတစ္ဆေလို့ အသိအမှတ်ပြုရလောက်တဲ့ ကိစ္စ ဖြစ်ခဲ့ပါတော့တယ်။

ဖြစ်တာက ကျွန်တော့်အိမ်မှာပဲဗျို့။

ကိုဗစ်ကာလမို့ ကျွန်တော်ဟာ နေ့တိုင်း ဆေးရုံသွားနေသူမို့ မိသားစုနဲ့ အခန်းခွဲအိပ်တယ်။ တယောက်ထဲ အိမ်ထောင့်က စာကြည့်ခန်းလေးမှာ အိပ်တယ်။ စာကြည့်ခန်းမို့ ကုတင်မရှိလို့ ကိုဗစ်ကာလ ယာယီအနေနဲ့ မွေ့ယာပါးလေးပဲ ခင်းအိပ်တယ်။ ကျွန်တော်အိမ်ကလဲ သစ်ရိပ်ဝါးရိပ်နဲ့ ကျွန်တော့် စာကြည့်ခန်းလေးရှိတဲ့ဖက်က မြိုင်ကျနေသလို အနေအထားလေးဗျ။

အဲ့ဒီနေ့ည (၂) နာရီလောက်မှာ ကျွန်တော့် ခေါင်းရင်းက လာတဲ့ အသံကြောင့် ကျွန်တော်နိုးလာတယ်။ အသံက မြေပြင်ကို တံမြက်စည်းကြမ်းနဲ့ သစ်ရွက်ခြောက်တွေကို တံမြက်စည်းလှည်းနေတဲ့ တရှပ်ရှပ်အသံဗျ။ ပထမ ကျွန်တော်က လေတိုက်တာလား စဉ်းစားတယ်။ လေတိုက်သံ မဟုတ်ဘူးဗျ။ တကယ်ကို သေသေချာချာ တံမြက်လှည်းနေတဲ့ အသံပဲ။ အသံက ဝေးဝေးကြီးလဲ မဟုတ်ဘူး။ ကျွန်တော့်ခေါင်းရင်း တည့်တည့်က အုတ်တစက်မြိတ်ကို လှည်းနေတယ် ထင်ရလောက်အောင် ပီသထင်ရှားတယ်။ ပထမ ကျွန်တော် အိပ်ချင်မူးတူးဖြစ်နေလို့လားဆိုပြီး ကျွန်တော် အိပ်ယာထဲမှာ ငြိမ်နေတယ်။ အိမ်ချင်မူးတူး မဟုတ်တော့ဘူး။ ကျွန်တော် သေသေချာချာနိုးနေပါပြီ။ သို့သော် အသံက မပျောက်ဘူး။ တရှပ်ရှပ်နဲ့ သေသေချာချာ လှည်းနေတယ်။ ည (၂) နာရီကြီးကို အိမ်က ကောင်မလေး ထလှည်းတာလဲ မဖြစ်နိုင်ဘူး။ အထူးသဖြင့် ကျွန်တော် အိပ်နေစဉ် ကျွန်တော့် ခေါင်းရင်း သူထပြီး တံမြက်စည်း တရှပ်ရှပ်လှည်းတာ ပိုပြီး မဖြစ်နိုင်ဘူး။

တစ္ဆေခြောက်နေတာ ဖြစ်နိုင်တယ်လို့ ကျွန်တော့်စိတ်က ယူဆလာပြီ။ ကျွန်တော်က ကြမ်းပေါ်အိပ်နေတာမို့ ဘေးဘီကြည့်ရုံနဲ့ အပြင်ကို မမြင်နိုင်။ ထကြည့်မှသာ ပြတင်းပေါက်ကတဆင့် မြင်ရပေမည်။

ငါထကြည့်ရင် ဘာများမြင်ရမလဲ စဉ်းစားတော့ နဲနဲတော့ စတွန့်သွားသည်။ အရမ်းကြီး ကြောက်နေတာတော့ မဟုတ်၊ သို့သော် လုံးဝ မကြောက်ဘူးလဲ မဟုတ်။ အသံကလဲ လုံးဝကို သေချာနေရာ ထကြည့်မည်ဟု ဆုံးဖြတ်ကာ အားတင်းလိုက်တော့သည်။

တံမြက်စည်းသံ တရှပ်ရှပ်ကတော့ မှန်မှန်ကြီး လှဲနေတုန်းပင်။

ငါ ထကြည့်ရင် အိမ်ဖော်ကောင်မလေးပဲ မြင်ရမလား ၊ သို့မဟုတ် သရဲ တစ္ဆေကပဲ ပြူးပြဲပြလေမလား။ လန့်တန့်တန့်တော့ ဖြစ်မိသည်။ ဒါတကယ်ပါ။

နောက်ဆုံး စိတ်ဒုံးဒုံးချကာ ကဲဘာဖြစ်ဖြစ် မြင်ဖူးတာပေါ့ကွာဟု အားတင်းကာ အိပ်ယာမှ ဝုန်းကနဲ ထပြီး အခန်းစည်းလိုက်ကာကို ဗြန်းကနဲ ထလဲထ ဆွဲလဲ ဖွင့်လိုက်သည်။ အသာအယာတော့ မဟုတ်၊ ဝုန်းကနဲထ ဗြန်းကနဲ ဆွဲဖွင့်ပဲ။ စိတ်ထဲ သရဲမျက်နှာကြီးများ ဗြဲကနဲ မြင်ရမလားပေါ့လေ။

ဟင်။

ခြံထဲတွင် ဘာမှ မရှိ။ သရဲ မျက်နှာလဲ မမြင်ရ၊ အိမ်ဖော်ကောင်မလေးလဲ မဟုတ်။

ထူးခြားသည်က ခုနက ဒီလောက် ပီပီသသကြီး တရှပ်ရှပ် တရှဲရှဲ တံမြက်လှည်းနေသော အသံကား ရုတ်ချည်းပျောက်သွားသည်။ သရဲကပဲ ကျွန်တော် ဗြုန်းကနဲ လိုက်ကာထဖွင့်လိုက်သဖြင့် ကျွန်တော့် မျက်နှာကြီးကို သူမြင်ကာ သရဲက ကျွန်တော့်ပြန်ကြောက်ပြီး တံမြက်စည်းပစ်ချကာ လစ်လေလျော့သလား မသိ။

ကျွန်တော်လဲ စက္ကန့် (၃၀) လောက် ဟိုဟို ဒီဒီ ပြတင်းပေါက်က ချောင်းကြည့်ကာ လိုက်ကာပြန်ပိတ်ပြီး မွေ့ယာပေါ် ပြန်လှဲလိုက်သည်။ ထူးခြားသည်မှာ ဟိုလိုဒီလို ကြောက်စိတ် သိပ်မဖြစ်ဘဲ သူလဲ သူ့ဟာသူ နေပါစေဟု စိတ်ထဲ သဘောထားကာ ကျွန်တော် ငြိမ်းငြိမ်းချမ်းချမ်းပင် ပြန်အိပ်ပျော်သွားခြင်းပေ။တံမြက်စည်းလှဲသံလဲ ထပ်မကြားတော့ပေ။

နံနက်လင်းတော့မှ မနေ့က အကြောင်းကို ပြန်ပြောပြသည်။ အိမ်အကူ ကောင်မလေးအား နင်မနေ့က တံမြက်စည်းထွက်လှဲလား သေချာအောင် ထပ်မေးရာ သူကလဲ အာ ညကြီးသန်းခေါင် သူမလှည်းပါဘူးတဲ့။

ကျွန်တော်နဲ့ အခန်းခြင်း ကပ်လျက်အိပ်သည့် အဖွားမှ သူလဲ မနေ့ကညက တံမြက်လှဲသံ ကြားပါသည်ဟု ထပ်လောင်းအတည်ပြုခြင်းဖြင့် ကျွန်တော် နားကြားလွဲတာ၊ ဂယောက်ခြောက်ခြားဖြစ်တာတော့ မဟုတ်တော့ပြီ။

ဒီလိုနဲ့ အိမ်မှာ ကိုယ့်ဟာကိုပဲ ပရိတ်ရွတ် အမျှအတန်းဝေခြင်းဖြင့် နောက်ထပ်တော့ ဘာအသံမှ ထပ်မကြားရတော့ပေ တကား။ ဤကား ကိုယ်တွေ့တည်း။


29/03/2026
28/03/2026
22/03/2026

စနစ်တကျအတွေးအခေါ်ဖြင့်အရက်သောက်နည်း
**********************************************

အရက်သည် ကောင်းသလား။ မကောင်းပါ။ ကျန်းမာရေး ရှုထောင့်ကကြည့်လျှင်မူတယ်၍ မနိပ်လှပေ။ သို့သော် လူ့စိတ်သည် ဘယ်မှာမွေ့လျော်ပါသနည်းဆိုမူ မကောင်းမှုတွင် မွေ့လျော်သည် မဟုတ်ပါလား။

ကျွန်တော် ဦးလေး ( သူလဲ ဆရာဝန်ပဲ) ပြောသလိုဆိုလျှင် “ မင်းနှယ် မကောင်းမှုတွေက ကောင်းလွန်းလို့ လူတွေမလုပ်ကြအောင် ဘုရားက မနည်းတားနေရတယ် “ ဟူသတည်း။ အင်း သူပြောတာလဲ ဟုတ်တုတ်တုတ်ပဲ မဟုတ်ပါလား။

ကျွန်တော်၏ နေ့စဉ်ဆရာဝန်ဘဝတွင် အရက်အလွန်အကျွံသောက်ခြင်းဖြင့် ဆေးရုံရောက်၊ ဒုက္ခရောက်၊ အသက်တိုကုန်ကျသော လူနာအများအပြားကို မြင်နေရကား ထိုလူနာတို့ကို မြင်လေတိုင်း ကျွန်တော်သည် ကျွန်တော့်ဘေးမှ အတူတူ round လိုက်သော ဆရာဝန်အငယ် အပေါင်းတို့အား ဟဲ့ရောင်တွေ မင်းတို့ အရက်ကို သေသေချာချာ စနစ်တကျ သောက်တတ်ဖို့လိုတယ်ကွ၊ ငါပြောပြမယ်ဟူ၍ how to drink alcohol properly ဆိုပြီး သင်ပေးလေ့ရှိပါသည်။

ကျွန်တော်သည် ဆရာဝန်ငယ်များနှင့်လဲ ရံဖန်ရံခါ ချိန်း၍ စကားပြောကြရင်း သောက်လေ့ရှိရာတွင်လဲ သူတို့နှင့် အန္တရာယ်ကင်းစွာ သောက်ကြရေးကို အမြဲ ဆွေးနွေးဖြစ်ကြပါသည်။ တခါတရံ မိတ်ဆွေ၊ သူငယ်ချင်းတို့နဲ့ အထူးအချိန်အခါတွေမှာ သောက်ခြင်းသည် ပျော်စရာကောင်းလှသော်လဲ အရက်အလွန်အကျွံသောက်သောသူများကား တယ်ပြီး မင်္ဂလာမရှိလှပေ။ အမှားမှား အယွင်းယွင်းဖြင့် လူ့တန်ဖိုး ပျက်စီးရသည်ဟု ခံစားရသည်။ ကျွန်တော်မကြိုက်။ ထို့အတူ အရက်လေး လျှာပေါ်တင်ရင်ပဲ အမလေး ငရဲတွေကြီးကုန်ပြီ၊ ပျက်ဆီးနေတာပဲလို့ ပြောတတ်သူ ရှေရိုးစွဲတွေကိုလဲ ကျွန်တော် သဘောမကျ။

စာဖတ်သူက ကျွန်တော့်အား ခင်ဗျားက ဆရာဝန်လုပ်နေပြီး ကလေးတွေကို အရက်လုံးဝမသောက်ဖို့ ပြောရမှာ၊ အရက်မကောင်းကြောင်း ရေးရမှာကို ခင်ဗျားက သောက်နည်းသင်နေတယ်ဟု ပြောငြားအံ့။ ဟုတ်ကဲ့ ကျွန်တော့်မှာ အဖြေရှိပါသည်။

ကျွန်တော်တို့ဟာ လူတွေဗျ။ သဘာဝကို လက်ခံဖို့လိုတယ်။ မင်းတို့ မသောက်နဲ့ဆိုတာကို အနည်းစုကတော့ လက်ခံကြပါလိမ့်မယ်။ အများစုကတော့ သောက်ကြမှာပဲဗျ။ သောက်မယ့်သောက် ပျော်စရာကောင်းအောင်သောက်၊ ဘာ အန္တရာယ်မှ မဖြစ်စေနဲ့။ နေ့တိုင်းလဲ မသောက်နဲ့။ တလ တခါလောက် သူ့အပေါင်းအသင်းနဲ့ တခါတလေသောက်တာကို အပြစ်လို့တော့ ဘာသာရေး ရှုထောင့်ကမဟုတ်ရင် ပြောဖို့ခက်တယ် မဟုတ်လား။

အေအိုင်ဒီအက်စ် ရောဂါမကူးအောင် လိင်မဆက်ဆံကြနဲ့ဟေ့ဆိုတာက အဖြေမဟုတ်။ အန္တရာယ်ကင်းသော လိင်ဆက်ဆံရေးဆိုတာကမှ လက်တွေ့ကျတာလေ။ ဒီလိုသဘောပါပဲ။

အေး အရက်ဆိုတာ မသောက်ဘဲနေရင် အကောင်းဆုံးပဲ။ အဲ လောကစည်းစိမ် အရသာကို ခံစားချင်တယ်နော်၊ သောက်ပါ။ ဒါပေမယ့် အန္တရာယ်ကင်းရမည်၊ အလွန်အကျွံမဖြစ်ရ။ ကျန်းမာရေးမထိခိုက်စေရ။ ဒါက ကျွန်တော့် အတွေးဗျ။

အရက် မာစတာ စာရေးဆရာကြီးရွှေဥဒေါင်းတို့၊ ဆရာသော်တာဆွေတို့ စကားနှင့်ပြောရရင် အရက်၏ အရှင်သခင်သည် မိမိသာ ဖြစ်ရမည်။ အရက်က အရှင်သခင်ဖြစ်ပြီး မိမိက အရက်၏ ကျေးကျွန် မဖြစ်စေရ။

ဆရာသော်တာဆွေ ရေးသလို အရက်တွင် အဆင့် (၃) ဆင့်ရှိသည်။ ပထမ လူက အရက်ကိုသောက်၊ ဒုတိယ အရက်က အရက်ကိုသောက်၊ တတိယ အရက်က လူကိုသောက် ဆိုလေရာ လူက အရက်ကို သောက်သည့် အဆင့်မှာပဲ အမြဲတည်မြဲနေဖို့လိုသည်။

အရက်သောက်ခြင်းတွင် ပညာလိုသည်။ အတွေးအခေါ်လိုသည်။ ဗဟုသုတလဲ လိုတယ်ဗျ။ အမယ် မင်းကကွာ၊ အရက်ကလေးသောက်တာများ ကြီးကြီးကျယ်ကျယ် လေကြီးလေကျယ်လုပ်လို့ဟု ပြောလဲ ခံရပေမည်။

အဲ့တာကတော့ စာဖတ်သူတို့ သဘောပေါ့လေ။ ဆရာဝန်ကောင်းတို့၏ သောက်နည်းကို သိချင်လျှင် ဆက်ဖတ်ပါ။

အရက်ဘာကြောင့်သောက်သနည်း။
**********************************
အရက်သောက်တာ ပျော်ချင်လို့၊ euphoria လို့ဆိုတဲ့ အလိုလိုတက်ကြွပျော်ရွှင်နေတဲ့ ခံစားမှု၊ europhia ကြောင့်ရတဲ့ စကားပြောလို့ကောင်းခြင်း၊ ပျော်ရွှင်ရယ်မောလို့ကောင်းခြင်း ၊ ပွဲလမ်းသဘင်တွေကို ပိုမိုတက်ကြွပျော်ရွှင်စရာ ဖြစ်စေခြင်းကြောင့် သောက်ကြတာ အဓိက မဟုတ်ပါလား။ ဒီလို အထူးအခြေအနေဆိုတာက အမြဲတမ်းရှိနေမည်မဟုတ်မူ၍ အမြဲတမ်းနေ့စဉ်သောက်ဖြစ်ဖို့ မလွယ်ချေ။

ဒါကြောင့် ဘာအကြောင်းအရာမှ အထူးအထွမရှိဘဲ တယောက်တည်း သောက်ခြင်းကို မပြုသင့်ပေ။ ဤသည်မှာ အရက်စွဲခြင်း၏ လက္ခဏာတခုဖြစ်သည်။

ပျော်စရာအကြောင်းခြင်းရာ၊ ဒါမှ မဟုတ် အထူးအထွေ ကိစ္စမရှိဘဲ အလကားနေရင်း ပျင်းလို့၊ ပျော်လို့၊ စိတ်ညစ်လို့ သောက်ခြင်းကား ဖလော်ဆော်ဖီ တနည်း အတွေးအခေါ်မဲ့သော အရက်သောက်ခြင်းမျိုးဖြစ်၍ ရှောင်သင့်သည် မဟုတ်ပါလား။

တူးတူးခါးခါး မူးပြီးရော သောက်ခြင်း
***********************************
အရက်အကောင်းကို သောက်ခြင်းနှင့် အရက်အစုတ်ကို သောက်ခြင်းသည် ကျန်းမာရေးကိစ္စ အထူးကွာခြားမည်ကို အထူးအထွေ ရှင်းပြရန်ပင် လိုမည်မထင်ပေ။

အရက်အစုတ်တို့၏ ပြဿနာမှာ မီသနောဓါတ် ပါဝင်မှု အလွန်များခြင်းနှင့် impurity ခေါ် မသန်ရှင်း၊
မသန့်စင်မှုတို့ကြောင့် hangover ခေါ် အရက်နာကျခြင်းကို ဆိုးရွားစေကာ အသည်းကို မြန်မြန်နှင့် များများပျက်စီးစေခြင်းပေတည်း။

အရက်ကို စပယ်ရှယ်အခမ်းအနား မိတ်ဆွေသူငယ်ချင်းနှင့်နဲ့မှ သောက်တာမဟုတ်ဘဲ အလကားနေရင်း သောက်ချင်နေပါက ဘတ်ဂျက်ကို ချွေတာရမည်မှာ မုချဖြစ်ပြီး အရက်၏ ကွာလတီကလဲ တဖြည်းဖြည်းစုတ်လာဖို့လမ်းက များပေသည်။

အရက်သောက်စဉ် ရေအများကြီးသောက်ပါ။
*********************************
ရေသည် အရက်နှင့်တည့်၏။ အရက်ကောင်း၏ အရသာကို ရေတွေရောပစ်ခြင်းကို မဆိုလို။ အရက်သောက်နေလျှင် ရေခွက်တခွက်ကို သပ်သပ်ထားကာ ရေများများသောက်ပေးခြင်းကို ဆိုလို၏။ ဤသို့သောက်ခြင်းဖြင့် အရက်ကြောင့် ရေဓါတ်ဆုံးရှုံးခြင်းကို အများကြီးကာကွယ်နိုင်သည်။ အရက်သည် ဆီးသွားလိုသောကြောင့် ရေဓါတ်ဆုံးရှုံးသည်။ အရက်သည် လူ့အရေပြားရှိသွေးကြောတို့ကို ကျယ်စေသောကြောင့် အငွေ့ပြန်ခြင်းဖြင့်လဲ ရေဓါတ်ဆုံးရှုံသည်။ ထို ရေဓါတ်ဆုံးရှုံးခြင်းကပင် နောက်တနေ့ ခေါင်းကိုက်ခြင်း၊ စိတ်မကြည်မလင်ဖြစ်ခြင်းဟူသော အရက်နာကျခြင်းကို ဖြစ်စေခြင်းပင်။

ကျွန်တော်သည် ဝီစကီသောက်ပါက ဝီစကီကို သူ့ချည်းသက်သက် ရေခဲလေးဖြင့် အရသာခံ၊ ဇိမ်ခံပြီး ခံစား၏။ ရေတခွက်သပ်သပ်ထားကာ ရေများများသောက်၏။ သူငယ်ချင်းအပေါင်းအသင်းများဖြင့် ပြန်ရန် တနာရီအလို၊ ပွဲပြီးရန် တနာရီအလိုတွင် ဘာအရက်မှ ထပ်မသောက်တော့ချေ။ ရေကိုသာ များများသောက်တော့ရာ နောက်တနေ့တွင် လူလန်းလန်းဆန်းဆန်းပဲ ဖြစ်ကာ အိုကေပဲဗျ။

ရေက အရက်၏ အာနိသင်ကို အသည်းက ချေဖျက်ပစ်တာ မြန်ဖို့လဲ အထောက်အကူဖြစ်သေးတယ်ဗျ။

လူမှန်း သူမှန်း မသိသောက်ခြင်းသည် အဓိပ္ပါယ်မရှိ။
************************************
အရက်သောက်တာ ပျော်ချင်လို့၊ သူငယ်ချင်းတွေနဲ့ စကားတွေပြောချင်လို့၊ ခုန်ပေါက်မြူးတူးချင်လို့ မဟုတ်ပါလား။ သောက်နေရင်း ထို အခြေအနေသို့ ရောက်ပြီဆိုသောအခါ မိမိကိုယ်ကို ဘရိတ်အုပ်သင့်သည် မဟုတ်ပါလား။ ဆက်သောက်ရင် နောက်နေ့ ခေါင်းကိုက်နိုင်သည်။ အသည်းက ပိုအလုပ်လုပ်ရမည်။ ပိုက်ဆံလဲ ပိုကုန်အုန်းမည်။ အရက်သည် အခြေအနေတခုကို ရောက်ပြီဆိုလျှင် ဆက်သောက်လဲ အရသာလဲ မရှိတော့၊ အမူးလွန်ခြင်း ပြဿနာဖြစ်ကာ အန္တရာယ်များသည့်ဖက် ရောက်လာသည်။ အမူးလွန်ပြီး ပျော်စရာမဟုတ်တော့ဘဲ အပေါင်းအသင်းနှင့် စကားဘရိတ်ပေါက်ကာ အခင်အမင် ပျက်တတ်သည်။ ပျော်စရာအခိုက်အတန့်ကို မခံစားရတော့ဘဲ မူးပြီးမှောက်သွားတာတို့၊ အန်တာတို့၊ အပေါင်းအသင်းတွေ ကိုယ့်ကြောင့် ဒုက္ခများကာ သူတို့ရဲ့ ပျော်စရာအချိန်တွေ ကိုယ့်ကိုပြုစုနေရခြင်းဖြင့် ကိုယ့်ကိုငြိုငြင်နိုင်ပေသေးသည်။ ကားမောင်းရင်း အန္တရာယ်ဖြစ်နိုင်သည်။ unprotected s*x ဖြစ်နိုင်သည်။ အမူးလွန်ခြင်းသည် အန္တရာယ်အပေါင်းကို ဖိတ်ခေါ်နေသဖြင့် အရက်သောက်နေရင်း ပျော်စရာ အချိန်တခုကို ရောက်လျှင် ရေဆက်သောက်ခြင်းဖြင့် ရပ်တန့်ရန်ကား အမှန်တကယ် လိုအပ်ပါသည်။

အရက်စွဲခြင်း၏ လက္ခဏာတို့ကား

အပေါင်းအသင်း မရှိဘဲ တယောက်တည်း အရက်သောက်လာခြင်း

နံနက်ပိုင်း အရက်သောက်လာခြင်း

အရက်သောက်ခြင်းကို ဦးစားပေးအဖြစ် သတ်မှတ်လာခြင်း ( တကယ်ဆို အလုပ်ကို ဦးစားပေးရမည် မဟုတ်ပါလား၊ အဲ့လိုမဟုတ်ဘဲ အလုပ်ဖျက်ပြီး အရက်ကို ဦးစားပေးလာခြင်းသည် အရက်စွဲခြင်း)

ဒါတွေ စလာရင် မနိပ်တော့ဘူး။ စိတ်ရောဂါကု ဆရာဝန်နဲ့ ပြပေတော့။

တကယ်တော့ ဒါတွေဖြစ်ရတာဟာ မိမိကိုယ်မိမိ ထိမ်းသိမ်းနိုင်မှု အားနည်းတာကြောင့်ဗျ။

မသောက်ချင်ရင် မသောက်ပါနဲ့။ ဒါအကောင်းဆုံးပဲ။

သောက်ချင်ရင် ကျွန်တော်ရေးထားတာလေး ဖတ်ပြီးမှ သောက်ဗျ။ ဘယ်တော့မှတော့ အရက်သမား မဖြစ်စေနဲ့ဗျ။

19/03/2026

လိပ်ခေါင်း၊ စအိုကွဲနာ၊ ဂရင်ဂျီနာ ခွဲပြီးကာစ ဆောင်ရန်၊ ရှောင်ရန်

ကျွန်တော်၏ Laparoscopic Surgery ခရီး ( နောက်ဆုံးပိုင်း) # # # # # # # # # # # # # # # # # # # # # # # # # # # # #ကျွန်တေ...
12/03/2026

ကျွန်တော်၏ Laparoscopic Surgery ခရီး ( နောက်ဆုံးပိုင်း)
# # # # # # # # # # # # # # # # # # # # # # # # # # # # #

ကျွန်တော် အရှေ့ (၃) ပိုင်းက ရေးခဲ့ပြီးသလို ကျွန်တော်တို့ အဖွဲ့သည် လူရော၊ စိတ်ရော၊ ခွဲစိတ်သည့် ပစ္စည်းတွေရော၊ timing လို့ခေါ်သည့် ချိန်သားကိုက်မှုရော အားလုံးပြင်ဆင်ပြီး ခွဲစိတ်ရန်အသင့်ဆိုသည့် အခြေအနေတရပ်ကို ရောက်ရှိနေခဲ့ပါပြီ။ နောက်ဆုံးတော့ ဗီယက်နမ်ကပေးသည့် မောင့်အချစ်မြှားတော့မဟုတ် မောင့်အချစ်ဓါးစူးကာ အရှက်ရမိရာက စိတ်ခွန်အားတစ်ခု အနေဖြင့်ပြောင်းလဲပြီး လှုပ်နှိုးခဲ့ရာကနေ open colorectal surgery ဆိုတဲ့ comfort zone တခုကနေ ရုန်းထွက်ခဲ့၊ LC ဆိုတဲ့ laparoscopic တောင်ကို ကျော်ကာ Laparoscopic Colorectal ဆိုတဲ့ တောင်ကို စတက်ဖို့ စိတ်ဓါတ်တက်ကြွနေခဲ့ကြပါပြီး Lap ခရီးလမ်းကို စခဲ့ကြတော့သည်။

စလျှင်စခြင်း ခွဲစိတ်မှုများသည် ပင်ပန်းလှပါပေသည်။ ထုံးစံအတိုင်း လူနာ အန္တရာယ်ကင်းရေးသည် ပထမဦးစားပေးဖြစ်သည်။ open မှာ အေးဆေး ဟာသလေးတွေပြောကာ စကားလေးတပြောပြော အေးဆေးခွဲနေခဲ့ကြသော ကျွန်တော်တို့ surgeon ၄ ယောက်သည် ယခုတော့ မျက်လုံး ၈ လုံးဖြင့် ပြူးပြဲနေအောင် ကြည့်ရ၊ သတိထားရသည်။ surgical plane လို့ခေါ်သည့် သွားရမည့် လမ်းကြောင်းမှန်အောင် ရှာဖွေရသည်။ ဒါမှ သွေးမထွက်မှာလေ။

Open ဆိုရင်တော့ သွားနေကျ လမ်းမို့ plane တွေက ကွက်တိ။ lap ကျ open နှင့် ပြောင်းပြန်။ open က lateral to medial သွားသည်။ lap က medial to lateral သွားသည်။

Ureter လို့ခေါ်သည့် ဆီးလမ်းကြောင်းကို မထိအောင် ဂရုစိုက်ရသည်။ gonardal vessel လို့ခေါ်သည့် သွေးကြောတွေ မထိအောင်၊ အူတွေမထိအောင် သတိထားရသည်။ Lap က ယောင်္ကျားတွေမှာ အာရုံကြောတွေမထိအောင်ရှောင်ဖို့ ပိုအဆင်ပြေပြီး erectile dysfunction လို့ခေါ်သည့် ပန်းသေပန်းညှိုးခြင်းကို ရှောင်လို့ရဖို့ ပိုများသည်။

Lap သည် open လို အူ ကလီဇာတွေကို လက်နှင့်ကိုင်ပြီး ဟိုဖက်ဒီဖက် စိတ်ကြိုက်လှန်လှောကြည့်လို့မရ။ open လို အကောင်အထည်ကြီး လှန်လှော၍ မရ။ open က 3D ( 3 dimensions) ဖြစ်ပြီး Lap က 2D ဖြစ်ကာ တီဗီကိုသာကြည့်၍ ခွဲရသည်။

စခွဲကာစ ဘာဖြစ်သလဲဆိုတော့ ဘာမဟုတ်သည့် အသေးအဖွဲတွေက ဒုက္ခပေးသည်။ အချိန်ကုန်စေသည်။ ကင်မရာက ရေခိုးရိုက်လိုက်၊ ဆေးလိုက်။ port က လျှောထွက်လိုက်၊ နေရာပြန်ချလိုက် စသည့် ဘာမဟုတ်တာလေးတွေက အချိန်စားသည်။ plane တွေ မှန်အောင် ၄ ယောက်လုံးက တီဗီဖန်သားပြင်ကို ဖြဲရဲကြည့်ပြီး အကြံပေးရ၊ လိုက်နာကြရသည်။ ဘယ်သူမှ ငါ ဆရာကြီးမဟုတ်၊ ပူးပေါင်းဆောင်ရွက်ကြရသည်။ ၄ ယောက်လုံး ချင့်ချင့်ချိန်ချိန် တယောက်အကြံပေးချက်၊ သတိပေးချက်တွေကို အရေးတယူပြုကြရသည်။

ဒီလိုနဲ့ ဖြေးဖြေးနဲ့မှန်မှန် ခွဲလာခဲ့ကြရာတွင် ခွဲစိတ်အဖွဲ့သားများ လူပင်ပန်း၊ စိတ်ပင်ပန်းဖြစ်ကြရသော်လဲ ခွဲစိတ်မှုတိုင်း အဆင်ပြေသည်။ လူနာတွေ အားလုံးကောင်းကြသည်။ ခွဲစိတ်မှု တစ်ယောက်ပြီးတိုင်း အဆင်ပြေသဖြင့် ပျော်ကြရသည်၊ ငါတို့ ခွဲတာတဖြေးဖြေးပိုမြန် ပိုအဆင်ပြေလာပြီဟဆိုပြီး ကျေနပ်နေကြသည်။ လူနာတွေလဲကောင်းတာမှ ထင်ထားတာထက် အများကြီးပိုကောင်းကြသည်။ ခွဲပြီးတာနဲ့ အရည်လေးစသောက်၊ တချို့ ခွဲပြီး ၂ ရက်၊ ၃ ရက်တွင် လမ်းလျှောက်နေကြပြီ။ open တွင် အဖြစ်များသော ခွဲပြီးကာစ paralytic ileus ခေါ် ဗိုက်တင်းတာ၊ အူအလုပ်ပြန်လုပ်ဖို့စောင့်ရတာတွေ မရှိသလောက်နည်းကာ ခွဲပြီးဗိုက်တွေက soft လို့ခေါ်သည့် ပုံမှန်အတိုင်းပင်။ ဒီတော့ အစားမြန်မြန်ကျွေးနိုင်သည်။ ကျွန်တော်သည် Day 3 တွင် CRP ဖေါက်လေ့ရှိရာ CRP မှာ 15-20 ဝန်းကျင်တွင်သာ ရှိပေရာ အံ့ဩရသည်။ open တွင် CRP level မှာ ရာကျော်လေ့ရှိသည်။

တကယ်တော့ ကျွန်တော်ယခုပြောသော CRP level မတက်ခြင်း ( တနည်း metabolic response to trauma နည်းခြင်း)၊ ileus မရခြင်း၊ နလန်ထအလွန်မြန်ခြင်း ( rapid recovery) ၊ လူနာ နာကျင်မှု အလွန်သက်သာခြင်း၊ ဆေးရုံစောစောဆင်းနိုင်ခြင်း၊ ဗိုက်တွင် ခွဲကြောင်းရာအကြီးကြီးမရှိခြင်း စသည်တို့မှာ ဘာမှ ထူးဆန်းသည်မဟုတ်။ ဤသည်မှာ Lap surgery တွင် တွေ့နေကျ ပုံမှန်ကောင်းကျိုးများသာဖြစ်သည်။ ဤ စာဖတ်သူများထဲတွင် LC နည်းဖြင့် သည်းခြေအိတ်ကို အပေါက်ဖေါက်ကာ ထုတ်ဖူးသူ များစွာရှိပေလိမ့်မည်။ သူတို့သည် lap ၏ အကျိုးကျေးဇူးကို ခံစားဖူးကြသူများဖြစ်သည်။ ယခင်က သည်းခြေအိတ်ထုတ်လျှင် တစ်ပတ်လောက် လူနာမှာ ဆေးရုံပေါ်ပက်လက်။ ခုများ တရက် နှစ်ရက်ဆို လမ်းလျှောက်ပြီး ဆေးရုံက ဆင်းကြတယ် မဟုတ်ပါလား။ ယခု ကျွန်တော်တို့က LC ထက်မကသော အူမကြီးကင်ဆာကို lap ဖြင့်ခွဲနေကြခြင်း။ အူမကြီးတွေ ၊ မစင်အိမ်တွေကို မှန်ပြောင်းဖြင့် ခွဲစိတ်ဖြတ်တောက် ပြန်ဆက်နေခြင်းပင်။

နိုင်ငံရပ်ခြားက ဆေးပညာနှီးနှောဖလှယ်ပွဲများ၊ ကိုယ် training သွားခဲ့သော နိုင်ငံခြားဆေးရုံတို့တွင် ဤသို့ lap ၏ ကောင်းကျိုးများကို တွေ့မြင်ဖူးပြီးသား ဖြစ်သော်လဲ ကိုယ်တိုင်ခွဲသောလူနာက ဤသို့ မြန်မြန်ဆန်ဆန်ကြီး နာကျင်မှုနည်းလှစွာ လမ်းတွေလျှောက်၊ ရက်တိုတိုနှင့် အစားတွေစား၊ ၄ ရက်လောက်နှင့် အိမ်ပြန်သွားတာကို တွေ့ရသော လက်တွေ့ပီတိကို ခံစားရသည်မှာ ကျွန်တော်တို့တဖွဲ့လုံး ကျေနပ်ပီတိ ဖြစ်လှပါသည်။ ငါတို့ခွဲလဲ ဒီလိုဖြစ်သဟ၊ ဪ ဒါကြောင့် Lap ဆိုတာ တကယ်မိုက်တာကိုးဆိုတာကို လက်တွေ့ခံစားဖူးခြင်းပေတည်း။ အရင်ကတော့ သူတို့လုပ်လိုပဲ ကောင်းနေတာလား၊ ကိုယ်ခွဲရင် အဲ့လောက်မြန်မြန်ကောင်းပြီး မြန်မြန်ဆေးရုံက ဆင်းရပါ့မလားဆိုပြီး ကိုယ့်ကိုကိုယ် သံသယ ရှိနေခဲ့တာ အမှန်ပါပဲ။ ဒါပေမယ့် ကိုယ်တိုင်ခွဲတော့လဲ လူနာမြန်မြန်စားနိုင်၊ လမ်းလျှောက်နိုင်တဲ့ လျှင်မြန်တဲ့ နလန်ထမှုမျိုးကို ရပါလားဆိုပြီး ခံစားရပါတယ်။ ရင်ထဲက ကျေနပ်ပါတယ်။

ကျွန်တော်တို့က ဖြေးဖြေးမှန်မှန် သတိထားခွဲနေတာမို့ ခွဲစိတ်ချိန်က ပထမလူနာများတွင် ၅ နာရီဝန်းကျင် ကြာသော်လဲ တဖြည်းဖြည်း ၃ နာရီဝန်းကျင်သို့ ဆင်းလာသည်။ လူနာက ပိန်ပိန်ပါးပါး
လွယ်လျှင် ၂ နာရီကျော်ကျော်ပဲ ကြာတော့သည်။

ကျွန်တော်တို့ team သည် ခွဲစိတ်မှု ၈ ယောက် ကျော်လာပြီးနောက်တွင် အတော်ကြီးကို စိတ်ရောလူပါ သက်တောင့်သက်သာဖြစ်လာကြသည်။ ယခင်လို Lap တယောက်ခွဲဖို့ အားယူ ကီသွင်းမနေရဘဲ စိတ်ထဲ ပေါ့ပေါ့ပါးပါးဖြစ်လာကြသည်။ ခွဲစိတ်ချိန်၊ ပြင်ဆင်ရသည့်အချိန်လဲ တိုလာပြီး နိုင်ငံတကာစံချိန်လောက်ပဲ ကြာတော့တယ် ဖြစ်လာသည်။ ယခင်လို တကူးတက တနင်္ဂနွေမှ lap ခွဲမယ်ဆိုသောမူကိုလဲ ပြင်ဆင်လိုက်ကြသည်။ ပုံမှန်လုပ်နေကြအတိုင်း ညဖက်ပဲ ခွဲကြတော့သည်။ ယခုများဆို ပုံမှန် major တစ်ယောက်ခွဲသလိုပဲ ဖြစ်နေကာ တခြားခွဲစရာတွေတောင် ရောညှပ်တင်လိုက်ကြသေးသည်။ ယခင်ကတော့ lap ဟေ့ဆို တကူးတက တနင်္ဂနွေတရက်လုံး ဒီတယောက်ပဲ ခွဲမယ်လုပ်ရာက ခုတော့ lap သည် ဘာမှတယ်ပြီး မထူးဆန်းတော့ချေ။

လူနာ ၈ယောက်လောက်ကို lap နှင့်ခွဲပြီးနောက်ပိုင်းကစပြီး သက်တောင့်သက်သာ အေးအေးဆေးဆေးဖြစ်လာကြကာ Lap နဲ့ ခွဲလို့ရမယ့် eligible ဖြစ်မယ့် အဆင်ပြေမယ့်လူနာမှန်သမျှကို အရင်လို case selection တင်းတင်းကျပ်ကျပ်မလုပ်တော့ဘဲ လူနာသာ သဘောတူပါက lap ကိုပဲ ဦးစားပေးပြီး ခွဲတော့သည်။ ခွဲစိတ်တာ ၁၄ ယောက် ပြည့်သည့်အချိန်မှာ Early Experience on Laparoscopic Colorectal surgery ခေါင်းစဉ်ဖြင့် ရန်ကုန်ဆေးရုံကြီး Monthly Surgical Meeting မှာ တင်ပြခဲ့သည်။

ဒီလိုနဲ့ Lap နှင့် အူမကြီးခွဲခြင်းသည်ကျွန်တော်တို့ team အတွက် သာမန်လုပ်ရိုးလုပ်စဉ်ဖြစ်လာခဲ့ပါတော့သည်။ comfort zone မှ ထွက်ပြီး အပင်ပန်းခံ ကြိုးစားခဲ့ရကြိုး နပ်ပြီဖြစ်လေသည်။

၂၀၂၆ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က အူမကြီးကင်ဆာပေါင်းစုံကို Lap ဖြင့်ခွဲတာ လူနာ ၅၅ ယောက် ရှိခဲ့ပြီဖြစ်၍ ရန်ကုန်ဆေးရုံကြီးမှာ နောက်တခါထပ်၍ တင်ပြဖြစ်ခဲ့သည်။ (၂) နှစ်ဆိုသော ကာလမှာ အူမကြီးကင်ဆာလူနာ (၅၅) ယောက်ကို Lap လို့ခေါ်သော အပေါက်ဖေါက်ကာ မှန်ပြောင်းဖြင့် ခွဲခဲ့ကြသည်။ ယခုလဲ ဆက်ခွဲနေဆဲပင်။

ကျွန်တော်သည် ပုံမှန်အားဖြင့် တနှစ်လျှင် အူမကြီးကင်ဆာလူနာ ၉၀ ဝန်းကျင်ခန့် ပျှမ်းမျှခွဲသဖြင့် ကျွန်တော်၏ lap colorectal surgery rate သည် ၃၀ % သို့ တက်လာသည့် သဘောပင်။ ယခင် ၁% တောင် မရှိရာမှ ယခု ၃၀%ထိ တက်လာခြင်းပင်။ အူမကြီးကင်ဆာ ၃ ယောက်မှာ တယောက်ကို lap ဖြင့်ခွဲနေခြင်းပင်။ ဗီယက်နမ် Cho Ray ဆေးရုံ၏ ၉၀ % ကို မမှီသေးသော်ငြား အတော်ကြီးတိုးတက်လာသည်ဟုတော့ ပြော၍ရမည်။ ၅၀% လောက်ဖြစ်အောင် ပိုကြိုးစားရမည်။

ပိုပြီးပျော်ခဲ့ ဂုဏ်ယူခဲ့သည်မှာ လူနာတစ်ယောက်မှ အဖိတ်အစင်မရှိခဲ့။ ထို့အပြင် leak လို့ခေါ်သည့် အူဆက်သည့်နေရာမှ တဦးမှ leak ယိုစိမ့်မှု မဖြစ်ခဲ့။ ဆီးလမ်းကြောင်း၊ အူလမ်းကြောင်း၊ သွေးကြောထိခိုက်မှု တစ်ခါမှ မဖြစ်ခဲ့ပေ။ ယခုထိပေါ့ဗျာ။ မဖြစ်နိုင်ဆိုတာတော့ ဘယ်ရှိပါ့မလဲ။

Lap နဲ့ ခွဲပြီးကာမှ လူနာနှစ်ယောက်ကို နောက်ပိုင်းမှာ ဗိုက်ပြန်ဖွင့်ခဲ့ရသည်။ တယောက်က ileostomy closure တွင်မှ leak ရခဲ့ခြင်းဖြစ်ပြီး တယောက်က ခွဲပြီး လအတန်ကြာမှ adhesive intestinal obstruction ခေါ် အူပိတ်သဖြင့် ပြန်ဖွင့်ခဲ့ရခြင်းပင်။ ဒီနှစ်ယောက်ကလဲ ပြန်ဖွင့်ရခြင်းမှာ laparoscopic ကြောင့်မဟုတ်ဘဲ တခြားပြဿနာ နောက်ဆက်တွဲဖြစ်ခဲ့ရခြင်းပင်။ နှစ်ယောက်လုံး ပြန်ကောင်းသွားခဲ့ပါသည်။

Conversion လို့ခေါ်သည့် Lap ဖြင့် လုပ်မရ၍ open ပြောင်းရခြင်း တစ်ယောက်သာ ရှိခဲ့သည်။

ဒါတွေရေးရတာ ကြွားချင်လို့မဟုတ်ရပါ။ မှတ်တမ်းတခုအနေနဲ့ ကိုယ့်ဟာကိုယ် မှတ်ထားဖို့သာ ရေးရခြင်းပါပေ။

ဒီ ဒေတာ အချက်အလက်တွေကို ရန်ကုန်ဆေးရုံကြီးရဲ့ လစဉ် combined clinic မှာ ဆရာကြီးများရှေ့ တင်ပြနိုင်ခဲ့ပါသည်။

ဒီတိုးတက်မှုကနေ ကျွန်တော်တို့ ဘာတွေ သင်ခန်းစာရခဲ့ပါသလဲ။ အကြောင်းတော့ ရှာရအုန်းမယ်။ ဒါတွေ ဘာလို့ပြောသလဲဆိုတော့ မျိုးဆက်သစ်ခွဲစိတ်ဆရာဝန်တွေကို Lap ဖြင့် အူမကြီးကင်ဆာတွေကို ခွဲစေချင်လွန်းလို့ဖြစ်သည်။

ဒို့တော့ အများကြီး ခွဲပြီးပြီ။ ဒါတွေ သိပ်ခက်တာပဲလို့ အငယ်တွေ ကြောက်သွားအောင်၊ ကိုယ့်ကို အထင်ကြီးအောင် ဂျင်းမထည့်လို။ ခင်ဗျားတို့ အငယ်တွေအားလုံးလဲ comfort zone ကထွက်လျှင် လုပ်နိုင်သည်ဟုသာ အားပေးလိုသည်။ အငယ်တွေ စိတ်အားတက်ကြွအောင် ဒီစာကို ရေးခြင်းဖြစ်သည်။

မိုင်ထောင်ချီခရီးသည် ခြေတလှမ်းက စရမည်ပဲ မဟုတ်ပါလား။ ထို့အတူ လူနာရာကျော် ထောင်ကျော်ခွဲတယ်ဆိုတာလဲ တစ်ယောက်ကစရမည်ပဲ မဟုတ်ပါလား။

လုပ်ချင်ကိုင်ချင်စိတ်၊ comfort zone ကနေ မဖြစ်မနေ ရုန်းချင်နေရမည့်စိတ်သည်အရေးကြီးသည်။ ပညာသည် အမြဲပြောင်းလဲနေသည်။ အမြဲတိုးတက်နေသည်။ ဒါတွေကို အမြဲ စာတွေ့လက်တွေ့လိုက်နေမှသာ တိုးတက်မည်။ MSc ပြီးတာနှင့် ဒီပညာ ဒီအသိနဲ့ပဲ ကျောက်ချပြီး အထိုင်ချလိုက်ပါက မြန်မာပြည်မှာ ထမင်းစားရဖို့ကတော့ မခက်သော်လဲ ဘယ်သူနဲ့မှ ပညာရပ်အကြောင်း ပြောဖို့၊ လူပုံအလယ်မှာ ပွဲလယ်တင့်ဖို့၊ ပါးစပ်ဟဖို့က တော်တော်ခက်သွားမည်ဖြစ်သည်။

သူများနိုင်ငံတွေက ဆယ်လှမ်းလှမ်းနေချိန်မှ ာ ကိုယ်တွေက တလှမ်းလောက်လှမ်းပြီး အရင်ထက်စာရင် တိုးတက်လာပါတယ်ကွ လုပ်နေ၍ မဖြစ်ပေ။ ကိုယ်တွေက တခါတလေ နောက်ပြန်တောင် လျှောက်လိုက်သေးသကိုး။

ကျွန်တော့်ဆရာ ဆရာကြီးဦးခင်မောင်အေး ရွတ်ရွတ်နေတတ်သည့်အတိုင်း everything is difficult before it become easy ဆိုတာကို သတိရမိသည်။ ဘယ်လောက်ပဲ ခက်ခက် ၊ တကယ်တော့ မခက်ပါဘူး။ မကျွမ်းကျင်သေးလို့သာ ခက်နေရတာ မဟုတ်ပါလား။ ကလေးအဖို့ လမ်းလျှောက်တာလဲ ခက်တာပဲ၊ ဟော စက်ဘီးစီးတာလဲ မတတ်ခင် ခက်တာပဲ မဟုတ်ပါလား၊ ကားမောင်းတာလဲ မတတ်ခင်တော့ ခက်တာပဲ မဟုတ်ပါလား။ ကျွမ်းကျင်သွားတော့လဲ ဘာများခက်နေသေးလို့တုန်း၊ အေးဆေးပဲ မဟုတ်ပါလားဗျာ။

ကျွန်တော့်ရဲ့ ညီငယ် ညီမငယ် ခွဲစိတ်ဆရာဝန်များကို ပြောပြချင်သည်မှာကားကျွန်တော်တို့ ဘယ်လိုစဉ်စားပြင်ဆင်ခဲ့ကြသလဲဆိုတာပါပဲ၊ စိတ်ကို ပြင်ဆင်ရခြင်းသည် ခွဲရသည်ထက်ပို၍ လေးနက်သည်ဟု ကျွန်တော် ယုံကြည်မိသည်။ YGH combined မှာ အချိန်မရလို့ မပြောခဲ့ရတာတွေ ဒီမှာဖေါက်သည်ချလိုသည်။

ပထမဦးဆုံးကတော့ ကျွန်တော်တို့ team သည် ငါတို့ တခြားအာဆီယံနိုင်ငံတွေနဲ့ယှဉ်ရင် တအားနောက်ကျ ကျန်နေခဲ့ပြီဆိုပြီး အမှန်အတိုင်း လက်ခံခဲ့ခြင်းဖြစ်သည်။ အဖြစ်မှန်ကို လက်မခံဘဲ ဖြေရှင်းရန်မဖြစ်နိုင်ပေ။ အဖြစ်မှန်ကို လက်ခံမှ ဖြေရှင်းရန် နည်းလမ်းရှာနိုင်မည်ဖြစ်သည်။ သူများတိုင်းပြည်တွေခွဲနိုင်ပြီး ကိုယ်တွေတိုင်ပတ်နေတာကို ကျွန်တော်တို့ လက်ခံလိုက်သည်။ ဘာလိုတယ် ညာလိုတယ် ဘာဖြစ်တယ် ညာဖြစ်တယ်တွေ ဆင်ခြေပေးမနေတော့။ ဖြစ်အောင် လုပ်ဖို့ပဲ နည်းလမ်းရှာတော့သည်။ လူနာတွေက မတတ်နိုင်လို့၊ ရောဂါတွေက နောက်ကျလို့ ဆင်ခြေတွေ လျှောက်ပေးမနေတော့ဘဲ ငါတို့တွေ မဖြစ်ဖြစ်အောင် ကုန်းရုန်းလုပ်ကြစို့။ လုပ်ရင်းနဲ့ တဖြေးဖြေးအဆင်ပြေလာရမှာပေါ့။ လူနာ အန္တရာယ်ကင်းအောင် ဂရုစိုက်ရန်သာ အရေးကြီးသည်။

နောက်တခုက logistics လို့ခေါ်ရမည့် ထောက်ပံ့ရေးကိစ္စတွေဖြစ်လေမည်။ ဒီနေရာမှာ လူတွေရော၊ ကျွမ်းကျင်မှုတွေရော၊ နည်းပညာ စက်ပစ္စည်းတွေရော ပါမည်။ ယခုခေတ်သည် ယခင်လို ဆရာဝန်တစ်ဦးတည်းက တစ်ဦးကောင်း တစ်ယောက်ကောင်း သူရဲကောင်းလုပ်ကာ ဆေးကုဖို့ မဖြစ်နိုင်ပေ။ speciality အစုံက အထူးကုဆရာဝန်တွေ အစုံက ကိုယ့်ကျွမ်းကျင်ရာအပိုင်းကို လူနာအတွက်အလုပ်လုပ်ကြရမည်ဖြစ်ပြီး ဆရာဝန် ဆရာမပေါင်းစုံ၏အားကို မဖြစ်မနေ စုပေါင်းအသုံးချမှ ဆေးကုသမှုမှာ လူနာအတွက် အကောင်းဆုံး အကျိုးကျေးဇူးကိုရမည်။

တချို့လူနာတွေက ခွဲစိတ်ဆရာဝန်ကိုပဲသိမည်။ ကျွန်တော်က သူတို့နဲ့ တိုက်ရိုက်စကားပြောရတဲ့ ဆရာဝန်ကိုး။ ဒါပေမယ့် ကျွန်တော် အကောင်းဆုံးနဲ့ အမှန်ဆုံးဆုံးဖြတ်ချက်တွေချပေးဖို့ ဓါတ်မှန်ဆရာဝန်၊ ရောဂါဗေဒဆရာဝန် တွေက အဓိက မှန်ကန်တိကျတဲ့ အဖြေကို ထုတ်ပေးနေခြင်းကြောင့် ကျွန်တော်က ဆုံးဖြတ်ချက်မှန်မှန်ချနေနိုင်ခြင်းပင်။ ကင်ဆာ ဆရာဝန်က neo adjuvant ခေါ် ဓါတ်ကင်တာတွေ၊ ဆေးသွင်းတာတွေ လုပ်ပေးနေလို့ ကျွန်တော်ဖက်က ကင်ဆာကို ပြောင်အောင်ခွဲလို့ရနေတာဖြစ်သည်။

ပြီးတော့ ဒီခေတ်သည် ဓါးရယ်၊ ကတ်ကြေးရယ်၊ ချည်စရာကြိုးရယ်ရှိရင် ခွဲလို့ရတာပဲကွာဆိုသည့် ခေတ်မဟုတ်တော့ပေ။ နည်းပညာမြင့်သော ခေတ်မှီစက်ပစ္စည်းတွေ မရှိဘဲ ကောင်းမွန်သည့်ရလဒ်မထွက်ပါ။ ဓါးရယ် ကတ်ကြေးရယ်ရှိလဲ ခွဲလို့တော့ ဖြစ်သော်ငြား အလုံးကို ထုတ်ရုံလောက်ပဲရမယ်။ ခေတ်မှီစက်ကိရိယာ အစုံရှိလေ လူနာသက်သာလေ၊ အန္တရာယ်ကင်းလေ၊ ကင်ဆာအတွက်ပိုပြီး အကျိုးရှိရှိခွဲနိုင်လေပင်။

တကယ်တော့ သင်ကြားရေးဆေးရုံကြီးတွေမှာ စက်ပစ္စည်းတွေက မရှိတာတော့ မဟုတ်။ အပြည့်အဝ အသုံးချခွင့် မရကြတာကို ကျွန်တော် စာနာနားလည်ပါသည်။ ညီငယ် ညီမငယ်တွေ အနေနဲ့ ပြန်မေးသင့်တာက ငါတို့သည် တကယ်တဆုံး ဒီပစ္စည်းတွေကို အသုံးချဖို့ ကြိုးစားပြီးပါပြီလားဆိုတာကို ပြန်သုံးသပ်သင့်သည်။ မရရအောင် မဖြစ်ဖြစ်အောင် ကြိုးစားစေချင်သည်။

အစိုးရဆေးရုံမှာ MRI ၊ CT က ရက်စောင့်ရတာကြာတယ်။ ဒါကြောင့် မရိုက်တာပါဆိုသော အဖြေကို မကြာခဏ ကြားရသည်။ ဒါသည် သာမန်အားဖြင့် မှန်ပါသည်။ သို့သော် ဒီလို MRI ၊ CT ရိုက်ဖို့ date တောင်းတာကို သာမန်လုပ်ရိုးလုပ်စဉ် စာရွက်ချည်းပဲ ထိုင်ရေးမနေဘဲ ဓါတ်မှန်ဆရာဝန်ဆီသို့ ကိုယ်တိုင်သွားတွေ့ကာ ကျွန်တော်တို့ ဒီလူနာကို lap နဲ့ ခွဲလို့ရမယ်ထင်လို့ acedemic reason အရ urgent date လေး ပေးပါဗျာဟု consultant surgeon ကိုယ်တိုင်က စိတ်ဝင်တစား
တလေးတစား date တောင်းရင်် ဓါတ်မှန်ဆရာဝန်က ငါရိုက်မပေးဘူးလို့တော့ ငြင်းမယ် မထင်ပေါင်ဗျာ။ တဆုံးကြိုးစားကြည့်ပြီးပြီလားဆိုတာ အဲ့တာကို ပြောတာပါ။

Neoadjuvant radiation လဲ သာမန်အားဖြင့် မလွယ်မှန်း ကျွန်တော် နားလည်သဘောပေါက်ပါသည်။ ယခုဆို National cancer center ကြီးလဲဖွင့်ပြီဟု သတင်းတွေမှာ မြင်နေရသည်။ ဓါတ်ကင်သည့်စက်အသစ်တွေလဲ ရှိသည်ဟုကြားရသည်။ neoadjuvant RT ပေးရမည့်သူကို oncologist ကင်ဆာဆရာဝန်ထံ ကိုယ်တိုင်သွားတောင်းစေချင်သည်။ ငြင်းမယ် မထင်ပါ။ acedemic reason တွေက ရှိနေတာပဲ။ ကိုယ်က အကူအညီတောင်းလိုက်၊ ကိုယ်က ပြန်ကူညီလိုက်ဆိုတာ ဆေးရုံမှာ သဘာဝပဲလေ။ စာရွက်နဲ့ chart ပဲ show ရင်တော့လဲ ထုံးစံအတိုင်းထက်ပို၍
တိုးတက်လာမည် မဟုတ်ပေ။

လုပ်ချင်ကိုင်ချင်စိတ်ရယ်၊ တိုးတက်လိုစိတ်ရယ်၊ logistics လို့ခေါ်တဲ့ ပစ္စည်းကိရိယာရယ် ရှိရင် မဖြစ်နိုင်စရာမရှိ။ ဖြစ်ကို ဖြစ်ရပေမည်။

Open စခွဲခါစလဲ ခက်တာပဲ။ scope စကြည့်ခါစကလဲ ခက်တာပဲ။ အူအတက်ခွဲတာလဲ စစခြင်း ခက်တာပဲ မဟုတ်ပါလား။ ခက်တာကို ဆက်လုပ်ရင်း လွယ်လာတာပဲ မဟုတ်ပေဘူးလား။ တသက်လုံး ခက်နေတယ်ဆိုတာ ရှိမှ မရှိတာပဲလေနော်။

ကျွန်တော်တို့ laparoscopic surgery နည်းနဲ့ အူမကြီးကင်ဆာကို ခွဲတာလဲ အတူတူပါပဲ။ ဒင်းလဲ ဘာသားနဲ့ထုထားလို့ ခက်ရမည်နည်း။ လုပ်ချင်ကိုင်ချင်စိတ်motivation and will ၊ စက်ပစ္စည်း နဲ့ ထောက်ပံ့မှု logistics ရယ်၊ စုဖွဲ့မှု team work ရယ်ရှိရင် ဖြစ်ကို ဖြစ်ရမယ်ဗျ။ ဘာမှ မခက်ဘူး။ ခွဲစိတ်ဆရာဝန် မျိုးဆက်တွေ လုပ်ကြစမ်းပါ။ အခုဆို ခင်ဗျားတို့ကို သင်ပေးနိုင်မယ့် လမ်းပြဆရာတွေလဲ ရှိနေပါပြီ။ ကျွန်တော်တို့လို လမ်းပြမပါဘဲ တဖြည်းဖြည်း လမ်းရှာပြီး ခုတ်ထွင်တက်စရာမလိုတော့ပါဘူး။ မြန်မြန် LC တောင်ကို ကျော်ပြီး advanced laparoscopic surgery စခန်းကို ရောက်ရပေမပေါ့။

ကားမောင်းတတ်စေချင်ရင် ကားပေါ်တင်ပေး၊ တတ်တာပေါ့ဗျာ။ ကွန်ပြူတာတတ်စေချင်ရင် ကွန်ပြူတာဝယ်ပေး ၊ တတ်တာပေါ့ဗျာ။

ဒါတွေ စျေးကြီးတယ်၊ သိပ်ခက်တယ် ၊ အငယ်တွေလုပ်ဖို့ မသင့်တော်ပါဘူး လုပ်နေရင်တော့ တဖြည်းဖြည်း ပို၍ ပို၍ ဝေးသွားမှာပေါ့ဗျာ။

အခု မြန်မာပြည် ခွဲစိတ်ကုလောကမှာ robot စက်ရုပ် လာမယ့် အရိပ်အယောင်လေးတွေတော့ တွေ့နေရပြီဗျ။ ဝယ်ဖြစ်ပါစေ၊ ခွဲဖြစ်ကြပါစေလဲ တကယ်ဆုတောင်းပါတယ်။ တကယ် သူများနဲ့ ရင်ဘောင်တန်းစေချင်ပါတယ်။

ကျွန်တော် LC ဆိုသည့် တောင်ကိုကျော်ကာ Lap colorectal ဆိုသည့် ကျွန်တော်ပျော်သည့် အိုအေစစ်လွင်ပြင်ကို ရောက်ခဲ့ရပုံအကြောင်း ဒီစာတွေရေးနေရတာ ကိုယ့်ဟာကိုယ်တော်ကြောင်း တတ်ကြောင်း ကြွားချင်လို့ မဟုတ်ပါဘူး။ ဒါဟာ တကယ်တော့ နိုင်ငံတကာမှာ ကြွားစရာကိစ္စတောင် မဟုတ်တော့တဲ့ သာမန်ခွဲစိတ်မှုဖြစ်လို့နေပါပြီ။ ကျွန်တော်ရဲ့ တကယ့် ရင်ထဲက စေတနာက ကျွန်တော်တို့ team ဒီတောင်ကိုကျော်ခဲ့သလို ခွဲစိတ်ဆရာဝန်မျိုးဆက်သစ်တွေကလဲ ကျော်ဖြတ်၊ လူကြီးသူမတွေကလဲ အငယ်တွေကို တတ်နိုင်သလောက် အားပေးကူညီဖေးမပေးကြဖို့ပါပဲ။

အကယ်၍များ စာဖတ်သူတစ်ဦးဦးကသော်လည်းကောင်း၊ လူနာတစ်ယောက်ယောက်ကသော်လည်ကောင်း ကျွန်တော်ကို အောင်မြင်သည်ဟု ချီးမွမ်းခဲ့ပါက တကယ်က ကျွန်တော်တော်သည် မဟုတ်ဘဲ ကျွန်တော်သည် အကောင်းဆုံးသော ဆရာဝန်တွေကို စုစည်းနိုင်ခဲ့ခြင်းကသာ ကျွန်တော်၏ အောင်မြင်မှု ဖြစ်ပါကြောင်း အနှီ ရဲဖော်ရဲဖက် team mates ဆရာဝန်များကိုကျေးဇူးတင်ပါကြောင်း လှိုက်လှိုက်လှဲလှဲ ပြောလိုပါတော့သည်။

( ဤစာဖြင့် ကျွန်တော့်ခွဲစိတ်ဆရာဝန်ဖြစ်လာအောင် သင်ကြားပေးခဲ့ကြသော ကျွန်တော် ပထမဦးဆုံးအားကျအတုယူရသော ဆရာဂျယ်ရမီသာထွန်း၊ ကျွန်တော့်ရဲ့ခွဲစိတ်ဆရာဝန်ဘဝမှာ ကျွန်တော့်ကို အလွှမ်းမိုးနိုင်ဆုံး ဖခင်သဖွယ်၊ ဆရာသဖွယ်၊ ညီအကိုလို၊ မိတ်ဆွေသူငယ်ချင်းလို အရာရာပြောပြသွန်သင်ခဲ့သောဆရာကြီး ဦးခင်မောင်အေး ( chest) ၊ ကျွန်တော့်ရဲ့ house ဘဝ၊ PG ဘဝ၊ MSc အောင်ခါစ ဘဝမှာ Hands on လက်ထပ်အသင်ပေးခဲ့ဆုံး အကိုဆရာနှစ်ဦးဖြစ်သည့် ကိုထွန်းသူရ နဲ့ ကိုအောင်ခိုင်ဇံ၊ ခွဲစိတ်လောကကြီးအကြောင်း အပြောပြဆုံး၊ အပြောဖြစ်ခဲ့ဆုံးဖြစ်ခဲ့တဲ့ ကိုကျော်ဇင် ၊ surgical handicraft အလှဆုံး ၊ ခွဲတာစိတ်တာ လက်အလှ၊ လှုပ်ရှားမှု movement လှလှလေးတွေ အတုယူခဲ့ရသော ကိုကျော်ကျော်သိန်းနဲ့ ကိုသက်နိုင်ထွန်း။

ကျွန်တော့်ရဲ့ boss အဖြစ်အချိန်အကြာဆုံးရှိခဲ့တဲ့ ဆရာကြီးဦးမျိုးမြတ်သူ၊ Singapore General Hospital သို့ fellowship training ပို့ပေးခဲ့တဲ့ ဆရာကြီး ဦးထွန်းဦးနဲ့ အမဒေါ်မိုးမိုးတင်နှင့် ခွဲစိတ်ဆရာဝန်ဘဝတလျောက် ကြုံတွေ့ခဲ့ရသော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ၊ ကျွန်တော့်အား အမြဲမပြတ်စာတွေဝိုင်းမေးပေးခဲ့ကြသော ဆရာများအား အထူးကျေးဇူးတင်ကြောင်း ပြောလိုပါသည်။) နာမည်တွေက ရေးချင်သေးတာ၊ ဆုံးမှာမဟုတ်လို့ဗျို့။

အထူးသဖြင့် ကျေးဇူးတင်လှစွာ ဂုဏ်ပြုရမည့် သူများကား ကျွန်တော်နှင့် နှစ်ပေါင်းများစွာ ညီအကိုမောင်နှမလို အတူခွဲစိတ်ခဲ့ကြသော ကျွန်တော့် team ၊ ကျွန်တော်လုပ်ချင် ဖြစ်ချင်တာတွေကို အတူတကွ ရုန်းကန်ပေးကြသော ဒေါက်တာထွန်းထွန်းသိန်း၊ ဒေါက်တာဖြိုးဝင်းဖေ၊ ဒေါက်တာသက်မွန်နောင်၊ ဒေါက်တာအေးမင်းစန်းတို့အား ကျေးဇူးတင်လှစွာဖြင့်။ ငါတို့ ဆက်ရုန်းကြအုန်းမယ်ဟေ့ 😁။

ဒေါက်တာမျိုးသက်အောင်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Drmyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share