19/04/2026
လူတယောက် အသက်ရှင်ဖို့ ကံတရားက အရေးပါသလား။
# # # # # # # # # # # # # # # # # # # # # # # # # # # # # # # #
ကျွန်တော်က ဘာသာရေးသမားတစ်ယောက်တော့ဖြင့် မဟုတ်ပါ။ သာမန် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်ပဲလို့ ပြောရမယ်ဗျ။ တရားစာတွေလဲ သိပ်မသိဘူးပေါ့ဗျာ။ ကိုယ်တတ်နိုင်သလောက် ကောင်းတာလေးလုပ်ရင် စိတ်သန့်ရှင်းတယ်၊ စိတ်ချမ်းသာတယ်။ လောဘ၊ ဒေါသ၊ မောဟတွေနည်းရင် ဘဝက ပိုပြီးပျော်စရာကောင်းတယ်ပေါ့ဗျာ။ ဒီလောက်ပဲ သိတာပါ။
ဒါပေမယ့် ဆေးရုံပေါင်းစုံမှာ ဆရာဝန်ဘဝနဲ့ အနှစ် ၂၀ ကျော် ကျင်လည်ခဲ့ပြီးချိန်မှာ တချို့ တချို့သော လူနာတွေရဲ့ အဖြစ်တွေက ကံဆိုးမှုတွေ တိုက်ဆိုင်နေတတ်တယ်။ တချို့ကျတော့လဲ ကံကောင်းမှုတွေ တိုက်ဆိုင်နေတတ်ကြတယ်။ တခါတလေမှာ ဒါတွေက လူတယောက်ရဲ့ သေရေး၊ ရှင်ရေးကို အဆုံးအဖြတ်ပေးသွားတတ်ကြတာကို ကြုံနေရတယ်။
ကံဆိုတာ အလုပ်လို့လဲ ပြောကြတယ်။ ဒါ အမှန်ဆုံးပေါ့။ သို့သော် လက်တွေ့မှာ ကိုယ်လုပ်လို့မရတဲ့ ကိစ္စတွေကလဲ ကိုယ့်ဘဝရဲ့ အဆုံးအဖြတ် ဖြစ်သွားတတ်ကြတယ်။
မကောင်းချင်တဲ့လူနာဟာ မကောင်းတဲ့အချိန်မှာ ထဖေါက်လေ့ရှိတယ်ဗျ။ ဥပမာ သင်္ကြန်လို ကာလမျိုးပေါ့။ သင်္ကြန်ဆို ကျွန်တော် အရမ်းသတိထားလေ့ရှိတယ်။ ဧပြီလထဲရောက်ပြီဆို ကျွန်တော်ဟာ တတ်နိုင်သလောက် အကြီးစားခွဲစိတ်မှုတွေကို မလုပ်ချင်ဘူး။ emergency လို့ခေါ်တဲ့ အရေးပေါ်ခွဲစိတ်မှုတွေကို ရှောင်လွှဲဖို့ မဖြစ်နိုင်သော်လဲ elective လို့ခေါ်တဲ့ အေးအေးဆေးဆေးခွဲရမယ့် အကြီးစားခွဲစိတ်မှုတွေကို သင်္ကြန်မတိုင်ခင်မှာ မလုပ်ချင်တော့ သင်္ကြန်ပြီးမှ လူစုံတက်စုံအေးအေးဆေးဆေး
လုပ်ကြရအောင်ဆိုပြီး လူနာကို ပြောလေ့ရှိတယ်။
အကြောင်းကတော့ အကြီးစားခွဲစိတ်မှုတွေဟာ ခွဲပြီးပြီးချင်း အိုကေပဲဟေ့ဆိုပြီး စိတ်ချရတာ မဟုတ်ဘူးဗျ။ ခွဲတာသာ အိုကေတာ၊ ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲပြဿနာတွေက ရပြီဟေ့ဆိုရင် ခွဲပြီး ၅ ရက်၊ တပတ်လောက်မှ မြင်ရလေ့ရှိတော့ သင်္ကြန်မတိုင်ခင်ခွဲထားတဲ့ လူနာဟာ သင်္ကြန်တွင်းကြီးကျမှ ပြဿနာက ဖြစ်တော့တာ။ မတော်တဆများ ပြန်ဖွင့်ရမယ်၊ ပြန်ခွဲရမယ်၊ ဓါတ်မှန်တွေ လိုပြီဟေ့ဆိုတဲ့ အချိန်ကျ ဟိုဆရာဝန်က သင်္ကြန်တွင်း မရှိလို့၊ ဒီဆရာဝန်က ခရီးသွားလို့ ဒီလိုဖြစ်တော့ လုပ်ရကိုင်ရခက်ပြီး လူနာဟာ အကောင်းဆုံးကုသမှုကို မရတော့ဘဲ ရှိသမျှလူနဲ့ ဖြစ်သလို ကြဲရတော့တာပဲဆိုပြီး ဖြစ်သွားနိုင်တယ်ဗျ။ ဘောလုံးစကားနဲ့ ပြောရရင် first line up ကန်နေကျ အကောင်းဆုံးကစားသမားတွေ မဟုတ်တော့ဘဲ အရန်လူနဲ့ ဘောလုံးကန်ရသလို ဖြစ်သွားနိုင်တယ်။ ဒါကြောင့် သင်္ကြန်မတိုင်ခင် ကျွန်တော် major မခွဲချင်တဲ့ အကြောင်းပါပဲ။
လူနာတွေရဲ့ ကံကြမ္မာတွေဟာ တခါတလေမှာ ထူးဆန်းတတ်တယ်။ လူသေတာတောင် ထူးဆန်းတတ်တယ်။ တချို့ဆို စကားလေးများပြီး ရင်ဘတ်လေးတွန်းလိုက်တာ ချော်လဲပြီး ပလက်ဖောင်းနဲ့ ခေါင်းနဲ့ဆောင့်မိပြီး ချက်ချင်းသေသွားတာ ကြုံဖူးတယ်။ တွန်းမိတဲ့သူဟာ သေစေလောက်သော ရည်ရွယ်ချက်မရှိသော်ငြား ချက်ချင်း လူသတ်မှု ဖြစ်သွားပါရောလား။
တချို့များကျတော့လဲ ရန်ဖြစ်လို့ လှံနဲ့ထိုးတာ လည်ပင်းကနေ ထုတ်ချင်းပေါက်ပြီး လှံက ခေါင်းကိုပါ ထုတ်ချင်းပေါက်နေတယ်။ လှံက ဦးနှောက်ထဲ ထုတ်ချင်းပေါက်နဲ့ ဆေးရုံကို လှံအရှည်ကြီးတန်းလန်းနဲ့ ရောက်လာသော်ငြား လူနာက စကားတောင် ပြောနိုင်သေးတယ်။ ခွဲပြီးတော့လဲ အေးဆေးပဲ ကောင်းသွားတာပဲ။ ဒါတွေက ကံတွေလို့ ပြောရမယ် ထင်တယ်။
နေမကောင်းလို့ပဲ ဖြစ်ဖြစ်၊ ဒဏ်ရာရလို့ပဲဖြစ်ဖြစ် ဆေးရုံကို ရောက်လာရင်လဲ ကံတရားက အရေးကြီးပြန်တယ်။ ဒီဆေးရုံ၊ ဒီခွဲခန်းပဲနော်။ ဒါပေမယ့် လူနာတွေရဲ့ ကံတွေက မတူကြပြန်ဘူးဗျ။
တချို့ကျ သူဆေးရုံလာတဲ့အချိန်မှာ တာဝန်ကျတဲ့ ဆရာဝန်တွေက လူတော်လူကောင်းနဲ့တွေ့၊ မေ့ဆေးဆရာဝန်ကလဲ လုပ်ချင်ကိုင်ချင်စိတ် လုပ်ပေးချင်စိတ်ရှိတဲ့သူ၊ ခွဲစိတ်ဆရာဝန်ကလဲ တက်ကြွတဲ့ ကြက်ဖဆို လူနာက ကောင်းဖို့တော်တော်များနေပြီ။
တချို့ကျတော့လဲ သူရောက်တဲ့နေ့မှ ခွဲစိတ်ဆရာဝန်ကလဲ ဟိုလိုလို ဒီလိုလိုဆုံးဖြတ်တတ်သူ၊ မေ့ဆေးဆရာဝန်ကလဲ သူ့ဂျူတီမေ့ဆေးမပေးရပြီးရော၊ အကြောင်းအမျိုးမျိုးပြပြီး postpone ရွှေ့ဆိုင်းတာပဲ လုပ်ချင်နေ၊ ဘာမှ ကြိုးကြိုးစားစား မလုပ်ချင်တဲ့သူဆို လူနာက ဇတ်မျောတော့တာပဲ။
ဒါက လူကိစ္စ။
ဟော ပစ္စည်းကိစ္စတွေက ရှိသေးတယ်။ အဲ့နေ့ကျမှ ဓါတ်မှန်စက်က ပျက်လို့၊ CT က ရိုက်မရလို့၊ မီးအားက ကျနေလို့၊ ဒါတွေကလဲ ကြမ္မာငင်ခြင်းတမျိုးပဲ။
အချိန်ကိစ္စကလဲ ရှိသေး။ လူတွေ စက်တွေ ကောင်းနေအုန်းတော့၊ အဲ့ဒီနေ့မှာမှ ဆရာဝန်တွေ လူနာတွေပြုံကျပြီး အရမ်းပင်ပန်းနွမ်းနယ်နေတာတွေကလဲ ဆရာဝန်ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းစေနိုင်သေးတယ် ခင်ဗျ။
တခါတလေမှာ ဆရာဝန်တွေရဲ့ ပင်ပန်းနွမ်းနယ်ခြင်းတွေဟာ ဒီလူနာကို ဘယ်လောက်ကြိုးစားမလဲဆိုတဲ့ အားထုတ်မှုအပေါ်မှာ တကယ်ကို သက်ရောက်မှု ရှိတယ်။
ဆေးကုသမှုတွေဟာ အမြဲတမ်း အဖြူ၊ အမဲ သည်းကွဲနေတာ မဟုတ်ဘူး။ အဖြူအမည်းသဲကွဲတဲ့ ကိစ္စတွေမှာတော့ ရှင်းတာပေါ့။ ဒါပေမယ့် အများစုသော ကိစ္စတွေမှာ ဆရာဝန်တွေဟာ grey area လို့ခေါ်တဲ့ အဖြူအမည်း သည်းကွဲမနေတဲ့ အခြေအနေမှာ အဆုံးအဖြတ်ပေးနေရတာက ပိုများတယ်။ absolute white လုံးဝ အဖြူ၊ absolute black လုံးဝ အမည်းမှာ လုပ်ရကိုင်ရ ဆုံးဖြတ်ရတာက ရှင်းတယ်။ အဖြူအမည်း မဟုတ်တဲ့ ကြားအခြေအနေ grey area မှာ အကောင်းဆုံး ဆုံးဖြတ်နိုင်ဖို့ဆိုတာ ခုနက ကျွန်တော်ပြောခဲ့တဲ့ လူ၊ ပစ္စည်း၊ အချိန်၊ အလုပ်ဝန်ပိမှုတွေဟာ အရေးကြီးလာရော။
ဥပမာ ကင်ဆာတခုကို ခွဲတယ်။ အဲ့နေ့ ခွဲတဲ့သူကလဲ စိတ်ကြည်နေ၊ မေ့ဆေးဆရာဝန်ကလဲကောင်း၊ ဘာမှလဲ အလုပ်ရှုပ်မနေဘူးဆိုရင် ကင်ဆာက အတော်ခက်ခက်ခဲခဲ ကပ်ညှပ်နေရင်တောင် ငါတို့ ထုတ်လို့ရ၊ မရ ဖြေးဖြေးရှင်းကြည့်ကြတာပေါ့ဆိုပြီး တချို့လူနာတွေမှာ ရှင်းရင်း ရှင်းရင်း ထုတ်လို့ရသွားတတ်တယ်။ ဒါဆို ကံကောင်းတာပေါ့။
နောက်တမျိုး ဖြစ်နိုင်တာက အဲ့ဒီနေ့ကျမှ ခွဲမယ့်ဆရာဝန်ကလဲ မနေ့က အိပ်ရေးမဝ၊ မေ့ဆေးကလဲ ခေါင်းရင်းကနေ ဗျစ်တောက် ဗျစ်တောက်နဲ့ ဒီခွဲမရတဲ့ဟာကို တင်ပြန်ပြီ၊ ဘာတွေလုပ်အုန်းမလို့လဲ ဟိုပွါး ဒီပွါးလုပ်၊ နေ့လည်ဖက် အစည်းအဝေးက ရှိတယ်၊ ညနေဖက် စာမေးပွဲစစ်ရအုန်းမယ် ၊ စသဖြင့် ဒီလို ဒီလိုတွေ တိုက်ဆိုင်လာရင် ဟေ့တော်ပြီကွာ ၊ ဒီကေ့စ် case က inoperable ခွဲလို့ မရပါဘူး၊ bypass ( လမ်းကြောင်းလွှဲခြင်း) ပဲ လုပ်လိုက်တော့ဆိုပြီး ဖြစ်တတ်တယ်ဗျ။
ကံတွေ မတူတာနော်။ ဒါတွေ ကျွန်တော်လဲ ကြုံခဲ့ဖူးတာပါပဲ။
တခါတလေမှာ လူနာရဲ့ ဆရာဝန်အပေါ် ဆက်ဆံပုံတွေဟာလဲ ကံကြမ္မာ အပြောင်းအလဲ ဖြစ်စေတတ်သေးတယ်။ တချို့လူနာတွေဟာ မျက်နှာချိုတယ်၊ ရိုးသားတယ်၊ ရိုးရိုးလေး တင်ပြတတ်တယ်။ အဲ့တော့ ဆရာဝန်တွေက ချစ်ကြတယ်။
ကျွန်တော်ကိုယ်တိုင် လူနာနှစ်ယောက်ကို မှတ်မှတ်ရရ ရှိနေခဲ့တယ်။ နှစ်ယောက်လုံးက လူငယ်အမျိုးသမီးလေးတွေ။ နှစ်ယောက်လုံးဟာ cholangitis လို့ခေါ်တဲ့ သည်းခြေလမ်းကြောင်းပိတ်ပြီး ပိုးဝင်တာပါပဲ။
ပထမတယောက်ကတော့ ကျွန်တော်ခွဲတယ်။ အနောက်ပိုင်းဆေးရုံ (ကြည့်မြင့်တိုင်) မှာပေါ့။ ခွဲပြီးတော့ နောက်ရက် ကျွန်တော်ဖျားလို့ ခွင့်ယူသွားတယ်။ (၃) ရက်လောက်ကြာတယ် ထင်တာပဲ။ ကျွန်တော်ပြန်လာတော့ အဲ့လူနာရောဆိုတော့ လူနာက ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေတယ်။ septicemia နဲ့ သွေးဆိပ်တက်နေပြီ။ bile leak သည်းခြေရည် ယိုစိမ့်ခြင်း ဖြစ်နေတယ်။ လက်ထောက်ဆရာဝန်တွေကို မေးကြည့်တော့ ကျွန်တော်ခွဲပြီး bile leak ရလို့ ကျွန်တော် ခွင့်ယူထားချိန်မှာ တွဲဖက်ပါမောက္ခက ပြန်ခွဲပေးသော်လဲ မကောင်းလာဘဲ ခုလို ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေခြင်းပါပဲ။ လူနာက ငယ်သေးသည်။ သူ့ယောင်္ကျားကလဲ ဘာမှ မပြော၊ သနားစဖွယ်သာ ကြည့်နေသည်။ ကျွန်တော်က ကျွန်တော့်အကြီးအကဲဖြစ်သော တွဲဖက်ပါမောက္ခကို သွားပြီးပြောသည်။ အဲ့ဒီလူနာကို ကျွန်တော် ပြန်ဖွင့်ပါရစေပေါ့။ လူနာက ပိုက်ဆံပေးလို့မဟုတ်ပါ။ တပြားမှ မပေးပါ။ ကျွန်တော် အဲ့တာတွေ စိတ်ကူးလဲ မရှိပါ။ ဒါက အစိုးရဆေးရုံပဲ။ ကျွန်တော်စိတ်ထဲ လူနာအသက်ငယ်ငယ်နဲ့ မသေသင့်ပဲ မသေစေလို၊ သူ့မျက်လုံး၊ သူ့ယောင်္ကျားမျက်လုံးတွေက သူတို့ကို ပစ်မထားပါနဲ့ဆိုတာမျိုး အဓိပ္ပါယ်ရသည်။ သို့သော် ပြန်ခွဲပေးပါလို့ သူတို့မတောင်းဆိုပါ၊ ဘာမှလဲ မတောင်းဆိုပါ။ တိုတိုပြောရရင် တွဲဖက်ပါမောက္ခအမက နင်ခွဲချင်လဲ ပြန်ခွဲ ခွင့်ပြုသဖြင့် ပြန်ခွဲရာ bile leak ရခြင်းမှာ ကျွန်တော်ချုပ်ခဲ့သော T tube မှ ကြိုးတချောင်း ပြတ်ထွက်နေခြင်းကို တွေ့ရပြီး ထိုနေရာမှ leak ရနေကြောင်း သေချာသဖြင့် ပြန်၍ ခွဲစိတ်ရာ တိုတိုပြောရလျှင် လူနာကောင်းသွားပါသည်။ အော် ကံကြမ္မာ ကံကြမ္မာ ။ ကျွန်တော့်ကြောင့် လူနာရှင်သည်ဟု မဆိုလိုပါ။ bile leak က ကျွန်တော်ခွဲရင်း ရခဲ့တာပဲ မဟုတ်ပါလား။ နေမကောင်းတော့ ခွင့်ကလဲ ယူရသေးသည်။ သို့သော် လူနာရဲ့ ကံက ကံဆိုးရာမှ ပြန်တက်လာတော့လဲ အရာရာအားလုံးက အဆင်ပြန်ပြေသွားခဲ့ပြန်ကာ ရှင်သန်ခွင့်ရခဲ့တော့သည်။
နောက်တယောက် ရန်ကုန်ဆေးရုံကြီးမှာ။ ဒါလဲ cholangitis ပါပဲ။ ward ထဲက ဘုံလူနာပါပဲ။ ကျွန်တော်အဲ့လူနာကို သိလဲမသိပါ။ ရန်ကုန်ဆေးရုံကြီးဆိုတော့ ကျွန်တော်က နေ့တိုင်း round စရာလဲ မလိုပါ။ နေ့ခင်းနေ့လည် ကျွန်တော့်အခန်းကထွက်လာရင်း working station မှာ လက်ထောက်ဆရာဝန်လေးတွေနဲ့ အပျင်းပြေ စကားထိုင်ပြောနေကြသည်။ working station ကကြည့်ရင် HDU လို့ခေါ်သည့် အထူးကြပ်မတ်လူနာကုတင်တွေကို မှန်ကတဆင့် မြင်နေရသည်။ အမျိုးသမီးလူနာတယောက်က မောနေသည်။ ဆင်းဆင်းရဲရဲပါပဲ။ သူ့ယောင်္ကျားလို့ ယူဆရမည့် လူငယ်လေးကလဲ ဘေးနားမှာ မှိုင်လို့။ ကျွန်တော်က လက်ထောက်ဆရာဝန်အား အဲ့တာဘာ case လဲလို့ မေးလိုက်ရာ၊ သူက CBD obstruction နဲ့ septicemia ရနေတာ။ ERCP တော့ GI ကိုတောင်းထားတယ်။ နောက်တပတ်ရမယ်ပြောတယ်ဟု ပြန်ပြောလေသည်။
ဒီနေရာမှာ ဒီလက်ထောက်ဆရာဝန်ပြောတာကို ဘာသာပြန်ပြရသော် ( လူနာ၏ သည်းခြေလမ်းကြောင်းသည် ကျောက်များနှင့်ပိတ်နေ၍ သည်းခြေပြွန်ပိတ်ကာ သွေးဆိပ်တက်နေခြင်းဖြစ်ပြီး သည်းခြေပြွန်ကို ပြန်ပွင့်ရန် အစာအိမ်အူလမ်းကြောင်းဌာနသို့ ERCP ဟုခေါ်သော မှန်ပြောင်းကြည့်ပြီး stent ပလပ်စတစ်ပြွန်ထည့်ပြီး ပြန်ပွင့်အောင်လုပ်ဖို့ ရက်တောင်းထားရာ နောက်တပတ်တော့ အစာအိမ်အူလမ်းကြောင်းဌာနက လုပ်ပေးမည်ဟု ရက်ချိန်းပေးထားပါသည် ဟူ၏။) အမလေး ဘာသာပြန်ရတာ မောလိုက်တာ။
ထိုနေ့သည် သောကြာနေ့ဖြစ်ကြောင်း ကျွန်တော် မှတ်မိသည်။ ကျွန်တော့်စိတ်ထဲ ဒီလူနာ လာမည့် တနင်္လာနေ့ အထိ အသက်ရှင်မည်မဟုတ်ကြောင်း အာရုံရလာသည်။ အသက်ငယ်ငယ်နှင့် ကင်ဆာလဲမဟုတ်ဘဲ သေရတာ မတန်ဟု တွေးသည်။ သူတို့ရုပ်ရည်တွေကလဲ သနားစရာပါ။ လက်ထောက်ဆရာဝန်ကလဲ သူ့ထုံးစံအတိုင်း chart ပဲ show ရာ ဟိုအစာအိမ် အူလမ်းကြောင်းဌာနကလဲ ထုံးစံအတိုင်း chart ပဲကြည့်ပြီး နောက်အပတ်လုပ်ပေးမည်ဟု ရက်ချိန်းပေးခြင်းပင်။
အဘယ်သို့သော နတ်ကောင်းနတ်မြတ်က ကျွန်တော့်ကို စေ့ဆော်သည် မသိ။ ကျွန်တော်သည် အပျင်းပြေ အာလူးဖုတ်နေရာမှ ငါကြိုးစားကြည့်မည်ဟု ဆုံးဖြတ်ကာ ငါ့ကိုလူနာ chart ပေး၊ ငါ GI ကို လူကိုယ်တိုင်သွားတောင်းကြည့်မယ်ဟုပြောကာ chart ယူပြီး GI သို့ တယောက်တည်း သွားလေသည်။
GI ( gastro intestinal unit/ အစာအိမ် အူလမ်းကြောင်းဌာန) တွင် အထူးကုသူငယ်ချင်းများ
ရှိသော်လဲ သူတို့ကိုတောင် မပြောတော့ပါ။ ကျွန်တော်က သောကြာနေ့ ဖြစ်နေသဖြင့် ဖြစ်နိုင်လျှင် ခုချက်ချင်း ERCP လုပ်ပေးပါတောင်းဆိုရမှာ ဖြစ်တာကြောင့် GI ၏ ရာထူးအကြီးဆုံး ပါမောက္ခဦးသိန်းမြင့် အခန်းသာ တန်း၍ သွားလိုက်ပါတော့သည်။
ကျွန်တော်နှင့် ဦးသိန်းမြင့်သည် ယခုခင်ကြသော်လဲ ထိုအချိန်က မရင်းနှီးလှပါ။ မျက်မှန်းတန်းမိရုံလောက်ပဲ။ ကျွန်တော်က တံခါးခေါက်ပြီး ဝင်သွားသောအခါ တန်းတန်းမတ်မတ်ပင်တွေ့ရပါသည်။ သို့သော် ဆရာဦးသိန်းမြင့်က တခြားဆေးကုပ္ပဏီက ဧည့်သည်တယောက်နှင့် စကားပြောနေသည်။ ကျွန်တော် ခဏ စောင့်နေရသည်။ ဧည့်သည်ပြန်သွားမှ ဆရာက ဘာကိစ္စလဲ မေးလေရာ ကျွန်တော်က ကျွန်တော့်ထုံးစံအတိုင်း ဒီလူနာသည် ယခု သွေးဆိပ်တက်နေသဖြင့် နောက်တပတ်အထိ စောင့်နိုင်မည်မထင်ကြောင်း၊ လူနာမှာ အသက်ငယ်သေးပြီး ကင်ဆာလဲမဟုတ်သဖြင့် မသေသင့်ကြောင်း၊ ဖြစ်နိုင်ရင် ဆရာကြီးအခု ERCP လုပ်ပေးပါဟု အားမနာ လျှာမကျိုး အကူအညီတောင်းလိုက်ရာ ဆရာဦးသိန်းမြင့်သည် အလုပ်ရှုပ်နေပုံရသော်လဲ လုပ်ပေးမယ် ညနေ ၃ နာရီလောက်ပို့လိုက်ဟုဆိုကာ လူနာ၏ chart တွင် စာတကြောင်း နှစ်ကြောင်း ကောက်ခြစ်လိုက်ခြင်းဖြင့် တိုတိုပြောရသော် လူနာမှာ ကောင်းသွားပြီး အသက်ရှင်သွားတော့သည်။
ဒီနေရာမှာ ကျွန်တော်ထောက်ပြလိုတာက ကျွန်တော်တို့ ဦးသိန်းမြင့်တို့ စေတနာ မေတ္တာကြီးမား၍ ဆင်းရဲသောလူနာ၏ အသက်ကို ကယ်တင်ကြပါပေသည်ဟူသော ရုပ်ရှင်ထဲက အကွက်မျိုး မဟုတ်ပေ။ ကျွန်တော်ပြောချင်သည်က လူနာ၏ ကံအကြောင်းတရား၊ အသက်ရှင်ဖို့ ဖန်တီးလာသော ကံအကြောင်းကို ဖော်ပြလိုရင်းဖြစ်သည်။ ဒီလို ဇာတ်လမ်းမျိုးသည် ဆရာဝန်တိုင်း ရှိဖူးကြမည်ပင်။ ဘာမှ ကျွန်တော်တို့ကို ထူးခြားချီးမွမ်းစရာမရှိပါ။ ဆရာဝန်တိုင်း ရှိကြမည့် ဇာတ်လမ်းမျိုးသာဖြစ်သော်လဲ ကံတရားက သေကံမရောက်သေးလျှင် ထူးထူးခြားခြား ရှင်သန်ခွင့် ရလာခြင်းကတော့ လက်ခံရပေမည်။
ဒီလူနာဆို သူ အသည်းအသန်ဖြစ်ချိန်က သောကြာနေ့။ ကြည့်စမ်း ဒင်း ဘယ်လောက် သေလမ်းနီးနေပြီလဲ။ ကျွန်တော် အဲ့လူနာကို တခါမှလဲ မမြင်ဘူး။ ကျွန်တော်သည် လူနာကြည့်ဖို့ ထွက်လာတာလဲ မဟုတ်။ အလကားနေ လေပန်းရအောင် ထွက်လာရင်းက သူ့ကို သတိထားမိခြင်း။ ဟော ရှောရှူချင်တော့ ကျွန်တော်ကလဲ GI ကို သွားတောင်းချင်စိတ်ဖြစ်မိသည့်အပြင် ဦးသိန်းမြင့်ကလဲ တိုက်တိုက်ဆိုင်ဆိုင် သူ့အခန်းထဲမှာ တန်းပြီးရှိနေသည်။ သာမန်အားဖြင့် ပါမောက္ခတို့သည် အစည်းအဝေး၊ စာသင် စသည့်ကိစ္စတို့ဖြင့် လေဖမ်းရတာထက် တွေ့ဖို့ခက်သေးသည်။ ခုတော့ သူကလဲ ကွက်တိရှိနေသည်။ ကျွန်တော့်ကိုသာ နတ်ကောင်းတို့က စေ့ဆော်တာမဟုတ်၊ ဦးသိန်းမြင့်ကိုလဲ စေ့ဆော်ဟန်တူ၏။ ဆရာဦးသိန်းမြင့်သည် သူနဲ့လဲ ခင်ခင်မင်မင်မဟုတ်သော junior consultant ကျွန်တော်၏ တင်ပြချက်ကို ချက်ချင်းလုပ်ပေးမယ်ဆိုတာ မထူးဆန်းဘူးလား၊ မတိုက်ဆိုင်ဘူးလား။ သူက ဒီနေ့တော့ သောကြာနေ့လည်တောင်ဖြစ်နေပြီ ၊ ဘယ်လိုမှ အဆင်မပြေတော့ဘူးဗျာ၊ တနင်္လာနေ့ ရုံးဖွင့်တာနဲ့ လုပ်ပေးပါ့မယ်ဟု ပြောရင်လဲ ကျွန်တော် စောဒက တက်ဖို့မရှိပါ၊ လှည့်ပြန်ခဲ့မည်သာ ဖြစ်ပါသည်။ သို့သော်သူကလဲ အခုပဲ လုပ်ပေးပါ့မယ်တဲ့။ မထူးဆန်းဘူးလားဗျာ။
ဪ ဒါကြောင့် ကံဆိုတာ ဆန်းကြယ်တယ်နော်။
နှစ်သစ်မှာ ကံကောင်းအောင် စိတ်ကောင်းလေးများများပိုမွေးရမယ်လို့ ကျွန်တော် ဒီစာလေး
ရေးဖြစ်သွားတာပါ။
ဆရာတော်လိုက်တာ၊ စိတ်ထားကောင်းလိုက်တာ၊ လေးစားပါတယ် တွေလဲ မချိီးကျူးကြပါနဲ့။ ကျွန်တော်သည် သာမန်ဆရာဝန်တဦးဖြစ်သည့် အားလျှော်စွာ ဒီ case ကတော့ ခွဲလို့မရဘူး၊ ပြန်ပိတ်လိုက်တော့၊ bypass ပဲ လုပ်လိုက်တော့ ၊ stoma ပဲ ဖေါက်လိုက်တော့လို့ လဲ လူနာများစွာကို အမိန့်တော် ချမှတ်ခဲ့ဖူးလေရာ ကျွန်တော် အထက်က ဖော်ပြခဲ့ဖူးသလို အဆိုပါ grey area မှ ဆုံးဖြတ်ချက်များသည်ရော အကုန်မှန်နိုင်ပါ့မလား။ ကံတရားက ကျွန်တော့်အပေါ် လွှမ်းမိုးမှု ဘယ်လောက်ပါမလဲ ကျွန်တော် တွေးနေမိတော့သည်။