18/02/2026
⚠️ လက်မောင်းတို့ ပခုံးတို့အောင့်တာကမပေါ့ဆသင့်ပါဘူး ... ⚠️
သာမန်လူတယောက်အနေနဲ့ လက်မောင်းကိုက်တာ၊ ပုခုံးကိုက်တာလောက်ကို "ပုံမှန်ပါပဲကွာ၊ ဆေးလိမ်းရင်သက်သာသွားမှာ" လို့ထင်ချင်စရာပါ။
ဒါမဲ့အရမ်းစိုးရိမ်ရတဲ့၊ အသက်အန္တရာယ်ရှိတဲ့ ရောဂါတခုက လက်မောင်းကိုက်တာ၊ ပခုံးကိုက်တာနဲ့ လက္ခဏာပြလာတတ်ပါတယ်။
ဘာရောဂါလဲဆိုရင် လူတိုင်းကြောက်တဲ့ Heart Attack 🫀(နှလုံးရောဂါထဖောက်ခြင်း)🫀ပါပဲ။
ဆေးပညာမှာတော့ Myocardial Infarction (နှလုံးကြွက်သားတွေသွေးမရလို့ပျက်စီးခြင်း) လို့ဆိုလိုပါတယ်။
ခန္ဓာကိုယ်တခုလုံးကို သွေးတွေဖြန့်ဝေပေးနေတဲ့ ဒီနှလုံးကြီးရဲ့ကြွက်သားတွေပျက်စီးပြီးသေသွားပြီဆိုရင်အသက်အန္တရာယ်ရှိလာတာကတော့သေချာနေပါပြီ။
အချိန်မှီဆေးရုံရောက်ပြီးအတတ်နိုင်ဆုံးကုသဖို့လိုပါတယ်။
🔥 Heart Attack ကို ဘယ်လိုသိနိုင်မလဲ❔
Heart Attack ဆိုတာနဲ့ လူအများစုသိကြတာက
“ရင်ဘတ်အရမ်းအောင့်တယ်” ဆိုတာပါပဲ။
အချို့လူနာတွေမှာတော့
“သေတော့မယ်ထင်တယ်” ဆိုပြီး ကြောက်စိတ်အရမ်းကြီးလာတတ်ပါတယ်။
ပြောချင်တာခုမှစပါပြီ။
တခါတရံဒီရောဂါက ရင်ဘတ်တည့်တည့်ကအောင့်တာအပြင်ကို အထူးသဖြင့်ဘယ်ဘက်လက်မောင်းတို့၊ ပခုံးတို့၊ မေးရိုးတို့မှာလဲ နာကျင်မှုကိုခံစားရတတ်ပါတယ်။
ဆေးပညာမှာတော့ဒါကို Referred Pain လို့ ခေါ်ပါတယ်။
Referred pain ဆိုတာက
ခန္ဓာကိုယ်အတွင်းထဲက အင်္ဂါတစ်ခု (ဥပမာ-နှလုံး) နာနေတဲ့အခါ အဲ့ဒီနာကျင်မှုကို ဦးနှောက်က တိတိကျကျမခွဲနိုင်လို့ ခန္ဓာကိုယ်အခြားနေရာ (ဥပမာ-လက်မောင်း၊ ပခုံး၊ မေးရိုး) မှာ နာသလိုခံစားရတာမျိုးကို ဆိုလိုပါတယ်။
👥 ဘယ်လိုလူတွေမှာ Chest Pain မပါဘဲ Atypical symptom နဲ့လာနိုင်လဲ❔
Heart Attack က ရင်ဘတ်မအောင့်ဘဲ
လက်မောင်း၊ ပခုံး၊ မေးရိုး စတဲ့နေရာတွေမှာပဲနာပြီး လာတတ်တာကို
Atypical Presentation လို့ခေါ်ပါတယ်။
ပုံမှန်ပြနေကျမဟုတ်သောလက္ခဏာများပေါ့ဗျာ။
ဒီလိုလက္ခဏာတွေနဲ့လာနိုင်တဲ့သူတွေကတော့…
🔸 အသက်ကြီးတဲ့သူတွေ
🔸 ဆီးချိုရှိတဲ့သူတွေ (Diabetes)
🔸 အမျိုးသမီးတွေ
🔸 နာတာရှည်ကျောက်ကပ်မကောင်းတဲ့သူတွေ (CKD)
ဒီအုပ်စုတွေမှာ အထူးသဖြင့်ဖြစ်တတ်ပါတယ်။
🤔 ရင်ဘတ်မအောင့်ဘဲ ပခုံး/လက်မောင်းပဲနာရင် ဘယ်လိုခွဲမလဲ❔
ဒီနေရာမှာ အရေးကြီးတာက လက်မောင်းနာတာ၊ ပခုံးနာတာဆိုတာ အများစုက muscle strain, ligament strain, joint pain လို သာမန်အကြောင်းရင်းတွေကြောင့် ဖြစ်တာများပါတယ်။
အလုပ်သမားတွေ၊ အားကစားသမားတွေ၊ အလေးအပင်မရတဲ့သူတွေမှာဆို ပခုံးနာ၊ လက်မောင်းနာတာက နေ့စဉ်ဖြစ်နေတာပါ။
ဒါပေမယ့် Heart Attack ဖြစ်လာပြီဆိုရင်တော့
လက်မောင်း/ပခုံးနာတာနဲ့အတူ
အောက်ပါလက္ခဏာတွေပါ တွဲလာတတ်ပါတယ်။
🚨 Heart Attack သံသယရှိစေတဲ့လက္ခဏာတွေ ...
နှလုံးရောဂါထဖောက်တာသာမှန်ရင် ..
🔶 အရမ်းမောလာမယ်
🔶 အသက်ရှူမဝတော့ဘူး
🔶 ချွေးစေးချွေးပေါက်တွေကျလာမယ်
🔶 ခေါင်းမူးလာမယ်
🔶 အန်ချင်လာမယ်
🔶 နုံးချိသွားမယ် ဒီလိုလက္ခဏာတွေပါတွဲပြမှာပါ။
ဒီတော့ရင်ဘတ်မအောင့်သော်ငြားလည်း ပခုံးတွေ၊ လက်မောင်းတွေရုတ်တရက်ကြီးကိုက်လာပြီး အပေါ်ကလက္ခဏာတွေပါပြနေပြီဆိုရင် Heart Attack ဖြစ်နိုင်တဲ့အတွက် ECG စစ်ဖို့၊ ဆေးရုံအရေးပေါ်သွားဖို့လိုပါတယ်။
အနှစ်ချုပ်ပြောရရင် ...
ရင်ဘတ်အောင့်တဲ့လက္ခဏာရှိမှ Heart Attack မဟုတ်ပါဘူး။ တချို့လူတွေမှာ ရင်ဘတ်မအောင့်ဘဲ ပခုံး၊ လက်မောင်း၊ မေးရိုး တွေပဲ နာနေတတ်ပါတယ်။
အဲ့ဒါကြောင့် လက်မောင်း/ပခုံးနာပြီး မောလာတယ်၊ ချွေးတွေထွက်လာတယ်၊ မူးဝေတယ်၊ ပျို့အန်ချင်လာတယ်ဆိုရင် Heart Attack ဖြစ်နိုင်ကြောင်းကို မေ့မနေကြဖို့လိုပါတယ်။
Heart Attack လို အချိန်မှီကုသမှ အသက်ကယ်နိုင်တဲ့ရောဂါတွေမှာ ၁ မိနစ် ၁ စက္ကန့်တိုင်းက လူနာအတွက် သေခြင်းနဲ့ရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်တာမို့လို့ပါပဲ။
ဒီအကြောင်းကို ကူးယူဖော်ပြတာထက်
ကိုယ့်မိတ်ဆွေတွေ၊ မိသားစုဝင်တွေသိသွားအောင် Share ✅ လုပ်ပေးသွားနော်။
အမှတ်(၅၃) အိုးဘိုလမ်း ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်
09776085316 , 09754669935 , 09754669936 , 01-7508521
Email - [email protected]