15/01/2021
S*x education လို့ဆိုလိုက်တာနဲ့ ဖိုမ ဆက်ဆံရေးနည်းလမ်းတွေကိုသင်ပေးတာလားဆိုပြီး တွေးတတ်ကြတဲ့ရှေးရိုးစွဲပုဂ္ဂိုလ် တွေ ဟာ မုဒိန်းမှုတစ်ခုဖြစ်လာပြီဆိုမှသာ ဆဲရေးတိုင်းထွာ ရှုံ့ချကြတဲ့သူတွေများတဲ့ ဒီနိုင်ငံမှာ သက်ငယ်မုဒိန်းမှုတွေ အဖြစ်များလာတာကိုလဲ မကြာခဏ ကြားရမှာပါ။
ကိုယ်ဟာလဲ s*x education ကိုလေ့လာဖူးပြီး ကိုယ့်မှာလဲ တူတူမလေးတွေလည်းရှိနေပေမဲ့ ဒီလိုမျိုးသင်ပြပေးဖို့တော့ တခါမှ တော့ မတွေးမိခဲ့ပါဘူး။ တစ်ရက်မှာ ကိုယ်က ဘောင်းဘီအတိုလေးဝတ်ပြီး နှစ်နှစ်ခွဲအရွယ် တူမလေးနဲ့ကစားနေတုန်း တူမလေးက တီတီအဲ့နားက ရှက်ရှက်လေးရှိတယ်ဆိုပြီး ဘောင်းဘီရဲ့ဂွကြားနားနေရာကို လာထိပြီးကစားပါတော့တယ်။ ဟယ် ကလေးတစ်ယောက်က ဒါကိုကစားစရာလို့ထင်နေတာပါလားဆိုပြီး သိလိုက်ရမှ အတော်ကိုလန့်သွားပါတယ်။
အကိုနဲ့အမကို ခေါ်ပြီး အကျိုးအကြောင်းမေးတဲ့အခါမှ ကလေးကိုချော့မြူကစားတဲ့အခါမှာ အဲ့ဒီနေရာကိုထိကိုင်ပြီး ဆော့ကစားကြကြောင်းသိလိုက်ရပါတယ်။
ကလေးတွေကို ဒီနေရာကတော့ဖြင့် မေမေကလွဲရင်တခြားဘယ်သူ့ကိုမှ ပေးမကိုုင်ရမဲ့နေရာ ဆိုတာမျိုးသင်ထားပေးသင့်ရက်နဲ့ တချို့သောမိဘတွေက အခုလိုအမှားမျိုးလုပ်တတ်ကြပါတယ်။ ကလေးက ဒီနေရာဟာ သူတစ်ယောက်တည်းသာ ထိတွေ့နိုင်တဲ့နေရာဆိုတာကို မသိတော့တဲ့အပြင် ထိတွေ့မှုကိုပျော်ရွင်တတ်တဲ့အခါ တခြားသောသူစိမ်းတစ်ယောက်က ထိကိုင်ရင်တောင် သဘောမကျတဲ့အမူအရာမျိုးပြတော့မှာမဟုတ်ပါဘူး။
အခုလို သက်ငယ်မုဒိန်းမှုတွေ ပေါများလာတဲ့ခေတ်မှာတော့ ကလေးတွေကို မျက်ခြေမပြတ် ထိန်းကျောင်းထားရမဲ့အပြင် အသက် ၂နှစ်ကျော်အရွယ် သိတတ်စအရွယ်ကစလို့ သိသင့်သိထိုက်တဲ့ လိင်ပိုင်းဆိုင်ရာ ပညာပေးမှုတွေကို အရွယ်အလိုက်ပြုလုပ်ထားသင့်ပါပြီ။
ယောကျ်ားလေးဖြစ်စေ မိန်းကလေးဖြစ်စေ လိင်ပိုင်းဆိုင်ရာ ကိုယ်အင်္ဂါအစိတ်အပိုင်း တွေကို ထိတွေ့မခံသင့်ကြောင်း သူစိမ်းတစ်ယောက်ယောက်က ထိကိုင်ခဲ့ပါက သဘောမကျတဲ့အမူအရာမျိုးပြုလုပ်သင့်ကြောင်း မေမေ့ကို ပြန်ပြောပြသင့်ကြောင်း သေချာစွာ ရှင်းပြပြောဆိုထားသင့်ပါတယ်။ !