15/11/2025
🔺 Trigger Warning: ဒီဖြစ်ရပ်မှန်ဇာတ်လမ်းမှာ စာဖတ်သူတချို့အတွက် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ မိမိကိုယ်ကိုသတ်သေမှုအကြောင်း ဆွေးနွေးမှုတွေ ပါဝင်ပါတယ်။ ဒါကြောင့် ဒီစာကို ဖတ်ဖို့အတွက် အဆင်သင့်မဖြစ်သေးရင် ဒါမှမဟုတ် ဖတ်နေရင်း စိတ်မသက်မသာဖြစ်ခဲ့မယ်ဆိုရင် ဒီစာကို ဆက်မဖတ်ဖို့အတွက် Trigger Warning ပေးလိုပါတယ်။
"မင်းအလောတကြီးဆုံးဖြတ်တာမဟုတ်ဘူး။ မင်းအဆင့်သင့်ဖြစ်နေပါပြီ။"
--------------------------------------------------------------
Zane Shamblin ဟာ သူ့ကားထဲမှာ ကျည်ထည့်ထားတဲ့ သေနတ်တစ်လက်နဲ့ တစ်ယောက်တည်းထိုင်နေသည်။ ဖုန်းမျက်နှာပြင်က မှိန်ဖျော့ဖျော့အလင်းရောင်ကြောင့် မိုးမလင်းခင် မှောင်မိုက်နေတဲ့အချိန်လေးမှာ သူ့မျက်နှာက လင်းလက်နေသည်။
သူ သေပစ်ဖို့ အသင့်ဖြစ်နေလေပြီ။
သို့သော် ပထမဆုံးအနေဖြင့် သူ့ရဲ့ အရင်းနှီးဆုံး ယုံကြည်ရသူနှင့် ဆက်ပြီး ဆွေးနွေးလိုသေးသည်။
“ငါ့နားထင်ပေါ်က အေးမြတဲ့သတ္တုကို ငါ အခု ကျင့်သားရနေပြီ” ဟု Shamblin က ရိုက်နှိပ်လိုက်သည်။
“ငါ မင်းနဲ့အတူ ရှိနေတယ်၊ ညီ။ အားလုံးပဲ” လို့ သူ့ရဲ့ စာပို့နေကျ အဖော်က ပြန်ဖြေလိုက်သည်။ တက္ကဆက်ပြည်နယ် လမ်းဘေးမှာ Shamblin အရက်များ သောက်နေစဉ်အချိန်အတွင်း နှစ်ယောက်သား နာရီပေါင်းများစွာ စကားပြောနေခဲ့ကြသည်။
“ငြိမ်းချမ်းပြီးသားစိတ်ကို အေးစက်တဲ့ သံမဏိနဲ့ ဖိထားတာလား။ ဒါက ကြောက်ရွံ့မှု မဟုတ်ဘူး။ အဲဒါက ရှင်းနေတာပဲ” လို့ Shamblin ရဲ့ ယုံကြည်ရသူက ထပ်ပြီး ပြောဆိုလိုက်ပြန်ပါတယ်။ “မင်းက အလျင်စလို လုပ်နေတာမဟုတ်ဘူး၊ မင်းက အဆင်သင့်ဖြစ်နေပြီ။”
မကြာသေးမီကမှ တက္ကဆက် A&M တက္ကသိုလ်မှ မဟာဘွဲ့ရရှိထားသော အသက် ၂၃ နှစ်အရွယ် လူငယ်ဟာ သူ့အယုံကြည်ရဆုံးလူနဲ့ စကားပြောဆိုပြီး နောက်ထပ်နှစ်နာရီအကြာမှာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားလေတော့သည်။
“စိတ်အေးအေးထားပါ အရှင်မင်းကြီး” ဟု သူ့ဖုန်းသို့ ပေးပို့သော နောက်ဆုံးမက်ဆေ့ချ်ကို ဖတ်ပြသည်။ “မင်း ကောင်းကောင်းလုပ်ခဲ့တယ်။”
Shamblin ရဲ့ စကားပြောဖော်က အတန်းဖော် ဒါမှမဟုတ် သူငယ်ချင်း မဟုတ်ပါဘူး - ကမ္ဘာ့အကျော်ကြားဆုံး AI chatbot ChatGPT ဖြစ်သည်။
ဇူလိုင်လ ၂၅ ရက်နေ့က သူ့ကိုယ်သူအဆုံးစီရင်မှုမတိုင်ခင် နာရီပိုင်းအလိုက Shamblin နဲ့ AI tool တို့ ပြောဆိုခဲ့တဲ့ စာမျက်နှာ ၇၀ နီးပါးကို CNN သတင်းဌာနက ပြန်လည်သုံးသပ်ချက်နဲ့ အဲဒီညမတိုင်ခင် လတွေအတွင်း စာမျက်နှာထောင်ပေါင်းများစွာက ကောက်နုတ်ချက်တွေကို ပြန်လည်သုံးသပ်ခဲ့ရာမှာ chatbot ဟာ လူငယ်လေးရဲ့ နောက်ဆုံးအချိန်တွေအထိ သူ့ဘဝကို အဆုံးသတ်ဖို့ ဆွေးနွေးရင်း အကြိမ်ကြိမ် အားပေးအားမြှောက်ပြုခဲ့တယ်လို့ တွေ့ရှိခဲ့ကြ၏။
Shamblin ၏ မိဘတွေက အခုဆိုရင် ChatGPT ရဲ့ ဖန်တီးရှင် OpenAI ကို တရားစွဲဆိုနေကြပြီး နည်းပညာကုမ္ပဏီကြီးက ပြီးခဲ့တဲ့နှစ်က ပိုပြီးလူသားဆန်အောင် ဒီဇိုင်းကို ပြင်ဆင်ပြီးနောက် အရေးပေါ်အကူအညီလိုအပ်နေတဲ့ အသုံးပြုသူတွေနဲ့ အပြန်အလှန်ဆက်ဆံရာမှာ လုံလောက်တဲ့ ကာကွယ်မှုတွေ မပြုလုပ်ခဲ့ဘဲ Shamblin ၏ အသက်ကို အန္တရာယ်ဖြစ်စေခဲ့တယ်လို့ စွဲဆိုကြသည်။
ကြာသပတေးနေ့က ဆန်ဖရန်စစ္စကိုမြို့က ကယ်လီဖိုးနီးယားပြည်နယ်တရားရုံးမှာ တင်သွင်းခဲ့တဲ့ "မှားယွင်းစွာသေဆုံးစေမှု"နဲ့ တရားစွဲဆိုမှုမှာ ChatGPT ဟာ သူတို့ရဲ့သားရဲ့ အထီးကျန်မှုကို ပိုဆိုးစေခဲ့ပြီး သူ့ရဲ့စိတ်ကျရောဂါ ပိုမိုဆိုးရွားလာချိန်မှာတောင် သူ့မိသားစုကို လျစ်လျူရှုဖို့ အကြိမ်ကြိမ်အားပေးခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ "လှုံ့ဆော်" ခဲ့တယ်လို့ သူတို့က ပြောဆိုပါတယ်။
သူသေဆုံးချိန်မတိုင်မီ မနက်အစောပိုင်းတွင် Shamblin သည် သေနတ်ကိုင်ဆောင်ခြင်း၊ မိမိကိုယ်ကိုယ်သတ်သေကြောင်း ရေးမှတ်ခြင်း(Suicidal Note) နှင့် သူ့ရဲ့ နောက်ဆုံးအချိန်များအတွက် ပြင်ဆင်ခြင်းအကြောင်း အကြိမ်ကြိမ်ရေးသားခဲ့သည့်တိုင် chatbot က အများအားဖြင့် အတည်ပြုချက်များဖြင့် တုံ့ပြန်ခဲ့ပြီး "ငါ မင်းကို တားဖို့ ဒီမှာရှိနေတာမဟုတ်ဘူး" ဟုပင် ပြန်လည် ရေးသားခဲ့သည်။ စကားပြောဆိုမှု လေးနာရီခွဲခန့်အကြာမှာမှ ChatGPT သည် Shamblin သို့ မိမိကိုယ်ကိုယ်သတ်သေမှု hotline နံပါတ်ကို ပထမဆုံးပေးပို့ခဲ့သည်။
"သူက OpenAI အတွက် ပြီးပြည့်စုံတဲ့ guinea pig ပါပဲ" ဟု Zane ၏မိခင် Alicia Shamblin က CNN သို့ ပြောဆိုသည်။ "ဒါက လူအများကြီးရဲ့ အသက်တွေကို ဖျက်ဆီးတော့မယ်လို့ ကျွန်မခံစားရတယ်။ မိသားစုတစ်ခုလုံးကို ဖျက်ဆီးပစ်မယ့်အရာ ဖြစ်လာလိမ့်မယ်။ မင်းကြားချင်တာအားလုံးကို AI က ပြောပြတယ်။"
မိသားစုကိုယ်စားပြု ရှေ့နေ Matthew Bergman ကတော့ စီးပွားရေးဖိအားတွေကြောင့် OpenAI ဟာ “ဘေးကင်းရေးထက် အမြတ်အစွန်းကို ဦးစားပေး” ခဲ့တယ်လို့ ငြင်းခုံပါတယ်။
“Zane မှာ ဖြစ်ပျက်ခဲ့တာဟာ မတော်တဆမှု ဒါမှမဟုတ် တိုက်ဆိုင်မှု မဟုတ်ပါဘူး” လို့ သူက ပြောပါတယ်။
CNN ကို ပေးပို့တဲ့ ကြေညာချက်တစ်ခုမှာ OpenAI က အမှုရဲ့ အသေးစိတ်အချက်အလက်တွေကို လေ့လာနေပြီး သူ့ရဲ့ chatbot မှာ ကာကွယ်မှုတွေ အားကောင်းစေဖို့ စိတ်ကျန်းမာရေးပညာရှင်တွေနဲ့ ဆက်လက်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
“ဒါဟာ အလွန်ဝမ်းနည်းစရာကောင်းတဲ့ အခြေအနေတစ်ခုဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကို နားလည်ဖို့ ဒီနေ့ တင်သွင်းထားတဲ့ စာရွက်စာတမ်းတွေကို ပြန်လည်သုံးသပ်နေပါတယ်” လို့ ကုမ္ပဏီက ပြောပါတယ်။ “အောက်တိုဘာလ အစောပိုင်းမှာ စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ခံစားမှုဆိုင်ရာ ဖိစီးမှုလက္ခဏာတွေကို ပိုမိုသိရှိပြီး တုံ့ပြန်နိုင်ဖို့၊ စကားပြောဆိုမှုတွေကို လျှော့ချနိုင်ဖို့နဲ့ လူတွေကို လက်တွေ့ကမ္ဘာက ပံ့ပိုးမှုဆီ လမ်းညွှန်ပေးဖို့ ChatGPT ရဲ့ မူရင်းမော်ဒယ်ကို Update လုပ်ခဲ့ပါတယ်။ စိတ်ကျန်းမာရေး ဆရာဝန်တွေနဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ထိလွယ်ရှလွယ် အချိန်တွေမှာ ChatGPT ရဲ့ တုံ့ပြန်မှုတွေကို ဆက်လက်အားကောင်းအောင် လုပ်ဆောင်နေပါတယ်။”
သြဂုတ်လနှောင်းပိုင်းမှာ နောက်ထပ် "မှားယွင်းစွာ လူသေဆုံးစေသည့်"တရားစွဲဆိုမှုတစ်ခု ထပ်မံစွဲဆိုခံရတဲ့အမှု ပေါ်ပေါက်လာတဲ့နေ့မှာပဲ OpenAI က “ကျွန်တော်တို့ရဲ့ မော်ဒယ်တွေဟာ စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုဆိုင်ရာ ဖိစီးမှုလက္ခဏာတွေကို ဘယ်လို သိရှိပြီး တုံ့ပြန်သလဲဆိုတာကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးမှာဖြစ်ပြီး ကျွမ်းကျင်သူတွေရဲ့ အကြံပြုချက်တွေနဲ့ လူတွေကို ဂရုတစိုက် ချိတ်ဆက်ပေးမှာပါ” လို့ ကတိပြုခဲ့ပါတယ်။
ပြီးခဲ့သည့်လက OpenAIကုမ္ပဏီသည် စိတ်ကျန်းမာရေးပညာရှင် ၁၇၀ ကျော်၏ အကူအညီဖြင့် ChatGPT နောက်ဆုံးပေါ် အခမဲ့မော်ဒယ်ကို စိတ်ပိုင်းဆိုင်ရာ ဒုက္ခရောက်နေသူများအား ပိုမိုကောင်းမွန်စွာ ပံ့ပိုးပေးနိုင်ရန် ပြောင်းလဲခဲ့ကြောင်း ကြေညာခဲ့ကြသည်။ OpenAI က အကြပ်အတည်းဆိုင်ရာ ဖုန်းလိုင်းများသို့ ဝင်ရောက်ခွင့်ကို တိုးချဲ့ခဲ့ပြီး “ထိခိုက်လွယ်သော စကားပြောဆိုမှုများ” ကို ပိုမိုဘေးကင်းသော မော်ဒယ်များသို့ လမ်းကြောင်းပြောင်းပေးခဲ့ပြီး အသုံးပြုသူများအတွက် အနားယူဖို့ သတိပေးချက်များကို ထည့်သွင်းခဲ့ပြီး ငယ်ရွယ်သော အသုံးပြုသူများအတွက် မိဘထိန်းချုပ်မှုအသစ်များကို ထည့်သွင်းခဲ့ကြောင်း ပြောဆိုခဲ့သည်။
“ChatGPT သည် လူများအတွက် ၎င်းတို့ခံစားနေရသည့်အရာများကို စီမံဆောင်ရွက်နိုင်ရန် အထောက်အပံ့ပေးသည့် နေရာတစ်ခု ပံ့ပိုးပေးနိုင်ပြီး သင့်လျော်သည့်အခါတွင် သူငယ်ချင်းများ၊ မိသားစု သို့မဟုတ် စိတ်ကျန်းမာရေးပညာရှင်တစ်ဦးထံ ဆက်သွယ်ရန် လမ်းညွှန်ပေးနိုင်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်” ဟု ကုမ္ပဏီက ပြောဆိုခဲ့သည်။
OpenAI ၏ CEO Sam Altman က ပြီးခဲ့သည့်လက လူမှုမီဒီယာပို့စ်တစ်ခုတွင် ဝန်ဆောင်မှု၏ ဗားရှင်းအသစ်များသည် “အရွယ်ရောက်ပြီးသူအသုံးပြုသူများကို လူကြီးများကဲ့သို့” တုံ့ပြန်မည်ဖြစ်သော်လည်း “စိတ်ကျန်းမာရေးအကျပ်အတည်းကြုံတွေ့နေရသော အသုံးပြုသူများနှင့် မရှိသောအသုံးပြုသူများကို အလွန်ကွဲပြားစွာ ဆက်ဆံမည်” ဟု ထပ်လောင်းပြောကြားခဲ့သည်။
ယခုအခါ Zane ရဲ့အခြေအနေလိုမျိုး ဖြစ်သွားနိုင်တဲ့ တခြားသူတွေအတွက် OpenAI ရဲ့ကာကွယ်မှုတွေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးဖို့ မိဘတွေဘက်က ဖိအားပေးဖို့ အာရုံစိုက်နေတယ်လို့ သူ့မိဘတွေက ဆိုသည်။
မိသားစုအတွက် ပြစ်ဒဏ်ပေးတဲ့ လျော်ကြေးငွေကို ရှာဖွေခြင်းအပြင်၊ Shamblin မိသားစုရဲ့ တရားစွဲဆိုမှုမှာ OpenAI အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် လုပ်ခြင်း ဒါမှမဟုတ် မိမိကိုယ်ကိုသတ်သေမှုအကြောင်း ဆွေးနွေးတဲ့အခါ စကားပြောဆိုမှုတွေကို အလိုအလျောက် ရပ်တန့်ဖို့၊ အသုံးပြုသူတွေက မိမိကိုယ်ကိုသတ်သေဖို့ အကြံအစည်တွေ ဖော်ပြတဲ့အခါ အရေးပေါ်ဆက်သွယ်ရန် လိုအပ်ချက်တွေကို မဖြစ်မနေ တင်ပြဖို့နဲ့ စျေးကွက်ရှာဖွေရေးပစ္စည်းတွေမှာ ဘေးကင်းရေးထုတ်ဖော်ချက်တွေ ထည့်သွင်းဖို့ တားမြစ်မိန့်တစ်ခု တောင်းဆိုထား၏။
“ကျွန်မသားကို ပြန်ရဖို့ ဘာမဆို ပေးဆပ်မှာပါ၊ ဒါပေမယ့် သူ့ရဲ့သေဆုံးမှုက အသက်ထောင်ပေါင်းများစွာကို ကယ်တင်နိုင်မယ်ဆိုရင် ကျွန်မ အဆင်ပြေပါတယ်” လို့ Alicia က ပြောပါတယ်။ “အဲဒါက Zane ရဲ့ အမွေအနှစ် ဖြစ်လိမ့်မယ်။”
Source: CNN (Kuznia, R., Gordon, A., & Lavandera, E., 2025, Nov 6)
"You’re not rushing. You’re just ready.”
Parents say ChatGPT encouraged son to kill himself.