02/12/2021
လျစ်လျူမရှုသင့်သော ကလေးငယ်တို့၏ အောက်ပါရောဂါလက္ခဏာများ
-------------------------------------------------------
မိဘတွေအနေနဲ့ မိမိကလေးငယ်ရဲ့ ကျန်းမာရေးကို ထိပ်ဆုံးဦးစားပေးအဆင့်မှာ ထားရပါမယ်။ ကလေးငယ်တွေရဲ့ ခန်္ဓာကိုယ်က ခုခံအားစနစ်ကို တည်ဆောက်နေတဲ့ ကာလဖြစ်တာကြောင့်ပါ။ နှာစေးတာ၊ ချောင်းဆိုးတာနဲ့ အနည်းငယ်အဖျားရှိတာလိုမျိုး အပယိက ကျန်းမာရေးပြဿနာတွေကို ဆရာ၀န်နဲ့ ပြသဖို့ မလိုအပ်ပေမယ့် တစ်ခါတလေမှာ ဒီပြဿနာလေးတွေကနေ အစပြုပြီး ကြီးကြီးမားမားရောဂါတွေအထိ ဖြစ်သွားနိုင်ပါတယ်။ အောက်ပါ ရောဂါလက္ခဏာ ၁၀ မျိုးကို မိဘတွေအနေနဲ့ လျစ်လျူရှုမထားသင့်ဘဲ ဆရာ၀န်နဲ့ အမြန်ပြသဖို့ လိုအပ်ပါတယ်။
---------------
၁။ အဖျားကြီးခြင်း
ကလေးငယ်တွေဟာ တုပ်ကွေးရောဂါနဲ့ အအေးမိနှာစေးတာကြောင့် မကြာခဏ ဖျားတတ်ပါတယ်။ အသက် သုံးလကနေ ခြောက်လအထိ ကလေးငယ်တွေက အဖျား ၁၀၁ ဒီဂရီကျော်လွန်ခဲ့ရင်၊ အသက်ခြောက်လကျော်ကလေးငယ်တွေက အဖျား ၁၀၃ ဒီဂရီကျော်လွန်ခဲ့ရင် အဖျားကြီးတယ်လို့ သတ်မှတ်ပါတယ်။ အဖျားကြီးတာက သင်ထင်ထားတာထက် ကြီးမားတဲ့ ပြဿနာဖြစ်ပြီး ထိထိရောက်ရောက်ကုသဖို့ လိုအပ်ပါတယ်။ သင့်ကလေးငယ်ဖျားတာက ရက်အနည်းငယ်ကြာနေရင် ဆရာ၀န်နဲ့ မလွဲမသွေ ပြပါ။ ဘက်တီးရီးယားရောဂါပိုးကြောင့် ဖြစ်နိုင်တဲ့အတွက် ပဋိဇီဝဆေးနဲ့ ကုသဖို့ လိုအပ်တာကြောင့်ပါ။ ဒါ့အပြင် သင့်ကလေးငယ် အဖျားကြီးတာနဲ့အတူ အလွန်အမင်း ခေါင်းကိုက်တာ ဒါမှမဟုတ် မျက်စိမဖွင့်နိုင်လောက်အောင် မှိန်းနေတာတွေ ဖြစ်ရင် ဦးနှောက်အမြှေးရောင်ရောဂါရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။
အအေးမိတုပ်ကွေးရောဂါနဲ့ နားရောဂါပိုး၀င်တာလိုမျိုး တခြားရောဂါတွေကြောင့်လည်း အဖျားရှိနိုင်ပါတယ်။ အချိန်မီ ရောဂါသတ်မှတ်နိုင်ပြီး ကုသနိုင်တာက အဖျားကြီးတာကြောင့် ကလေးငယ်ရဲ့ နောက်ဆက်တွဲပြဿနာတွေ မဖြစ်အောင်နဲ့ သေဆုံးတာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
---------------
၂။ အလွန်အမင်းရေငတ်ခြင်း
သင့်ကလေးငယ်က ရုတ်တရက် ရေပိုတောင်းသောက်တာ(အထူးသဖြင့် ညဘက်အချိန်မှာ)ဖြစ်ရင် ဆရာ၀န်နဲ့ ချက်ချင်းပြသသင့်ပါတယ်။ အမျိုးအစား (၁) ဆီးချိုရောဂါဟာ အသက် ၂၀ အောက်ကလေးတွေမှာ ဖြစ်တတ်ပြီး အလွန်အမင်း ရေငတ်တာက အဲဒီရောဂါရဲ့ အဓိက လက္ခဏာတစ်ခုပါ။ ဆီးချိုရောဂါရှိတဲ့ကလေးငယ်တွေမှာ အလွန်အမင်း ရေငတ်တာ၊ အလွန်အမင်း ဆီးသွားတာ၊ မောပန်းတာ၊ ညဘက် မကြာခဏဆီးသွားတာနဲ့ ကိုယ်အလေးချိန်ကျဆင်းတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။
---------------
၃။ အသက်ရှူရခက်ခဲခြင်း
ကလေးငယ်တွေမှာ အဖျားရှိရင် အသက်ရှူမြန်တာက အဖြစ်များပါတယ်။ ဒါပေမဲ့ အသက်ရှူမြန်တာက တစ်ချိန်လုံးဖြစ်နေရင် ဆရာ၀န်နဲ့ ပြသသင့်ပါပြီ။ ကလေးငယ် ကစားနေစဉ် ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်နေစဉ်မှာ အသက်ရှူရခက်ခဲမှုရှိနေရင်လည်း ဆရာ၀န်နဲ့ ပြသသင့်ပါတယ်။ ကလေးငယ်အသက်ရှူထုတ်စဉ်မှာ တရွှီရွှီမြည်သံကြားနေခဲ့ရင် ရင်ကျပ်ပန်းနာရောဂါဖြစ်နေပါပြီ။ အသက်ရှူခက်ခဲတဲ့ ပြဿနာနဲ့အတူ နှုတ်ခမ်းပြာနေရင် လေပြွန်ရောင်ရမ်းတဲ့ လက္ခဏာပါ။ ကလေးငယ်ရဲ့ အသက်ရှူပြဿနာက အနည်းငယ်ဖြစ်နေရင်တောင်မှ ကလေးငယ်အနေနဲ့ စွမ်းအင်တွေ ကုန်ဆုံးနိုင်ပြီး မကျန်းမမာ ဖြစ်နိုင်တာမို့ ဆရာ၀န်နဲ့ ချက်ချင်းပြသင့်ပါတယ်။
---------------
၄။ ၀မ်းဗိုက် တာရှည်နာနေခြင်း
ကလေးတွေက ဗိုက်နာတယ်လို့ ပြောပြောနေတာက အမှန်တကယ်လည်း ဖြစ်နိုင်သလို ကျောင်းမတက်ချင်တာ ဒါမှမဟုတ် သူတို့မကြိုက်တဲ့ အစားအစာကို မစားချင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အလွန်အမင်း ဗိုက်နာနေပြီး မကြာခဏ ဗိုက်နာတယ်လို့ ပြောနေရင်တော့ ဆရာ၀န်နဲ့ ပြသသင့်ပါတယ်။ အကယ်၍ ဗိုက်နာတာက ၀မ်းဗိုက်ရဲ့ ညာဘက်အောက်ပိုင်းမှာ ဖြစ်နေပြီး ဗိုက်နာတာနဲ့အတူ အဖျားရှိတာ၊ အန်တာ၊ ၀မ်းပျက်တာနဲ့ နာတဲ့နေရာကို အထိမခံနိုင်တာတွေဖြစ်နေရင် အူအ တက်ရောင်တဲ့ လက်္ခဏာဖြစ်တာမို့ ဆရာ၀န်နဲ့ ချက်ချင်းပြသပါ။
---------------
၅။ ဆီးသွားစဉ်နာကျင်ခြင်း
ကလေးငယ်က ဆီးသွားရင် နာတယ်လို့ ပြောရင်တော့ သူရဲ့ ဆီးလမ်းကြောင်းမှာ ရောဂါပိုး၀င်နေတာကြောင့် ဖြစ်တာပါ။ ဆီးလမ်းကြောင်း ပိုး၀င်ရောဂါရှိတဲ့ နို့စို့ကလေးငယ်တွေအနေနဲ့ အဖျားရှိတာ၊ အန်တာ၊ အစာကျွေးရခက်ခဲတာနဲ့ စိတ်မကြည် မလင်တာတွေ ဖြစ်နေတတ်ပါတယ်။ အသက်နည်းနည်းကြီးတဲ့ကလေးတွေကတော့ ဆီးသွားစဉ် နာကျင်တာနဲ့ ဆီးအောင့်မထားနိုင်တာလိုမျိုး ပြောပြတတ်ပါတယ်။ ဆီး အနံ့နံတာနဲ့ အဖျားရှိတာတွေလည်း ဖြစ်တတ်ပါတယ်။
ဆီးသွားစဉ်နာကျင်တာက လိင်အင်္ဂါတွေကို ထိခိုက်ဒဏ်ရာရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သမီးငယ်တွေအနေနဲ့ ဓာတုပစ္စည်းများစွာ ပါ၀င်တဲ့ ဆပ်ပြာကို အသုံးပြုပြီး ဒါမှမဟုတ် ဆပ်ပြာရည်နဲ့ ရေစိမ်ချိုးပြီး နောက်ပိုင်းမှာ မိန်းမကိုယ်တွေ ရောင်ရမ်းလာကာ ဆီးသွားစဉ် နာကျင်တတ်ပါတယ်။
---------------
၆။ အလွန်အမင်း မောပန်းနွမ်းနယ်နေခြင်း
သင့်ကလေးငယ်က အလုံအလောက်အနားရနေပေမယ့် စွမ်းအင်မရှိသလို မောပန်းပုံပေါက်နေရင်တော့ သူ့မှာ ကျန်းမာရေး ပြဿနာတစ်ခုခုရှိနေပြီဆိုတဲ့ သတိပေးလက္ခဏာပါ။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာစားသုံးတဲ့ပုံစံ၊ အိပ်ရေးမ၀တာနဲ့ အထိုင်များတဲ့ လှုပ်ရှားမှုမရှိတဲ့ ပုံစံတွေကြောင့်လည်း အလွန်အမင်း မောပန်းနေတတ်ပါတယ်။ သွေးအားနည်းရောဂါ၊ အစာကို စုပ်ယူမှုမရှိတဲ့ ပြဿနာ၊ စိတ်ကျရောဂါ၊ နှလုံး ဒါမှမဟုတ် ကျောက်ကပ်ရောဂါ၊ ဓာတ်မတည့်မှုဖြစ်တာ၊ ခုခံအားစနစ် ပြဿနာဖြစ်တာနဲ့ ကင်ဆာလိုမျိုး ဆိုးရွားတဲ့ပြဿနာတွေကြောင့် ကလေးငယ်က အလွန်အမင်း မောပန်းပုံပေါက်နေတတ်ပါတယ်။ ကလေးရဲ့ ရောဂါ လက္ခဏာတွေကို ဆရာ၀န်နဲ့ ပြသပြီး ရောဂါရှာဖွေကာ ကုသမှု ခံယူပါ။
---------------
၇။ အလွန်အမင်း အော့အန်ခြင်း
ကလေးငယ်တွေမှာ အန်တဲ့ ပြဿနာက အဖြစ်များပါတယ်။ အလွန်အမင်း ချောင်းဆိုးတာ၊ အလွန်အမင်း ငိုလွန်းတာ၊ အစာစားတာ များလွန်းတာ ဒါမှမဟုတ် ၀မ်းဗိုက်ပြဿနာကြောင့် အော့အန်တတ်ပါတယ်။ သင့်ကလေးငယ်က အရည်သောက်ရင်တောင် အရည်တွေ ပြန်အန်နေရင်တော့ ရေဓာတ်ချို့တဲ့နိုင်ပါတယ်။ ဆီးသွားနည်းတာ၊ မျက်လုံးချိုင့်၀င်နေတာ၊ အိပ်မရတာ၊ နှုတ်ခမ်းအက်ကွဲနေတာနဲ့ မျက်ရည်မထွက်ဘဲ ငိုတာတွေက ရေဓာတ်ချို့တဲ့တဲ့ လက္ခဏာတွေပါ။ ရေဓာတ်ချို့တဲ့တာကနေ ဆိုးရွားတဲ့ ပြဿနာတွေဖြစ်နိုင်တာမို့ ရေဓာတ်ကို အမြန်ပြန်လည်ဖြည့်ပေးဖို့ လိုအပ်ပါတယ်။ ကလေးငယ်အနေနဲ့ သွေးအန်နေရင် အူလမ်းကြောင်းပိတ်ဆို့တာလိုမျိုး အသက်အန္တရာယ်ရှိတဲ့အခြေအနေပါ။ ဒါ့အပြင် ကလေးငယ်လိမ့်ကျအပြီး အန်တာနဲ့အတူ သတိ မေ့သွားတာ ဒါမှမဟုတ် ကလေးငယ်က သင့်မေးခွန်းကို တလွဲတချော်ဖြေတာတွေက ဦးခေါင်းဒဏ်ရာရတဲ့ လက်္ခဏာဖြစ်တာကြောင့် ဆရာ၀န်နဲ့ ချက်ချင်းပြသဖို့ လိုအပ်ပါတယ်။
---------------
၈။ မျက်နှာရောင်ကိုင်းခြင်း
ဆိုးရွားတဲ့ ဓာတ်မတည့်မှုဖြစ်စဉ်ရဲ့ လက္ခဏာ ဒါမှမဟုတ် အဆိပ်ရှိတဲ့ ပိုးမွှားကောင်ကိုက်တဲ့ လက္ခဏာတွေဖြစ်ပြီး အသက် အန္တရာယ်ဖြစ်တဲ့အထိ ဆိုးရွားနိုင်ပါတယ်။ ဆရာ၀န်နဲ့ ချက်ချင်းပြသပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ မျက်နှာရောင်ရမ်းနေတာက မျက်နှာအတွင်းမှာ ပြည်တည်နာရှိတဲ့ လက်္ခဏာလည်းဖြစ်နိုင်ပြီး ပြည်တွေ အမြန်စုပ်ထုတ်လိုက်ဖို့လည်း လိုအပ်ပါတယ်။ သိုင်းရွိုက် အလုပ်မလုပ်တာ၊ ပါးချိတ်ရောင်တာ၊ ကျောက်ကပ်ရောဂါ၊ မျက်နှာကို ထိခိုက်ဒဏ်ရာရတာတွေကြောင့်လည်း မျက်နှာရောင်ကိုင်းနိုင်ပါတယ်။
---------------
၉။ နှုတ်ခမ်းပြာခြင်း
သင့်ကလေးငယ်ဟာ ဘလူးဘယ်ရီသီး ဒါမှမဟုတ် အပြာရောင်သကြားလုံးတွေ စားထားလို့ နှုတ်ခမ်းပြာနေတာက ဘာပြဿနာမှ မဟုတ်ပါဘူး။ ရာသီဥတုအလွန်အမင်းအေးစက်နေတာကြောင့်လည်း နှုတ်ခမ်းပြာနိုင်ပါတယ်။ ဒါပေမဲ့ သင့်ကလေးငယ်က ဒီလိုမျိုး လှုံ့ဆော်မှုတွေမရှိဘဲ နှုတ်ခမ်းပြာနေရင်တော့ သွေးထဲမှာ အောက်ဆီဂျင်လုံလောက်မှုမရှိတာ ဒါမှမဟုတ် သွေးလှည့်ပတ်မှုလျော့နည်းနေတာကြောင့်ဖြစ်တာပါ။ နှလုံးရောဂါ၊ အဆုတ်ပွရောဂါ၊ ရင်ကျပ်ပန်းနာရောဂါတွေကြောင့် နှုတ်ခမ်းပြာနိုင်ပါတယ်။ ဆရာ၀န်နဲ့ပြပြီး ကုသမှုခံယူပါ။
---------------
၁၀။ အဖုအပိမ့်များထွက်ခြင်း
ကလေးငယ်တွေမှာ အဖုအပိမ့်ထွက်တာက အလွန်အဖြစ်များပြီး များသောအားဖြင့် ဘာမှစိုးရိမ်စရာမရှိပါဘူး။ ဒါပေမဲ့ သင့်ကလေးငယ်မှာ အလွန်အမင်းအဖုအပိမ့်ထွက်တာနဲ့အတူ အဖျားရှိတာ၊ အန်တာ၊ တရွှီရွှီမြည်သံကြားရတာ၊ အစာမျိုရခက်ခဲတာ၊ ဗိုက်အောင့်တာ ဒါမှမဟုတ် အသက်ရှူရခက်ခဲတဲ့ပြဿနာတွေ ဖြစ်နေရင်တော့ အလွန်အမင်းဆိုးရွားတဲ့ ဓာတ်မတည့်မှုဖြစ်နေပြီး အသက်အန္တရာယ်ရှိပါတယ်။
ကလေးငယ်ရဲ့ အနီရောင်အဖုအပိမ့်ကို သင့်လက်နဲ့ ဖိလိုက်တဲ့အခါမှာ အဖြူရောင်ဖြစ်သွားပြီး လက်လွှတ်လိုက်ရင် အနီရောင် ပြန်ဖြစ်နေရင်တော့ ဦးနှောက် အမြှေးရောင် ဒါမှမဟုတ် ခန္ဓာကိုယ်အတွင်း ရောဂါပိုးပျံ့နှံ့နေတဲ့ လက္ခဏာမို့ ဆရာ၀န်နဲ့ ချက်ချင်းပြသဖို့ လိုအပ်ပါတယ်။
ဒေါက်တာခင်မိုးမိုး
Credit - original writer 💖