13/08/2026
မူရင်းရေးသားသူ
❗️ဝမ်းလျှော၊ ဝမ်းပျက် ဖြစ်ပြီဆိုရင် အရေးအကြီးဆုံးနဲ့ ပထမဦးဆုံး လုပ်ရမှာက ဓာတ်ဆားရည် သောက်ပေးဖို့ပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ဓာတ်ဆားရည်ကို ဖျော်နည်းမှား၊ သောက်နည်းမှားရင် ရောဂါပိုဆိုးသွားတတ်လို့ မှန်ကန်တဲ့ သောက်သုံးနည်းကို လိုတိုရှင်း ပြောပြပေးပါမယ်။
✅ ၁။ ဘယ်လောက် ပမာဏ သောက်ရမလဲ?
ဝမ်းသွားတဲ့ပမာဏအတိုင်း ပြန်သောက်ပေးရပါမယ်။ ဆိုလိုတာကတော့ ဝမ်းတစ်ခါသွားတိုင်းမှာ ဝမ်းသွားသလောက် ရေဓာတ်ဆုံးရှုံးမှုကို ဓာတ်ဆားရည်နဲ့ လိုက်သောက်ပြီး အစားထိုးပေးရပါမယ်။
✅ ၂။ ဘယ်လို မှန်ကန်စွာ ဖျော်စပ်မလဲ?
ဓာတ်ဆားထုပ် တစ်ထုပ်ကို ရေသန့် ၁ လီတာဗူးနဲ့ အပြည့်ဖျော်ရပါမယ်။ ဆေးဆိုင်တွေမှာ ဝယ်တဲ့အခါ (WHO formula) နဲ့ ထုတ်လုပ်ထားတဲ့ ဓာတ်ဆားထုပ်ကိုသာ ရွေးချယ်သုံးစွဲပါ။
* အချိုထုပ်နဲ့ အငံထုပ် ရောဖျော်တာမျိုး လုံးဝ (လုံးဝ) မလုပ်ရပါ။
* ဓာတ်ဆားရည်အစား အားဖြည့်အချိုရည်တွေ၊ သစ်သီးစုံအရသာ ဓာတ်ဆားထုပ်တွေကို အစားထိုး မသောက်ရပါ။ (သကြားဓာတ်များလို့ ဝမ်းပိုလျှောစေနိုင်ပါတယ်)။
* ဝမ်းသွားတာ ရပ်သွားအောင်ဆိုပြီး ပိုးသတ်ဆေးတွေ၊ ဝမ်းပိတ်ဆေးတွေကို မိမိသဘောနှင့် မိမိ လုံးဝ မသောက်ရပါ။
* ဓာတ်ဆားရည် ဝင်အောင်သောက်ဖို့ကသာ အရေးကြီးဆုံး ဖြစ်ပါတယ်။
💡အကြံပြုချက်
ဝမ်းလျှော ဝမ်းပျက်မဖြစ်စေဖို့အတွက် နေ့စဉ်နေထိုင်မှုမှာ သန့် (၄) သန့် ကို သတိထားလိုက်နာရပါမယ်။
* (၁) ရေသန့် (ကျိုချက်ထားသော ရေ သို့မဟုတ် ရေသန့်ကိုသာ သောက်ပါ)
* (၂) အစားအစာသန့် (ယင်မနားအောင် ဖုံးအုပ်ထားသော၊ ပူပူနွေးနွေး ချက်ပြုတ်ထားသော အစားအစာကိုသာ စားပါ)။ ဒီရက်ပိုင်းမှာတော့ အပြင်စာတွေ စားတဲ့အခါ သတိထားစားပါ။ အသုပ်တွေ၊ လက်လုပ်ချဉ်တွေ ရှောင်ထားပါ။
* (၃) လက်သန့် (ပစ္စည်းတခုခု ကိုင်တွယ်ပြီးတိုင်း၊ အစာမစားမီနှင့် အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးပါ)
* (၄) ယင်လုံအိမ်သာသန့် (ယင်လုံအိမ်သာကိုသာ စနစ်တကျ အသုံးပြုပါ)
အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ ။
#ဒေါက်တာရဲ
#ဝမ်းလျှောခြင်း #ဓာတ်ဆားရည်ဖျော်နည်း #သန့်၄သန့် #ကျန်းမာရေးဗဟုသုတ