11/08/2026
❓ အက်ဆစ်လျှော့ဆေး (PPI) ဘယ်လောက်ကြာကြာ သောက်သင့်သလဲ
- - - - - - - - - - - - - - - - - - - - - - -
Omeprazole, Esomeprazole, Pantoprazole, Rabeprazole စတဲ့ အက်ဆစ်လျှော့ဆေး (PPI) တွေဟာ ရင်ပူ၊ အစာအိမ်အနာ၊ စားချဉ့်ပြန်ရောဂါတွေအတွက် အလွန်ကောင်းတဲ့ ဆေးတွေဖြစ်ပါတယ်။ ဒါပေမဲ့ လူတော်တော်များများက အကြောင်းရင်း သေချာ မသိဘဲ နှစ်ချီ ကြာရှည်စွဲသောက်နေတတ်တာ တွေ့ရပါတယ်။
➡️ ဘယ်လောက်ကြာ သောက်သင့်သလဲ
- - - - - - - - - -
👉 ရင်ပူ/စားချဉ့်ပြန် ရိုးရိုးဆိုရင် — များသောအားဖြင့် (၄-၈) ပတ်
👉 အစာအိမ်/အူသိမ်အနာဆိုရင် — (၄-၈) ပတ်
👉 အစာအိမ်ပိုး ကုသချိန်မှာ ပိုးရှင်းဆေးနဲ့အတူ (၂) ပတ်
👉 တချို့ အခြေအနေ (ဥပမာ — ပြင်းထန်တဲ့ အစာမျိုပြွန်ရောင်၊ ကြာရှည် NSAIDs သောက်ရသူ) မှာတော့ ရေရှည် ဆက်သောက်ဖို့ လိုနိုင်ပါတယ်
➡️ ကြာရှည်စွဲသောက်ရင် ဂရုစိုက်စရာ
- - - - - - - - - -
👉 AGA Guideline (2022) အရ — PPI သောက်နေသူတိုင်း "ဘာအတွက် သောက်နေတာလဲ" ဆိုတဲ့ အကြောင်းရင်းကို အခါအားလျော်စွာ ဆရာဝန်နဲ့ ပြန်သုံးသပ်သင့်ပါတယ်
👉 တိကျတဲ့ အကြောင်းရင်း မရှိတော့ရင် — ဆေးကို လျှော့ (သို့) ဖြတ်ဖို့ စဉ်းစားသင့်ပါတယ်
👉 နှစ်ကြိမ်သောက်နေသူများ — တစ်ကြိမ်ထိ လျှော့ပေးနိုင်တာများပါတယ်
⚠️ ကိုယ်တိုင် ရုတ်တရက် ဖြတ်လိုက်ရင် — ခဏတာ ရင်ပြန်ပူတတ်ပါတယ် (Rebound Acid)။ ဒါကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ လျှော့/ဖြတ်သင့်ပါတယ်။ သွေးယိုဖွယ် အန္တရာယ်များသူများကတော့ ကိုယ့်ဘာသာ မဖြတ်သင့်ပါ။
➡️ မှတ်သားစရာ
- - - - - - - - - -
PPI ကို လိုအပ်သလို မှန်ကန်စွာ သောက်ရင် အလွန်လုံခြုံပါတယ်။ "ဆေးဆိုးကျိုးကြောက်လို့" ချက်ချင်း ဖြတ်ဖို့ မဟုတ်ပဲ — "လိုအပ်မှုရှိ/မရှိ" အပေါ်မူတည်ပြီး ဆရာဝန်နဲ့ ဆုံးဖြတ်တာ အကောင်းဆုံးပါ။
သိချင်တာရှိရင် ကွန်မန့်မှာ မေးသွားနိုင်ပါတယ်။
မသိသေးသူ မိတ်ဆွေတွေသိအောင်လည်း မျှဝေပေးနိုင်ပါတယ်။
***
References
1. Targownik LE et al. Gastroenterology. 2022 (AGA Clinical Practice Update: De-Prescribing of PPIs)
2. Katz PO et al. Am J Gastroenterol. 2022 (ACG Clinical Guideline: GERD)
ဒေါက်တာငြိမ်းကိုဟိန်း
အစာအိမ်အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနှင့် မုန့်ချိုအိတ်ရောဂါ အထူးကုသမားတော်
ကျန်းမာပျော်ရွင်ကြပါစေ
#အက်ဆစ်လျှော့ဆေး