06/03/2024
🌟 လူကြီးတွင်သာမက လူငယ်များမှာပါ အဖြစ်များလာသော သွေးတိုးရောဂါ🌟
လူနာများ အမှတ်များကြသည်မှာ သွေးတိုးရောဂါသည် လူကြီးများတွင်သာ ဖြစ်ကြပြီး လူငယ်တွင်မဖြစ်နိုင်ဟု ထင်ကြသည်။ ယင်းမှာ လုံးလုံးမှားသည့်အတွေးပင်ဖြစ်သည်။ ယခုခေတ်လူများ နေထိုင်စားသောက်မှုတွင် လှုပ်ရှားမှု နည်းလာခြင်း၊ အထိုင်များသော အလုပ်များသာလုပ်ဖြစ်ခြင်း၊ အဆီများသော အစားများကို စားသောက်ခြင်း၊ စသဖြင့်အကြောင်းအရာများကြောင့် သွေးတိုးရောဂါဖြစ်ပွါးသူများ များပြားလာကြပါတယ်။ မြန်မာလူမျိုး များကြိုက်သော ငပိ ငါးခြောက် ငံပြာရည်များကလဲ သွေးတိုးစေပါတယ်။
လူတွေ မှတ်ထားသော ပုံမှန်သွေးပေါင်မှာ ၁၂၀/၈၀ ဟု အလွယ်တကူမှတ်ထားသော်လည်း အချို့မှာ ၉၀/၆၀ သာ ပုံမှန်ရှိသော သူများရှိသည်။ ထို့ကြောင့်ဆေးခန်းများတွင်ဆရာဝန်များ မေးလေ့ရှိသော ပုံမှန်သွေးပေါင် ဘယ်လောက်လောက်ရှိလဲ ဆိုတာ မိမိ ကိုယ်တိုင်ရဲ့ ပုံမှန်ရှိတတ်သော သွေးပေါင်ကို မေးတာ ဖြစ်ပါတယ်။ ထိုသွေးပေါင် ပေါ်မူတည်ပြီး သွေးတိုးလား သွေးပေါင်ကျ နေသလား ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။ ပုံမှန် အပေါ် သွေးပေါင် ၁၂၀ ရှိနေသူ အဖို့ ၁၃၀ လောက်ထိ တိုးခြင်းက ပြသနာ မဟုတ်သော်လည်း ပုံမှန် ၉၀ လောက်ရှိသူက ၁၃၀ လောက်ထိတိုးနေလျှင် အတော် တိုးနေပြီ ဖြစ်ပါတယ်။
ထို့ကြောင့် လူတိုင်းသည်မိမိ ၏ ပုံမှန်သွေးပေါင် ဘယ်လောက်ရှိလဲ ဆိုတာ သိအောင် အနည်းဆုံး ၁ ပတ် ၁ ကြိမ်လောက်တော့ တိုင်းထားသင့်ပါတယ်။
နောက်ထပ် သတိထားရမဲ့ အချက်ကတော့ လူတော်တော်များများကိုမေးရင် သွေးကျဆေးဆို amlong သာ သိပြီး amlodipine ဆိုတဲ့ဆေးကိုသာ သောက်နေကြတာ ဖြစ်ပါတယ်။
အမှန်မှာတော့ သွေးက ဘယ်လောက်ထိ တိုးသလဲ၊ ဘာရောဂါတွေ ရှိသေးသလဲ၊ အသက်ဘယ်လောက်ရှိလဲ၊ ဘာလူမျိုးလဲ ပေါ်တွေမူတည်ပြီး သွေးတိုးကျဆေးက ပေးရတာဖြစ်လို့ ဆရာဝန်နှင့်တိုင်ပင်ပြီး သောက်မှ သာ ပိုမိုကောင်းမွန်သော result ကိုရမှာ ဖြစ်ပါတယ်။