Saddhammaransi Mahasi Meditation Centre

Saddhammaransi Mahasi Meditation Centre www.saddhammaramsi.com Saddhammaransi Mahasi Meditation Centre

ခုမျက်စိတွေနာနေကြပါတယ်
09/10/2023

ခုမျက်စိတွေနာနေကြပါတယ်

 #ဧည့်သည်     "ဧည့်သည်"ဆိုတဲ့ စကားဟာ အခိုက်အတန့် သဘော။ခဏလာပြီး ခဏနှင့်ပြန်သွားမယ့် သဘော။အမြဲထာဝရ မဟုတ်ဘူးဆိုတဲ့ သဘောတွေက...
24/09/2020

#ဧည့်သည်

"ဧည့်သည်"ဆိုတဲ့ စကားဟာ အခိုက်အတန့်
သဘော။

ခဏလာပြီး ခဏနှင့်ပြန်သွားမယ့် သဘော။

အမြဲထာဝရ မဟုတ်ဘူးဆိုတဲ့ သဘောတွေကို
ဖော်ညွှန်းတဲ့ စကားတွေပါ။

မြန်မာအဘိဓါန်မှာတော့ ဧည့်သည်က

#တစ်နေရာရာမှ ခေတ္တခဏ လာရောက်လည် ပတ် သူ" -- လို့
အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။

လောကမှာ ဧည့်သည်အမျိုးမျိုးရှိသလို

ဧည့်သည်နှင့်တူသောအရာ သုံးမျိုးလောက်ရှိပါတယ်။

#လောက ဇရပ်ပေါ်မှ သတ္တဝါ ဧည့်သည်များ။

#ခန္ဓာ ဇရပ်ပေါ်မှ ဝေဒနာ ဧည့်သည်များ။

#ကိလေသာ ဧည့်သည်များတို့ဖြစ်ပါတယ်။

#လောကဇရပ်ပေါ်မှ သတ္တဝါဧည့်သည်များ
------------------------------
လောက ကြီးက ဇရပ်နဲ့ တူတယ်။
သတ္တဝါတွေက ဇရပ်ပေါ်မှာ ခေတ္တခဏအကြောင်း အား လျှော်စွာတွေ့ပြီး အကြောင်း ကုန်တော့ ပြန်ကြ ရတဲ့ ဧည့် သည်တွေပါ။

လူ့ဘဝ အချိန်တိုလေးမှာ ဇရပ်ပေါ် အငြိမ်မနေ နိုင်ကြပဲ ပတ်ဝန်းကျင်မှာ တွေ့ရတဲ့ သူတွေနဲ့
သံယောဇဥ်ရစ်ပတ် နှောင်ဖွဲ့ကာ ပြုံးရယ်
ငိုမဲ့ အချစ်တွေပိုကြ အမုန်းတွေပိုကြနဲ့
တကယ့်ကို ဇရပ်ပေါ်မှာ အမျိုးမျိုးသရုပ်ဆောင် ကပြ နေကြ တာပါ။

ဘဝဆိုတာ ခဏလေး- ဧည့် သည်တွေပါလို့ စွဲစွဲမြဲမြဲ စဉ်းစား ဆင်ခြင်နိုင် မယ်ဆိုရင် ဥပါဒါန်နည်းသွားပြီး သေမယ် ဆိုလည်း အေးချမ်းစွာ သေနိုင်ပါလိမ့်မယ်။

ခွဲခွာခြင်းကို ကြိုတင် နားလည်ခြင်း စဉ်းစား ဆင်ခြင်နိုင်ခြင်း မရှိရင်တော့ တကယ်ခွဲခွာရတဲ့ အခါ ဆောက်တည်ရာ မရ လောက်အောင် ပူလောင်ခံကြရ
လိမ့်မယ်။

"ဘဝဆိုတာ ဧည့်သည်သဖွယ်ခဏပါ"
ဆိုတဲ့အသိအမြင် ရင့် ကျက် ခိုင်မာအောင် ပွားများထားပါမှ သဘာဝတရားကြီးကခွဲခွာခြင်းဖြင့်နှိပ်စက်တဲ့ အခါခံနိုင်ရည်ရှိမှာပါ။

#ခန္ဓာဇရပ်ပေါ်မှ ဝေဒနာ ဧည့်သည်များ
----------------------------
ဧည့်သည်များ နေထိုင်ရာ ဇရပ်ပေါ်သို့ အရှေ့ အနောက် တောင် မြောက် အရပ်လေး
မျက်နှာမှ ဧည့်သည်များ လာရောက်နေထိုင် သကဲ့သို့

ခန္ဓာကိုယ် ဇရပ်ကြီး ပေါ်၌ လည်း သုခဝေဒနာ။ ဒုက္ခဝေဒနာ။ ဥပေက္ခာဝေဒနာ။စသည်ဖြင့် ဝေဒနာ အမျိုးမျိုး တို့သည် လည်း ဖြစ်ကုန်ကြ၏။

အမျိုးမျိုးသော ခံစားချက် ဝေဒနာတို့သည်လည်း အကြောင်းအားလျှော်စွာဖြစ် ပြီးတော့အကြောင်းအား လျှော်စွာပဲ ချုပ်ပျောက် သွားတယ်။

ဝေဒနာ ခံစားချက်တိုင်း ဟာ"ရေပွက်ပမာ" ဆိုတဲ့အ တိုင်းခဏဖြစ်ပြီး ခဏနှင့် ပျက်စီး ပျောက်ကွယ် သွား တာပါ။

ဝေဒနာရဲ့သဘောသဘာဝကို မသိနားမလည်ရင် နားမလည်တဲ့လျှောက်
ဒုက္ခ ပေး တော့တာပါပဲ။

ခံစားချက် သဘောအမှန်ကို သိပြီး ခံစားချက် မှန်သမျှဟာအကြောင်းပြုပြီးဖြစ်လာကြရ တယ်။

အကြောင်းတရားမှ မမြဲရင် အကျိုးတရားဟာလည်း မမြဲနိုင်ဘူးလို့ ကောင်းကောင်းသဘောပေါက်အောင် ကြိုးစားကြရမှာပါ။

#ကိလေသာ ဧည့်သည်များ
------------------------------
ပင်ကိုယ်ဖြူစင်နေတဲ့ စိတ်ကလေးဟာ ကိလေသာ ဧည့်သည်တို့ကြောင့် ညစ်နွမ်းသွားရတယ်။

သူက သိမြင် နားလည်ရုံနဲ့ မလုံလောက်ပါဘူး။
မလာ အောင် တားဆီးရမယ့် ဧည့်သည် ပါ။

ပူပန်ဆင်းရဲမှုနှင့် ဒုက္ခ အပေး နိုင်ဆုံး အန္တရာယ် ကြီးလွန်းတဲ့ သတိထားရမဲ့ ဧည့်သည်ပါ။

ကိလေသာ ဧည့်သည်ဆိုး ကြောင့်ဖြစ်ပေါ်နိုင်တဲ့ အဆိုးဆုံးအကျိုးရလဒ်ကတော့ အပါယ်လေးဘုံကို ရောက်စေတာပါပဲ။

ကိလေသာကြီးရင်ကြီး သလောက် ဒုက္ခကြီးရတတ်ပါတယ်။
ကိလေသာ ဧည့်ဆိုးတွေ ဘာကြောင့် ရောက်ရ
သလည်းဆိုရင်

" သတိကင်းလွတ်ပြီး မေလျော့နေလို့" လို့ဖြေရမှာပါ။

ဒါဆိုရင် ဘယ်လိုတားဆီးမလဲ။သတိ ဝီရိယ ပညာ ဦးစီးပြီး ရုပ်သဘာဝနာမ်သဘာဝတွေ ဖြစ်တိုင်းပျက်တိုင်း အမှန်အတိုင်းသိသိပေးနေပါလိမ့်မယ်။

သိသင့်သိထိုက်သော
ဧည်သည်တို့ကို သိအောင် ကြိုးစားပြီးလျှင် ပယ်သင့် ပယ်ထိုက် သော ဧည့်သည်များကိုလည်းကြိုးစားပယ်နိုင်ကြပါစေ။

အရှင်ဥတ္တမ
(သစ္စာရွှေစည်ဆရာတော်)၏
ဧည့်သည်နှင့်တူသောအရာ များမှ ကောက်နှုတ်ဖေါ် ပြပါ သည်။

စေတနာ မေတ္တာဖြင့်
ဒေဝီခင်
(23-9-13)
ကြိုက်လို့ပြန်လည်တင်ပြပါသည်။

 #ကံမကောင်းဘူးဆိုရင် ကံကောင်းအောင် ဘာလုပ်ရမှာလဲ....မကောင်းတဲ့ကံ တွေ ပပျောက်အောင် ကံကောင်းတဲ့နည်းတွေ မရှိဘူးလားဆို၊ ရှိတယ...
14/09/2020

#ကံမကောင်းဘူးဆိုရင် ကံကောင်းအောင် ဘာလုပ်ရမှာလဲ....

မကောင်းတဲ့ကံ တွေ ပပျောက်အောင် ကံကောင်းတဲ့နည်းတွေ မရှိဘူးလားဆို၊ ရှိတယ်။

အကုသိုလ် အကျိုးတွေ ဝင်ရောက်ဖြစ်ပေါ်နေတာကို လူတွေက ကံမကောင်းဘူးလို့ပြောတာ။

အကုသိုလ်ရဲ့ အကျိုးတရား တွေက ကိုယ့်သန္တာန် ရောက်ပြီ၊ ထိခိုက်နေပြီဆိုရင်...
ဒါက ကံမကောင်းဘူးလို့ ပြောကြတယ်။

အဲဒီအချိန်မှာ ကိုယ့်ရဲ့လုပ်ရပ်ကို ပြန်ဆန်းစစ် ကြည့်ရမယ်။

ငါတို့လုပ်နေတာ အမှားမရှိဘူး၊ အကောင်း တွေလုပ်တယ်။

သို့သော် အတိတ်တုန်းက မှားယွင်းမှုတွေကလည်း
လူတွေရဲ့သန္တာန် လာရောက်ပြီး အကျိုးပေး နေတာတွေ ရှိတတ်တယ်ပေါ့။

အဲဒီလို ဖြစ်ပေါ်လာတာမျိုးတွေ ကော မရှိနိုင်ဘူးလားဆို ရှိနိုင်တယ်။

ရှိလာလို့ရှိရင် ဘာနဲ့အကာအကွယ်လုပ်ရမလဲလို့ ဆိုရင် ကံကောင်းအောင် ကောင်းတဲ့ကံတရား တွေကို ကြိုးစားပြီး လုပ်ရမယ်။

ဘုရားကို အာရုံပြုမယ်၊ သံဃာကို အာရုံပြုမယ်။

ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ရွတ်ဖတ် သရဇ္စျာယ်မယ်။

ဘုရားကို ပူဇော်မယ် နော်။ ဘုရားနဲ့ ပတ်သက်ပြီး
စိတ်ကြည်နူးမှုတွေရအောင် လုပ်ရမယ်။

ကုသိုလ်ကောင်းမှုတွေ မပြတ်လုပ်ပေးရမယ်။

ဘုရားပန်း၊ ရေချမ်း အမြဲတမ်း ဆက်ကပ်၊ ဘုရားကို အာရုံပြု၊ ကုသိုလ်တရားတွေကို
စိတ်ထဲမှာ ဖြစ်ပွားအောင်ကြိုးစား၊ အဲဒီလို ကြိုးစားခြင်းအားဖြင့်လည်းပဲ
မကောင်းတဲ့ကံတွေ ပပျောက်သွားနိုင်တယ်။

ကံဆိုးမိုးမှောင်ကျလာတဲ့အခါ ဖြစ်လာမယ့် အရိပ်အရောင်ရှိပြီ ဆိုတဲ့အချိန်မှာ
ဘာနဲ့ ကာကွယ်ရသလဲဆိုရင် ဘုရားကို အာရုံပြုပြီး ဗုဒဓြါနုူတိကို ပွားရမယ်။

ဘုရားရဲ့ ဂုဏ်တော်တွေကို အာရုံပြု၊ ကမ္မဌာန်းထိုင်၊ ဂုဏ်တော်တွေကို နှလုံးသွင်း ဆင်ခြင်ပြီး အချိန်များများ မြတ်စွာဘုရားကို ပူဇော်ရမယ်။

လုပ်ပြီးတဲ့အခါ ကိုယ်လုပ်တဲ့ ကုသိုလ်ကောင်းမှုကို ကိုယ်မမြင်ရတဲ့ သတ္တဝါတွေ၊
ကိုယ့်အနီးအပါးမှာရှိတဲ့ အိမ်စောင့်နတ်တွေကို အမျှအတန်း ပေးဝေရမယ်။

အဲဒီ အမျှအတန်း ပေးဝေခြင်းအားဖြင့် ကိုယ်နဲ့သူတို့နဲ့က မိတ်ဆွေဖြစ်သွားတယ်။
ခင်မင်ရင်းနှီးမှုတွေ ရလာတယ်။

မိတ်ဆွေဖြစ်လို့ရှိရင် ကိုယ် အန္တရာယ် မရောက်အောင် သူတို့က ကြည့်ရှုပေးတယ်။

အိမ်နားနီးချင်းနဲ့ တည့်အောင်ပေါင်းရင်တောင်မှပဲ ကိုယ့်အိမ် ကြည့်ပေးဖော်ရမယ်။

မတည့်ဘူးဆိုရင် မသိချင်ယောင်ဆောင်နေမှာ ဘာကြီးဖြစ်နေနေ၊ ဟုတ်ကဲ့လား။

အဲဒါလိုပဲ ကိုယ်မမြင်ရလို့ အိမ်စောင့်နတ်တို့၊ ကိုယ်စောင့်နတ်တို့ သွားပြီးတော့ ရန်မဖြစ်လေနဲ့။
ရန်ဖြစ်ရင်တော့ အဲဒါ ကိုယ့်ကို ကောင်းကျိုး ပေးမှာ မဟုတ်ဘူးနော်။ ဘယ်သူနဲ့မှ ရန်မဖြစ်နဲ့။

နောက်ဆုံးမှာ ကိုယ့်ရဲ့အိမ်က မွေးထားတဲ့ ခွေးနဲ့တောင် ရန်ဖြစ်ရင် ကိုယ့်ကို မျက်စောင်းထိုး ကြည့်တာအနည်းဆုံး ခံရမယ်။ ကြောက်လို့သာ ပြန်မလုပ်တာ ရှိမယ်နော်။

ဒီတိရစ္ဆာန်တွေမှာလည်း အသိရှိတယ်လေ။
တစ်ခါလောက် ရိုက်ထားတဲ့သူဆိုရင် ရှောင်ပေရှောင်ပေနဲ့ မျက်စောင်းထိုးကြည့်တယ်။

သူတို့ အမြဲတန်း ငါ့များဘာလုပ်မလဲဆိုပြီး ဒေါသနဲ့ ကြည့်တာ။

ဘယ်သူနဲ့မှ ရန်မဖြစ်ဘဲ မေတ္တာ သက်ရောက်အောင် လုပ်တာဟာ ကိုယ့်အတွက် ကံကောင်းစေခြင်းရဲ့ အကြောင်းတစ်ခုပဲ
ဖြစ်တယ်ပေါ့။ ကိုယ့်အတွက် အကူအညီရခြင်းပဲ။

မေတ္တာပို့ရတယ်။ အမျှအတန်းပေးဝေရတယ်။

ကုသိုလ်ကောင်းမှုလုပ်တိုင်းလုပ်တိုင်း
ဖိတ်ကြားပြီးတော့ သူတို့ကို အရေးတယူ လုပ်ရတယ်။

မိတ်ဆွေကောင်းတောင်မှ လမ်းမှာတွေ့ရင်
ကိုယ်က အရင်ခေါ်ရတယ်။

အရေးတယူ နှုတ်ဆက်ရင် ရင်းနှီးတယ်။ မခေါ်ချင်သလိုလို လုပ်သွားရင်သူကလည်း မခေါ်ချင်သလိုလို ပြန်လုပ်မှာပဲ။

လူအချင်းချင်းတောင် ဒီလို ဖြစ်လာတယ်။

အဲဒါကြောင့်မို့ ကံကောင်းအောင်လုပ်ဖို့ဆိုသည်မှာ ကိုယ်ကိုယ်တိုင်က ရင်ထဲက အမုန်းကင်းပြီး
မေတ္တာဘာဝနာတွေ များများပွားရမယ်။

မေတ္တာပို့မယ်၊ အမျှအတန်း ပေးဝေမယ်၊
အားလုံးနဲ့ မိတ်ဆွေတွေဖြစ်မယ်။

အရာရာမှာ စိတ်ကြည်နူးမှုတွေ ရလာတဲ့အခါမှာ ကိုယ်တွေးတာတွေ၊ကိုယ်ကြံတာတွေ၊ ကိုယ်လုပ်တာတွေလည်း လမ်းမှန်ပေါ် ရောက်လာနိုင်တယ်ပေါ့။

အဲဒီလိုမဟုတ်ဘူး။
"ကံမကောင်း အကြောင်းမလှ" လို့ မကောင်းတာတွေနဲ့ စိတ်ကညစ်နေရင်
ပိုဆိုးသွားနိုင်တယ်။

အဲဒီလိုမဖြစ်ရအောင် သတိရှိရမယ်။ ဘယ်သူပဲဖြစ်ဖြစ် ကံကြမ္မာ ရဲ့အလှည့်အပြောင်းကြောင့်ကံကောင်းတဲ့အခါ ကောင်းတယ်၊ မကောင်းတဲ့အခါ မကောင်းဘူး။

ဘုရားဂုဏ်တော်တွေကို ကိုယ့်ရဲ့ ရင်ထဲနှလုံးထဲ ရောက်အောင် တည်ငြိမ်အေးချမ်းမှုကို
ပေးနိုင်တဲ့ဟာမျိုးဖြစ်အောင် လုပ်ရမယ်။

ပြီးပြီ ဆိုပြီးတော့မှ ကိုယ့်ရဲ့ (wish) ကို ဖော်ပြတာ။

ဆုတောင်းတိုင်းကတော့ မရဘူးပေါ့။

ဆုတောင်းတိုင်း ရလို့ရှိရင် ဘာမှ လုပ်မနေနဲ့။

ထိုင်ပြီးတော့ ဆုသာ ဆုတောင်း။

စာမေးပွဲအောင်လို့ရှိရင် ဒီ ၃- လုံးပါပါစေ၊ ၆- လုံး ပါပါစေ၊
ထိုင်သာ ဆုတောင်းနေ၊ စာမကျက်နဲ့၊ ရမှာ မဟုတ်ဘူးနော်။

အဲဒါကြောင့်မို့လို့ ဆုတောင်းရုံနဲ့ ဘယ်အရာမှ မရဘူး။

ဆုတောင်းတယ်ဆိုတာ wish ကိုဖော်ပြတာပဲ ဖြစ်တယ်။

ဆုတောင်းတာ လိုချင်တဲ့ဆန္ဒရဲ့နောက်မှာ လုံ့လ ဝီရိယတို့၊ အသိဉာဏ်တို့ ဆိုတာတွေ လိုအပ်တယ်ပေါ့။

အဲဒီလို အကြောင်းအကျိုး ဆီလျှော်စွာ အလုပ်လုပ်မှ ကောင်းကျိုးချမ်းသာတွေဆိုတာ ရနိုင်တယ်။

အဲဒီလို အချက်တွေကိုလည်း မြတ်စွာဘုရား ဟောတာဖြစ်တယ်။

ဗုဒ္ဓဆိုတဲ့ ဂုဏ်တော်တွေထဲမှာအရာခပ်သိမ်းကို သိစွမ်းနိုင်တဲ့ အသိဉာဏ်ရှိလို့ `ဗုဒ္ဓ` ဆိုတာကို အာရုံပြုပြီးတော့နှလုံးသွင်း ဆင်ခြင်ခြင်းအားဖြင့် မိမိအတွက် ကံကောင်းလာနိုင်တယ်ဆိုတာ ယုံကြည်ကြရမှာ ဖြစ်တယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

Khin Sandar Soe Htut..

နာတည်ရှည်ရောဂါသည်များဟာ ကိုယ်နိုင်တဲ့အလုပ်လေးတွေကို စိတ်ပါလက်ပါလုပ်ပေးနေမှ ကိုယ့်ရောဂါဆီ စိတ်မရောက်တော့မှာ။စိတ်ကအားနေရင်...
01/07/2020

နာတည်ရှည်ရောဂါသည်များဟာ ကိုယ်နိုင်တဲ့အလုပ်လေးတွေကို စိတ်ပါလက်ပါလုပ်ပေးနေမှ ကိုယ့်ရောဂါဆီ စိတ်မရောက်တော့မှာ။

စိတ်ကအားနေရင် ၊
အလုပ်မရှိရင်
ဒီရောဂါအကြောင်းပဲ
စဥ်းစားပြီး ကိုယ့်ကိုယ်ကို
သနားနေတာ

ကိုယ့်ရောဂါ ခဏ မေ့ထားပြီး
အိမ်မှာနေရင်း ပေါ့ပေါ့
ပါးပါးကုသိုလ်ရမဲ့အလုပ်
တွေ အများကြီးပါ၊

ကိုယ်ကနာတာရှည်ဆိုပြီး အိပ်ယာထဲတစ်ချိန်လုံးလှဲနေရင် ရောဂါပိုတိုးပါတယ်။

ရုပ်ရှိတော့ ရုပ်ကဖောက်ပြန်တဲ့အလုပ်လုပ်လိမ့်မယ်။

ကိုယ်က သတိဥာဏ်ဦးစီးပြီး
ကိုယ့်အလုပ်ကိုယ်လုပ်ရပါ
လိမ့်မယ်။

ကိုယ့်အလုပ်ဆိုတာ ကုသိုလ်ရပြီးကိုယ့်နောက်ပါမဲ့ဒါန၊
သီလ၊ ဘာဝနာ ကုသိုလ်ထုပ်
ကိုဆိုလိုတာပါ။

နာတာရှည်ရောဂါသယ်ဆိုပြီး
ကိုယ့်ကိုယ်သိပ်မညှာပါနဲ့။

ညှာနေလည်းနောက်ဆုံးသည်ခရီးပဲ

မညှာလည်းသည်ခရီးသွားကြမဲ့အတူတူ ကြိုးစားပြီး
ကုသိုလ်ရမဲ့ ကိုယ်နိုင်တဲ့ဝန်
လေးထမ်းမယ်ဆို

ကိုယ့်အတွက်ရော်၊ ကိုယ့်မိသားအတွက်ပါ အကျိုးရှိပါတယ်။

အိမ်သားတွေ၊သားသမီးတွေကိုလည်း ငါခံစားနေတာကို
မသိတတ်ဘူး၊ ဂရုမစိုက်ဘူးလို့လည်းအပစ်မတင်ပါနဲ့။

သူမှကိုယ်မဟုတ်တာ
အကုသိုလ်ဖြစ်မဲ့ အလုပ်မှန်သမျှလည်း မတွေးမိ၊ မပြောမိ မလုပ်မိတာအကောင်းဆုံးပါ။

စိတ်ကိုတင်းမထားပဲ
အရာရာကိုလိုက်ရောညီထွေ
နေတတ်အောင်နေရလိမ့်မယ်။

ကိုယ်လက်တွေ့ခံစားနေတဲ့
ခံစားချက်လေးပါ။

စေတနာ မေတ္တာဖြင့် ဒေဝီခင်

🙏သံဃံ ပူဇေမိပါဘုရား🙏    " ကြောက်စရာအကောင်းဆုံးလူနှင့်ချစ်စရာအကောင်းဆုံးလူ " 🌍🌍လောကမှာ ကြောက်စရာအကောင်းဆုံးသတ္တဝါဟာဘယ်သူလ...
26/06/2020

🙏သံဃံ ပူဇေမိပါဘုရား🙏

" ကြောက်စရာအကောင်းဆုံးလူနှင့်ချစ်စရာအကောင်းဆုံးလူ "

🌍🌍
လောကမှာ ကြောက်စရာအကောင်းဆုံးသတ္တဝါဟာ
ဘယ်သူလဲလို့ လိုက်ရှာကြည့်ပါ။

တရားကင်းကွာနေတဲ့ဒေါသ အပူအခိုးအငွေ့ထွက်နေတဲ့
ဒေါသနှလုံးသားပိုင်ရှင်ဖြစ်တဲ့ ပုဂ္ဂိုလ်ဟာ
လောကမှာ ကြောက်စရာအကောင်းဆုံး။

👥👥
လူဟာ တရားကင်းကွာနေပြီဆိုရင်
ဒေါသ အပူအခိုးအငွေ့ ထွက်နေပြီဆိုရင်
တိရိစ္ဆာန်ထက်တောင် ကြောက်စရာအဖြစ် ရောက်သွားတတ်ပါတယ်။

လူကြောင့်ဖြစ်တဲ့ အန္တရယ်ဟာ
လောကမှာ ကြောက်စရာအကောင်းဆုံး။

ဒါ့ကြောင့် လောကမှာ
ကြောက်စရာအကောင်းဆုံးဟာ လူပဲ။

" ချစ်စရာအကောင်းဆုံးလူ "
🌍🌍
တရားစွမ်းအားနဲ့တည်ငြိမ်ရင့်ကျက် အေးချမ်းပျော်ရွှင်စွာ
နေထိုင်တတ်တဲ့ မေတ္တာနှလုံးသားပိုင်ရှင်ဖြစ်တဲ့ပုဂ္ဂိုလ်ဟာ
လောကမှာ ချစ်စရာ မြတ်နိုးစရာ အားကိုးစရာ အကောင်းဆုံး။

👥👥
လူဟာ တကယ်ကောင်းလာပြီဆိုရင်
မိမိ သူတစ်ပါး လောက သာသနာအတွက်
အားကိုးရတဲ့ပုဂ္ဂိုလ်တွေ ဖြစ်သွားတယ်။
အများရဲ့ချစ်ခင်လေးစားမှုကိုလည်း ခံရတယ်။

ဒါ့ကြောင့် လောကမှာ
ချစ်စရာအကောင်းဆုံးဟာလည်း လူ။
ကြောက်စရာအကောင်းဆုံးဟာလည်း လူပဲ။

( ကျေးဇူးရှင် ယောဆရာတော်ဘုရားကြီး )

စည်း နှင့် ကမ်း---------------မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးတော်မူနေစဉ်ကဖြစ်သည်။ ရဟန...
19/06/2020

စည်း နှင့် ကမ်း
---------------
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးတော်မူနေစဉ်ကဖြစ်သည်။

ရဟန်းနှစ်ပါးသည်
အစိရဝတီမြစ်တွင် ရေချိုးပြီးနောက် ကမ်းပါးတွင် နေဆာ
လှုံနေကြသည်။

ထိုအချိန်တွင် ဟင်္သာနှစ်ကောင်ပျံလာကြသည်ကို ရဟန်းနှစ်ပါးမြင်တွေ့လိုက်ရသည်။ ရဟန်းတစ်ပါးက

“ငါ့ရှင် ငါသည် ဟင်္သာ၏ မျက်စိကို ကျောက်စရစ်ဖြင့် မှန်အောင်ပစ်နိုင်သည်” ဟု ပြောလိုက်သည်။

ကောင်းကင်၌ပျံသန်းနေသည့် ဟင်္သာ၏ မျက်စိကို မှန်အောင်ပစ်မည်ဆိုခြင်းမှာ မဖြစ်နိုင်ဟုထင်ပြီး ရဟန်း တစ်ပါးက

“အရှင်ဘုရား မဖြစ်နိုင်ပါ” ဟု ပြောလိုက်သည်။

ကျောက်စရစ်ကို ကောက်ကိုင်လိုက်ပြီး ပထမရဟန်းက

“ငါသည် ဤဘက်မျက်စိမှသည် ဟိုဘက်မျက်စိတိုင်အောင်ပစ်ပြမည်” ဟုဆိုပြန်သည်။

ရဟန်းက ကျောက်စရစ်ကိုကောက်ကိုင်ပြီး ပစ်လိုက်သည်။ ကျောက်စရစ်အသံကြားသဖြင့် ဟင်္သာက နောက်လှည့်ကြည့်သည်။

ကျောက်စရစ်သည် မျက်စိတစ်ဖက်မှ အခြားမျက်စိတစ်ဖက်ကို ဖောက်ထွက်သွား သည်။ ဟင်္သာလည်း မြေသို့ကျကာ သေရှာလေသည်။

ကျောက်စရစ်ဖြင့် ဟင်္သာကိုသတ်သော ရဟန်းကို ဘုရားရှင်ထံ ရဟန်းများက ခေါ်ဆောင်သွားသည်။ ဘုရားရှင်က ထိုရဟန်းကို ရှုတ်ချပြီး

“အကြင်သူသည် လက်ကိုစောင့်စည်း၏။ ခြေကိုစောင့်စည်း၏။ နှုတ်ကို စောင့်စည်း၏။ တစ်ကိုယ်လုံးကို စောင့် စည်း၏။

ကမ္မဋ္ဌာန်း စီးဖြန်းခြင်းဖြင့် မွေ့လျော်လျက် စိတ်တည်ကြည်၏။ တစ်ယောက်တည်းနေလျက် ရောင့်ရဲ နိုင်၏။ ထိုသူကို ရဟန်းဟုဆိုကုန်၏” ဟု မိန့်ဆို ဆုံးမတော်မူခဲ့ပါသည်။

ရဟန်းတွင်လည်း ရဟန်းစည်း၊ လူတွင်လည်း လူ့စည်းဟူ၍ ရှိပါသည်။

စည်းကမ်းအရာတွင် ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ ဆုံးမသြဝါဒကလည်း ကြည်ညိုလေးစား စရာဖြစ်ပါသည်။

ဆရာတော်ကြီးသည် သင်္ကန်းဝတ်ပုံ၊ စားသောက်ပုံ၊ နေထိုင်ပုံမှသည် ဖိနပ်ချွတ်သည်ကအစ စည်းကမ်းစနစ်ရှိမှ နှစ်သက်တော်မူသည်။

“စည်းကမ်းဆိုတာ လူ့တန်ဖိုးပဲ။ စည်းကမ်းဆိုတဲ့ ဝေါဟာရ စကားလုံးလေးဟာ နှစ်လုံးတည်းပေမယ့် အဓိပ္ပာယ် အပြည့်ရှိကြတယ်” ဟု မိန့်ဆိုတော်မူခဲ့သည်။

ဆရာတော်ဘုရားကြီး၏ စည်းကမ်းနှင့်ပတ်သက်၍ ဖွင့်ဆိုရှင်းပြချက်မှာ လေးစားဖွယ်ဖြစ်ပါသည်။

“စည်း” ဆိုသည်မှာ တူရိယာဝိုင်းတစ်ခုထဲတွင် သူ့အကန့်နှင့်သူ မရောအောင်ခြားပေးထားသော ပစ္စည်း ဖြစ်သည်။

ဆိုင်းဝိုင်းတစ်ခုတွင် စည်းနှင့်ဝါးက နေရာချပေးရသည်။ စည်းဝါးကို နားမလည် ဝင်ရောလျှင် ရှုပ်ကုန် မည်ဖြစ်သည်။ စည်းက စည်းနေရာ၊ ဝါးကဝါးနေရာ ဟန်ချက်ညီညီချနိုင်မှ က၍ရသည်။ နားထောင်၍လည်း ကောင်းသည်။

“ကမ်း” ဆိုသည်မှာ မဖိတ်လျှံအောင် ထိန်းပေးခြင်းဖြစ်သည်။ မြစ် ချောင်း အင်း အိုင်များတွင် မို့မောက်နေသည့် ဘေးကမ်းများဖြင့် မထိမ်းထားနိုင်လျှင် လျှံထွက် ပြန့်ကြဲပြီး စီးချင်ရာစီးမည်။

“စည်း” ကဟန်ချက်ညီအောင်လုပ်ပေးသည်။

“ကမ်း” က လမ်းကြောင်းချပြီး ဘောင်ဝင်အောင်လုပ်ပေးသည်။

စည်းမရှိ ကမ်းမရှိသူတွေက သူ့နေရာ ကိုယ့်နေရာမသိ ဟန်ချက်ပျက်အောင်လုပ်သည်။ လမ်းကြောင်းကို ဖျက်ဆီးကြသည်။

စည်းဖောက်လျှင် ကမ်းပျောက်သည်။ ကမ်းပျောက်လျှင် လမ်းပျောက်သည်။

ဆရာတော်ဘုရားကြီးက

“လူ့လောကမှာလည်း စည်းတို့ကမ်းတို့ ရှိရတယ်။ ကြီးပွားချင်ပါတယ်ဆိုတဲ့ သူတွေဟာ ရှိကို ရှိရတယ်။ မရှိတဲ့သူဟာ ပြည့်ပြည့်စုံစုံမကြီးပွားနိုင်ပါဘူး” ဟု မိန့်ဆိုတော်မူခဲ့ပါသည်။

အချို့မြန်မာတွေ
အဘယ်ကြောင့်
မကြီးပွားသနည်း

ကိုယ့်နေရာကိုယ်မသိ

စည်းမရှိ ကမ်းမရှိ

(ရည်ညွှန်း - ဓမ္မပဒ၊ ဘိက္ခုဝဂ်နှင့် အရှင်ဇနကာဘိဝံသ၊ တစ်ဘဝသာသနာ)
တင်ညွန့်
Credit. စာပေလွှာ ရဲ့ စာပေလွှာ

" #ချီးမွမ်းခြင်း_ကဲ့ရဲ့ခြင်း_အလျင်မလိုပါနဲ့''နေ့ရဲ့သာယာမှုကိုပြောဖို့..ညရောက်အောင် စောင့်ပါအုံး။သူငယ်ချင်းကောင်း မကောင်...
09/06/2020

" #ချီးမွမ်းခြင်း_ကဲ့ရဲ့ခြင်း_အလျင်မလိုပါနဲ့''

နေ့ရဲ့သာယာမှုကိုပြောဖို့..
ညရောက်အောင် စောင့်ပါအုံး။

သူငယ်ချင်းကောင်း
မကောင်း ပြောဖို့..
ဒုက္ခရောက်တဲ့အချိန်ထိ စောင့်ပါအုံး။

ခင်ပွန်း ဇနီး ကောင်း
မကောင်း ပြောဖို့..
နာမကျန်းဖြစ်တဲ့အချိန်ထိ စောင့်ပါအုံး။

သားသမီး လိမ္မာတယ်
ဆိုးတယ် ပြောဖို့..
အိုမင်းမစွမ်းဖြစ်တဲ့ အချိန်အထိ စောင့်ပါအုံး။

သင့် ဘဝ သာယာတယ် ကံဆိုးတယ် ပြောဖို့..
ဘဝ နေဝင်ချိန်အထိ
စောင့်ပါအုံး။

လူတစ်ယောက်ကို ကောင်း
မကောင်းပြောဖို့..
ပေါင်းသင်းချိန်ကြာတဲ့
အထိ စောင့်လိုက်ပါအုံး။

ယောက်ျားလေးတစ်ယောက်ကို ဆိုးတယ်လူပီသတယ်ပြောဖို့..
သူ့လုပ်ရပ်တွေကို စကားထက် အသားကို ​သေချာ
အရင်လေ့လာလိုက်ပါအုံး။

မိန်းကလေးတစ်ယောက်ရဲ့သတင်းကို နားစွန်နားဖျားကြားပီး ဝေဖန်ဖို့..
သတင်းအချက်အလက် ခိုင်မာတဲ့ တိကျတဲ့ အထိစောင့်ပါအုံး။

အဝတ်အစားကို သားသား နားနား ဝတ်ထားသူကို
လူကြီးလူကောင်းပါလို့ ပြောဖို့
သူပြောတဲ့စကားနဲ့ လုပ်ရပ်ကို ​စောင့်ကြည့်ပါအုံး။

အဝတ်အစား နွမ်းလျ​နေ
လို့ ဝတ်ထားသူကို
စာရိတ္တကောင်း မကောင်း ဝေဖန်ဖို့
သူ့လုပ်ရပ်တွေကို စောင့်ကြည့်ပါအုံး။

လောကကြီးမှာ ဘယ်အရာကိုမှ
အကြားဖြင့် မသုံးသပ်သင့်သလို..
အမြင်တစ်ခု .. ပေတံတစ်ခုတည်း ဖြင့်
အစောတလျင် မဆုံးဖြတ်မိ စေနဲ့နော်။

အရာအားလုံးက သင် ထင်မြင်ယူဆထားတာနဲ့
တစ်ခါတလေမှာ တက်တက်စင်အောင် လွဲနေတတ်ပါတယ်။

လေးစားစွာဖြင့်
(စာ​ရေးဆရာ _ #ဇင်းနစ်မကွေး)

"စိတ်ရဲ့အလိုကို ကိုယ်က မလိုက်ပါနဲ့""ကိုယ်ရဲ့အလိုကိုသာ စိတ်က လိုက်ပါစေ" *****မစင်ဆိုတာ အာဟာရကြောင့်ဖြစ်တာ..မစင်ကိုသာ စက်ဆ...
06/06/2020

"စိတ်ရဲ့အလိုကို ကိုယ်က မလိုက်ပါနဲ့"

"ကိုယ်ရဲ့အလိုကိုသာ စိတ်က လိုက်ပါစေ"
*****
မစင်ဆိုတာ အာဟာရကြောင့်ဖြစ်တာ..
မစင်ကိုသာ စက်ဆုပ်တတ်ကြပြီး
အာဟာရကိုတော့ မစက်ဆုပ်တတ်ကြဘူး..

စိုးရိမ်ခြင်းဆိုတာ ချစ်ခြင်းကြောင့်ဖြစ်တာ..
စိုးရိမ်ခြင်းကိုသာ ကင်းလိုကြပြီး
ချစ်ခြင်းကိုတော့ မကင်းလိုကြဘူး..

သေခြင်းဆိုတာ ဘဝကြောင့်ဖြစ်တာ..
သေခြင်းကိုသာ ကြောက်လန့်ကြပြီး
ဘဝကိုတော့ မကြောက်လန့်ကြဘူး..

ဆင်းရဲဆိုတာ လောဘကြောင့်ဖြစ်တာ..
ဆင်းရဲကိုသာ ဖယ်လိုကြပြီး
လောဘကိုတော့ မဖယ်လိုကြဘူး..

ချမ်းသာဆိုတာ ကောင်းမှုကြောင့်ဖြစ်တာ..
ချမ်းသာကိုသာ လိုချင်ကြပြီး
ကောင်းမှုကိုတော့ မပြုချင်ကြဘူး..

ပူလောင်မှုဆိုတာ ကိလေသာကြောင့်ဖြစ်တာ..
အပူကိုသာ ရှောင်လိုကြပြီး
ကိလေသာကိုတော့ မရှောင်လိုကြဘူး..

ငြိမ်းချမ်းမှုဆိုတာ ဓမ္မကြောင့်ဖြစ်တာ
ငြိမ်းချမ်းမှုကိုသာ ဆောင်လိုကြပြီး
ဓမ္မကိုတော့ မဆောင်လိုကြဘူး..

ဘာကိုမှ မလိုချင်လျှင် ဘာကိုမှကြောက်စရာမရှိ..
ရောင့်ရဲမှုဟာ မလိုချင်ခြင်းမှာရှိတယ်..

ဘာကိုမှ မလိုချင်လျှင် ဘယ်လိုမှ ညစ်နွမ်းစရာမရှိ..
စင်ကြယ်ခြင်းဟာ မလိုချင်ခြင်းမှာရှိတယ်..

ဘာကိုမှ မလိုချင်လျှင် ဘယ်လိုမှဆင်းရဲစရာမရှိ..
ချမ်းသာခြင်းဟာ မလိုချင်ခြင်းမှာရှိတယ်..

ဘာကိုမှ မလိုချင်လျှင် ဘယ်လိုမှပူပင်စရာမရှိ..
အေးချမ်းခြင်းဟာ မလိုချင်ခြင်းမှာရှိတယ်..

ဘာကိုမှ မလိုချင်လျှင် ဘယ်လိုမှပင်ပန်းစရာမရှိ..
သက်သာခြင်းဟာ မလိုချင်ခြင်းမှာရှိတယ်..

အပါယ်လေးပါး စိတ်ကြောင့်သွားသည်..
နိဗ္ဗာန်ရောက်မှု စိတ်ကပြုသည်..
စိတ်ကိုလွှတ်ထား ဆင်းရဲပွားမည်..
စိတ်ကိုထိန်း အေးချမ်းနိဗ္ဗာန်ပြည်..

အရှင်ဦးဥတ္တမ(သစ္စာရွှေစည်ဆရာတော်)

credit : aung naing nay chi

ကိလေသာမီး၊ ညီးညီးလောင်ပြီ။တွန်းလှန်နိုင်ငြား အားမရှိပြီ။မီးကိုလွတ်ရေး၊ ထွက်ပြေးကြံစည်၊အချိန်ကုန်သွား၊ အင်အားမရှိပြီ။ 🍃🍂🍃...
04/06/2020

ကိလေသာမီး၊
ညီးညီးလောင်ပြီ။တွန်းလှန်နိုင်ငြား အား
မရှိပြီ။

မီးကိုလွတ်ရေး၊ ထွက်ပြေးကြံစည်၊
အချိန်ကုန်သွား၊ အင်အားမရှိပြီ။
🍃🍂🍃🍂🍃🍂🍃🍂🍃🍂

⛵ဤလင်္ကာကလေးကို သတိထားကြည့်ပါ။

ငယ်ရွယ်စဉ် တရားအားထုတ်မှုမရှိသော
သူသည် အသက်ကြီးမှ တရားအားထုတ်
လေတော့၊ ကိလေသာတွေကို မကျော်နိုင်တော့ဘူး။

⛵ကြိုးစားအားထုတ်ပေမဲ့ ဝီရိယတင်လို့
မတက်တော့ဘူး။ သဒ္ဓါနှင်လို့ မရတော့ဘူး။
စိတ်ကလည်း မပါ့တပါနဲ့၊ ကိလေသာကသာ
အနိုင်ယူပြီး တရားအသိမဖြစ်တော့ဘူး။

⛵အသိဉာဏ်ထိုင်းမှိုင်း၊ မောဟတွေက တနေ့တခြား ထူပြောပြီးဘယ်လောက်ပင် ထိုင်မှတ်နေပေမယ့် မောင်ထိုင်၊ မယ်ထိုင်က များလာကုန်ပြီ။

⛵အချိန်တွေကုန်လာသလောက် ဉာဏ်အရည်အသွေးတွေက ထင်သလောက်မပေါ်၊
ထင်သလောက်မကိန်းတော့ဘူး။

⛵ထိုင်တော့ထိုင်နိုင်ပေမယ့် ဉာဏ်သတ္တိတွေ ဖြစ်မလာတော့ဘူး။မောဟ၊ ဒိဋ္ဌိတွေကသာ
များပြားလာနေလေတော့ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်သို့ အသိဉာဏ်ညွှတ်လို့မရတော့ပြီ။

⛵ဒါကြောင့်မို့ ရဟန်းဖြစ်ဖြစ်၊ လူဖြစ်ဖြစ်
မည်သူမဆို ကျန်းမာပြီး သဒ္ဓါတရားတင်လို့
ရနေချိန်မှာ ကိုယ်ပိုင်တရားအသိထူး မပေါ်၊
ပေါ်အောင် ကြိုးစားအားထားကြပါဟု တိုက်တွန်းလိုက်ပါရစေ။

☸️ မြောက်ဦးဆရာတော် ☸️
🙏🙏🙏🙏🙏🙏🙏🙏🙏
Cred--

`နေလျှင်( ၆ ) ချက်´____________________________၁။    အဖိုးမထိုက်သော ကိလေသာအခွါရ ခက်သည်။၂။    မထင်ရှားသော ကြိုးဆယ်စင်း အဖ...
02/06/2020

`နေလျှင်( ၆ ) ချက်´
______________
______________

၁။ အဖိုးမထိုက်သော ကိလေသာ
အခွါရ ခက်သည်။

၂။ မထင်ရှားသော
ကြိုးဆယ်စင်း အဖြေရ ခက်သည်။
( သံယောဇဉ် ၁၀ပါး )

၃။ အခိုးမထွက်သောရာဂမီး
(၁၁)မီး အငြိမ်းရခက်သည်။

၄။ မဝေးသောနိဗ္ဗာန်ခရီးအသွားရခက်သည်

၅။ အရှင်မရှိသောဥစ္စာ အရှာရခက်သည်။
(သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊သြတ္တပ္ပသူတော်ကောင်းတရား(၇)ပါး)

၆။ ကိုယ်ဝန်ဆောင်သော ယောက်ျား
အဖွားရခက်သည်။
( အရိယာစာရင်းဝင်မှ ယောက်ျား
စစ်စစ်ဖြစ်သည်ဟုခေါ်သည်။ )
_____________________________

`သေလျှင်(၆)ချက်´
_______________
_______________

၁။ အစားအသောက်
မည်မျှစားနိုင်သည် ဆိုစေကာမူ
အပြီးသတ် ငတ်၍သေပါလိမ့်မည်။

၂။ ပစ္စည်းဥစ္စာမည်မျှ ချမ်းသာသည်
ဆိုစေကာမူ မွဲ၍သေပါလိမ့်မည်။

၃။ ဆဒ္ဒါန်ဆင်မင်းခွန်အားမည်မျှကောင်းသည်
ဆိုစေကာမူ အားကုန်၍ သေပါလိမ့်မည်။

၄။ စကားပြော မည်မျှကောင်းသည်
ဆိုစေကာမူ ` အ ´ ၍သေပါလိမ့်မည်။

၅။ နတ်မမီ လူမမျှ လှပသည် ဆိုစေကာမူ
အရုပ်ဆိုး၍ သေပါလိမ့်မည်။

၆။ စုံမက်ချစ်ခင်သူ မည်မျှများသည်
စေကာမူ အမုန်းခံ၍ သေရပါလိမ့်မည်။
_____________________________

🙏(ရွှေမင်းဝံဆရာတော်ဘုရားကြီး)🙏

(မည်သူမဆို copyယူ၍ ဓမ္မဒါနပြုနိုင်ပါသည်)

အနတ္တဆိုတာတစ်လောကပဲ internet မှာ ဒကာ တစ်ယောက်က မေးခွန်းမေးထားတာရှိတယ်။ ဘာမေးတုန်းဆိုတော့ "အနတ္တ"ကို သူသဘောမကျဘူးတဲ့၊ အနတ...
01/06/2020

အနတ္တဆိုတာ

တစ်လောကပဲ internet မှာ ဒကာ တစ်ယောက်က
မေးခွန်းမေးထားတာရှိတယ်။
ဘာမေးတုန်းဆိုတော့
"အနတ္တ"ကို သူသဘောမကျဘူးတဲ့၊ အနတ္တ ဆိုတာ
ကိုယ့်အလိုအတိုင်းမဖြစ်ဘူးလို့ ဆိုထားတယ်။
ခု သူသွားချင်တဲ့နေရာ သွားလို့ရတယ်၊
စားချင်ရင်စားလို့ရတယ်ဆိုတော့ ဒါ အနတ္တဆိုတာ
သူသံသယရှိတယ်။ ဒီလိုတွေးတဲ့လူက ရှိသေးတယ်။

တကယ်က
အနတ္တဆိုတဲ့သဘောဟာ ဘာကိုပြောတာလည်းဆို
လုပ်မရတဲ့ဟာတွေ အများကြီးရှိတယ်၊

ဆိုပါစို့~~~ တဖြည်းဖြည်းအိုလာတာကို
မအိုအောင် လုပ်လို့ရမလား ၊ မရဘူး။
နာတာကို မနာအောင် လုပ်လို့မရဘူး။
သေတာကို မသေအောင် လုပ်လို့မရဘူး။
လူဆိုတာ မွေးဖွားလာပြီး တဲ့နောက်
တဖြည်းဖြည်းအိုမင်းရတယ်၊
အဲ့ဒါကျတော့ ကိုယ့့်အလိုလိုက်တာ မဟုတ်ဘူး။

ဒါဖြင့် ကိုယ်သွားချင်တဲ့နေရာ သွားလို့ရတယ်၊
စားချင်တာစားလို့ရတယ် ဆိုတာ
ဘာကြောင့်ဖြစ်ရတာလဲဆိုတော့
အကြောင်းတရားနဲ့ အကျိုးတရား
ရုပ်ခန္ဓာကြီးမှာ ညီညွတ်ပြီးတော့ နေတဲ့အခါ
ကိုယ့်ခန္ဓာ ကိုယ့်အလိုအတိုင်းဖြစ်နေတယ်လို့ ထင်ကြတာ၊

အကြောင်းအကျိုးမညီညွတ်လို့ ဆိုပါစို့၊
လူတစ်ယောက်ဟာ လေဖြတ်သွားပြီ ဆိုတဲ့အခါကျတော့
လုပ်လို့ရသေးလား၊ မရတော့ဘူး။
အဲ့ဒါကိုသာစဉ်းစားကြည့်။ လေဖြတ်သွားပြီ ဆိုကတည်းက
ကိုယ့်ဆန္ဒအတိုင်း ဘာမှ လုပ်လို့မရတော့ဘူး။

အဲ့ဒီတော့ နဂိုကရနေတာ ဘာဖြစ်လို့ရနေတာလဲဆိုတော့
သူ့ဖာသာသူရနေတာ၊ သူ့ဟာသူရနေတာကို
လူတွေက ကိုယ့်အစွမ်းကြောင့်ရတယ်ထင်နေကြတာ။

တကယ်တော့ အကြောင်းအကျိုးညီညွတ်နေတဲ့အခါ
သူ့ဟာသူဖြစ်တဲ့သဘော၊
ကိုယ့်ဆန္ဒရှိတဲ့အတိုင်းဖြစ်ဖြစ်လာလေတော့
လူတွေက အထင်ရောက်ကြတာပေါ့။
ကိုယ်လုပ်ချင်တာလုပ်လို့ရတယ်လို့
စိတ်ထဲမှာ ဒီလိုစွဲလန်းလာကြတယ်။
ဒါကြောင့်မို့ အနတ္တ ဆိုတာကို လူတွေမမြင်နိုင်ကြဘူး။

ဘုရားရှင်က " အနတ္တလက္ခဏာသုတ်"မှာ
ရှင်းရှင်းလေးဟောထားတယ်။
'ဧဝံ မေ ရူပံဟောတု ဧဝံ မေ ရူပံ မာအဟောသိ'
"ငါ့ရုပ်လေး ဒီလိုဖြစ်ပါစေ ဒီလိုမဖြစ်ပါစေနဲ့"
ကိုယ်လုပ်ချင်တာ လုပ်လို့ ရရဲ့လား မရဘူးနော်၊

အဲ့ဒါကြောင့်မို့ မရတဲ့ဟာတွေက အင်မတန်များလို့
ကိုယ့်ရဲ့ဆန္ဒအတိုင်းမဖြစ်နိုင်လို့ အနတ္တ လို့ပြောတာကို
သာမန်အားဖြင့် အပေါ်ယံလေး တွေးလိုက်လို့ရှိရင်
ကိုယ်လုပ်ချင်တာတွေလုပ်လို့ရတယ်လို့
လူတွေထင်နေကြတယ်။

တကယ်တော့လည်း
အကြောင်းအကျိုးညီညွတ်လို့ ဖြစ်နေတာပါလို့
ဒီလို မှတ်ရမယ်။

ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
Credit to Dhammaဓမ္မ

စိတ်တွေညစ်ရင်🌿💐🌿💐🌿သံယောဇဉ်ဖြတ်ဖို့ကို ဘုရားရှင်ကဟောပေမဲ့ --လူတွေက သံယောဇဉ်ကို တစ်ခုတ်တစ်ရ ခုံမင်ကြတယ်။ ဒီတော့ပူတာပေါ့။ သ...
29/05/2020

စိတ်တွေညစ်ရင်
🌿💐🌿💐🌿

သံယောဇဉ်ဖြတ်ဖို့ကို
ဘုရားရှင်ကဟောပေမဲ့ --

လူတွေက သံယောဇဉ်ကို
တစ်ခုတ်တစ်ရ ခုံမင်ကြတယ်။

ဒီတော့ပူတာပေါ့။ သံယောဇဉ် ဆိုတာ တစ်အားပူတာ။ အတူ
နေတော့လည်း သာယာနေသလိုဖြစ်နေပေမဲ့ သူ့အတွက်စိုး
ရိမ်ရတာတွေ ကြောင့်ကြရတာတွေနဲ့ပူတာ။

သူကကိုယ့်ကို ပစ်သွားတာ၊
ရက်စက်တာခံရရင်လည်း ပူတာပဲ။ အတူနေလည်း ပူတယ် ကွဲနေတော့လည်း ပူတယ်။ အဲဒီသံယောဇဉ်ကြောင့် စိတ်မ
ကြည်ပဲ စိတ်ပိုညစ်စေတယ်။

အလုပ်လုပ်တဲ့အခါမှာလည်း မ-၁၀၀ သားတွေနဲ့ ဆက်ဆံပြီးမှ လုပ်ကိုင်ရတော့ လူတစ်မျိုး စရိုက်တစ်မျိုး အကျင့်တစ်မျိုးနဲ့ ကိုယ့်စိတ်တိုင်းကျဖြစ်ဖို့မ
လွယ်ဘူး။ ဒီတော့ စိတ်ညစ်
ပြန်ရော။ ကိုယ့်ဖာသာအေး
အေးလေးနေချင်သော်လည်း ကင်းလို့ကမရ။ မကင်းတော့ အပူကဟပ်၊ အပူကလောင်။
စိတ်တွေညစ်ပြန်ရော။

ဘ၀ရည်မှန်းချက်တွေထားတဲ့သူတွေမှာလည်း ရည်မှန်းချက် မရောက်နိုင်ခင် ပေးဆပ်ရတာ တွေ၊ ကျော်ဖြတ်နေရတာတွေနဲ့ စိတ်ကပူ၊ စိတ်ကညစ်။

ဘာလုပ်လုပ်၊ ဘာကိုင်ကိုင်၊ ဘယ်သူနဲ့တွေ့တွေ့ အေးစေတာကခပ်ရှားရှား။ ပူစေတာပဲတွေ့ရတယ်။ တရားရှာသူ တရားချစ်သူတွေဆိုရင်တော့ ဒီသံယောဇဉ်ကို စက်ဆုပ်ကြတယ်။ တရားလမ်းရဲ့ ခလုတ် ကန်သင်းသပ်သပ်ပဲကိုး။

ဘာကြောင့်ပဲ စိတ်ညစ်ညစ်၊ ဘယ်သူကြောင့်ပဲ စိတ်ညစ်
ညစ် ကိုယ့်မှာသက်လုံကောင်း
စေတဲ့ အကျင့်တစ်ခုတော့ရှိရ
မယ်။

လူ့အလိုလိုက်ရလွန်းလို့ စိတ် ညစ်ရင်၊ မလိုက်ရပဲနေရတဲ့
နည်းလမ်းတွေအများကြီးရှိတယ်။ သတ္တိရှိဖို့ပဲလိုတာ။

အဲဒါကတော့ နွယ်နေတာတွေ
ဖြတ်၊ ပတ်သက်နေတာတွေ
လျှော့၊ အလိုတွေလျှော့၊ ဖြစ် သင့်တာပဲလုပ်၊ ပြောသင့်တာပဲပြော။ အေးသွားလိမ့်မယ်။

ဒီနေ့စိတ်ညစ်ရင် ဒီနေ့ပူ
လောင်မယ်။ အဲဒီပူလောင်မှုကို အကြာကြီးမွေးမထားနဲ့။

သတိနဲ့ ကိုယ့်ကိုယ်ကို ပြန်
ထိန်း။ လူသားတွေမှာ လူမှု
ကိစ္စများသော်လည်း လျှော့ချ
နိုင်သလောက် လျှော့ချ။

တရားထိုင်နိုင်သူဆို နေ့တိုင်းတရားထိုင်။ စိတ်ငြိမ်တဲ့အထိထိုင်။ ဘုရားစဉ်ရှေ့မှာ ကြာ
ကြာနေဖို့ စဉ်းစား။

စကားမပြောရလေ အေးလေပဲ။ စကားပြောရရင် ကိုယ်က
အေးနေရင်တောင် ကိုယ့်ကို
စကားပြောနေသူက ပူလောင် တာတွေ ပြောလာလိမ့်မယ်။
ဒါဆိုစိတ်ညစ်ရတော့မယ်။

ဒါကြောင့် စကားများများ
ပြောနေတာကို ရှောင်။

စိတ်ငြိမ်ဖို့ အကျင့်များများကျင့်အချိန်ပိုယူ။ ဂုဏ်တော်လေး တစ်ခုတော့ပွားနေ။

ဒါကိုလည်း ဘုန်းကြီးခဏခဏ
ပြောဖြစ်တယ်။

ဘုန်းကြီးကိုယ် တိုင် တရားမထိုင်ရင် ဂုဏ်တော်လေးတစ်ခုနဲ့နေတာ။ စိတ်တွေငြိမ်နေ
တတ်တယ်။

လောကရဲ့ ခြောက်လှန့်မှုဆိုတာကိုတော့ လူတိုင်းကြုံရမှာပဲ။ လူဖြစ်ဖြစ်၊ ရဟန်းဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်က အလိုလောဘ မလျှော့သမျှကာလပတ်လုံး ပူနေ၊ စိတ်ညစ်နေမှာပဲ။

ဒီတော့ အလိုလျှော့နိုင်ဖို့ စိတ်
ငြိမ်တဲ့ အလုပ်တစ်ခုခု ရှိကိုရှိ
နေရမယ်။ လုပ်ကိုလုပ်နေရ
မယ်။

အိပ်ယာတွေ၊ နေထိုင်တဲ့နေရာတွေ သန့်ရှင်းနေအောင်
အမွဲထား။

စိတ်ကိုလည်း တည်ငြိမ်အောင်
အမြဲကြိုးစား။

ခဏတာသာယာမှုတွေကို
ရှောင်။

အဲဒါတွေက ကိုယ့်ရဲ့တည်ငြိမ် မှုကို အားမပေးဘူး။ ဖျက်ဆီးတဲ့အရာတွေသာဖြစ်တယ်လို့
မြင်တတ်အောင်ကြည့်။

တရားကိုသာ ကြည်ညိုတတ်
ပြီး ပုဂ္ဂိုလ်မစွဲအောင် ကိုယ့်
ကိုယ်ကို သတိအမြဲပေး။

ပုဂ္ဂိုလ်စွဲပြန်တော့လည်း
ပူလောင်ပြန်တာပဲ။

တစ်ယောက်ထဲနေချိန် များများယူ၊ ဘ၀ကိုသုံးသပ်။

ဘယ်လိုနေရင် သောကငြိမ်း
မယ်စဉ်းစား။

ဘာကြောင့်ပူလဲသိရင် အဲဒီပူ
စေတဲ့ အကြောင်းကိုမလုပ်နဲ့
တော့။ ကိုယ့်ကိစ္စကလွဲရင် သူများကိစ္စ၀င်စွက်ဖို့ မစဉ်းစားနဲ့။

ကိုယ့်တရား ပို၍ပို၍ ရင့်ကျက် လာစေဖို့သာ အာရုံစိုက်။

*တရားနည်းနည်းလုပ်လိုက်၊ လူတွေနဲ့ရောလိုက်၊ တရား
နည်းနည်းလုပ်လိုက်၊
အလိုလောဘတွေကြီးလိုက် လုပ်ရင်တော့ ဘယ်တော့မှ
စိတ်ညစ်ပျောက်မှာမဟုတ် ဘူး။*

သေချာတာတစ်ခုကတော့ ဘာကိုမှမလိုချင်၊ မတွယ်တာတော့ရင် အေးကိုအေးတော့တာပါ။

*ဘယ်သူ့ကိုမှ မတွယ်တာ
တော့ရင် ငြိမ်းကိုငြိမ်းတော့တာပါ။ *

ဒါကိုခေါင်းမာပြီး အလိုကို
မလျှော့၊ မာန်ကိုမချ၊
သံယောဇဉ်တွေလိုက်တွယ်ရင်
တော့လည်း သမင်မွေးရင်း ကျားစားရင်းသာ ဖြစ်နေပြီး တရားအဖတ်တင်မှာကို မဟုတ်ပါဘူး။

ခေါင်းကမာ၊ ကိုယ့်ကိုယ်ကို အဟုတ်ထင်၊ မာနကမချ လုပ်
နေရင်တော့ နည်းည်း ပူတာ
မဟုတ်ဘူး။ ငရဲရောက်တဲ့အထိကိုပူမှာ။

*ဒါကြောင့် စိတ်ညစ်ရင် တရားသာဖိထိုင်ပါ။ *

ထမင်းငတ်လည်း ဂရုမစိုက်တဲ့စိတ်ဖြစ်တဲ့အထိ တရားထိုင် ပါ။

လူတွေကိုအတတ်နိုင်ဆုံး
ရှောင် ပါ။
အလုပ်ထဲတွေ့သူကို ရှောင် တာပြောတာမဟုတ်ဘူးနော်။ ဒါက ကိုယ့်ထမင်းအတွက်
မတွေ့ချင်လည်းတွေ့နေရမဲ့သူတွေ။ တွေ့ကိုတွေ့ရမှာ။ တွေ့နေရလည်း လူပေါင်းစိတ် ခွါလုပ်။

* ကောင်းကောင်း၊
မကောင်းကောင်း သိပ်မခံစားနဲ့။ *

ကိုယ့်အလုပ် အနှောက်အ
ယှက်ဖြစ်တာပဲအဖတ်တင်
တယ်။

ကမ္ဘာကြီးကို ကယ်ဖို့တွေဘာ
တွေလျှောက်မပြောနဲ့။
လောလောဆယ်ကိုယ့်ကိုယ် ကို အရင်ကယ်ဦး။ လောလောဆယ်ကိုယ့်ကိုယ့်ကို အေး
အောင်အရင်လုပ်ဦး။

တစ်ဦးထဲနေတတ်တဲ့အကျင့်ကိုယူပြီး တရားဘက်ကို အာရုံထားတတ်အောင်လေ့ကျင့်။

တရားလေ့ကျင့်မှု မပါပဲနဲ့တော့ ဘယ်တော့မှစိတ်ညစ်မ
ှုပျောက် မှာမဟုတ်ဘူး။

*တရားသည်သာ အားကိုးရာ၊ တရားသည်သာ သစ္စာရှိသူ၊ တရားသည်သာ လမ်းပြသူ
အစစ်ဖြစ်တဲ့အတွက်ကြောင့် ဘုန်းကြီးကကောင်းတာ
တွေပြောပေး၊ အကျိုးရှိတာ
တွေပြောပေးရင်တောင် စကားကိုသာလိုက်နာပြီး လူကိုမ
တွယ်တာအောင်နေ။ ဒါဆိုအစွဲကင်းမယ်။ အေးမယ်။

နေ့စဉ်ဘ၀ကို စိတ်ညစ်လာ
တိုင်း တရားလုပ်ရင်းနဲ့အချိန် ကုန်ပါ။ အေးလာပါလိမ့်မယ်။

လုပ်ကြည့်ဖို့တော့လိုမယ်။
တကယ်လုပ်ရင် တကယ်အေးပါလိမ့်မယ်။ ကိုယ့်စိတ်နဲ့ကိုယ် တိုင်ပတ်ပြီး စိတ်ရှုပ်နေသူတွေပိုသတိထားပါ။

ကိုယ်ကဖြတ်ချင်ရင် ပြတ်ပါ
တယ်။ ကိုယ်ကညှိမ်းရင် ငြိမ်းပါတယ်။ ကိုယ်ကလုပ်ဖို့သာလိုတာပါ။

အားလုံး စိတ်အေးချမ်းကြပါ
စေ။

အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်
၂၇-၅-၂၀၁၈ (ည ၈း၂၄ နာရီ) တွင် ရန်ကုန်၌ ရေးပြီးသည်။

Copy from ➳ ဓမ္မဝန်ဆောင်

Address

Yangon

Telephone

01- 661597

Website

Alerts

Be the first to know and let us send you an email when Saddhammaransi Mahasi Meditation Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share