25/05/2023
ယောင်္ကျားကောင်းတိုင်း အိမ်ထောင်ဖက်ကောင်းဖြစ်နိုင်လား?
သူက သိပ်တော်တာ… အသောက်အစား၊ လောင်းကစား ဘာမှမရှိ အပျော်အပါးဆိုဝေးရောပဲ။ တကယ်လိမ္မာတာ ပတ်ဝန်းကျင်ကလဲ အနေအေးလို့ဆိုပြီး တအားချီးကျူးကြတာပဲ။ မိန်းမကိုဆိုလဲ ပြုံးပြုံးနဲ့ တအားအေးတာ။ တကယ့် “ယောင်္ကျားကောင်း”
မှန်ပါတယ်။ သိပ်တော်တဲ့ ယောင်္ကျားကောင်းတွေ လောကမှာ အများကြီးပါ။ ဒါပေမယ့် အဲ့ယောင်္ကျားကောင်းတွေအားလုံးကတော့ မိန်းမတွေအတွက် အိမ်ထောင်ဖက်ကောင်းဟုတ်မနေဘူးရှင့်။
သိပ်တော်တဲ့ ယောင်္ကျားလို့လူတွေချီးကျူးနေပေမယ့် ယောင်္ကျားတယောက်က သူ့အိမ်ထောင်အပေါ်ကောင်းမနေရင် “ယောင်္ကျားကောင်းဆိုပေမယ့် အိမ်ထောင်ဖက်ကောင်း”လို့ပြောလို့မရဘူးရှင့်။ တကယ် ယောင်္ကျားကောင်းလဲဖြစ်မယ် အိမ်ထောင်ဖက်ကောင်းလဲဖြစ်မယ်ဆိုရင်တော့ အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကားပေါ့ရှင့်။
ဒါဆို မေးစရာရှိတာက အပြင်မှာတောင်ဒီလောက်တော်ပြီး အေးဆေးတဲ့ယောင်္ကျားဟာ အိမ်ထောင်ဖက်ကောင်းမဖြစ်ဖူးလား အမရယ်ဆို တကယ်မဖြစ်ပါဘူး ညီမလေးတို့ရေ…
တခါတလေ အိမ်ထောင်ဦးစီး အိမ်ထောင်ဖက်ကောင်းဆိုတာ အပြင်မှာ သိပ်ကြောက်တက်လဲ ဒီမိသားစုအတွက်ဆို အရာရာ ရင်ဆိုင်ဖြေရှင်းမယ်ဆိုတဲ့သူမျိုး၊
လူတကာပေါ်သိပ်ဆိုးလဲ မိန်းမနဲ့ ကလေးအပေါ်ဆို သိပ်ကြင်နာသူမျိုး၊ မိသားစုအနာဂတ်နဲ့ဘဝကိုတာဝန်ယူစိတ်ရှိတဲ့သူမျ်ိုး၊ အဓိက ချစ်ခြင်းမေတ္တာနောက်မှာ တာဝန်ယူမှုကပ်ပါလာသူမျိုးကို ဆိုလိုတာပါ။ အိမ်ထောင်တခုမှာ လိုအပ်တာ ယောင်္ကျားကောင်းဆိုတာထက် အိမ်ထောင်ဖက်ကောင်းပါ။ အချစ်ဆိုတဲ့အရာကို ယောင်္ကျားကောင်းနဲ့ရော အိမ်ထောင်ဖက်ကောင်းနဲ့ပါချစ်လို့ရပါတယ်။ ဒါပေမယ့် ဘဝမှာယောင်္ကျားကောင်းနဲ့တွေ့ရဖို့ထက် မိသားစုအပေါ်မားမားမတ်မတ်ကာကွယ်စောင့်ရှောက်မယ့် အိမ်ထောင်ဖက်ကောင်းနဲ့ ဆုံစည်းဖို့က ပိုအရေးကြီးပါတယ်။ အမျိုးသမီးတွေဘဝမှာ အိမ်ထောင်ဖက်က ရိုက်ပုတ်နေမှ၊ အရက်သောက်နေမှ၊ အပျော်အပါးလိုက်စားနေမှ နာကျင်ခံစားရတာမဟုတ်ပါဘူး။ ယောင်္ကျားကောင်းပါလို့ လူတကာလက်ခံထားသူက ကိုယ့်မိသားစုအတွက် ကောင်းမနေတာဟာ အပေါ်ကအချက်တွေထက်ပိုနာကျင်ရပါတယ်။
အများပြောတဲ့ “ယောင်္ကျားကောင်း” ဆိုသူရဲ့ လက်ကိုဆွဲ တူနှစ်ကိုယ်ဟန်ဆောင်ပြုံးနေရတာထက် အများကဆိုးပါတယ်ဆိုတဲ့ ကိုယ့်အတွက်”အိမ်ထောင်ဖက်ကောင်း” ရဲ့လက်ကိုတွဲထားရတာကဘဝအတွက် ပိုအဓိပ္ပါယ်ရှိပါလိမ့်မယ်။
ယောင်္ကျားကောင်းတိုင်း အိမ်ထောင်ဖက်ကောင်းဖြစ်ကြပါစေ ဆန္ဒပြုလျှက်
ဂရေ့စ် 🤎