Equal Health Online health service system for the migrant workers, ethnic groups, and their connected community l

သွေးတိုးရောဂါရှိသူများအတွက် လေ့ကျင့်ခန်း၊ အိပ်စက်ခြင်းနှင့် စိတ်ဖိစီးမှု စီမံခန့်ခွဲခြင်းသွေးတိုးရောဂါကို ထိန်းချုပ်ရန် ...
18/08/2026

သွေးတိုးရောဂါရှိသူများအတွက် လေ့ကျင့်ခန်း၊ အိပ်စက်ခြင်းနှင့် စိတ်ဖိစီးမှု စီမံခန့်ခွဲခြင်း

သွေးတိုးရောဂါကို ထိန်းချုပ်ရန် ဆေးဝါးများအပြင် နေ့စဉ်ဘဝတွင် ကျန်းမာသော အလေ့အထများကို မွေးမြူထားရန် လိုအပ်ပါသည်။ အထူးသဖြင့် ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အိပ်ရေးဝဝအိပ်ခြင်းနှင့် စိတ်ဖိစီးမှုလျှော့ချခြင်း တို့သည် သွေးပေါင်ချိန်ကို ထိန်းညှိရာတွင် အထောက်အကူပြုပါသည်။
ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပါ။
ပုံမှန်ကိုယ်လက်လှုပ်ရှားမှုသည် သွေးပေါင်ချိန်ကို ၅ မှ ၈ mmHg ခန့် လျော့ကျစေနိုင်ပါသည်။
အနည်းဆုံး တစ်နေ့လျှင် မိနစ် ၃၀ ခန့် အချိန်ပေး၍ လေ့ကျင့်ခန်းပြုလုပ်ရန် အကြံပြုထားပါသည်။

ပြုလုပ်နိုင်သော လေ့ကျင့်ခန်းများမှာ -
• လမ်းလျှောက်ခြင်း
• သွက်သွက်မြန်မြန် လမ်းလျှောက်ခြင်း
• စက်ဘီးစီးခြင်း
• ရေကူးခြင်း
• မိမိကျန်းမာရေးအခြေအနေနှင့် ကိုက်ညီသော အေရိုးဗစ်လေ့ကျင့်ခန်းများပြုလုပ်ခြင်း

အိပ်ရေးဝဝ အိပ်စက်ပါ။
အိပ်ရေးမဝခြင်းသည် သွေးပေါင်ချိန် မြင့်တက်စေပြီး ရေရှည်တွင် သွေးတိုးရောဂါကို ပိုမိုဆိုးရွားစေနိုင်ပါသည်။
အရွယ်ရောက်သူများအနေဖြင့် တစ်နေ့လျှင် ၇ နာရီမှ ၉ နာရီ အထိ အိပ်စက်သင့်ပါသည်။

စိတ်ဖိစီးမှုကို လျှော့ချပါ။
ရေရှည်စိတ်ဖိစီးမှုများခြင်းသည် သွေးပေါင်ချိန်ကို မြင့်တက်စေနိုင်ပါသည်။

စိတ်ဖိစီးမှုကို လျှော့ချနိုင်ရန် -
• အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ပါ။
• တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။
• မိသားစု၊ သူငယ်ချင်းများနှင့် အချိန်ပေးစကားပြောပါ။
• မိမိနှစ်သက်သော ဝါသနာများကို လုပ်ဆောင်ပါ။

နေ့စဉ်ဘဝတွင် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ လုံလောက်စွာ အိပ်စက်ခြင်းနှင့် စိတ်ဖိစီးမှုကို စနစ်တကျ စီမံခန့်ခွဲခြင်းတို့သည် သွေးပေါင်ချိန်ကို ထိန်းချုပ်ပေးပြီးကျန်းမာရေးကိုလည်း တိုးတက်ကောင်းမွန်စေပါသည်။

သွေးတိုးရောဂါကို ထိန်းချုပ်ရန် ကိုယ်အလေးချိန်နှင့် အစားအသောက်ကို ဘယ်လိုစီမံမလဲ?သွေးတိုးရောဂါကို ထိန်းချုပ်ရာတွင် ဆေးဝါးမ...
07/08/2026

သွေးတိုးရောဂါကို ထိန်းချုပ်ရန် ကိုယ်အလေးချိန်နှင့် အစားအသောက်ကို ဘယ်လိုစီမံမလဲ?

သွေးတိုးရောဂါကို ထိန်းချုပ်ရာတွင် ဆေးဝါးများအပြင် ကျန်းမာသော နေထိုင်မှုပုံစံသည်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ အထူးသဖြင့် ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း နှင့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ရွေးချယ်ခြင်း တို့သည် သွေးပေါင်ချိန်ကို လျော့ကျစေရန် ထိရောက်သော နည်းလမ်းများဖြစ်ပါသည်။

ကိုယ်အလေးချိန်ကို ဘာကြောင့် ထိန်းသိမ်းသင့်သလဲ?

ကိုယ်အလေးချိန် များလာသည်နှင့်အမျှ နှလုံးနှင့် သွေးကြောများအပေါ် ဝန်ပိုလာပြီး သွေးပေါင်ချိန် မြင့်တက်နိုင်ပါသည်။ လေ့လာချက်များအရ ကိုယ်အလေးချိန် ၁ ကီလိုဂရမ် လျှော့ချနိုင်ပါက သွေးပေါင်ချိန်ကို ၁ mmHg ခန့် လျော့ကျစေနိုင်သည် ဟု တွေ့ရှိထားပါသည်။
ထို့အပြင် ဗိုက်အဆီများခြင်းသည်လည်း သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါသည်။ ထို့ကြောင့် ခါးပတ်လည်အတိုင်းအတာကိုလည်း ဂရုပြုသင့်ပါသည်။

• အမျိုးသားများ – ခါးပတ်လည်အတိုင်းအတာ လက်မ ၄၀ ထက် မကျော်သင့်ပါ။
• အမျိုးသမီးများ – ခါးပတ်လည်အတိုင်းအတာ လက်မ ၃၅ ထက် မကျော်သင့်ပါ။

ကျန်းမာသော အစားအသောက်ကို ရွေးချယ်ပါ

အစားအသောက်သည် သွေးတိုးရောဂါကို ထိန်းချုပ်ရာတွင် အရေးပါသော အချက်တစ်ခုဖြစ်ပါသည်။
အောက်ပါအစားအစာများကို ပိုမိုစားသုံးသင့်ပါသည်။
• ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ
• အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများ
• အဆီနည်းသော နို့နှင့် နို့ထွက်ပစ္စည်းများ
• ပြည့်ဝဆီ (Saturated Fat) နည်းသော အစားအစာများ
တစ်ဖက်တွင်လည်း အငန်လျှော့စားရန် အထူးဂရုပြုသင့်ပါသည်။ ငံပြာရည်၊ ငါးပိ၊ ငါးခြောက် ၊ ကြက်သားမှုန့်၊ ငရုတ်ဆီနှင့် အသင့်စားအစားအစာများတွင် ဆိုဒီယမ်ပမာဏ မြင့်မားလေ့ရှိသောကြောင့် အလွန်အကျွံ စားသုံးခြင်းကို ရှောင်ရှားသင့်ပါသည်။
ထို့အပြင် ဆီကြော်၊ အဆီများသော အစားအစာများနှင့် အချိုဓာတ်၊ အဆီဓာတ်မြင့်သော အစားအသောက်များကို လျှော့စားခြင်းဖြင့် သွေးတွင်းအဆီဓာတ်ကို ထိန်းသိမ်းနိုင်ပြီး နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါသည်။
ကိုယ်အလေးချိန်ကို ကျန်းမာသောအတိုင်းအတာအတွင်း ထိန်းသိမ်းပြီး အစားအသောက်ကို မှန်ကန်စွာ ရွေးချယ်စားသုံးခြင်းသည် သွေးပေါင်ချိန်ကို လျော့ကျစေရုံသာမက နှလုံး၊ ကျောက်ကပ်နှင့် သွေးကြောကျန်းမာရေးကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

မွေးကင်းစကလေးအား မိခင်နို့တိုက်ကျွေးနည်းများမိခင်နို့သည် မွေးကင်းစကလေးအတွက် အကောင်းဆုံးသော အာဟာရဖြစ်ပြီး ကလေး၏ ကြီးထွားဖ...
23/07/2026

မွေးကင်းစကလေးအား မိခင်နို့တိုက်ကျွေးနည်းများ

မိခင်နို့သည် မွေးကင်းစကလေးအတွက် အကောင်းဆုံးသော အာဟာရဖြစ်ပြီး ကလေး၏ ကြီးထွားဖွံ့ဖြိုးမှု၊ ကိုယ်ခံအားစနစ်နှင့် ကျန်းမာရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ မွေးပြီး ပထမတစ်နာရီအတွင်း မိခင်နို့စတင်တိုက်ကျွေးခြင်းသည် မိခင်နှင့် ကလေးအတွက် အကျိုးကျေးဇူးများစွာ ရရှိစေပါသည်။

မိခင်နို့ကို ဘယ်အချိန် စတိုက်သင့်သလဲ။

ကလေးမွေးဖွားပြီး ပထမတစ်နာရီအတွင်း မိခင်နို့စတင်တိုက်ကျွေးရန် အကြံပြုထားပါသည်။ ထိုအချိန်တွင် ထွက်ရှိသော အဝါရောင်နို့ဦးရည် (Colostrum) သည် အာဟာရဓာတ်နှင့် ကိုယ်ခံအားပစ္စည်းများ ကြွယ်ဝစွာပါဝင်သောကြောင့် ကလေးအတွက် အလွန်အရေးကြီးပါသည်။

မိခင်နို့တိုက်ရန် မှန်ကန်သော နည်းလမ်းများ

၁။ မိခင်နှင့် ကလေး အနေအထားမှန်ကန်စွာထားပါ
• မိခင်သည် သက်တောင့်သက်သာ ထိုင်နိုင်သော သို့မဟုတ် အိပ်နိုင်သော အနေအထားကို ရွေးချယ်ပါ။
• ကလေး၏ ဦးခေါင်း၊ ပခုံးနှင့် ကိုယ်ခန္ဓာကို တစ်ဖြောင့်တည်းဖြစ်အောင် ထားပါ။
• ကလေး၏ မျက်နှာသည် မိခင်၏ ရင်သားဘက်သို့ မျက်နှာမူထားသင့်ပါသည်။

၂။ ကလေးကို မှန်ကန်စွာ နို့စို့စေပါ
• ကလေး၏ ပါးစပ်ကို ကျယ်ကျယ်ဖွင့်စေပြီး နို့သီးခေါင်းသာမက နို့အုံအညိုရောင်အပိုင်း (Ar**la) အများစုကိုပါ ငုံနိုင်စေရန် ပြုလုပ်ပါ။
• ကလေး၏ နှုတ်ခမ်းများသည် အပြင်ဘက်သို့ လန်နေသင့်ပြီး မေးစေ့သည် ရင်သားနှင့် ထိနေသင့်ပါသည်။
• နို့စို့စဉ် နာကျင်မှု ပြင်းထန်နေပါက စို့ပုံမမှန်နိုင်သောကြောင့် ပြန်လည်ပြင်ဆင်ရန် လိုအပ်ပါသည်။

မိခင်နို့ကို ဘယ်နှစ်ကြိမ် တိုက်သင့်သလဲ

• ကလေးလိုအပ်သည့်အချိန်တိုင်း နို့တိုက်ပေးသင့်ပါသည်။
• ပုံမှန်အားဖြင့် ၂၄ နာရီအတွင်း ၈ ကြိမ်မှ ၁၂ ကြိမ်အထိ နို့စို့လေ့ရှိပါသည်။
• ကလေးငိုမှသာ မစောင့်ဘဲ ဗိုက်ဆာသည့် လက္ခဏာများဖြစ်သည့် ပါးစပ်ဖွင့်ရှာခြင်း၊ လက်ချောင်းစုပ်ခြင်း၊ ခေါင်းလှည့်ရှာခြင်းတို့ တွေ့ပါက နို့တိုက်ပေးနိုင်ပါသည်။

ကလေး နို့လုံလောက်စွာ ရရှိနေသည့် လက္ခဏာများ

• တစ်နေ့လျှင် ဆီးပုံမှန်သွားခြင်း
• ကိုယ်အလေးချိန် တဖြည်းဖြည်း တိုးလာခြင်း
• နို့တိုက်ပြီးနောက် ကျေနပ်တည်ငြိမ်နေခြင်း
• နို့စို့စဉ် မျိုချသံကို ကြားရခြင်း

အောက်ပါပြဿနာများ ဖြစ်ပေါ်လာပါက ကျန်းမာရေးဝန်ထမ်း သို့မဟုတ် သားဖွားမီးယပ်ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

• နို့သီးခေါင်း နာကျင်ခြင်း သို့မဟုတ် အက်ကွဲခြင်း
• ရင်သားတင်းမာ၍ နာကျင်ခြင်း
• နို့ထွက်နည်းခြင်းဟု သံသယရှိခြင်း
• ကလေး နို့မစို့နိုင်ခြင်း သို့မဟုတ် စို့ရခက်ခဲခြင်း

မွေးပြီး ပထမခြောက်လအတွင်း ကလေးအား မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးရန် အကြံပြုထားပါသည်။ ရေ၊ ပျားရည်၊ နို့မှုန့် သို့မဟုတ် အခြားအစားအစာများကို မလိုအပ်ဘဲ မပေးသင့်ပါ။ ခြောက်လပြည့်ပြီးနောက် အာဟာရဖြည့်စွက်စာများကို စတင်ကျွေးနိုင်ပြီး မိခင်နို့ကို အသက်နှစ်နှစ်အထိ သို့မဟုတ် ထို့ထက်ပို၍ ဆက်လက်တိုက်ကျွေးနိုင်ပါသည်။

ကိုယ်ဝန်ဆောင်ချိန် အရေပြားမှိုပိုးရောဂါတစ်မျိုးဖြစ်သောပွေးရောဂါအတွက် သိထားသင့်သောအချက်များ ကိုယခုတပတ်မှာပြောပြပေးသွားပါမ...
09/07/2026

ကိုယ်ဝန်ဆောင်ချိန် အရေပြားမှိုပိုးရောဂါတစ်မျိုးဖြစ်သောပွေးရောဂါအတွက် သိထားသင့်သောအချက်များ ကိုယခုတပတ်မှာပြောပြပေးသွားပါမယ်။

Ringworm ဟုခေါ်သောပွေးရောဂါ ဟာ worm ဟုခေါ်သောသန်ကောင်ကြောင့် မဟုတ်ဘဲ မှိုပိုး (fungus) ကြောင့် ဖြစ်တဲ့ အရေပြားရောဂါ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲမှု၊ ချွေးပိုထွက်ခြင်း၊ ကိုယ်ခံအားပြောင်းလဲမှုတွေကြောင့် မှိုပိုးဖြစ်နိုင်ချေ ပိုများလာနိုင်ပါတယ်။
ပွေးရောဂါဘယ်နေရာတွေမှာ ဖြစ်နိုင်လဲ?
• ခန္ဓာကိုယ်အရေပြား
• ပေါင်ခြံ
• ခြေထောက်
• လက်၊ ခြေ၊ လက်သည်း
• ဦးရေပြားတို့တွင်ဖြစ်နိုင်ပါသည်။

လက္ခဏာတွေက ဘာတွေလဲ?
🔸 စက်ဝိုင်းပုံစံ နီရဲသော အဖု/အကွက်များ
🔸 အနားဘက်ပိုနီပြီး အလယ်ပိုင်း ပျော့သွားသလို ဖြစ်ခြင်း
🔸 ယားယံခြင်း
🔸 အရေပြားအဖတ်ထွက်ခြင်း
🔸 အနာအကွက်တဖြည်းဖြည်း ကျယ်လာခြင်း
🔸 ပေါင်ခြံ၊ ချွေးထွက်များတဲ့နေရာတွေမှာ ပိုဖြစ်လေ့ရှိခြင်း

ဘယ်လိုကူးစက်နိုင်လဲ?
• လူတစ်ယောက်မှ တစ်ယောက်
• အဝတ်၊ ပဝါ၊ အိပ်ရာခင်း မျှဝေသုံးခြင်း
• အိမ်မွေးတိရစ္ဆာန်များမှ ကူးစက်နိုင်ခြင်း
• စိုစွတ်သောအဝတ်အစားများ ဝတ်ထားခြင်းမှတဆင့်ကူးစက်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင် ဘာလုပ်သင့်လဲ?
ထိခိုက်နေရာကို သန့်ရှင်းပြီး ခြောက်သွေ့အောင်ထားပါ
ချွေးစိုနေသော အဝတ်များ အမြန်လဲပါ
ချောင်ချိသော အဝတ်အစား များရွေးချယ်ဝတ်ပါ
သဘက်၊၊ အဝတ်၊ စောင် များမျှဝေမသုံးပါနဲ့
လက်သည်းတိုတိုထားပြီး မကုတ်မိစေရန် သတိထားပါ

ဆေးအသုံးပြုရာမှာ သတိထားရန်
• မှိုသတ်ဆေးလိမ်းဆေး အချို့ကို ကိုယ်ဝန်ဆောင်စဉ် အသုံးပြုနိုင်ပေမယ့် ဆရာဝန်/ကျန်းမာရေးဝန်ထမ်းနှင့် တိုင်ပင်ပြီးမှအသုံးပြုသင့်ပါသည်။
• မှိုသတ်ဆေးသောက် ဆေးများကို ကိုယ်တိုင်မသောက်ပါနဲ့
• Steroid ပါတဲ့ လိမ်းဆေးများ (ဥပမာ ပေါင်းစပ်လိမ်းဆေးများ) ကို ကိုယ်တိုင်ဝယ်မသုံးပါနဲ့ — ယာယီသက်သာပေမယ့် ပိုကျယ်ပြီး ပိုဆိုးနိုင်ပါတယ်
• ကိုယ်ဝန်ကာလာဖြစ်သည့်အတွက်ဆရာဝန်ညွှန်ကြားချက်ဖြင့်သာဆေးများကိုအသုံးပြုပါ။

ဘယ်အချိန် ဆရာဝန်ပြသင့်လဲ?
• အဖုတွေ ပိုကျယ်လာလျှင်
• နေရာအများကြီး ပျံ့နှံ့လာလျှင်
• နာကျင်ခြင်း၊ အရည်ထွက်ခြင်း ရှိလာလျှင်
• ဆေးလိမ်းပြီး ၂–၄ ပတ်အတွင်း မသက်သာလျှင်
• မျက်နှာ၊ ဦးရေပြား၊ လက်သည်းတွေ ပါဝင်လာလျှင်ဆရာဝန်နှင့်ပြန်ပြသင့်ပါသည်။

ပွေးရောဂါဟာ ကုသနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ စောစောသိ၊ စောစောကုသခြင်းက မိခင်နဲ့ ကလေး ကျန်းမာရေးကို ပိုကောင်းစေပါတယ်။

ကိုယ်ဝန်ဆောင်ချိန်တွင် ကွမ်းစားခြင်းသည် မိခင်နှင့် ကလေးအတွက် ဘာကြောင့် သတိထားသင့်သလဲ?ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရဲ့ အစား...
02/07/2026

ကိုယ်ဝန်ဆောင်ချိန်တွင် ကွမ်းစားခြင်းသည် မိခင်နှင့် ကလေးအတွက် ဘာကြောင့် သတိထားသင့်သလဲ?

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရဲ့ အစားအသောက်၊ အလေ့အထများ၊ နေထိုင်မှုပုံစံတွေက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအပေါ် တိုက်ရိုက်သက်ရောက်နိုင်ပါတယ်။
ကွမ်းစားခြင်းဟာ လူအများအတွက် ရိုးရာအလေ့အထတစ်ခု ဖြစ်ပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်နဲ့ ကလေး ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

ကွမ်းစားခြင်းကြောင့် ဖြစ်နိုင်သော အန္တရာယ်များ

အာဟာရချို့တဲ့နိုင်ခြင်း
ကွမ်းစားခြင်းကြောင့် အစာစားချင်စိတ်လျော့နည်းနိုင်ပြီး မိခင်နဲ့ ကလေးအတွက် လိုအပ်တဲ့ အာဟာရဓာတ် မလုံလောက်နိုင်ပါ။

သွေးအားနည်းနိုင်ခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်လိုအပ်ချက် မြင့်မားနေပြီး ကွမ်းစားခြင်းက အာဟာရစုပ်ယူမှုကို ထိခိုက်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်သွေးတိုးနှင့် ကိုယ်ဝန်ဆိုင်ရာ ပြဿနာများ
ကွမ်းထဲမှာ ပါဝင်နိုင်တဲ့ ပစ္စည်းများက သွေးဖိအားမြင့်တက်စေနိုင်ပြီး ကိုယ်ဝန်ဆောင်စဉ် အန္တရာယ်များကို တိုးစေနိုင်ပါတယ်။

ကလေးကြီးထွားမှု ထိခိုက်နိုင်ခြင်း
ကလေးကိုယ်အလေးချိန်နည်းခြင်း၊ သားအိမ်ထဲတွင် ကြီးထွားမှုနှေးခြင်းတို့နဲ့ ဆက်စပ်နိုင်ပါတယ်။

ဆေးရွက်ကြီးပါတဲ့ ကွမ်းက ပိုအန္တရာယ်များခြင်း
ဆေးရွက်ကြီးရောစပ်ထားတဲ့ ကွမ်းဟာ ni****ne နဲ့ အခြားအန္တရာယ်ရှိပစ္စည်းတွေ ပါဝင်နိုင်ပြီး မိခင်နဲ့ ကလေးကို ပိုမိုထိခိုက်စေနိုင်ပါတယ်။

ကွမ်းစားချင်စိတ် ဖြစ်လာရင် ဘာလုပ်မလဲ?

အသီးအနှံ၊ ကျန်းမာရေးနှင့်ညီညွတ်သော snack များစားပါ
ရေများများသောက်ပါ
Sugar-free gum ဖြင့် အစားထိုးနိုင်ပါတယ်
မနက်အန်ခြင်း၊ ပျို့အန်ခြင်းကြောင့် ကွမ်းစားနေပါက ကျန်းမာရေးဝန်ထမ်းနှင့် တိုင်ပင်ပါ
ဖြတ်ရန်ခက်ခဲပါက မိသားစုနှင့် ကျန်းမာရေးဝန်ထမ်းထံမှ အကူအညီယူပါ

👨‍👩‍👧 မိသားစုဝင်များအတွက် အကြံပြုချက်
ကိုယ်ဝန်ဆောင်မိခင်တစ်ယောက် ကွမ်းဖြတ်ဖို့ ကြိုးစားနေချိန်မှာ အပြစ်တင်ခြင်းထက် အားပေးကူညီပေးခြင်းက ပိုအရေးကြီးပါတယ်။

ကိုယ်ဝန်ဆောင် ၉ လတာအတွင်း ကျန်းမာရေးကောင်းတဲ့ ရွေးချယ်မှုတွေက ကလေးရဲ့ အနာဂတ်ကို ပိုကောင်းစေပါတယ်။

မိုးရာသီကိုဝင်ရောက်လာပြီဖြစ်သည့်အတွက်မိုးရာသီမှာကျန်းမာရေးအတွက်သတိထားသင့်သည့်အချက်အလက်များကိုဒီတပတ်မှာပြောပြပေးသွားမှာဖြ...
23/06/2026

မိုးရာသီကိုဝင်ရောက်လာပြီဖြစ်သည့်အတွက်မိုးရာသီမှာကျန်းမာရေးအတွက်သတိထားသင့်သည့်အချက်အလက်များကိုဒီတပတ်မှာပြောပြပေးသွားမှာဖြစ်ပါတယ်။

မိုးရာသီရောက်လာတဲ့အခါ ရာသီဥတုပြောင်းလဲမှု၊ ရေစိုစွတ်မှု၊ ခြင်ပေါက်ပွားမှုတွေကြောင့် ရောဂါအမျိုးမျိုး ဖြစ်နိုင်ချေများလာပါတယ်။ မိသားစုအားလုံး ကျန်းမာစေရန် မိုးရာသီမှာ ဒီအချက်တွေကို သတိထားကြရအောင်။

မိုးရာသီမှာ အဖြစ်များသော ကျန်းမာရေးပြဿနာများ

ခြင်မှတဆင့်ကူးစက်သောရောဂါများ
• သွေးလွန်တုပ်ကွေး
• ငှက်ဖျား
• ခြင်ပေါက်ပွားမှုကြောင့် ကူးစက်ရောဂါများ

ရေနှင့်အစားအစာမှ ကူးစက်နိုင်သောရောဂါများ
• ဝမ်းလျှော၊ ဝမ်းပျက်
• အစာအဆိပ်သင့်ခြင်း
• မသန့်ရှင်းသောရေသောက်မိခြင်းကြောင့် ဖြစ်ပွါးနိုင်သောရောဂါများ

အရေပြားနှင့် အသက်ရှူလမ်းကြောင်းပြဿနာများ
• မှိုပိုးရောဂါ
• အအေးမိ၊ ချောင်းဆိုး
• အသက်ရှူလမ်းကြောင်းကူးစက်ရောဂါများအစရှိသည်တို့ဖြစ်ပွါးနိုင်ပါသည်။

ထို့ကြောင့်အထက်ပါရောဂါများမဖြစ်ပေါ်စေရန်ကြိုတင်ကာကွယ်သင့်သည်များကိုအောက်တွင်ဖော်ပြပေးပါမည်။
• ရေသန့်သောက်ပါ (သို့မဟုတ်)ရေကိုကျိုချက်သောက်ပါ
• လက်ဆေးခြင်းကို မကြာခဏလုပ်ပါ
• ခြင်ထောင်သုံးပါ၊ ခြင်ပေါက်ပွားရာနေရာများ ဖယ်ရှားပါ
• ရေစိုအဝတ်အစားများ မြန်မြန်လဲပါ
• အစားအစာကို သန့်ရှင်းစွာ ပြင်ဆင်စားသောက်ပါ
• ကလေး၊ ကိုယ်ဝန်ဆောင်မိခင်၊ အသက်ကြီးသူများအထူးဂရုစိုက်ရန်လိုအပ်ပါသည်။

ထို့အပြင်အရေးကြီးသည့်လက္ခဏာများဖြစ်သော
• ကိုယ်အပူချိန်မြင့်တက်ပြီးအဖျားကြီးခြင်း
• အသက်ရှူရခက်ခြင်း
• ဝမ်းလျှောခြင်း
• ခန္တာကိုယ်အားနည်းပြီး မအီမသာဖြစ်ခြင်း
• ရေဓာတ်ခမ်းခြောက်ခြင်း စသည့်လက္ခဏာများဖြစ်ပေါ်ပါကဆေးရုံ၊ဆေးခန်းသို့သွားရောက်ပြသရန်လိုအပ်ပါသည်။

သွေးပေါင်ချိန်စက်ဖြင့် သွေးပေါင်ချိန်ကို စနစ်တကျ မှန်ကန်စွာတိုင်းတာနည်းသွေးပေါင်မချိန်ခင်တွင် သတိထားရမည့်အရာများ- သွေးပေ...
11/06/2026

သွေးပေါင်ချိန်စက်ဖြင့် သွေးပေါင်ချိန်ကို စနစ်တကျ မှန်ကန်စွာတိုင်းတာနည်း

သွေးပေါင်မချိန်ခင်တွင် သတိထားရမည့်အရာများ

- သွေးပေါင်မချိန်ခင် မိနစ် ၃၀ ခန့်အလိုတွင် ဆေးလိပ်သောက်ခြင်း၊ အားကစားပြုလုပ်ခြင်း၊ ကော်ဖီသောက်ခြင်းများ မပြုလုပ်သင့်ပါ၊ ထိုသို့ပြုလုပ်ပါက သွေးပေါင်ချိန်နှင့်နှလုံးခုန်နှုန်းကို တက်စေနိုင်သည်။
- သွေးပေါင်ချိန်တိုင်းတာမှု တိကျစေရန်အတွက် သွေးပေါင်ချိန်သောလက်ပတ်နှင့် လက်မောင်းကြားတွင် အင်္ကျီလက်တို (သို့) လက်ရှည်ဝတ်ထားခဲ့လျှင် ၎င်းတို့ကို ခေါက်တင်ပြီး တိုင်းတာရန် လိုအပ်ပါသည်။
-သွေးပေါင်ချိန် မတိုင်းတာမီ အနည်းဆုံး ၅ မိနစ်ခန့် နောက်မှီပါသောထိုင်ခုံတွင် အနားယူသင့်ပါသည်။ စိတ်ဖိစီးစေသောအကြောင်းအရာများကို မတွေးဘဲ စိတ်ကိုတည်ငြိမ်အောင်ထားရန် လိုအပ်ပါသည်။
- သွေးပေါင်ချိန်နေစဉ်တွင် စကားမပြောရန်လည်း လိုအပ်ပါသည်။

သွေးပေါင်ချိန်သည့်အချိန်တွင် သတိထားရမည့်အရာများ

- ပထမဦးစွာ ထိုင်ခုံပေါ်တွင် သက်တောင့်သက်သာဖြစ်တဲ့ အနေအထားနှင့်ထိုင်ရန် လိုအပ်ပါသည်။
- ခြေထောက်နှစ်ချောင်းကို ချိတ်ထိုင်ခြင်းမပြုရပါ။
- သွေးပေါင်ချိန်သောလက်ပတ်သည် ရင်ဘတ် (နှလုံးရှိသောနေရာ) နှင့် တစ်တန်းတည်း ဖြစ်ရပါမည်။
- သွေးပေါင်ချိန်သောလက်ပတ်သည် လက်မောင်းနှင့်လိုက်လျှောညီထွေဖြစ်သော အတိုင်းအတာဖြစ်ရန်လိုအပ်ပါသည်။ လက်ပတ်သည် လက်မောင်းထက် ကြီးလျှင် (သို့) သေးလျှင် သွေးပေါင်ချိန် မှားယွင်းနိုင်ပါသည်။
- သွေးပေါင်ချိန်ပြီးနောက် သွေးပေါင်ချိန်စက်တွင် သွေးပေါင်တက်နေခြင်း (သို့မဟုတ်) ကျနေခြင်းများ ဖြစ်ခဲ့လျှင် နောက်ထပ် (၂) ကြိမ်ထပ်မံချိန်ကြည့်ပြီး တက်နေခြင်း/ကျနေခြင်းများ ဖြစ်ခဲ့လျှင် နီးစပ်ရာကျန်းမာရေးဝန်ထမ်းနှင့် တိုင်ပင်ဆွေးနွေးရန်လိုအပ်ပါသည်။

Reference
https://www.mayoclinic.org/tests-procedures/blood-pressure-test/about/pac-20393098

ကိုယ်ဝန်ဆောင်စဉ် အာဟာရကောင်းမွန်ခြင်းသည် ကလေး၏ ကျန်းမာသော ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးကြီးပါသည်။ မိခင်စားသုံးသော အ...
02/06/2026

ကိုယ်ဝန်ဆောင်စဉ် အာဟာရကောင်းမွန်ခြင်းသည် ကလေး၏ ကျန်းမာသော ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးကြီးပါသည်။ မိခင်စားသုံးသော အစားအစာများသည် ကလေး၏ ဦးနှောက်၊ အရိုး၊ အင်္ဂါအစိတ်အပိုင်းများနှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးမှုကို တိုက်ရိုက် အထောက်အကူပြုပါသည်။

ကိုယ်ဝန်ဆောင်စဉ် ကလေးသည် မိခင်ထံမှသာ အာဟာရများကို ရရှိပါသည်။ ထို့ကြောင့်မိခင်၏အာဟာရညီမျှသော အစားအစာစားသုံးခြင်းက—
- ကလေး၏ကိုယ်ခန္ဓာ ဖွံ့ဖြိုးခြင်း
- ဦးနှောက်နှင့် အာရုံကြောဖွံ့ဖြိုးခြင်း
- အရိုးနှင့် သွားများ သန်မာစေခြင်း
- မွေးဖွားချိန် ကိုယ်အလေးချိန်ကောင်းမွန်ခြင်းတို့ကိုအထောက်အကူပြုစေပါသည်။
ထို့အပြင် သွေးအားနည်းခြင်း၊ ကိုယ်အလေးချိန်နည်းစွာ မွေးဖွားခြင်းနှင့် အချိန်မတိုင်မီ မွေးဖွားခြင်းတို့ကို လျော့နည်းစေသည့်အကျိုးကျေးဇူးများလဲရရှိနိုင်ပါသည်။

ကလေးဖွံ့ဖြိုးမှုအတွက် အရေးကြီးသော အာဟာရများကိုအောက်တွင်ဖော်ပြပေးထားပါမည်။

1. ဖောလစ်အက်ဆစ် (Folic Acid)
ဖောလစ်အက်ဆစ်ဓာတ်သည်ကလေး၏ ဦးနှောက်နှင့် ကျောရိုး မွေးရာပါ ချို့ယွင်းမှုများကို ကာကွယ်ပေးသည်။ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ ပဲများ၊ လိမ္မော်သီးများတွင်ပါဝင်ပါသည်။

2. သံဓာတ် (Iron)
သံဓာတ်သည် သွေးနီဥထုတ်လုပ်မှုကို ကူညီပြီး သွေးအားနည်းခြင်းကို ကာကွယ်ပေးသည်။ အနီရောင်အသား၊ ဥများ၊ ဟင်းနုနွယ်၊ ပဲများတွင်ပါဝင်ပါသည်။

3. ကယ်လ်စီယမ် (Calcium)
ကယ်လ်စီယမ်ဓာတ်သည် ကလေး၏ အရိုးနှင့် သွားများကို သန်မာစေသည်။ နို့၊ ဒိန်ချဉ်၊ ချိစ်၊ တိုဖူးများတွင်ပါဝင်ပါသည်။

4. အသားဓာတ်/ပရိုတင်း (Protein)
အသားဓာတ်သည် ခန္တာကိုယ်ဆဲလ်များ၊ တစ်ရှူးများနှင့် အင်္ဂါအစိတ်အပိုင်းများ ဖွံ့ဖြိုးရန် လိုအပ်သည်။ ငါး၊ ကြက်သား၊ ဥ၊ ပဲ၊ အစေ့အဆန်များတွင် ပါဝင်ပါသည်။

5. DHA နှင့် Omega-3
Omega-3သည် ဦးနှောက်နှင့် မျက်စိဖွံ့ဖြိုးမှုကို အထောက်အကူပြုသည်။ဆယ်လမွန်ငါး၊ ဆာဒင်းငါး၊ အခွံမာသီးများတွင်ပါဝင်ပါသည်။

6. ဗီတာမင် C (Vitamin C)
ဗီတာမင်C သည် သံဓာတ်စုပ်ယူမှုကို ကူညီပြီး ကိုယ်ခံအားကို တိုးစေသည်။လိမ္မော်သီး၊ မာလကာသီး၊ ခရမ်းချဉ်သီးများတွင်ပါဝင်ပါသည်။

7. နေ့စဉ် သန့်ရှင်းသော ရေများများသောက်ခြင်းသည် သွေးလည်ပတ်မှု၊ ရေမွှာပမာဏနှင့် ကျန်းမာရေးအတွက် အရေးကြီးပါသည်။

ကိုယ်ဝန်ဆောင်ကာလတွင် အရက်၊ ဆေးလိပ်၊ ကဖိန်းဓာတ်များလွန်းသောအစားအစာများ၊ မကျက်သေးသော အသားများ၊ အငံလွန်ကဲသော၊ အချိုလွန်ကဲသော အစားအစာများ၊ အဆီများသော အစားအစာများကို ရှောင်ကျဉ်သင့်ပါသည်။ နေ့စဉ် အစားအသောက်ရွေးချယ်မှု အသေးစားများကပင် အနာဂတ်အတွက် အရေးကြီးသော ကွာခြားမှုများ ဖြစ်စေနိုင်ပါသည်။ အာဟာရညီမျှသော အစားအစာများစားသုံးခြင်း၊ ကိုယ်ဝန်ဆောင်စစ်ဆေးမှုများ ပုံမှန်ပြုလုပ်ခြင်းနှင့် ဆရာဝန်ညွှန်ကြားချက်များကို လိုက်နာခြင်းဖြင့် ကျန်းမာသော ကိုယ်ဝန်ဆောင်ကာလနှင့် ကျန်းမာသော ကလေးမွေးဖွားနိုင်ပါသည်။

ကလေးများတွင် အဖြစ်များသော သန်ကောင်တစ်မျိုးဖြစ်သော တုတ်ကောင် (Pin Worm) အကြောင်းကိုယခုတပတ်မှာပြောပြပေးသွားမှာပါ။တုတ်ကောင်...
28/05/2026

ကလေးများတွင် အဖြစ်များသော သန်ကောင်တစ်မျိုးဖြစ်သော တုတ်ကောင် (Pin Worm) အကြောင်းကိုယခုတပတ်မှာပြောပြပေးသွားမှာပါ။
တုတ်ကောင် (Pin Worm) သည် ကလေးများတွင် အဖြစ်များပြီး လွယ်ကူစွာ ကူးစက်နိုင်ပါသည်။

တွေ့ရနိုင်သော လက္ခဏာများ
• ညဘက် စအိုယားယံခြင်း
• အိပ်မပျော်ခြင်း
• ဂနာမငြိမ်ဖြစ်ခြင်း
• ဗိုက်နာခြင်း
• အစားစားချင်စိတ်လျော့နည်းခြင်း
• ကလေးများတွင် စိတ်တိုလွယ်ခြင်းများဖြစ်ပေါ်တတ်ပါသည်။

တုတ်ကောင်ကူးစက်နိုင်သောနည်းလမ်းများမှာ
• လက်မသန့်ရှင်းခြင်း
• လက်သည်းရှည်ပြီး ညစ်ပတ်ခြင်း
• အဝတ်အစား၊ အိပ်ယာ၊ ကစားစရာများမှတဆင့် ကူးစက်နိုင်ခြင်းတို့ဖြစ်ပါသည်။

တုတ်ကောင်အန္တရာယ်ကိုကာကွယ်ရန်
*အိမ်သာသုံးပြီးတိုင်း လက်ဆေးခြင်း
*အစာမစားမီ လက်ဆေးခြင်း
*လက်သည်းတိုတိုထားခြင်း
*အတွင်းခံနှင့် အိပ်ယာခင်းများကို ပုံမှန်လျှော်ဖွတ်ခြင်း
*ကလေးများ လက်စုပ်ခြင်းကို လျှော့ချခြင်းတို့ဖြင့်ကာကွယ်နိုင်ပါသည်။

တုတ်ကောင်ရှိသည်ဟုသံသယရှိပါက ဆေးရုံ၊ဆေးခန်းတွင် စစ်ဆေးပြီး သန်ချဆေးကို ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးရပါမည်။ မိသားစုဝင်များထဲတွင်တစ်ယောက်ဖြစ်ပါက မိသားစုဝင်များအားလုံး သန်ချခြင်း၊အဝတ်အစားနှင့် အိပ်ရာခင်း စောင်များကိုလျှော်ဖွတ်ခြင်းများလည်းလုပ်ဆောင်သင့်ပါသည်။

Join Us as Full Stack Developer: Remote Work (Equal Health) We are looking for a mobile and web-based developer responsi...
25/05/2026

Join Us as Full Stack Developer: Remote Work (Equal Health)

We are looking for a mobile and web-based developer responsible for designing, developing, and implementing high-quality mobile applications and web systems. The ideal candidate will work across the full development lifecycle, creating responsive, scalable, and user-friendly solutions that meet the project and technical requirements.

Primary Responsibilities

Application Development
• Develop and maintain mobile applications using JavaScript frameworks such as React Native, Nodejs with JavaScript support.
• Design, develop, and maintain production-grade Android mobile applications and web-based systems.
• Write clean, scalable, and efficient code using modern programming languages and frameworks.
• Publish and maintain applications on the Google Play Store, including release management and version updates.

Integration & Architecture
• Integrate mobile applications with RESTful backend APIs, relational databases, and third-party
services.
• Work with MySQL, Postgresql, Firebase, SQLite, Oracle database, and other mobile-appropriate databases for local and cloud data management.
• Contribute to system design discussions and maintain up-to-date technical documentation.

Quality & Security
• Conduct application testing, debugging, and performance optimization across target devices.
• Troubleshoot and resolve technical issues and application bugs in a timely manner.
• Ensure application security, data protection, and compliance with mobile development best practices.

Collaboration & Continuous Improvement
• Collaborate closely with UI/UX designers to implement accessible, user-friendly interfaces.
• Support development of dashboards and data visualizations to improve data utilization for program staff.
• Stay current with emerging mobile technologies, frameworks, and industry trends.
• Undertake any other tasks reasonably assigned by the supervisor.

Essential Skills

Education & Experience
• Bachelor’s degree in Computer Science, Information Technology, Software Engineering, or a closely related field.
• Minimum 3 years of professional experience in designing, developing, implementing, and maintaining mobile and/or web applications.
• Demonstrated ability to develop both front-end and back-end components within project deadlines.

Technical Skills
• Proficiency in one or more front-end and server-side languages and frameworks (e.g. Kotlin, Dart, JavaScript, Next.js, React….).
• Experience with RESTful APIs and JSON/XML data integration.
• Knowledge of MySQL, Oracle Database, Postgresql, SQLite, or other mobile database solutions.
• Familiarity with Git version control systems and collaborative development workflows.
• Experience with scripting/authoring languages, management tools, and content creation toolchains.
• Familiarity with Oracle Database is an asset.

Experience in Healthcare
• Experience with healthcare technology, Electronic Medical Records (EMR), or mobile applications is a strong advantage.

Professional Attributes
• Clear written and spoken English communication skills.
• Self-motivated with the ability to work independently and as part of a cross-functional team.
• Highly organised with a proven ability to manage priorities and meet deadlines.
• Composed and cooperative under pressure; demonstrates a solutions-focused mindset.
• Capacity to develop a strong understanding of the local cultural and political context and to work effectively within it.

Apply Now:
We welcome applications from candidates with diverse backgrounds who are passionate about improving access to care.
To apply, send your CV and Motivation Letter to: [email protected]

In your Motivation Letter, please include:
• Why you are interested in this position
• How your experience and skills are relevant to this role

Deadline : Friday,29th May 2026 (By 5:00 PM Thailand Time)

ที่อยู่

702/1, Moo 1, Tha Sai Luad, Ban
Mae Sot
63110

เวลาทำการ

จันทร์ 09:00 - 23:00
อังคาร 09:00 - 23:00
พุธ 09:00 - 23:00
พฤหัสบดี 09:00 - 23:00
เสาร์ 09:00 - 23:00
อาทิตย์ 09:00 - 23:00

เบอร์โทรศัพท์

+66620703913

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Equal Healthผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์