15/07/2026
လူနာတစ်ဦး၏အခွင့်အရေး
( DECLARATION OF PATIENTS' RIGHTS)
လူနာတွေအဖို့ဆရာဝန်(သို့မဟုတ်)ကျန်းမာရေးဝန်ထမ်းတွေဆီကနေကုသမှုခံယူဖို့ပြောဆိုဆက်ဆံရတဲ့အခါ ဒွိဟဖြစ်ရတာ၊နားလည်ဖို့ခက်ခဲတာ၊ယုတ်စွအဆုံးစိတ်တိုဒေါသထွက်ရတာ၊ဝမ်းနည်းစိတ်မကောင်းဖြစ်ရတာတွေဆိုတာ မြင်ရ၊တွေ့ရများတဲ့အဖြစ်အပျက်တစ်ခုပါ။ တကယ်တော့ဒီလိုဖြစ်ကြရတယ်ဆိုတာဟာ လုပ်ငန်းခွင်တစ်ခုမှာ ကိုယ်ရပိုင်ခွင့်ရှိတဲ့အခွင့်အရေး၊သူလုပ်ပေးနိုင်တဲ့အခွင့်အရေးစတဲ့အရာတွေကိုသေချာစွာနားလည်ထားခြင်းမရှိတာဟာအဓိကအကြောင်းအရင်းတစ်ခုလိုပါ။သူ့ Rights နဲ့ ကိုယ့် Rights တွေသဘောပေါက်နားလည်သွားတဲ့အခါမှာ လူနာတွေအနေနဲ့လည်း ကိုယ်ဒါတွေရပိုင်ခွင့်ရှိပါတယ်ဆိုတာကို ချက်ကျလက်ကျနားလည်သွားနိုင်သလို၊ဆရာဝန် နဲ့ ကျန်းမာရေးဝန်ထမ်းတွေဘက်မှာလည်း ဒီလို အခွင့်အရေးလေးတွေရှိတာပါပဲလားဆိုတာကိုလည်းနားလည်သွားပါလိမ့်မယ်။အဲ့ဒါ့ကြောင့်ကျွန်တော့်အနေနဲ့ ဒီနေ့မှာတော့" DECLARATION OF PATIENTS' RIGHTS " လို့ခေါ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတွေကသတ်မှတ်ထုတ်ပြန်ထားတဲ့ " လူနာတစ်ယောက်ရဲ့ အခွင့်အရေး"တွေကိုတတ်စွမ်းသမျှမြန်မာမှုပြုပြီးဖော်ပြလိုက်ရပါတယ်ခင်ဗျာ
လူနာတစ်ဦး၏အခွင့်အရေးများ
၁။ အရည်အသွေးမီသော ကုသမှုခံယူခွင့်( Right to Medical Care of Good Quality)
-လူနာတိုင်းသည်ခွဲခြားဆက်ဆံခံရမှု ကင်းစွာဖြင့်သင့်လျော်သောကျန်းမာရေးစောင့်ရှောက်မှုကို ရပိုင်ခွင့်ရှိပါသည်။
၂။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်( Right to Freedom of Choice)
-ကိုယ့်ကိုကုသပေးမယ့် ဆရာဝန်၊ကုသမှုခံယူမည့်ဆေးရုံ၊ဆေးခန်းကို ကိုယ်တိုင်ရွေးချယ်ခွင့်၊ စိတ်ကြိုက်ပြောင်းလဲခွင့်လူနာတိုင်းမှာ ရှိသည်။ (အခြေအနေပေးသလောက် ဆောင်ရွက်နိုင်ပါသည်)
၃။ ကိုယ်တိုင်ဆုံးဖြတ်ခွင့် ( Right to Self-Determination)
-စိတ်ပိုင်းဆိုင်ရာနှင့်သတိအနေအထားအရ အကဲဖြတ်နိုင်စွမ်းရှိတဲ့လူနာတိုင်းဟာ ကိုယ့်ရောဂါအကြောင်း အသိပေးချက်တွေကို သေချာနားလည်ပြီး ကုသမှုကို လက်ခံမယ်၊ ဒါမှမဟုတ် ငြင်းပယ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ကိုယ်တိုင်ချပိုင်ခွင့် ရှိပါသည်။
၄။ သတိမေ့မြောနေသော လူနာအတွက်( The Unconcious Patient)
-လူနာက သတိမေ့မြောနေလို့ လူနာရဲ့ခွင့်ပြုချက်ကိုမတောင်းခံနိုင်တဲ့အခါအသက်ကယ်ဖို့ (သို့မဟုတ်) ဆိုးရွားတဲ့ အန္တရာယ်မဖြစ်အောင် ကာကွယ်ဖို့ လိုအပ်တဲ့ ကုသမှုကို ဆောင်ရွက်နိုင်ပါသည်။ ဒါပေမဲ့ လူနာသတိအနေအထားကောင်းစဥ်က ပြောထားခဲ့တဲ့ ဆန္ဒကို သိလျင် အဲ့ဒီဆန္ဒကို တတ်နိုင်သမျှ လေးစားလိုက်နာသင့်ပါသည်။
၅။ တရားဝင် ဆုံးဖြတ်ပိုင်ခွင့်မရှိသေးသော လူနာအတွက် (The Legally Incompetent Patient)
-ထိုကဲ့သို့သောလူနာအတွက်တရားဝင် ကိုယ်စားလှယ် (အုပ်ထိန်းသူ) ထံကနေ ခွင့်ပြုချက်ရယူရပါမယ်။ ဒါပေမဲ့ လူနာကိုယ်တိုင်လည်း သူ့အခြေအနေအရ ပါဝင်နိုင်စွမ်းရှိသလောက် ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါဝင်ခွင့် ပေးသင့်ပါသည်။( အထူးသဖြင့်အသက်မပြည့်သေးသောကလေးသူငယ်များ၊ သတိအနေအထားမကောင်းသူများ၊စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအနေအထားမကောင်းသူများ)
၆။ လူနာဆန္ဒနဲ့ ဆန့်ကျင်တဲ့ ကုသစစ်ဆေးမှုများ ( Procedures Against the Patient's Will)
-လူနာရဲ့ သဘောဆန္ဒကို ကျော်လွန်ပြီး ရောဂါရှာတာ၊ ကုသတာတွေ လုပ်ရလျင်လည်း ထိုအခြေအနေသည် ဥပဒေက ခွင့်ပြုထားတဲ့ အလွန်ထူးခြားတဲ့ အခြေအနေမျိုး မှသာလုပ်ရမည်ဖြစ်ပြီး ဆေးပညာရပ်ပိုင်းဆိုင်ရာကျင့်ဝတ်နှင့်လည်းကိုက်ညီရမည်ဖြစ်သည်။
၇။ သိရှိခွင့် ( Right to Information)
-လူနာတိုင်းမှာ ကိုယ့်ရောဂါအခြေအနေ၊ ရောဂါနာမည်၊ ဘယ်လောက်ထိဖြစ်နိုင်သည်၊ ကုသနည်းများ၊ ဘယ်လိုအန္တရာယ်တွေ၊ အကျိုးကျေးဇူးတွေရှိတယ်ဆိုတာ အပြည့်အစုံဖြင့်နားလည်လွယ်တဲ့ပုံစံနဲ့ သိခွင့်ရှိပါသည်။ ထို့အပြင် ဒီအချက်အလက်တွေကို မသိချင်ဘူးဆိုလျင်လည်း ငြင်းပိုင်ခွင့်ရှိပါသည်။
၈။ လျှို့ဝှက်ချက်ကာကွယ်ပိုင်ခွင့်( Right to Confiedentiality)
-လူနာတစ်ဦးစီရဲ့အချက်အလက်တွေ၊ ဆေးမှတ်တမ်းတွေ၊ ကုသမှုအချက်အလက်တွေအားလုံးကို လျှို့ဝှက်ထားရပါမယ်။ ဒါဟာ လူနာသေဆုံးသွားတဲ့အခါမှာတောင် ထုတ်ဖော်ခြင်းမပြုရပဲဥပဒေအရ ထုတ်ဖော်ဖို့လိုတဲ့အခါ၊ ဒါမှမဟုတ် လူနာကိုယ်တိုင်က(သို့မဟုတ်)လူနာရှင်က ခွင့်ပြုတဲ့အခါမှပဲ ထုတ်ပြောလို့ရပါသည်။
၉။ ကျန်းမာရေးနှင့်ဆိုင်သောပညာပေးဗဟုသုတခံယူခွင့်(Right to Health Education)
-လူတိုင်းလူတိုင်းဟာ ကိုယ့်ကျန်းမာရေးအတွက် ဘာကောင်းတယ်၊ဆိုးတယ်ဆိုတာကို ဆင်ခြင်နိုင်ဖို့၊ ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံကို ရွေးချယ်တတ်ဖို့ လိုအပ်တဲ့ ကျန်းမာရေးအသိပညာဗဟုသုတကို သင်ကြားခံယူခွင့် ရှိပါသည်။
၁၀။ ဂုဏ်သိက္ခာရှိစွာ ဆက်ဆံခံခွင့်( Right to Dignity)
-နေထိုင်မကောင်းဖြစ်နေတဲ့အခြေအနေအဆင့်ဆင့်တိုင်းမှာ လူနာတိုင်းကို ဂုဏ်သိက္ခာရှိရှိ၊ လေးလေးစားစား ဆက်ဆံရမှာဖြစ်သလို ဘဝအဆုံးသတ်အချိန် စောင့်ရှောက်မှုနဲ့ ဝေဒနာသက်သာရေးစောင့်ရှောက်မှုတွေမှာလည်း ကရုဏာတရားအပြည့်နဲ့ ပြုစုခံခွင့်ရှိပါသည်။
၁၁။ ဘာသာရေးအကူအညီ ရယူခွင့်
( Right to Religious Assistance)
-လူနာတိုင်းဟာ ကိုယ့်ဘာသာယုံကြည်ချက်နဲ့အညီ ဝိညာဉ်ရေးရာ၊ ဘာသာရေးဆိုင်ရာအကူအညီကို လက်ခံခွင့် (သို့) ငြင်းပယ်ခွင့် ရှိပါသည်။
အထက်တွင်ဖော်ပြခဲ့သောအကြောင်းအရာတို့သည် World Medical Association Declaration of Lisbon on the Rights of the Patient( Current Version) ကိုဘာသာပြန်ဖော်ပြထားခြင်းကြောင့် မူရင်းအား လေးစားစွာ Credit ပေးပါသည်။
လူနာများ ဗဟုသုတ ရစေရန်အလို့ငှာသာ မြန်မာမှုပြုရေးသားပေးခြင်းဖြစ်သောကြောင့် ကျွန်တော့်ထက်ကျွမ်းကျင်သောဆရာ၊ဆရာမ များအနေဖြင့်လိုအပ်ချက်များရှိပါကထောက်ပြပေးရန်လည်းမေတ္တာရပ်ခံပါသည်။
ထို့အပြင်လူနာများအနေဖြင့်လည်းယခုဆောင်းပါးဖတ်ပြီးလျှင် လူနာများဘက်မှ အစစအရာရာလိုအပ်သောအရာမှန်သမျှ၊ဖြစ်ချင်သောအရာမှန်သမျှကို ဆေးဝန်ထမ်း၊ဆရာဝန်များက လိုက်ပါဆောင်ရွက်ပေးရမည့်အနေအထားကဲ့သို့လည်းသဘောပေါက်နေနိုင်ပါသည်။ တကယ်တော့ ကျင့်ဝတ်ဆိုင်ရာ ကြေငြာချက်များသည် နှစ်ဖက် စလုံးဘက်ကိုဖတ်ပြီးမှသာလျှင် ပိုမိုပြီးပြည့်စုံစွာနားလည်နိုင်ပါသည်။ ထို့ကြောင့်နောက်ဆောင်းပါးတွင် ဆရာဝန် နှင့် ဆေးဝန်ထမ်း တို့ဘက်က အခွင့်အရေးများကိုလည်းဆက်လက်ဖော်ပြပေးသွားပါမည်။သူ့အခွင့်အရေး၊ကိုယ့်အခွင့်အရေးရှင်းလင်းစွာနားလည်သွားလျှင်ကုသရေးများတွင်ပိုမိုထိရောက်နိုင်ကြောင်းရေးသားရင်းဆောင်းပါးအားနိဂုံးချုပ်အပ်ပါသည်။
ကျွန်တော်တို့ Phyo Healthcare Logistic Service page Messenger, Whatapp, Signal, Telegram, Line စသည်တို့တွင်လည်း လူကြီးမင်းတို့ရဲ့ ကျန်းမာရေး အခြေအနေများကို ဆက်သွယ်ပြီး အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။