Phyo - Healthcare Logistics Service

Phyo - Healthcare Logistics Service ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Phyo - Healthcare Logistics Service, การแพทย์และสุขภาพ, Mae Sot.

-ကျန်းမာရေးဆိုင်ရာအကြောင်းအရာများအားမျှဝေ​ခြင်း၊အကြံပြုဆွေးနွေးတိုင်ပင်ခြင်း နှင့် အရေးပေါ်အခြေအနေများအတွက်ဝန်ဆောင်မှုပေးခြင်း
-တရားဝင်အသုံးပြုခွင့်ရသော ဆေးဝါးနှင့် ဆေးပစ္စည်းများအားထိုင်းနိုင်ငံမဲဆောက်မြို့အနှံ့ဝယ်ယူပို့ဆောင်ပေးသောဝန်ဆောင်မှုပေးခြင်း

လူနာတစ်ဦး၏အခွင့်အရေး( DECLARATION OF PATIENTS' RIGHTS)လူနာတွေအဖို့ဆရာဝန်(သို့မဟုတ်)ကျန်းမာရေးဝန်ထမ်းတွေဆီကနေကုသမှုခံယူဖ...
15/07/2026

လူနာတစ်ဦး၏အခွင့်အရေး
( DECLARATION OF PATIENTS' RIGHTS)

လူနာတွေအဖို့ဆရာဝန်(သို့မဟုတ်)ကျန်းမာရေးဝန်ထမ်းတွေဆီကနေကုသမှုခံယူဖို့ပြောဆိုဆက်ဆံရတဲ့အခါ ဒွိဟဖြစ်ရတာ၊နားလည်ဖို့ခက်ခဲတာ၊ယုတ်စွအဆုံးစိတ်တိုဒေါသထွက်ရတာ၊ဝမ်းနည်းစိတ်မကောင်းဖြစ်ရတာတွေဆိုတာ မြင်ရ၊တွေ့ရများတဲ့အဖြစ်အပျက်တစ်ခုပါ။ တကယ်တော့ဒီလိုဖြစ်ကြရတယ်ဆိုတာဟာ လုပ်ငန်းခွင်တစ်ခုမှာ ကိုယ်ရပိုင်ခွင့်ရှိတဲ့အခွင့်အရေး၊သူလုပ်ပေးနိုင်တဲ့အခွင့်အရေးစတဲ့အရာတွေကိုသေချာစွာနားလည်ထား​ခြင်းမရှိတာဟာအဓိကအကြောင်းအရင်းတစ်ခုလိုပါ။သူ့ Rights နဲ့ ကိုယ့် Rights တွေသဘောပေါက်နားလည်သွားတဲ့အခါမှာ လူနာတွေအနေနဲ့လည်း ကိုယ်ဒါတွေရပိုင်ခွင့်ရှိပါတယ်ဆိုတာကို ချက်ကျလက်ကျနားလည်သွားနိုင်သလို၊ဆရာဝန် နဲ့ ကျန်းမာရေးဝန်ထမ်းတွေဘက်မှာလည်း ဒီလို အခွင့်အရေးလေးတွေရှိတာပါပဲလားဆိုတာကိုလည်းနားလည်သွားပါလိမ့်မယ်။အဲ့ဒါ့ကြောင့်ကျွန်တော့်အနေနဲ့ ဒီနေ့မှာတော့" DECLARATION OF PATIENTS' RIGHTS " လို့ခေါ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတွေကသတ်မှတ်ထုတ်ပြန်ထားတဲ့ " လူနာတစ်ယောက်ရဲ့ အခွင့်အရေး"တွေကိုတတ်စွမ်းသမျှမြန်မာမှုပြုပြီးဖော်ပြလိုက်ရပါတယ်ခင်ဗျာ

လူနာတစ်ဦး၏အခွင့်အရေးများ
၁။ အရည်အသွေးမီသော ကုသမှုခံယူခွင့်( Right to Medical Care of Good Quality)
-လူနာတိုင်းသည်ခွဲခြားဆက်ဆံခံရမှု ကင်းစွာ​ဖြင့်သင့်လျော်သောကျန်းမာရေးစောင့်ရှောက်မှုကို ရပိုင်ခွင့်ရှိပါသည်။

၂။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်( Right to Freedom of Choice)
-ကိုယ့်ကိုကုသပေးမယ့် ဆရာဝန်၊ကုသမှုခံယူမည့်​ဆေးရုံ၊ဆေးခန်းကို ကိုယ်တိုင်ရွေးချယ်ခွင့်၊ စိတ်ကြိုက်ပြောင်းလဲခွင့်လူနာတိုင်းမှာ ရှိသည်။ (အခြေအနေပေးသလောက် ဆောင်ရွက်နိုင်ပါသည်)

၃။ ကိုယ်တိုင်ဆုံးဖြတ်ခွင့် ( Right to Self-Determination)
-စိတ်ပိုင်းဆိုင်ရာနှင့်သတိအနေအထားအရ အကဲဖြတ်နိုင်စွမ်းရှိတဲ့လူနာတိုင်းဟာ ကိုယ့်ရောဂါအကြောင်း အသိပေးချက်တွေကို သေချာနားလည်ပြီး ကုသမှုကို လက်ခံမယ်၊ ဒါမှမဟုတ် ငြင်းပယ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ကိုယ်တိုင်ချပိုင်ခွင့် ရှိပါသည်။

၄။ သတိမေ့မြောနေသော လူနာအတွက်( The Unconcious Patient)
-လူနာက သတိမေ့မြောနေလို့ လူနာရဲ့ခွင့်ပြုချက်ကိုမတောင်းခံနိုင်တဲ့အခါအသက်ကယ်ဖို့ (သို့မဟုတ်) ဆိုးရွားတဲ့ အန္တရာယ်မဖြစ်အောင် ကာကွယ်ဖို့ လိုအပ်တဲ့ ကုသမှုကို ဆောင်ရွက်နိုင်ပါသည်။ ဒါပေမဲ့ လူနာသတိအနေအထားကောင်းစဥ်က ပြောထားခဲ့တဲ့ ဆန္ဒကို သိလျင် အဲ့ဒီဆန္ဒကို တတ်နိုင်သမျှ လေးစားလိုက်နာသင့်ပါသည်။

၅။ တရားဝင် ဆုံးဖြတ်ပိုင်ခွင့်မရှိသေးသော လူနာအတွက် (The Legally Incompetent Patient)
-ထိုကဲ့သို့​သောလူနာအတွက်တရားဝင် ကိုယ်စားလှယ် (အုပ်ထိန်းသူ) ထံကနေ ခွင့်ပြုချက်ရယူရပါမယ်။ ဒါပေမဲ့ လူနာကိုယ်တိုင်လည်း သူ့အခြေအနေအရ ပါဝင်နိုင်စွမ်းရှိသလောက် ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါဝင်ခွင့် ပေးသင့်ပါသည်။( အထူးသဖြင့်အသက်မပြည့်သေးသောကလေးသူငယ်များ၊ သတိအနေအထားမကောင်းသူများ၊စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအနေအထားမကောင်းသူများ)

၆။ လူနာဆန္ဒနဲ့ ဆန့်ကျင်တဲ့ ကုသစစ်ဆေးမှုများ ( Procedures Against the Patient's Will)
-လူနာရဲ့ သဘောဆန္ဒကို ကျော်လွန်ပြီး ရောဂါရှာတာ၊ ကုသတာတွေ လုပ်ရလျင်လည်း ထိုအခြေအနေသည် ဥပဒေက ခွင့်ပြုထားတဲ့ အလွန်ထူးခြားတဲ့ အခြေအနေမျိုး မှသာလုပ်ရမည်​ဖြစ်ပြီး ဆေးပညာရပ်ပိုင်းဆိုင်ရာကျင့်ဝတ်နှင့်လည်းကိုက်ညီရမည်ဖြစ်သည်။

၇။ သိရှိခွင့် ( Right to Information)
-လူနာတိုင်းမှာ ကိုယ့်ရောဂါအခြေအနေ၊ ရောဂါနာမည်၊ ဘယ်လောက်ထိဖြစ်နိုင်သည်၊ ကုသနည်းများ၊ ဘယ်လိုအန္တရာယ်တွေ၊ အကျိုးကျေးဇူးတွေရှိတယ်ဆိုတာ အပြည့်အစုံ​ဖြင့်နားလည်လွယ်တဲ့ပုံစံနဲ့ သိခွင့်ရှိပါသည်။ ထို့အပြင် ဒီအချက်အလက်တွေကို မသိချင်ဘူးဆိုလျင်လည်း ငြင်းပိုင်ခွင့်ရှိပါသည်။

၈။ လျှို့ဝှက်ချက်ကာကွယ်ပိုင်ခွင့်( Right to Confiedentiality)
-လူနာတစ်ဦးစီရဲ့အချက်အလက်တွေ၊ ဆေးမှတ်တမ်းတွေ၊ ကုသမှုအချက်အလက်တွေအားလုံးကို လျှို့ဝှက်ထားရပါမယ်။ ဒါဟာ လူနာသေဆုံးသွားတဲ့အခါမှာတောင် ထုတ်ဖော်​​ခြင်းမပြုရပဲဥပဒေအရ ထုတ်ဖော်ဖို့လိုတဲ့အခါ၊ ဒါမှမဟုတ် လူနာကိုယ်တိုင်က(သို့မဟုတ်)လူနာရှင်က ခွင့်ပြုတဲ့အခါမှပဲ ထုတ်ပြောလို့ရပါသည်။

၉။ ကျန်းမာရေးနှင့်ဆိုင်သောပညာပေးဗဟုသုတခံယူခွင့်(Right to Health Education)
-လူတိုင်းလူတိုင်းဟာ ကိုယ့်ကျန်းမာရေးအတွက် ဘာကောင်းတယ်၊ဆိုးတယ်ဆိုတာကို ဆင်ခြင်နိုင်ဖို့၊ ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံကို ရွေးချယ်တတ်ဖို့ လိုအပ်တဲ့ ကျန်းမာရေးအသိပညာဗဟုသုတကို သင်ကြားခံယူခွင့် ရှိပါသည်။

၁၀။ ဂုဏ်သိက္ခာရှိစွာ ဆက်ဆံခံခွင့်( Right to Dignity)
-နေထိုင်မကောင်း​ဖြစ်နေတဲ့အ​ခြေအနေအဆင့်ဆင့်တိုင်းမှာ လူနာတိုင်းကို ဂုဏ်သိက္ခာရှိရှိ၊ လေးလေးစားစား ဆက်ဆံရမှာဖြစ်သလို ဘဝအဆုံးသတ်အချိန် စောင့်ရှောက်မှုနဲ့ ဝေဒနာသက်သာရေးစောင့်ရှောက်မှုတွေမှာလည်း ကရုဏာတရားအပြည့်နဲ့ ပြုစုခံခွင့်ရှိပါသည်။

၁၁။ ဘာသာရေးအကူအညီ ရယူခွင့်
( Right to Religious Assistance)
-လူနာတိုင်းဟာ ကိုယ့်ဘာသာယုံကြည်ချက်နဲ့အညီ ဝိညာဉ်ရေးရာ၊ ဘာသာရေးဆိုင်ရာအကူအညီကို လက်ခံခွင့် (သို့) ငြင်းပယ်ခွင့် ရှိပါသည်။

အထက်တွင်ဖော်ပြခဲ့သောအကြောင်းအရာတို့သည် World Medical Association Declaration of Lisbon on the Rights of the Patient( Current Version) ကိုဘာသာပြန်ဖော်ပြထားခြင်းကြောင့် မူရင်းအား လေးစားစွာ Credit ပေးပါသည်။

လူနာများ ဗဟုသုတ ရစေရန်အလို့ငှာသာ မြန်မာမှုပြုရေးသားပေးခြင်းဖြစ်သောကြောင့် ကျွန်တော့်ထက်ကျွမ်းကျင်သောဆရာ၊ဆရာမ များအနေဖြင့်လိုအပ်ချက်များရှိပါကထောက်ပြပေးရန်လည်းမေတ္တာရပ်ခံပါသည်။

ထို့အပြင်လူနာများအနေဖြင့်လည်းယခုဆောင်းပါးဖတ်ပြီးလျှင် လူနာများဘက်မှ အစစအရာရာလိုအပ်သောအရာမှန်သမျှ၊ဖြစ်ချင်သောအရာမှန်သမျှကို ဆေးဝန်ထမ်း၊ဆရာဝန်များက လိုက်ပါဆောင်ရွက်ပေးရမည့်အနေအထားကဲ့သို့လည်းသဘောပေါက်နေနိုင်ပါသည်။ တကယ်တော့ ကျင့်ဝတ်ဆိုင်ရာ ကြေငြာချက်များသည် နှစ်ဖက် စလုံးဘက်ကိုဖတ်ပြီးမှသာလျှင် ပိုမိုပြီးပြည့်စုံစွာနားလည်နိုင်ပါသည်။ ထို့ကြောင့်နောက်ဆောင်းပါးတွင် ဆရာဝန် နှင့် ဆေးဝန်ထမ်း တို့ဘက်က အခွင့်အရေးများကိုလည်းဆက်လက်ဖော်ပြပေးသွားပါမည်။သူ့အခွင့်အရေး၊ကိုယ့်အခွင့်အရေးရှင်းလင်းစွာနားလည်သွားလျှင်ကုသရေးများတွင်ပိုမိုထိရောက်နိုင်ကြောင်းရေးသားရင်းဆောင်းပါးအားနိဂုံးချုပ်အပ်ပါသည်။

ကျွန်တော်တို့ Phyo Healthcare Logistic Service page Messenger, Whatapp, Signal, Telegram, Line စသည်တို့တွင်လည်း လူကြီးမင်းတို့ရဲ့ ကျန်းမာရေး အခြေအနေများကို ဆက်သွယ်ပြီး အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။



-ဓာတ်မှန် (X-Ray)-အာထရာဆောင်း (Ultrasound)-ကွန်ပျူတာဓါတ်မှန်(Computed Tomography-CT Scan) -သံလိုက်ဓါတ်မှန် ( Magnetic Re...
13/07/2026

-ဓာတ်မှန် (X-Ray)
-အာထရာဆောင်း (Ultrasound)
-ကွန်ပျူတာဓါတ်မှန်(Computed Tomography-CT Scan)
-သံလိုက်ဓါတ်မှန် ( Magnetic Resonance Imaging-MRI)

ဒီဆေးရုံသုံးစက်ပစ္စည်းတွေဟာ ဘာကွာသလဲ၊ ဘယ်အချိန်မှာ ဘယ်ဟာကို သုံးတတ်သလဲ?

ဆေးရုံဆေးခန်းတွေမှာ စစ်ဆေးမှုခံယူတဲ့အခါ လူနာတော်တော်များများဟာ ဒီစက်တွေရဲ့ သဘောသဘာဝကို ရောထွေးနေတတ်ပါတယ်။ “ဓာတ်မှန်တစ်ချပ်ရိုက်လိုက်ရင် အကုန်လုံးသိပြီးသား”၊ “CT ရိုက်ရင် Ultrasound ထက် ပိုကောင်းတယ်” ဒါမှမဟုတ် “MRI ဆိုတာ အဆင့်မြင့်ဆုံးပဲ၊ အကုန်သိနိုင်တယ်” ဆိုတဲ့ အထင်အမြင်တွေ ရှိတတ်ကြပါတယ်။ တကယ်တမ်းကျတော့ ဒီစက်တွေဟာ တစ်ခုနဲ့တစ်ခု မတူညီတဲ့ နည်းပညာတွေကို အသုံးပြုထားပြီး၊ ခန္ဓာကိုယ်ရဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေကို သီးခြားစီ ကြည့်ရှုဖို့ တီထွင်ထုတ်လုပ်ထားတာပါ။ အားလုံးကို သိနိုင်တဲ့ စက်မျိုး တစ်ခုတည်း မရှိပါ။

ပြီးခဲ့တဲ့ဆောင်းပါးတွေမှာတော့ ဓာတ်မှန်(X ray),အာထရာဆောင်း(USG) နဲ့ ကွန်ပျူတာဓာတ်မှန် ( CT Scan )အ​ကြာင်း​​​​တွေကိုဖော်ပြပြီးဖြစ်တာမို့ဒီဆောင်းပါးမှာတော့ သံလိုက်ဓာတ်မှန် ( MRI ) အကြောင်းကိုဆက်လက်ဖော်ပြပေးပါမယ်။

သံလိုက်ဓာတ်မှန် (MRI ) ဆိုတာဘာလည်း....

Magnetic Resonanace Imaging ( MRI) ဆိုတာ အားပြင်းတဲ့ သံလိုက်စက်ကွင်းနဲ့ ရေဒီယိုလှိုင်းတွေကို အသုံးပြုပြီး ခန္ဓာကိုယ်အတွင်းက မော်လီကျူးတွေရဲ့ တုံ့ပြန်မှုတွေကနေ ပုံရိပ်တွေဖန်တီးပေးတဲ့နည်းပညာပဲဖြစ်ပါတယ်။ ဓာတ်ရောင်ခြည် လုံးဝမပါတဲ့နည်းပညာတစ်မျိုးလည်းဖြစ်ပါတယ်။

· ဘာကို ကောင်းကောင်းမြင်ရနိုင်လဲ...

ဦးနှောက်ပိုင်းဆိုင်ရာမှာဆိုရင် - လေဖြတ်ခြင်း (အထူးသဖြင့် သွေးကြောပိတ်​ခြင်း​ကြောင့်လေဖြတ်ခြင်း)၊ ဦးနှောက်အကျိတ်ရောဂါ၊ဦးနှောက်ရှိ အတွင်းပိုင်းအစိတ်အပိုင်းတွေထိရှင်းလင်းစွာမြင်ရခြင်း

ကျောရိုးပိုင်းဆိုင်ရာများ-ကျောရိုးဆစ်များကျွံ​ခြင်း၊ကျောရိုးအတွင်းပိုင်းရှိအာရုံကြောရောဂါများကိုမြင်ရခြင်း၊ကျောရိုးဆစ်ကျွံခြင်းကြောင့်အာရုံကြောဖိညပ်ခံရခြင်းများကိုမြင်ရခြင်း

အဆစ်အမြစ်နှင့်အရွတ်များ - အရွတ်ပြတ်ခြင်းများ၊အရိုးနုပြတ်ခြင်းများ၊ အရွတ်ဒဏ်ရာများ၊ အဆစ်အမြစ်ဒဏ်ရာများကိုကောင်းမွန်စွာမြင်ရသည်

ကြွက်သားနှင့် တစ်ရှူးအနုများ - ကြွက်သားဒဏ်ရာများ၊ အကျိတ်များ၊ပိုးဝင်ခြင်းများနှင့်တစ်ရှူးအနုများထိမြင်ရခြင်း

နှလုံး နှင့် သွေးကြောများ - Cardiac MRI နှင့် MRI Angiography တို့ရိုက်ရာတွင် နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများကိုမြင်ရနိုင်ခြင်း

ဝမ်းဗိုက်နှင့် တင်ပါးဆုံပိုင်းများတွင် - အသည်း၊ ပန်ကရိယ၊ သားအိမ်၊ မျိုးဥအိမ်၊ ဆီးကျိတ်နှင့် အချို့သော ကင်ဆာရောဂါများကိုမြင်ရခြင်း

သတိထားသုံးသင့်သည့်အချက်များ....

·နှလုံးခုန်နှုန်းထိန်းစက် (pacemaker) သို့မဟုတ် ခန္ဓာကိုယ်တွင်း ထည့်သွင်းထားသော ကုသမှုကိရိယာများ ရှိသော လူနာများ

· အချို့သော ကိရိယာများ သို့မဟုတ် သတ္တုကိုယ်ထည်များ ခန္ဓာကိုယ်တွင်ရှိနေခြင်းများ( အထူးသဖြင့်မျက်လုံးထဲတွင်)

· မိနစ် ၂၀ မှ ၆၀ ခန့်အထိ ငြိမ်ငြိမ်လှဲမနေနိုင်သော လူနာများ

· ပြင်းထန်သော အလုံပိတ်ကြောက်ရောဂါ (claustrophobia) ရှိလျှင် စိတ်ငြိမ်ဆေးပေးခြင်း၊လိုအပ်လာလျှင်မေ့ဆေးအထိပေးရနိုင်ခြင်း (သို့မဟုတ်) ​အလုံပိတ် MRIမဟုတ်သော အမိုးပွင့်ပုံစံကဲ့သို့ MRI စက်ရှိမှသာ ရိုက်ရနိုင်ခြင်း

· ပြင်းထန်သော ကျောက်ကပ်ရောဂါ ရှိသူများအဖို့ Contrast ဟုခေါ်သောဆေးအရည်တစ်မျိုးကိုအသုံးပြုခြင်းဖြင့် MRI ရိုက်ရန် လိုအပ်ပါက လွန်စွာသတိထားရန်
စသည်တို့ဖြစ်ကြပါသည်။

ယခင်ဖော်ပြခဲ့သော ဓာတ်မှန် ( X Ray)၊အာထရာဆောင်း( Ultrasound) နှင့် ကွန်ပျူတာဓာတ်မှန် ( CT Scan) အကြောင်းများကိုလည်းပြန်လည်ဖတ်ရှုနိုင်ရန် Link များလည်းထည့်သွင်းဖော်ပြပေးလိုက်ပါသည်။

ဓာတ်မှန် ( X Ray) နဲ့ အာထရာဆောင်း( Ultrasound)အကြောင်း

https://www.facebook.com/share/p/1cc5KPuLo8/

ကွန်ပျူတာဓာတ်မှန် ( CT Scan) အကြောင်း

https://www.facebook.com/share/p/18R7J3sUnr/

ကျွန်တော်တို့ Phyo Healthcare Logistic Service page Messenger, Whatapp, Signal, Telegram, Line စသည်တို့တွင်လည်း လူကြီးမင်းတို့ရဲ့ ကျန်းမာရေး အခြေအနေများကို ဆက်သွယ်ပြီး အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

-ဓာတ်မှန် (X-Ray)-အာထရာဆောင်း (Ultrasound)-ကွန်ပျူတာဓါတ်မှန်(Computed Tomography-CT Scan) -သံလိုက်ဓါတ်မှန် ( Magnetic Re...
12/07/2026

-ဓာတ်မှန် (X-Ray)
-အာထရာဆောင်း (Ultrasound)
-ကွန်ပျူတာဓါတ်မှန်(Computed Tomography-CT Scan)
-သံလိုက်ဓါတ်မှန် ( Magnetic Resonance Imaging-MRI)

ဒီဆေးရုံသုံးစက်ပစ္စည်းတွေဟာ ဘာကွာသလဲ၊ ဘယ်အချိန်မှာ ဘယ်ဟာကို သုံးတတ်သလဲ?

ဆေးရုံဆေးခန်းတွေမှာ စစ်ဆေးမှုခံယူတဲ့အခါ လူနာတော်တော်များများဟာ ဒီစက်တွေရဲ့ သဘောသဘာဝကို ရောထွေးနေတတ်ပါတယ်။ “ဓာတ်မှန်တစ်ချပ်ရိုက်လိုက်ရင် အကုန်လုံးသိပြီးသား”၊ “CT ရိုက်ရင် Ultrasound ထက် ပိုကောင်းတယ်” ဒါမှမဟုတ် “MRI ဆိုတာ အဆင့်မြင့်ဆုံးပဲ၊ အကုန်သိနိုင်တယ်” ဆိုတဲ့ အထင်အမြင်တွေ ရှိတတ်ကြပါတယ်။ တကယ်တမ်းကျတော့ ဒီစက်တွေဟာ တစ်ခုနဲ့တစ်ခု မတူညီတဲ့ နည်းပညာတွေကို အသုံးပြုထားပြီး၊ ခန္ဓာကိုယ်ရဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေကို သီးခြားစီ ကြည့်ရှုဖို့ တီထွင်ထုတ်လုပ်ထားတာပါ။ အားလုံးကို သိနိုင်တဲ့ စက်မျိုး တစ်ခုတည်း မရှိပါ။

ပြီးခဲ့တဲ့ဆောင်းပါးမှာတော့ X-Ray နဲ့ Ultrasound အ​ကြာင်း​​​​ဖော်ပြပြီးဖြစ်တာမို့ဒီဆောင်းပါးမှာတော့ ကွန်ပျုတာဓါတ်မှန် ( CT Scan) အကြောင်းကိုဆက်လက်ဖော်ပြပေးပါမယ်။

ကွန်ပျူတာဓာတ်မှန် (CT Scan) ဆိုတာဘာလည်း....

ကွန်ပျူတာဓာတ်မှန် ( CT Scan)ဟာ ဓာတ်မှန် (X-ray) နည်းပညာကို အဆင့်မြင့် ကွန်ပျူတာနဲ့ ပေါင်းစပ်ထားတာပါ။ ခန္ဓာကိုယ်ကို ဘက်ပေါင်းစုံကနေ ဓာတ်မှန်ရိုက်ပြီး ကွန်ပျူတာက ပြန်လည်ပေါင်းစပ်ကာ ခန္ဓာကိုယ်ကို အလွှာပါးလေးတွေအဖြစ် ဖြတ်ပြီးမြင်ရတဲ့ နည်းလမ်းဖြစ်ပါတယ်။

· ဘာကို ကောင်းကောင်းမြင်ရလဲ

-အရိုးကျိုးတာ​တွေ၊ကျောရိုးထိခိုက်ဒဏ်ရာရတာတွေ
-ခန္ဓာကိုယ်တွင်းသွေးထွက်တာတွေ
-အလုံး၊အကျိတ်တွေ
-အဆုတ်ရောဂါတွေ၊အဆုတ်ကင်ဆာ၊ အဆုတ်သွေးခဲပိတ်တာ
-ဦးနှောက်သွေးကြောပေါက်တာ (Hemorrhagic stroke)
-ဦးခေါင်းထိခိုက်ဒဏ်ရာရတာ
-ဝမ်းဗိုက်အတွင်း ရှုပ်ထွေးတဲ့ ထိခိုက်ဒဏ်ရာတွေ (ဥပမာ ကားတိုက်ခံရလို့ အတွင်းပိုင်းသွေးထွက်တာ)
-အူအတက်ရောင်တာ၊အူပိတ်တာ၊ကျောက်ကပ်ကျောက်တည်တာ
စတဲ့အကြောင်းအရာတွေကိုအသေးစိတ်မြင်ရပါတယ်။

·ဘာတွေကို သေချာမ​မြင်ရနိုင်ဘူးလည်း

-ဦးနှောက်အတွင်းပိုင်း အသေးစိတ် (ဥပမာ ဦးနှောက်သွေးကြောပိတ်လေဖြတ်ခြင်း Ischemic stroke ကိုအစောပိုင်းမှာ MRI လောက် မမြင်ရနိုင်ခြင်း)
-ကျောရိုးအတွင်းက အာရုံကြောတွေ၊ အရွတ်နဲ့ အရိုးနုတွေကို သံလိုက်ဓာတ်မှန် MRI လောက် အသေးစိတ်မမြင်ရနိုင်ပါ

နောက်တစ်ချက်က ဓာတ်ရောင်ခြည် ပမာဏ ရိုးရိုးဓာတ်မှန်ထက် အများကြီး ပိုများတာပါ။ ဒါကြောင့် မလိုအပ်ဘဲ အကြိမ်ကြိမ် မရိုက်သင့်ပါ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေမှာ ပိုမိုသတိထားသင့်တာပါ။

နောက်ဆောင်းပါးမှာတော့ သံလိုက်ဓာတ်မှန် ( MRI) အကြောင်းကိုဆက်လက်ဖော်ပြပေးသွားမယ်ဆိုတဲ့အကြောင်းရေးသားရင်း CT Scan အကြောင်းကိုနိဂုံးချုပ်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့ Phyo Healthcare Logistic Service page Messenger, Whatapp, Signal, Telegram, Line စသည်တို့တွင်လည်း လူကြီးမင်းတို့ရဲ့ ကျန်းမာရေး အခြေအနေများကို ဆက်သွယ်ပြီး အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

-ဓာတ်မှန် (X-Ray)-အာထရာဆောင်း (Ultrasound)-ကွန်ပျူတာဓါတ်မှန်(Computed Tomography-CT Scan) -သံလိုက်ဓါတ်မှန် ( Magnetic Re...
11/07/2026

-ဓာတ်မှန် (X-Ray)
-အာထရာဆောင်း (Ultrasound)
-ကွန်ပျူတာဓါတ်မှန်(Computed Tomography-CT Scan)
-သံလိုက်ဓါတ်မှန် ( Magnetic Resonance Imaging-MRI)

ဒီဆေးရုံသုံးစက်ပစ္စည်းတွေဟာတစ်ခုနဲ့တစ်ခု ဘာကွာသလဲ၊ ဘယ်အချိန်မှာ ဘယ်ဟာကို သုံးတတ်သလဲ?

ဆေးရုံဆေးခန်းတွေမှာ စစ်ဆေးမှုခံယူတဲ့အခါ လူနာတော်တော်များများဟာ ဒီစက်တွေရဲ့ သဘောသဘာဝကို ရောထွေးနေတတ်ပါတယ်။ “ဓာတ်မှန်တစ်ချပ်ရိုက်လိုက်ရင် အကုန်လုံးသိပြီးသား”၊ “CT ရိုက်ရင် Ultrasound ထက် ပိုကောင်းတယ်” ဒါမှမဟုတ် “MRI ဆိုတာ အဆင့်မြင့်ဆုံးပဲ၊ အကုန်သိနိုင်တယ်” ဆိုတဲ့ အထင်အမြင်တွေ ရှိတတ်ကြပါတယ်။ တကယ်တမ်းကျတော့ ဒီစက်တွေဟာ တစ်ခုနဲ့တစ်ခု မတူညီတဲ့ နည်းပညာတွေကို အသုံးပြုထားပြီး၊ ခန္ဓာကိုယ်ရဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေကို သီးခြားစီ ကြည့်ရှုဖို့ ဒီဇိုင်းထုတ်ထားတာပါ။ အားလုံးကို သိနိုင်တဲ့ တစ်ခုတည်းသောစက်မျိုးရယ်မရှိပါဘူး။

ဒီဆောင်းပါးမှာ ဓာတ်မှန်( X-Ray)၊အာထရာဆောင်း( Ultrasound) တို့ရဲ့အခြေခံသဘောတရား၊ သူတို့တွေရဲ့ အားသာချက် အားနည်းချက်၊ ဘယ်လိုအခြေအနေမှာ ဘာကြောင့်ဘာကိုသုံးရသလဲဆိုတာကို လူနာတွေ နားလည်လွယ်အောင် ရှင်းပြပေးပါမယ်။

၁။ ရိုးရိုးဓာတ်မှန် (X-Ray)

ဓာတ်မှန်ဟာ ဆေးပညာလောကရဲ့ အခြေခံအကျဆုံး ပုံရိပ်ဖော်နည်းပညာ ဖြစ်ပြီး၊ ဓာတ်ရောင်ခြည် (X-rays) ကို ခန္ဓာကိုယ်ကို ဖြတ်သန်းစေကာ ပုံရိပ်ဖော်တာပါ။

· ဘာကို ကောင်းကောင်းမြင်ရလဲ
- အရိုးစနစ်ကို အဓိက မြင်ရပါတယ်
-အရိုးကျိုးတာ၊ အရိုးအက်တာ၊ အဆစ်တွေ နေရာလွဲတာ( Fractures and Dialocations)

-အဆုတ်ရောဂါတစ်ချို့(ဥပမာ တီဘီ၊ နမိုးနီးယား)၊ အဆုတ်နဲ့အဆုတ်ကာအလွှာကြားထဲရေဝိုင်းတာ၊​လေဝင်နေတာ( Tuberculous Infection,Pneumonia,Haemothorax,Pnuemothorax)

-အူလမ်းကြောင်း ပိတ်ဆို့တာ၊အူပေါက်တာကိုသွယ်ဝိုက်သောနည်းလမ်းနဲ့မြင်ရတာ( Bowel Obstruction,Perforation)

-ကျောက်ကပ်နဲ့ဆီးအိမ်မှာရှိတဲ့ကျောက်များ( Kidney and Bladder Stones)

-ခန္ဓာကိုယ်ထဲသို့ပြင်ပမှာဝင်ရောက်လာသောအရာဝတ္ထုများ နှင့် ခန္ဓာကိုယ်အတွင်းရှိသူ့နေရာနှင့်သူမရှိသောအရာဝတ္ထုပစ္စည်းများ( Foreign Bodies)

-ကိုယ်ခန္ဓာအတွင်းသို့ကုသမှုအတွက်အသုံးပြုရန်ထည့်ထားသော ကုသရေးပစ္စည်းများအနေအထားမှန်၊မမှန်( Position of medical devices such as feeding tubes and central venous catheters and Paece makers)

-သွားပိုစားခြင်းနဲ့သွားနဲ့ဆိုင်တဲ့ကျန်းမာရေးအခြေအနေတစ်ချို့( Dental Caries)

စတာတွေကိုမြင်ရပါတယ်။

· ဘာကို မမြင်ရဘူးလဲ

-အရွတ်၊ ကြွက်သား၊ အာရုံကြော၊ ဦးနှောက်ပိုင်းဆိုင်ရာ၊ ဝမ်းဗိုက်အတွင်းပိုင်းအင်္ဂါအသေးစိတ် (ဥပမာ သည်းခြေကျောက်၊ အူအတွင်းသား) စတာတွေကို သေချာမမြင်ရပါ။

၂။ အာထရာဆောင်း (Ultrasound / USG)

Ultrasound သည်အသံလှိုင်းကို အသုံးပြုထားပြီး ခန္ဓာကိုယ်အတွင်းပိုင်းကို အချိန်နဲ့တပြေးညီ (Real-time) မြင်ရတဲ့ နည်းပညာပါ။ ဓာတ်ရောင်ခြည် လုံးဝမပါတဲ့အတွက် ကိုယ်ဝန်ဆောင်တွေ၊ ကလေးတွေအတွက် အလွန်စိတ်ချရပါတယ်။

· ဘာကို ကောင်းကောင်းမြင်ရလဲ

-Abdomen and Pelvis
-ဝမ်းဗိုက်အတွင်းက ပျော့ပျောင်းတဲ့အင်္ဂါတွေ (အသည်း၊ သည်းခြေအိတ်၊ ကျောက်ကပ်၊ သရက်ရွက်၊ ဆီးအိမ်၊ သားအိမ်၊ သားဥအိမ်၊ဆီးကျိတ်)
( To exclude Abdomen and Pelvis Abnormalities)

-Doppler Ultrasound
-သွေးကြောတွေနဲ့ဆိုင်တဲ့အရာ​တွေ( သွေးကြောကျဥ်းတာတွေ၊သွေးစီးစင်းမှုနှေးတာတွေ)( DVT and Arterial Narrowing)

-Neck Ultrasound
-လည်ပင်းမှာဆိုရင်သိုင်းရွိုက်ဂလင်း နဲ့ အကျိတ်တစ်ချို့( Thyroid Nodules and Lymph Nodes)

-Breast Ultrasound
-ရင်သားမှာဆိုရင်သားရင်သားအ​ကျိတ်တစ်ချို့( Breast Lump)

-နှလုံး(Echocardiogram)နှလုံးအဆို့ရှင်တွေ၊ နှလုံးလုပ်ငန်းဆောင်တာတွေ၊မွေးရာပါနှလုံးရောဂါတစ်ချို့
( Heart Function,Valves and Congenital Heart Diseases)

-အလုံး၊အကျိတ် နဲ့ ပြည်တည်တာတစ်ချို့( Differentiate Cyst,Solid Mass and Abdcess)

-ခန္ဓာကိုယ်အတွင်းမှ အသားစယူစစ်ဆေးခြင်း၊အရည်စုပ်ထုတ်ခြင်း နှင့် ကုသရေးပိုက်ထည့်ခြင်းများ( Needle Biopisies,Fluid Replacement and Catheter Placement)

-ကိုယ်ဝန်ဆောင် နှင့် သားဖွားမီးယပ်ဆိုင်ရာစစ်ဆေးမှုများ( Obstretrics and Gynaecological Problems)

· ဘာတွေကို မမြင်ရဘူးလဲ
-အရိုးတွေရဲ့ နောက်ကွယ်မှာရှိတဲ့ အရာတွေ၊ အဆုတ်နဲ့ အစာလမ်းကြောင်း အတွင်းပိုင်း (ဥပမာ အစာအိမ်အနာ၊ အူအတွင်းသားအသေးစိတ်) ကို ကောင်းကောင်းမမြင်ရပါဘူး။ လေနဲ့ အရိုးတွေက အသံလှိုင်းကို ကာဆီးတတ်လို့ပါ။အဝလွန်တဲ့သူတွေမှာလည်း Ultrasound နဲ့ကြည့်ရတာကန့်သတ်ချက်များနိုင်ပါတယ်။

နောက်ဆောင်းပါးမှာတော့ CT နဲ့ MRI အကြောင်းကို ဆက်လက်ရှင်းပြပေးသွားပါမယ်ခင်ဗျာ

ကျွန်တော်တို့ Phyo Healthcare Logistic Service page Messenger, Whatapp, Signal, Telegram, Line စသည်တို့တွင်လည်း လူကြီးမင်းတို့ရဲ့ ကျန်းမာရေး အခြေအနေများကို ဆက်သွယ်ပြီး အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

ဆရာဝန်နဲ့တွေ့ရင်(သို့မဟုတ်) ဆေးရုံ၊ဆေးခန်းရောက်ရင်သွေးတိုးတဲ့ White Coat Hypertension ရဲ့ ဆန့်ကျင်ဘက် Masked Hypertensio...
09/07/2026

ဆရာဝန်နဲ့တွေ့ရင်(သို့မဟုတ်) ဆေးရုံ၊ဆေးခန်းရောက်ရင်သွေးတိုးတဲ့ White Coat Hypertension ရဲ့ ဆန့်ကျင်ဘက် Masked Hypertension ဆိုတာဘာလည်း....?

Masked Hypertension ကိုအလွယ်ဆုံး အဓိပ္ပာယ်ဖွင့်ရရင် “ဆေးခန်းမှာဆို သွေးပေါင်ချိန် ပုံမှန်ဖြစ်နေပေမယ့်တကယ့်လက်တွေ့ဘဝမှာ သွေးတိုးနေတဲ့ အခြေအနေ” ပါ။

ဆိုလိုတာက သင်ဆရာဝန်ဆီသွားတဲ့အခါ သွေးပေါင်ချိန်က 140/90 mmHg အောက်မှာရှိပြီး ပုံမှန်ဖြစ်နေပေမယ့် အိမ်မှာ အနားယူနေချိန်၊ အလုပ်လုပ်နေချိန်၊ အိပ်နေချိန်တွေမှာ သွေးပေါင်ချိန်က ပုံမှန်ထက် (135/85 mmHg နဲ့အထက်) မြင့်တက်နေတာပါ။ ဒီလိုဖြစ်တဲ့အတွက် ဆရာဝန်က သွေးတိုးရောဂါရှိမှန်း မသိနိုင်ဘဲ “ပုံမှန်ပါပဲ” ဆိုပြီး ထင်နေတတ်ပါတယ်။ ဒါကြောင့် " Maksed Hypertension " လို့ခေါ်ဆိုကြတာပါ။

Masked Hypertension ကအန္တရာယ်ရှိသလား?
တကယ်တော့ Masked Hypertension ကိုအသံတိတ်လူသတ်သမားလို့တောင်ခေါ်ဆိုကြတာပါ။ဘာကြောင့်လည်းဆိုတော့...

·လူနာသွေးတိုးနေတာကိုမသိရှိနိုင်ခြင်း

ဆေးခန်းသွားတိုင်း သွေးပေါင်ချိန်ကောင်းနေတဲ့အတွက် လူနာရော ဆရာဝန်ပါ “သွေးတိုးရောဂါမရှိဘူး” လို့ လက်ခံထားမိတတ်တယ်။

· သွေးတိုး၏နောက်ဆက်တွဲထိခိုက်မှု

သွေးတိုးတာကို ကုသမှုမခံယူရဘဲ နှစ်ပေါင်းများစွာ ကြာလာတဲ့အခါ နှလုံး၊ ကျောက်ကပ်၊ ဦးနှောက်နဲ့ သွေးကြောတွေကို တိတ်တဆိတ် ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
· ဒီလိုထိခိုက်မှုတွေက ရုတ်တရက် နှလုံးအမောဖောက်တာ၊ လေဖြတ်တာ၊ ကျောက်ကပ်ပျက်စီးတာတွေအဖြစ် ပေါ်လာတတ်ပါတယ်။ သုတေသနတွေအရ Masked Hypertension ရှိသူတွေဟာ သာမန်လူတွေထက် ဒီလိုရောဂါတွေဖြစ်နိုင်ခြေ ၂ ဆ လောက်ပိုများပါတယ်။

ဘာကြောင့် Masked Hypertension ဖြစ်ရတာလဲ? (အဓိက အကြောင်းရင်းများ)

ဒါက အလွန်အရေးကြီးတဲ့ မေးခွန်းပါ။ ဘာကြောင့် ဆေးခန်းမှာ သွေးပေါင်ပုံမှန်​​ဖြစ်ပြီး ကျန်တဲ့အချိန်မှာဘာ​ကြောင့်သွေးတိုးရတာလဲဆိုတာ အောက်ပါ ဇီဝကမ္မဖြစ်စဉ်တွေနဲ့ အပြုအမူပိုင်းဆိုင်ရာ အကြောင်းတရားတွေကြောင့် ဖြစ်ပါတယ်။

၁။ နေ့စဉ်ဘဝရှိစိတ်ဖိစီးမှုနှင့် အာရုံကြောစနစ်ဆက်စပ်မှု (Sympathetic Nervous System) လှုံ့ဆော်ခံရခြင်း
ဒါက အဓိက အ​ကြောင်းအရင်းပါ။အလုပ်ခွင်ဖိအားတွေ၊ စိတ်ခံစားမှု ပြင်းထန်တာတွေ၊ နေ့စဉ်ပြဿနာတွေက ခန္ဓာကိုယ်ရဲ့ " Fight or Flight” တုံ့ပြန်မှုစနစ်ကို အဆက်မပြတ် နှိုးဆွပေးပါတယ်။ ဒီစနစ်က adrenaline နဲ့ noradrenaline ဟိုမုန်းတွေထွက်စေပြီး နှလုံးခုန်နှုန်းမြန်စေကာ သွေးကြောတွေကို ကျဉ်းစေပါတယ်။ ရလဒ်အနေနဲ့ သွေးပေါင်ချိန် မြင့်တက်လာပါတယ်။ ဆေးခန်းကို အေးအေးချမ်းချမ်း ရောက်သွားတဲ့အခါ ဒီစနစ်က အနားရသွားပြီး သွေးပေါင်ချိန် ပုံမှန်ပြန်ဖြစ်သွားတတ်ပါတယ်။

၂။ သွေးကြောများ၏ တုံ့ပြန်မှု လွန်ကဲခြင်း (Vascular Hyper-reactivity)

တချို့လူတွေမှာ သွေးကြောတွေဟာ စိတ်ဖိစီးမှုနဲ့ဆိုင်တဲ့ဟိုမုန်းတွေကို ပုံမှန်ထက် ပိုပြီး တုံ့ပြန်တတ်ပါတယ်။ ဆိုလိုတာက ဖိစီးမှုအနည်းငယ်နဲ့တင် သွေးကြောတွေ အလွန်အမင်း ကျဉ်းသွားပြီး သွေးပေါင်ကို သိသိသာသာ တက်စေနိုင်ပါတယ်။

၃။ ညဘက် သွေးပေါင်မကျခြင်း (Nocturnal Non-dipping)
ပုံမှန်ကျန်းမာတဲ့လူတစ်ယောက်ရဲ့ သွေးပေါင်ချိန်ဟာ ညဘက်အိပ်ပျော်နေချိန်မှာ 10-20% လောက် ကျဆင်းသွားပါတယ်။ ဒါကို “Dipping” လို့ခေါ်ပါတယ်။ Masked Hypertension ရှိသူတော်တော်များများမှာ ဒီလို ကျဆင်းမှု မရှိတာ (သို့မဟုတ်) ညဘက်မှာ သွေးပေါင်က ပြန်တက်လာတာကို တွေ့ရပါတယ်။ အကြောင်းရင်းကတော့ အာရုံကြောစနစ် အလိုအလျောက်ထိန်းညှိမှု ချို့ယွင်းတာ၊ အိပ်နေစဉ် အသက်ရှူရပ်တတ်တာ (Sleep Apnea)၊ ဒါမှမဟုတ် ကျောက်ကပ်ရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တတ်တဲ့သူတွေမှာညဘက် နှလုံးနဲ့ သွေးကြောတွေက အနားမရဘဲ အလုပ်ဆက်လုပ်နေရတာမို့ အလွန်အန္တရာယ်များပါတယ်။

၄။ နေ့စဉ် လှုံ့ဆော်မှုများ (Lifestyle Triggers)
ဆေးလိပ်သောက်ခြင်း၊ ကဖိန်းဓာတ် (ကော်ဖီ၊ လက်ဖက်ရည်) သောက်သုံးခြင်း၊ အရက်သောက်ခြင်းတွေဟာ သွေးပေါင်ချိန်ကို ခေတ္တသော်လည်းကောင်း သိသိသာသာ မြင့်တက်စေပါတယ်။ ဆေးခန်းမသွားခင် ဒါတွေကို ရှောင်ထားတတ်တဲ့အတွက် ဆေးခန်းမှာ သွေးပေါင်ချိန် ကောင်းနေပေမယ့် တစ်နေ့တာရဲ့ တခြားအချိန်တွေမှာ သွေးတိုးနေတတ်ပါတယ်။

၅။ ဆေးခန်းရောက်သွားလျှင်စိတ်အေးသွားသလိုခံစားမှု၏အကျိုးသက်ရောက်ခြင်း
တချို့လူတွေအတွက် ဆေးခန်းဟာ အိမ်ထက် ပိုပြီး စိတ်ချမ်းသာစရာ၊ အနားရစရာ နေရာတစ်ခု ဖြစ်နေတတ်ပါတယ်။ အိမ်မှာ မိသားစုပြဿနာ၊ အခက်အခဲတစ်ချို့၊ ဒါမှမဟုတ် တစ်ကိုယ်တည်းနေရတဲ့ အထီးကျန်မှုတွေ ရှိနေရင် ဆေးခန်းက ဆရာဝန်နဲ့ စကားပြောရတဲ့အခါ သွေးပေါင်က ခေတ္တကျသွားတတ်ပါတယ်။ ဒီလိုအခြေအနေမှာ ဆေးခန်းသွေးပေါင်ချိန်ဟာ တကယ့်အပြင်မှာ မြင့်နေတဲ့ သွေးပေါင်ကို ဖုံးကွယ်သွားပါတယ်။

၆။ နောက်ခံရောဂါများ၏ လွှမ်းမိုးမှု
ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးသွေးကြောရောဂါတွေဟာ သွေးကြောတွေရဲ့ ပျော့ပြောင်းမှုကို လျော့နည်းစေပြီး အာရုံကြောစနစ်ကို ထိခိုက်စေတဲ့အတွက် သွေးပေါင်ချိန်ကို ထိန်းညှိရာမှာ ကမောက်ကမ ဖြစ်စေပါတယ်။ ဒီရောဂါအခံရှိသူတွေမှာ Masked Hypertension ဖြစ်နိုင်ခြေ အလွန်မြင့်မားပါတယ်။

ဘယ်သူတွေမှာ ဖြစ်နိုင်ခြေ အများဆုံးလဲ? (အန္တရာယ်ရှိသော အုပ်စုများ)

ဆေးခန်းမှာ သွေးပေါင်ချိန် “နည်းနည်းလေး မြင့်နေ” သူတွေ (ဥပမာ 130-139/85-89 mmHg) က အထူးသံသတိထားရပါမယ်။ အောက်ပါသူတွေမှာ ပိုပြီးဖြစ်နိုင်ခြေများပါတယ်။

· အဝလွန်သူများ
· ဆီးချိုရောဂါ ရှိသူများ (အလွန်အဖြစ်များ)
· ကျောက်ကပ် ရောဂါရှိသူများ
· အိပ်နေစဉ် အသက်ရှူရပ်သောရောဂါ (Obstructive Sleep Apnea) ရှိသူများ
· အရက်၊ ဆေးလိပ် အလွန်အကျွံသောက်သူများ
· စိတ်ဖိစီးမှု များသော အလုပ်အကိုင်များ လုပ်ကိုင်သူများ
· မိသားစုထဲတွင် သွေးတိုးရောဂါ ရာဇဝင်ရှိသူများ

ဘယ်လို ရှာဖွေဖော်ထုတ်မလဲ? (ရောဂါအဖြေရှာခြင်း)

ဆေးခန်းမှာ သွေးပေါင်ချိန် ကောင်းနေရုံနဲ့ “မရှိဘူး” လို့ ဘယ်တော့မှ အတည်မပြုသင့်ပါဘူး။ အထူးသဖြင့် အထက်က အန္တရာယ်အုပ်စုတွေထဲ ပါနေရင် အောက်ပါနည်းလမ်းတွေနဲ့ အတည်ပြုဖို့ လိုပါတယ်။

၁။ အိမ်တွင် သွေးပေါင်ချိန် မှတ်တမ်းတင်ခြင်း (Home Blood Pressure Monitoring - HBPM)
ဒါက အလွယ်ကူဆုံးနဲ့ အသုံးဝင်ဆုံး နည်းလမ်းပါ။

· ဘယ်လိုလုပ်ရမလဲ
ယုံကြည်စိတ်ချရတဲ့ သွေးပေါင်ချိန်စက် (အထူးသဖြင့် လက်မောင်းပတ်တဲ့စက်) နဲ့ အိမ်မှာ မှန်မှန်ချိန်ပါ။
· အချိန်: မနက်အိပ်ရာထ ၁ နာရီအတွင်း (ဆီးသွားပြီး၊ မနက်စာနဲ့ ဆေးမသောက်ခင်) နဲ့ ညနေအိပ်ရာမဝင်ခင် တစ်နေ့ ၂ ကြိမ် ချိန်ပါ။
· ကြာချိန်: အနည်းဆုံး ၃ ရက်ကနေ ၇ ရက်အထိ ဆက်တိုက်ချိန်ပြီး မှတ်တမ်းတင်ပါ။
· သတ်မှတ်ချက်: ပျမ်းမျှသွေးပေါင်ချိန်ဟာ 135/85 mmHg နဲ့အထက် ဆိုရင် Masked Hypertension လို့ သတ်မှတ်နိုင်ပါတယ်။

၂။ ၂၄ နာရီ အဆက်မပြတ် သွေးပေါင်ချိန်စက်ဖြင့် စစ်ဆေးခြင်း (Ambulatory Blood Pressure Monitoring - ABPM)
ဒါက အသေချာဆုံးနည်းလမ်း (Gold Standard) ပါ။

· ဘယ်လိုလုပ်သလဲ: ဆရာဝန်က သင့်လက်မောင်းမှာ သွေးပေါင်ချိန်စက်လေးတစ်လုံးကို ၂၄ နာရီ တပ်ဆင်ပေးထားပါတယ်။ ဒီစက်က နေ့ဘက် (၁၅-၃၀ မိနစ်တစ်ကြိမ်) နဲ့ ညဘက် (၃၀-၆၀ မိနစ်တစ်ကြိမ်) အလိုအလျောက် သွေးပေါင်ချိန်ပေးပါတယ်။
· ဘာတွေသိနိုင်သလဲ:
· သင့်ရဲ့ ၂၄ နာရီအတွင်း ပျမ်းမျှသွေးပေါင်ချိန်
· နေ့ဘက်နဲ့ ညဘက် သွေးပေါင်ချိန် ကွာခြားချက် (ညဘက်ကျတဲ့ပုံစံ)
· သွေးပေါင်ချိန် အပြောင်းအလဲဖြစ်တဲ့ ပုံစံ
ဒီနည်းလမ်းကမှ ညဘက်သွေးတိုးတာ၊ မနက်စောစော သွေးတိုးတာတွေကို သေချာသိနိုင်ပါတယ်။

ကုသမှုနည်းလမ်းများ

Masked Hypertension ကိုတွေ့ရှိပြီဆိုရင် သွေးတိုးရောဂါလိုပဲ အလေးအနက်ထား ကုသရပါမယ်။

၁။ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်း

· ဆားလျှော့စားပါ: တစ်နေ့ကို ဆား ၅ ဂရမ်ထက် မပိုသင့်ပါ။
· ကိုယ်အလေးချိန် လျှော့ချပါ: အဝလွန်နေရင် ကိုယ်အလေးချိန် ၁ ကီလိုဂရမ်ကျတိုင်း သွေးပေါင်ချိန် ၁ mmHg လောက် ကျပါတယ်။
· လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ: တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ (ဥပမာ တစ်ရက် နာရီဝက်၊ ၅ ရက်) လမ်းလျှောက်ခြင်း၊ ရေကူးခြင်း စတဲ့ အေရိုးဗစ် လေ့ကျင့်ခန်းတွေ လုပ်ပါ။
· အရက်နဲ့ ဆေးလိပ် ဖြတ်ပါ: အရက်က သွေးပေါင်တက်စေပြီး ဆေးလိပ်က သွေးကြောတွေကို တိုက်ရိုက်ထိခိုက်စေပါတယ်။
· စိတ်ဖိစီးမှု ကိုလျှော့ချပါ: တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်း၊ ကိုယ်နှစ်သက်ရာ ဝါသနာတစ်ခုခုလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုကို လျှော့ချပါ။

၂။ ဆေးဝါးကုသမှု
အိမ်မှာချိန်တဲ့ မှတ်တမ်းတွေအရ သွေးပေါင်ချိန်က 135/85 mmHg အထက်မှာ အမြဲရှိနေရင်၊ ဒါမှမဟုတ် ဆီးချို၊ ကျောက်ကပ်ရောဂါလို တခြားရောဂါတွေရှိနေရင် ဆရာဝန်က သွေးတိုးကျဆေးတွေ ညွှန်ကြားပါလိမ့်မယ်။

· ဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း မပျက်မကွက် သောက်ဖို့ အရေးကြီးပါတယ်။
· ဆေးသောက်နေပေမယ့်လည်း အိမ်မှာ သွေးပေါင်ချိန် ဆက်ချိန်နေဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆေးရဲ့အာနိသင် လုံလောက်မှုရှိမရှိ၊ ဆေးသောက်ချိန်က မှန်မမှန်ကို အိမ်မှာချိန်တဲ့ မှတ်တမ်းကပဲ အကောင်းဆုံးဖော်ပြနိုင်လို့ပါ။

နိဂုံး: သတိမူပါ၊ ဖုံးကွယ်ထားသလိုဖြစ်နေသောသွေးတိုးခြင်းကို ဖော်ထုတ်ပါ

Masked Hypertension ဟာ ဆေးခန်းသွားရုံနဲ့ သိနိုင်တဲ့ ရောဂါမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ကျန်းမာတယ်လို့ ထင်နေပေမယ့် ခန္ဓာကိုယ်ထဲမှာ သွေးတိုးရောဂါက တိတ်တဆိတ် ပျက်စီးမှုတွေ လုပ်နေတတ်ပါတယ်။ ဒီလိုဖြစ်ရတာဟာ အာရုံကြောစနစ်၏ လှုံ့ဆော်မှု၊ သွေးကြောတုံ့ပြန်မှု၊ ညဘက်သွေးပေါင်မကျမှုနဲ့ နေ့စဉ်အပြုအမူတွေကြောင့် ဖြစ်ပြီး ဆေးခန်းရောက်သွားရင်းစိတ်အေးသွားတယ်ဆိုတဲ့ခံစားချက်က ဒီအမှန်တရားကို ဖုံးကွယ်ထားတာပါ။

ဒါကြောင့် အဓိက သတင်းစကားကတော့ အထူးသဖြင့် အန္တရာယ်ရှိတဲ့ အုပ်စုထဲက လူတွေအနေနဲ့ ဆေးခန်းမှာ သွေးပေါင်ချိန် ပုံမှန်ဖြစ်နေရုံနဲ့ စိတ်မချပါနဲ့။ အိမ်မှာ သွေးပေါင်ချိန်စက်တစ်လုံးဝယ်ပြီး မှန်မှန်ချိန်တတ်တဲ့ အလေ့အကျင့်ကို မွေးမြူပါ။ သံသယရှိပါက ဆရာဝန်နဲ့ တိုင်ပင်ဖို့ မတွန့်ဆုတ်ပါနဲ့။ ဒီနည်းလမ်းကသာ ဖုံးကွယ်နေတဲ့ အန္တရာယ်ကို ဖော်ထုတ်ပြီး အချိန်မီ ကုသမှုခံယူနိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ Phyo Healthcare Logistic Service page Messenger, Whatapp, Signal, Telegram, Line စသည်တို့တွင်လည်း လူကြီးမင်းတို့ရဲ့ ကျန်းမာရေး အခြေအနေများကို ဆက်သွယ်ပြီး အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

ဆရာဝန်မြင်ရင်သွေးတိုးခြင်း( သို့မဟုတ်) ဆေးရုံ၊ဆေးခန်းရောက်သောအခါတွင် သွေးတိုးခြင်းတနည်းအားဖြင့်-White Coat Hypertensionအ...
08/07/2026

ဆရာဝန်မြင်ရင်သွေးတိုးခြင်း( သို့မဟုတ်) ဆေးရုံ၊ဆေးခန်းရောက်သောအခါတွင် သွေးတိုးခြင်း

တနည်းအားဖြင့်-

White Coat Hypertension
အကြောင်း သိကောင်းစရာ

“ဆရာရေ… ဆေးခန်းရောက်ရင် သွေးပေါင်က တက်နေတာပဲ။ အိမ်မှာ ကိုယ့်ဘာသာ ချိန်ကြည့်ရင်တော့ ပုံမှန်ပါပဲဆရာ” ဆိုတဲ့ စကားဟာ ဆေးခန်းတွေမှာ နေ့စဉ်လိုလို ကြားနေရတဲ့ အသံတစ်ခုပါ။ တကယ်လည်း လူနာတစ်ချို့ဟာ အိမ်မှာဆို သွေးပေါင်ချိန် ပုံမှန်ဖြစ်ပြီး ဆရာဝန်​မြင်ရင်(သို့မဟုတ်)ဆေးရုံဆေးခန်းကို ရောက်တာနဲ့ သွေးတိုးနေတတ်ပါတယ်။ဒီအခြေအနေကို ဆေးပညာအရ White Coat Hypertension လို့ခေါ်ကြပါတယ်။ ဒီဆောင်းပါးမှာတော့ White Coat Hypertension ရဲ့ သဘောသဘာဝ၊ ဘာကြောင့်ဖြစ်ရတယ်၊ ဘယ်လိုအတည်ပြုမလဲ၊ ကျန်းမာရေးအတွက် ဘယ်လောက်အရေးကြီးလဲ၊ ဘာဆက်လုပ်သင့်လဲ ဆိုတာကို ပြည့်စုံစွာ ရှင်းပြပေးသွားပါမယ်

White Coat Hypertension ဆိုတာ
ဘာလဲ

အလွယ်ဆုံးအဓိပ္ပာယ်ဖွင့်ရရင် ဆေးခန်း (သို့) ဆေးရုံမှာ သွေးပေါင်ချိန်တဲ့အခါသွေးပေါင် ၁၄၀/၉၀ mmHg နဲ့အထက်ရှိနေပေမယ့် အိမ်မှာ ကိုယ်တိုင်ချိန်တဲ့အခါ (သို့) ၂၄ နာရီ သွေးပေါင်ချိန်စက်နဲ့ စစ်ဆေးတဲ့အခါ သွေးပေါင်ချိန်ပုံမှန်ရှိနေခြင်း ကို White Coat Hypertension (WCH) လို့ သတ်မှတ်ပါတယ်

ဘာကြောင့် ဆရာဝန်မြင်ရင်(သို့မဟုတ်)ဆေးခန်းရောက်ရင်သွေးပေါင်တက်နေရတာလည်း

ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းအရင်းက စိတ်ဖိစီးမှုနဲ့ ကိုယ်ခန္ဓာရဲ့​တုံ့ပြန်မှုတစ်ချို့​​​ကြောင့်ပါ။လူအများစုအတွက် ဆေးခန်း၊ ဆေးရုံဆိုတဲ့ ပတ်ဝန်းကျင်ဟာ စိုးရိမ်စိတ်၊ ကြောက်ရွံ့မှုကို ဖြစ်စေပါတယ်

· ဆရာဝန်ကို မြင်တာနဲ့ စိုးရိမ်ခြင်း ဆရာဝန်ရဲ့ ဖြူဖွေးတဲ့ဂျူတီကုတ်အင်္ကျီ (White Coat) ကို မြင်လိုက်တာနဲ့ “ငါ့မှာ ရောဂါတစ်ခုခုတွေ့မလား”၊ “ဆေးထိုးရမလား”၊ “ဆေးတွေ တိုးသောက်ရမလား” စတဲ့ အတွေးတွေက မသိစိတ်ကနေ ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ် (Sympathetic Nervous System) ကို လှုံ့ဆော်လိုက်ပါတယ်
· ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှု- အဲဒီအာရုံကြောစနစ်က လှုံ့ဆော်ခံရတဲ့အခါ နှလုံးခုန်မြန်လာတယ်၊ သွေးကြောတွေ ကျဉ်းသွားတယ်၊ အဲဒီအခါမှာ သွေးပေါင်ချိန် ခေတ္တမြင့်တက်လာတာပါ။ ဒါဟာ ခန္ဓာကိုယ်ရဲ့ သဘာဝအလျောက်ဖြစ်တဲ့ Fight or Flight တုံ့ပြန်မှုမျိုးပါပဲ

· အိမ်မှာဆိုသက်သောင့်သက်သာရှိခြင်း- ကိုယ့်အိမ်မှာ ကိုယ်ပိုင်ပတ်ဝန်းကျင်မှာ စိတ်အေးလက်အေး ထိုင်ပြီး သွေးချိန်တဲ့အခါ ဒီလိုဖိအားတွေမရှိတော့ပဲ သွေးပေါင်ချိန်က တကယ့်ကို ပုံမှန်အတိုင်း ပြန်ဖြစ်သွားတတ်ပါတယ်

White Coat Hypertension ဟာဘယ်လောက်အဖြစ်များလဲ။

ဒါဟာ တော်တော်လေး အဖြစ်များတဲ့ ပြဿနာပါ။ ဆေးခန်းမှာ သွေးတိုးနေတယ်လို့ သတ်မှတ်ခံရသူတွေရဲ့ ၁၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း လောက်ဟာ တကယ်တမ်းမှာ White Coat Hypertension ဖြစ်နေတတ်ပါတယ်။ အထူးသဖြင့်-

· အသက်ကြီးသူတွေ (သွေးကြောတွေ တောင့်တင်းနေတတ်လို့ စိတ်လှုပ်ရှားတာနဲ့ ပိုတက်တတ်သည်)
· အမျိုးသမီးတွေ
· ကိုယ်ဝန်ဆောင်မိခင်တွေမှာ ပိုအဖြစ်များတတ်တာကို တွေ့ရပါတယ်။

White Coat Hypertension ဆိုတာဘယ်လို အတည်ပြုကြမလဲ

ဆေးခန်းမှာချိန်တဲ့ သွေးပေါင်တစ်ကြိမ်တည်းကိုကြည့်ပြီး သွေးကျဆေးတွေ ချက်ချင်းမသောက်သင့်ပါဘူး။ White Coat Hypertension ကို အတည်ပြုဖို့ အဓိက နည်းလမ်းနှစ်ခုရှိပါတယ်

၁။ အိမ်တွင်း သွေးပေါင်ချိန်တိုင်းတာခြင်း (Home Blood Pressure Monitoring - HBPM)
ဒါကတော့ အလွယ်ကူဆုံးနဲ့ အသုံးအများဆုံး နည်းလမ်းပါ။ တိကျဖို့အတွက် အရေးကြီးတဲ့အချက်တွေကို လိုက်နာဖို့လိုပါတယ်။
ဘာတွေလည်းဆို​တော့

· စက်ကောင်းဖို့လိုပါတယ်- လက်မောင်းပတ်ပြီးချိန်တဲ့ အလိုအလျောက်ဒစ်ဂျစ်တယ်စက်မျိုး ဖြစ်သင့်ပြီး တရားဝင်အတည်ပြုထားတဲ့ အမှတ်တံဆိပ်ဖြစ်ဖို့ အရေးကြီးပါတယ်
· မှန်ကန်စွာ ချိန်တတ်ဖို့လိုပါတယ်-
· သွေးမချိန်ခင် အနည်းဆုံး ၅ မိနစ်ဆိတ်ဆိတ်နေပြီး အနားယူပါ
· ကော်ဖီ၊ လက်ဖက်ရည်၊ ဆေးလိပ် သောက်ပြီး မိနစ် ၃၀ အတွင်း မချိန်ပါနဲ့
· ဆီးအိမ်မတင်းနေအောင် ဆီးသွားထားပါ
· ထိုင်ခုံမှာ ခြေကိုကြမ်းပြင်ပေါ်ချပြီး ကျောမှီထိုင်ပါ။ လက်မောင်းကို နှလုံးနဲ့တစ်ပြေးတည်းအမြင့်မှာ ထားပါ။ ချိန်​နေစဥ်မှာစကားမပြောပါနဲ့၊မလှုပ်ရှားပါနဲ့

· မှတ်တမ်းတင်ထားပါ- မနက်တစ်ကြိမ်၊ ညတစ်ကြိမ် အနည်းဆုံး ၃ ရက်ကနေ ၇ ရက်အထိ ချိန်ပြီး ရလဒ်အားလုံးကို ရက်စွဲ၊ အချိန်နဲ့တကွ မှတ်ထားပါ ဆရာဝန်အားပြန်ပြရန်အတွက်ပါ

· ဘယ်အချိန်မှာ တကယ့်သွေးတိုး၊ဘယ်အချိန်မှာ White Coat Hypertenion လို့ သတ်မှတ်မလဲ
- အိမ်မှာချိန်တဲ့အခါလည်း အပေါ်သွေး ၁၃၅ mmHg နဲ့အထက် (သို့) အောက်သွေး ၈၅ mmHg နဲ့အထက် ဆိုရင် တော့တကယ့်သွေးတိုးရောဂါလို့ သတ်မှတ်ပါတယ်။ဆေးခန်းမှာသွေးတိုးနေပြီးအိမ်မှာချိန်လျှင် ဒီထက်နိမ့်နေရင်တော့ White Coat Hypertension ဖြစ်နိုင်ချေများပါတယ်

၂။ ၂၄ နာရီ သွေးပေါင်ချိန်စက်တပ်ဆင်ခြင်း (Ambulatory Blood Pressure Monitoring - ABPM)
ဒါကတော့ တစ်နေ့တာလုံး လှုပ်ရှားနေချိန်၊ အိပ်နေချိန်တွေမှာ သွေးပေါင်ကို သတ်မှတ်ထားတဲ့ အချိန်အတိုင်း အလိုအလျောက်ချိန်ပေးတဲ့စက်ပါ ဆရာဝန်တွေအတွက် အတိကျဆုံး၊ အကောင်းဆုံးနည်းလမ်းဖြစ်ပေမယ့် လူနာတွေအတွက်ကုန်ကျစရိတ်လည်းရှိပါတယ်။ ဆေးရုံ၊ဆေးခန်းတွင်သွေးပေါင်တက်နေပြီး ယခုစက်​​ဖြင့်စစ်ကြည့်သောအခါနေ့ခင်းဘက်ပျမ်းမျှသွေးပေါင် ၁၃၅/၈၅ mmHg အောက်၊ ညဘက်ပျမ်းမျှက ၁၂၀/၇၀ mmHg အောက် ဆိုလျှင်White Coat Hypertension လို့ အတည်ပြုနိုင်ပါတယ်

White Coat Hypertension ဟာ လုံးဝအန္တရာယ်မရှိတဲ့အခြေအနေလား

ဒါက အရမ်းအရေးကြီးတဲ့ မေးခွန်းပါ။ အရင်တုန်းကတော့ “အိမ်မှာချိန်ရင် ပုံမှန်ဆိုတော့ ဘာမှမဖြစ်ဘူး၊ ​ဆေးခန်းရောက်မှစိတ်လှုပ်ရှားလို့ တက်တာပါ” လို့ ပေါ့ပေါ့တန်တန် သဘောထားကြပါတယ်။ ဒါပေမယ့် နောက်ဆုံး သုတေသနတွေအရ White Coat Hypertension ဟာ လုံးဝအန္တရာယ်ကင်းတဲ့ အခြေအနေတော့ မဟုတ်ပါဘူး
ဘာလို့လည်းဆိုတော့

· တကယ့်သွေးတိုးရောဂါအဖြစ် ပြောင်းလဲသွားနိုင်ခြေရှိ​ခြင်း
-White Coat Hypertension ရှိသူတွေဟာ လုံးဝပုံမှန်သွေးပေါင်ရှိသူတွေနဲ့ယှဉ်ရင် နောင်တစ်ချိန်မှာ တကယ့်သွေးတိုးရောဂါ (Sustained Hypertension) ဖြစ်လာဖို့ အလားအလာ ပိုများပါတယ်။ ဒါကြောင့် ပုံမှန်စစ်ဆေးမှုခံယူဖို့ လိုပါတယ်
· နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်ရှိနိုင်ခြင်း
-လေ့လာမှုတွေအရ White Coat Hypertension ရှိသူတွေဟာ သွေးတိုး၊နှလုံးရောဂါမရှိသူတွေထက် နှလုံးရောဂါ၊ လေဖြတ်ခြင်း စတဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ဖြစ်နိုင်ခြေ အနည်းငယ် ပိုများတာကို တွေ့ရပါတယ်

· ခန္ဓာကိုယ်အစိတ်အပိုင်းများအပေါ် သက်ရောက်မှု
-တချို့လူတွေမှာ ဒီခေတ္တသွေးတိုးတာကြောင့် နှလုံးဘယ်ဘက်ခန်းမာ အနည်းငယ်ထူလာခြင်း၊ သွေးကြောတွင်းသားလွှာ လုပ်ဆောင်ချက် အနည်းငယ် ကျဆင်းလာခြင်းတွေ တွေ့ရတတ်ပါတယ်။

ဒါကြောင့် White Coat Hypertension ဆိုတာ “အန္တရာယ် လုံးဝမရှိတဲ့အဆင့်” လို့ မမှတ်ယူသင့်ဘဲ “နောင်အန္တရာယ်ရှိလာနိုင်တဲ့ သတိပေးအချက်ပြမှုတစ်ခု” အနေနဲ့ သတိထားရမယ့်အရာပါ

White Coat Hypertension ရဲ့ဆန့်ကျင်ဘက် Masked Hypertension ဆိုတာလည်းအရေးကြီးတဲ့ကျန်းမာရေးလက္ခဏာတစ်ရပ်ပါပဲ။

White Coat Hypertension ရဲ့ ဆန့်ကျင်ဘက်အနေနဲ့ Masked Hypertension (ဖုံးကွယ်ထားသော သွေးတိုးရောဂါ) ဆိုတာလည်း ရှိပါတယ်။ ဒါကတော့ ဆေးခန်းမှာ သွေးပေါင်ချိန် ပုံမှန်ဖြစ်နေပေမယ့် အိမ်မှာချိန်လျင် သွေးပေါင်တက်နေတာမျိုးပါ။ ဒီအခြေအနေက ပိုပြီးအန္တရာယ်များပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆရာဝန်က သွေးပေါင်ပုံမှန်ပဲဆိုပြီး သတိမထားမိဘဲ ကုသမှုမခံယူတဲ့အခါ နှလုံး၊ ကျောက်ကပ်၊ ဦးနှောက်တွေဟာ သွေးတိုးဒဏ်ကို အချိန်ကြာမြင့်စွာ ခံနေရလို့ပါပဲ။ ဒါကြောင့် အိမ်မှာသွေးချိန်တဲ့အလေ့အကျင့်ဟာ ဒီအန္တရာယ်တွေကို ဖော်ထုတ်ဖို့အတွက်ပါ အလွန်အရေးကြီးပါတယ်။ဒီအကြောင်းကိုလည်းနောက်ဆောင်းပါးတွေမှာဆက်လက်ဖော်ပြပေးပါမယ်

ဆရာဝန်မြင်ရင် ( သို့မဟုတ်) ဆေးရုံ​ဆေးခန်းရောက်လို့သွေးတိုးနေတယ် ( White Coat Hypertension)ဆိုရင် ဘာဆက်လုပ်သင့်လဲ

၁။ ချက်ချင်းသွေးထိန်းဆေးမသောက်သေးပါနဲ့။ ဆရာဝန်ကို အိမ်တွင်သွေးပေါင်ချိန်ထားတဲ့ မှတ်တမ်းကို ပြသပါ။ ဆရာဝန်က သင်ဟာ White Coat Hypertension လို့ သံသယရှိရင် ၂၄နာရီသွေးပေါင်တိုင်းစက်၊သို့မဟုတ် အိမ်တွင်သွေးပေါင်ပြန်ချိန်ပြီး အတည်ပြုဖို့ အကြံပြုပါလိမ့်မယ်။

၂။ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲခြင်း
သွေးထိန်းဆေး ချက်ချင်းမလိုသေးပေမယ့် ကျန်းမာတဲ့လူနေမှုပုံစံကို လိုက်နာဖို့တော့ အရေးကြီးပါတယ်

· အငန်လျှော့စားပါ (တစ်နေ့ ဆား ၅ ဂရမ်အောက်၊ လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်သာ)။
· ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ (တစ်ပတ် အနည်းဆုံး မိနစ် ၁၅၀)။
· ကိုယ်အလေးချိန်ကို ထိန်းပါ
· စိတ်ဖိစီးမှုကို လျှော့ချပါ (တရားထိုင်ခြင်း၊ ယောဂလုပ်ခြင်း၊ သီချင်းနားထောင်ခြင်းစတာတွေလုပ်ပါ)
· အရက်နဲ့ ဆေးလိပ်ရှောင်ပါ

၃။ ပုံမှန်စောင့်ကြည့်ပါ
အိမ်မှာ သွေးပေါင်ချိန်ကို အနည်းဆုံး တစ်နေ့တစ်ကြိမ် (ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း) ပုံမှန်စစ်ဆေးနေပါ။ ဘာကြောင့်လဲဆိုတော့ နောင်မှာ တကယ့်သွေးတိုးရောဂါအဖြစ် ပြောင်းသွားတတ်လို့ပါ။ နှစ်စဉ် ကျန်းမာရေးစစ်ဆေးချက်မှာ သွေးတွင်းသကြားဓာတ်၊ ကိုလက်စထရောတွေကိုပါ ဆက်တိုက်စစ်ပေးသင့်ပါတယ်

၄။ ဘယ်အချိန်မှာ ဆေးသောက်ဖို့လိုနိုင်သလဲ။
အောက်ပါအခြေအနေတွေရှိရင်တော့ ဆရာဝန်က သွေးထိန်း​ဆေး စတိုက်ဖို့ စဉ်းစားနိုင်ပါတယ်

· ဆီးချို၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ စတဲ့ တခြားရောဂါအခံတွေ ရှိနေခြင်း
· နှလုံး၊ ကျောက်ကပ် စတဲ့ အစိတ်အပိုင်းတွေမှာ သွေးတိုးကြောင့် ထိခိုက်မှု စတင်တွေ့လာရခြင်း
· အိမ်မှာချိန်တဲ့ သွေးပေါင်ချိန်ဟာ အမြဲတမ်း ပုံမှန်၏အမြင့်ဆုံးအမှတ်နား ရောက်နေခြင်း

နိဂုံးချုပ်

“ဆေးခန်းရောက်ရင် သွေးတိုးတယ်၊ အိမ်မှာကျ ပုံမှန်ပဲ” ဆိုတဲ့ White Coat Hypertension ဟာ လူနာအများစုအတွက် စိတ်ညစ်စရာ၊ စိုးရိမ်စရာကောင်းပေမယ့်ဒီအကြောင်းကို နားလည်မှုရှိထားဖို့ အရေးကြီးပါတယ်။ ဒါဟာ မလိုအပ်ဘဲ သွေးကျဆေးတွေ သောက်မိစေနိုင်တဲ့အကြောင်းရင်းတစ်ခု​​ဖြစ်နေတတ်လို့ပါပဲအိမ်မှာ သွေးပေါင်ချိန်တိုင်းတာမှုဟာ ဒီပြဿနာကို ဖော်ထုတ်ဖို့နဲ့ မှန်ကန်တဲ့ ကုသမှုရရှိဖို့အတွက် အဓိကသော့ချက်ပါပဲ

အဓိကမှတ်သားရမှာက White Coat Hypertension ဟာ လုံးဝအန္တရာယ်မရှိနိုင်တဲ့အရာမဟုတ်တဲ့အတွက် ကျန်းမာတဲ့လူနေမှုပုံစံကို လိုက်နာရင်း သွေးပေါင်ချိန်ကို ရေရှည်စောင့်ကြည့်ဖို့ လိုပါတယ်။ ဒါမှသာ နောင်တစ်ချိန်မှာ ဖြစ်လာနိုင်တဲ့ တကယ့်သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးတွေကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ဆေးခန်းသွားရင်သွေးပေါင်တက်တတ်တဲ့သူတို့အဖို့ သင့်ရဲ့သွေးပေါင်မှတ်တမ်းစာအုပ်လေးကို ကိုင်ပြီး ဆရာဝန်နဲ့ သေချာစွာတိုင်ပင်လိုက်ပါ။

ကျွန်တော်တို့ Phyo Healthcare Logistic Service page Messenger, Whatapp, Sign‌al, Telegram, Line စသည်တို့တွင်လည်း လူကြီးမင်းတို့ရဲ့ ကျန်းမာရေး အခြေအနေများကို ဆက်သွယ်ပြီး အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

ที่อยู่

Mae Sot

เวลาทำการ

จันทร์ 09:00 - 21:00
อังคาร 09:00 - 21:00
พุธ 09:00 - 21:00
พฤหัสบดี 09:00 - 21:30
ศุกร์ 09:00 - 21:00
เสาร์ 09:00 - 21:00
อาทิตย์ 09:00 - 21:00

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Phyo - Healthcare Logistics Serviceผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์