Aung Lin Myat Thu

Aung Lin Myat Thu ဖြည့်စွက်စာ အကြောင်း မေတ္တာဖြင့် အခမဲ့ ဆွေးနွေးတိုင်ပင်လို့ရပါသည်..

01/06/2026

စတီးရွိုက် ရဲ့ဘေးထွက်ဆိုးကျိုးများ။

စတီးရွိုက် ကို လူတိုင်းနီးပါး ကြားဖူးကြမှာပါ။ စပ်ဆေးထဲမှာ ပါတဲ့ဆေး၊ ဖောတဲ့ဆေးလို့ လူသိများပါတယ်။ ဘာဆေးမှန်းသာ မသိတာ ဒီဆေးသောက်လိုက်ရင် ပေါ့ပါးနေတာပဲ။ ညောင်းတာ ကိုက်တာလည်း မရှိတော့ဘူးလို့ ပြောကြပါတယ်။ ဒါပေမယ့် ဒီဆေးက တကယ်ပဲ ဒီလိုသောက်ရတာ ဟုတ်ရဲ့လား။ သေချာ မသုံးတတ်ရင် သေနိုင်လောက်တဲ့ အန္တရာယ်ရှိတယ်ဆိုတာ သိရော သိကြရဲ့လား။

စတီးရွိုက် တွေဘယ်လိုအလုပ်လုပ်လဲ။

စတီးရွိုက်က ကျောက်ကပ်အပေါ်မှာ ရှိနေတဲ့ အယ်ဒရီနယ်ဂလင်းကနေ ထုတ်တဲ့ ဟော်မုန်းတွေနဲ့ ဆင်တူပါတယ်။ ခန္ဓာကိုယ်က ထုတ်နိုင်တဲ့ ပမာဏထက်ပိုပြီး သောက်မိရင် ရောင်ရမ်းတာကို ထိန်းချုပ်နိုင်ပါတယ်။ ဒါကြောင့် ပန်းနာရင်ကြပ်တို့ အဆစ်ရောင်ရောဂါတို့မှာ သုံးတာပါ။ ပြီးတော့ ခုခံအားကိုလည်း ကျစေတဲ့အတွက် ခုခံအားကမောက်ကမဖြစ်တဲ့ ရောဂါတွေမှာလည်း သုံးနိုင်ပါတယ်။

စတီးရွိုက် ရဲ့ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ။
စတီးရွိုက်ကို သောက်ဆေးအနေနဲ့ရော၊ ရှူဆေး၊ လိမ်းဆေး၊ ထိုးဆေးအနေနဲ့ရော သုံးလို့ရပါတယ်။ ဘယ်နည်းနဲ့ပဲ သုံးသုံး ဘေးထွက်ဆိုးကျိုးတွေ ရှိနေတာကြောင့် သတိထားသင့်ပါတယ်။

သောက်ဆေး
သောက်ဆေးရဲ့ effectက တစ်ကိုယ်လုံးကို ပျံ့သွားတဲ့အတွက်ကြောင့် ဘေးထွက်ဆိုးကျိုး တော်တော်များများကို ခံရပါတယ်။ ဒါ့ပြင် ဘေးထွက်ဆိုးကျိုးတွေက သောက်တဲ့ပမာဏပေါ်လည်း မူတည်ပါသေးတယ်။ ဒါတွေကတော့

မျက်လုံးထဲမှာ ဖိအားများပြီး ရေတိမ်ဖြစ်တာ

ခြေထောက်တွေ ဖောတာ

သွေးတိုးတာ

အစာအိမ်သွေးယိုတာ

စိတ်အတက်အကျမြန်တာ၊ သတိမကောင်းတာ၊ ကယောင်ကတမ်းပြောတာ

ဝလာတာ (အထူးသဖြင့် ဗိုက်၊ မျက်နှာ၊ ကျောနဲ့ ဂုတ်ပိုးမှာ အဆီစုတာ)။ ဒါကြောင့် မျက်နှာဝဝပြည့်ပြည့်ဖြစ်လာတာ၊ ကျောကုန်းကြီ ခုံးထနေတာ။

ရေရှည်စွဲသောက်ရင်တော့

အတွင်းတိမ်ဖြစ်တာ

သွေးတွင်းသကြားဓာတ်များစေတာကြောင့် ဆီးချိုသမားတွေ ဆီးချိုမထိန်းနိုင်ဘဲ ဖြစ်တာ

ပိုးဝင်လွယ်တာ

အရိုးပါးပြီး ကျိုးလွယ်တာ

အယ်ဒရီနယ်ဂလင်းကနေ ဟော်မုန်းထုတ်တာကို ပိတ်လိုက်တဲ့အတွက် နုံးတာ၊ အစားမစားချင်တာ၊ ပျို့တာ၊ ခြေလက်မသယ်ချင်တာ ဖြစ်တတ်ပါတယ်

အရေပြားပါးလာတာ၊ အညိုမည်း စွဲလွယ်တာ

အနာကျက်နှေးတာ စတာတွေ ဖြစ်တတ်ပါတယ်။

ရှူဆေး
ရှူဆေးတွေကတော့ ပါးစပ်၊ အာခေါင်နဲ့ အဆုတ်ထဲကိုပဲ ရောက်မှာပါ။ ဘေးထွက်ဆိုးကျိုးတွေကတော့

ပါးစပ်ထဲမှာ မှက္ခရုပေါက်တာ

အသံသြလာတာ ဖြစ်တတ်ပါတယ်။

ဒါကြောင့် ရှူဆေးသုံးပြီးရင် အာလုပ်ကျင်းပါ။ ဒါက သင့်ရဲ့ ခံတွင်းကို စတီးရွိုက်ဒဏ်ကနေ အတန်အသင့်တော့ ကာကွယ်နိုင်မှာပါ။ တချို့သော လေ့လာချက်တွေက ကလေးပန်းနာရင်ကြပ်တွေမှာ ရှူဆေးတွေကို ရေရှည်သုံးတာက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။

လိမ်းဆေး
လိမ်းဆေးတွေက အရေပြားပါးတာ၊ နီတာ၊ ဝက်ခြံတွေကို ဖြစ်စေပါတယ်တဲ့။

ထိုးဆေး
ထိုးဆေးတွေကတော့ ထိုးထားတဲ့နေရာနားမှာ ယာယီထိခိုက်တာမျိုး ဖြစ်စေပါတယ်။ ဥပမာပြောရရင် အရေပြားပါးတာ၊ အရေပြားအရောင်ပြောင်းတာ၊ နာတာ စတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ပြင် မျက်နှာရဲပြီး ပူလာတာ၊ အိပ်မပျော်တာ၊ သွေးတွင်းသကြားဓာတ်တွေများတာလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် လူနာအခြေအနေပေါ်မူတည်ပြီး တစ်နှစ်ကို သုံး လေးခါထက် ပိုပြီး မထိုးသင့်ပါဘူး။

စတီးရွိုက်ရဲ့ ကောင်းကျိုးများ
စတီးရွိုက်ဟာ သုံးတတ်ရင် အင်မတန်မှ ကောင်းတဲ့ ဆေးပါ။ ဘယ်နေရာတွေမှာ သုံးနိုင်လဲဆိုရင်

ပန်းနာရင်ကြပ်နဲ့ နာတာရှည် အဆုတ်ရောင်ရောဂါ

ဓာတ်မတည့်လို့ အရေးပေါ်အသက်ကယ်တဲ့ နေရာမှာ

အင်ပြင်နဲ့ နှင်းခူရောဂါ

အဆစ်တွေ၊ ကြွက်သားတွေ နာတာ (ဥပမာ အဆစ်ရောင်၊ လက်ကောက်ဝတ်နာတာ၊ ပုခုံးကြပ်ခဲတာ)

အာရုံကြောညှပ်တာ

အူရောင်တာ (ဥပမာ Crohn ရောဂါ)

အရေပြားလေးဖက်နာ

Multiple sclerosis စတဲ့ ကြီးမားပြင်းထန်တဲ့ ရောဂါတွေမှာလည်း သုံးလို့ရပါတယ်။

စတီးရွိုက်ကို စနစ်တကျ ဘယ်လိုသုံးမလဲ။

စတီးရွိုက်ကို ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးတာအကောင်းဆုံးပါပဲ။ အပြင်မှာ ဝယ်သောက်တဲ့ စပ်ဆေးတွေမှာလည်း စတီးရွိုက်တွေ ပါတတ်တာကြောင့် သတိထားသင့်ပါတယ်။ ဒါကြောင့်

ဆရာဝန် ညွှန်ကြားချက်မပါဘဲ စတီးရွိုက်ကို မသုံးပါနဲ့။

စတီးရွိုက်ကို အကြာကြီး အများကြီးသောက်ထားပြီးမှ ဖြတ်မယ်ဆိုရင် ချက်ချင်းရပ်လိုက်လို့ မရပါဘူး။ Tailing offလို့ ခေါ်တဲ့ ဖြည်းဖြည်းချင်း ဖြတ်ရမှာပါ။ ဒါကြောင့် ကိုယ့်သဘောနဲ့ကိုယ် ဆေးမရပ်ပါနဲ့။ စတီးရွိုက်သုံးနေတယ်ဆိုရင် ဆရာဝန်နဲ့ ပုံမှန်ပြဖို့ လိုပါတယ်။

စပ်ဆေးတွေ ဝယ်မသောက်ပါနဲ့။

တကယ်တော့ စတီးရွိုက်သုံးရတာ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်ပါပဲ။ ကောင်းကျိုးနဲ့ ဆိုးကျိုးကို ချိန်ဆပြီး သုံးရတာပါ။ ကျွမ်းကျင်ပညာရှင်တောင် ထိန်းညှိပြီး သုံးရတဲ့ အနေအထားမှာ သာမန်လူတွေအနေနဲ့ လက်လွတ်စပယ်မသုံးသင့်ပါဘူး။ မသုံးတတ်ရင် ဘေးဖြစ်ပြီး အန္တရာယ်ဖြစ်တတ်ပါတယ်။

crd : Hello Health Group

01/06/2026

Address

အမှတ်(၃၀)၊ ရန်ပြေ ၁၅လမ်း အနောက်၊ ၃/ရန်ပြေ ရပ်ကွက်၊ သာကေတ၊ ရန်ကုန်။
Yangon
11231

Website

Alerts

Be the first to know and let us send you an email when Aung Lin Myat Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share