Yangon Medical Network

Yangon Medical Network Aims to ensure that everyone can access healthcare in a free and equitable manner https://youtube.com/channel/UCf36SDrqeUcT0Jg82iBVi0A

Do and Don't in Snake biteမြွေကိုက်ခံရသောလူနာများအတွက်ဆောင်ရန်ရှောင်ရန်များရေကြီး​ခြင်း၏ နောက်ဆက်တွဲပြဿနာ အဖြစ်မြွေကိုက်...
10/08/2026

Do and Don't in Snake bite
မြွေကိုက်ခံရသောလူနာများအတွက်ဆောင်ရန်ရှောင်ရန်များ

ရေကြီး​ခြင်း၏ နောက်ဆက်တွဲပြဿနာ အဖြစ်မြွေကိုက်ခံရသောလူနာများတွေ့နေရပါသဖြင့် ဆောင်ရန်ရှောင်ရန်များကိုတင်ပြလိုက်ရပါသည်။

မြွေကိုက်ခံရပါက ရှောင်ကြဥ်ရန်

🚫အနာကိုမီးစဖြင့်ထိုးခြင်း၊ စုတ်ထိုးခြင်း၊အပ်ဖြင့်ထိုးခြင်း၊ မက်ကလောင်ဖောက်ခြင်း၊ ဓားဖြင့်ခွဲခြင်းများမပြုလုပ်သင့်ပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် မြွေဆိပ်များပိုမိုပျံ့နှံ့စေသည်။
🚫မြွေကိုက်ခံရသောဒဏ်ရာမှ မြွေဆိပ်များကို ပါးစပ်ဖြင့်စုပ်ယူခြင်းမပြုလုပ်သင့်ပါ။
🚫 သွေး​လှည့်ပတ်​မှုမရလောက်အောင်တင်းကျပ်စွာ ကျပ်စည်းခြင်းများမပြုသင့်ပါ။
🚫 အရက်သောက်ခြင်းသည်မြွေဆိပ်ကိုပို၍ ပျံ့စေသည်။
🚫မြွေကိုက်ခံရသော လူနာကိုမန်းမှုတ်ခြင်း၊ မြွေအမြီးကိုဖြတ်၍ မြိုချခြင်းများသည်မှန်ကန်ထိရောက်သောကုသမှုခံယူရေးတွင်နှောင့်နှေးစေသဖြင့် မလုပ်သင့်ပါ။
🚫ဆီးထွက်နည်းနေသောလူနာကို အုန်းရေတိုက်ခြင်း၊ သစ်သီးဖျော်ရည်များတိုက်ခြင်းများမပြုလုပ်သင့်ပါ။ သွေးတွင်းပိုတက်ဆီယမ်ဓာတ်ကိုများစေသောကြောင့်ဖြစ်သည်။

မြွေကိုက်ခံရပါက​ဆောင်ရွက်​ရန်

👉​အန္တရာယ်​ရှိသောနေရာ ဥပမာ​ရေထဲ၊ရေစပ်၊စသည်​တို့တွင်​အကိုက်ခံရပါက ဘေးလွတ်ရာသို့တတ်နိုင်သမျှရွှေ့ပေးရမည်။
💡ထို့နောက်​ အကိုက်ခံ ရသော​ခြေထောက်​သို့မဟုတ်​လက်ကို​ သစ်သားပြားသို့မဟုတ်၊ ဝါးခြမ်းပြား စသည်တို့ဖြင့် တွဲ၍ လှုပ်ရှား​မှု​နည်းအောင်စည်းပေးရမည်။
💡မြွေဆိပ်ဖြေဆေးရရှိနိုင်သော နီးစပ်​ရာ​ ဆေးခန်းသို့မဟုတ် ဆေးရုံသို့ လူနာကိုတတ်နိုင်သမျှ​အမြန်ဆုံးနှင့် လှုပ်ရှား​မှု​အနည်းဆုံး​ဖြစ်အောင်​ကြိုးစား၍ သယ်ယူပို့ဆောင်ပေးရမည်။
💢မြွေပွေးအကိုက်ခံရခြင်းကြောင့် ကိုက်ခံရသောနေရာမှ သွေးမတိတ်ခြင်း၊ အခြား ခန္ဓာကိုယ်​အစိတ်​အပိုင်း​များမှသွေးယိုစိမ့်၊ သွေးထွက်မှုများရှိခြင်း၊ လူနာဆီးထွက်နည်းသွားပြီး ကျောက်ကပ်​ပျက်စီး​ခြင်း၊ သွေးဆိပ်တက်၍ နှလုံး​ခုန်နှုန်းမြန်ကာ သွေးပေါင်ကျခြင်းများဖြစ်နိုင်သည်။
💢မြွေ​ဟောက်​နှင့်​ ငန်းတော်ကြားမြွေအကိုက်ခံရခြင်းကြောင့် အာရုံကြောအားနည်းလာခြင်း၊ မျက်ခွံများလေးလာခြင်း၊ လျှာလိပ်၍ စကားပြောလေးလာခြင်း၊ အစာနှင့်ရေမြိုချရန်ခက်ခဲလာခြင်း၊ ခြေလက်များထုံ၍ လေးလံ​လာခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ သွေးတွင်းအောက်ဆီဂျင်ကျလာခြင်းများဖြစ်နိုင်သည်။
💢ပုံမှန်​အားဖြင့်​ရေမြွေနဲ့ မြွေစိမ်းများအကိုက်ခံရပါက အသက်အန္တာရာယ်စိုးရိမ်စရာမရှိသော်လည်း မြွေစိမ်းမြီးခြောက်အကိုက်ခံရပါက မြွေပွေးကိုက်ခံရသကဲ့သို့သောရောဂါလက္ခဏာများတွေ့ရတတ်သည်။
💢ပင်လယ်ဂျပ်မြွေအကိုက်ခံရပါက မြွေဟောက်ကိုက်ခံရသကဲ့သို့သောရောဂါလက္ခဏာများတွေ့ရတတ်သည်။
💢အချို့ဒေသများတွင် စပ်ကြားမြွေအမျိုးအစားများလည်းရှိတတ်သည်။ ထို့ကြောင့် မည်သည်မြွေအကိုက်ခံရသည်ဖြစ်စေ လူနာကို​အနည်းဆုံး​ 24​ နာရီ​စောင့်ကြည့်ရန်လိုအပ်သည်။
💡အကိုက်ခံရသောမြွေအမျိုးအစားပေါ်မူတည်၍ အမြန်ဆုံးသင့်တော်ရာမြွေဆိပ်ဖြေဆေးပေးရန် လိုအပ်သဖြင့် ဖြစ်နိုင်ပါက ကိုက်သောမြွေကို အသေရလျင်တပါတည်းယူဆောင်လာခြင်း၊ ဓါတ်ပုံရိုက်ထားခြင်း၊ မြွေပုံစံကိုကျန်းမာရေးဝန်ထမ်းများအားပြောပြပေးခြင်းများပြုလုပ်သင့်သည်။
💡ကြိုတင်ကာကွယ်ခြင်းသည် ဖြစ်မှကုသခြင်းထက်ပိုမိုထိရောက်သဖြင့် ရေထဲ သို့မဟုတ်​တောထဲသွားလာရာတွင်​ လည်ရှည်ဖိနပ်များစီးခြင်း၊ ညအချိန်​ သွားလာရာတွင်​ဓါတ်မီး သို့မဟုတ်​မီးအိမ်များအသုံးပြုခြင်း၊ မြွေရှိနိုင်သော တောများ၊ ခြုံများကို ရှင်းလင်း ခြင်း၊ မရှင်းနိုင်ပါက သစ်ကိုင်းများ၊ တုတ်များနှင့် ရိုက်၍ ခြောက်လန့်ပြီးမှ သွားလာ ခြင်း၊ မြွေအသေကို ကိုင်တွယ်ရာတွင်လည်းအထူးဂရုစိုက်ပြီးမှ ကိုင်တွယ်ခြင်းများပြုလုပ်သင့်ပါသည်။

လူတိုင်း​ကျန်းမာ​ရေးကို လက်လှမ်း မှီ စေရန်
ရည်​သန်လျက်
Yangon Medical Network

Drowningရေနစ်ခြင်းလတ်တလော​ရေကြီးခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြစ်ရေချောင်းရေများ ရေစီးပြင်းထန်ခြင်းကြောင့် ...
07/08/2026

Drowning
ရေနစ်ခြင်း

လတ်တလော​ရေကြီးခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြစ်ရေချောင်းရေများ ရေစီးပြင်းထန်ခြင်းကြောင့် ရေနစ်ခြင်းများတွေကြုံနေရပါသဖြင့် ရေနစ်သောလူနာများကို အရေးပေါ်​ကယ်ဆယ်ရေး​အတွက်​လိုအပ်ချက်​များ​ရှိနေပါသည်။ ရေနစ်ခြင်း​သည်​အကြောင်း​အမျိုးမျိုး​ကြောင့်​ဖြစ်နိုင်ပါသည်။
👇ပုံမှန်အားဖြင့်ရေနစ်ခြင်းကို
🔷ရေငန်တွင်ရေနစ်ခြင်း၊
🔷ရေချို​တွင်ရေနစ်ခြင်း၊
🔷စီးနေသောရေတွင်ရေနစ်ခြင်း၊
🔷ရေသေတွင်ရေနစ်ခြင်း၊
🔷အပူ ချိန်​ 20​ 'C​ အောက်ရေအေးတွင်ရေနစ်ခြင်း​၊ (Cold water Drowning)
🔷အပူ ချိန်​ 20'​ C​ နှင့်အထက် ရေနွေးတွင်ရေနစ်ခြင်း ( Warm water Drowning) စသည်ဖြင့် ခွဲခြားထားပါသည်။

💢ရေနစ်ခြင်း ကြောင့် လူများအဓိကသေဆုံးရသည့်အကြောင်းရင်းမှာ အသက်ရှူလမ်းကြောင်းနှင့် အဆုတ်အတွင်းသို့ရေဝင်ခြင်းကြောင့် အသက်မရှူနိုင်တော့ခြင်းကြောင့်ဖြစ်ပါသည်။ ရေအမျိုးအစား၊ ရေ၏ အပူချိန်၊ အဆုတ်အတွင်းဝင်ရောက်သောရေပမာဏ၊ ရေနစ်ပြီးရေထဲတွင်ကြာချိန်၊ လူနာ၏ နဂို​ရောဂါအခံ စသည်တို့က ရေနစ်သောလူနာတစ်ယောက်၏ အသက်ရှင်နိုင်ခြင်းရှိမရှိ၊ နောက်ဆက်တွဲအကျိုးဆက်များကျန်နိုင်ခြင်းရှိမရှိကို အဆုံးအဖြတ်​ပေးပါသည်။

👉ရေနစ်ခြင်းဖြစ်ပြီးနောက် လူ၏ခန္ဓာကိုယ်​သည် များသောအားဖြင့် အဆင့်​ (5)​ ဆင့်ဖြင့် တုံ့ပြန်​လေ့ရှိကြသည်။
1) ရုတ်တရက်​ကြောက်လန့်ပြီး အသက်ရှူ​ရန်ကြိုးစားရုန်းကန်ခြင်း၊ (Surprise)
2) ရေအောက်နစ်မြုပ်သွားချိန်တွင် အလိုအလျောက်အသက်အောင့်ထားခြင်း၊ ( Involuntary breath holding) ထိုအချိန်တွင်လေပြွန်က အလိုအလျောက်ပိတ်သွားတတ်သည်။ မပိတ်သွားပါက ရုန်းကန်ရင်း ပါးစပ်နှင့် နှာခေါင်း​ပေါက်​မှ​ရေများအဆုတ်အတွင်းသို့ပိုဝင်လာတတ်သည်။
3)သွေးတွင်းအောက်ဆီဂျင်နည်းလာပြီး သတိလစ်​သွားခြင်း၊ ( Unconsciousness )
4)နှုတ်ခမ်း၊ လက်သည်းများ ပြာလာပြီး ခြေလက်များရုန်းကန်ကာတက်ခြင်း၊ ( Jerky Convulsions)
5) နှလုံး​ခုန်ရပ်တန့်သွားခြင်း (Cardiac​ ​arrest) ဟူ၍ ဖြစ်ပါသည်။

🫁ရေချို​ဖြစ်စေ၊ ရေငန်​ဖြစ်စေ​အဆုတ်အတွင်းသို့ရေဝင်ခြင်းကြောင့်​အဆုတ်​တွင်းရှိ​လေအိတ်ကလေးများထိခိုက်ပျက်စီးခြင်းဖြစ်ကာ အဆုတ်တစ်ခုလုံးသို့မဟုတ် တစိတ်တပိုင်း ပြားချပ်ကျုံ့ဝင်သွားခြင်း၊ ထိုမှတဆင့် လေဝင်လေထွက်နှင့် သွေးကြောများအတွင်းအောက်ဆီဂျင်ဖလှယ်ခြင်း လုပ်ငန်း​စဥ်များရပ်တန့်သွားခြင်း၊ အောက်ဆီဂျင်ပြတ်၍ သေဆုံး​ခြင်းများဖြစ်စေသည်။
👉 ရေငန်​သည်​ ဆားပါဝင်မှုများသောကြောင့် (hypertonic)​ လေပြွန်များကိုကျဥ်းစေခြင်း (bronchospasm)​၊အဆုတ်ရောင်ခြင်းနှင့်အဆုတ်ရေဝိုင်းခြင်း​ (pulmonary oedema) များဖြစ်စေသည်။
👉ရေချိုသည်ဆားပါဝင်မှုနည်းသော (hypotonic)​ ဖြစ်သောကြောင့် သွေးတွင်းစိမ့်ဝင်ကာ အဆုတ်လေအိတ်လေးများ၏ နံရံရှိသွေးကြောငယ်လေးများကိုပျက်စီးစေနိုင် သည်။
👉အချို့​ရေနစ်သောလူနာများတွင် ပါးစပ်မှတဆင့် အစာလေပြွန်အတွင်းရေများဝင်ခြင်းကြောင့် အစာအိမ်အတွင်းရွှံ့ရေများပါတွေ့ရတတ်သည်။
🥶အပူ ချိန်​​ 20' C​ အောက်ရေအေးတွင်ရေနစ်ပါက​ အဆုတ်အတွင်းသို့ရေဝင်ခြင်း သိပ်မရှိပဲ ရုတ်တရက် လေပြွန်​အကြောဆွဲခြင်း​(laryngospasm)​နှင့်​ cold shock ရ၍သေဆုံး​များဖြစ်တတ်သည်။ ထိုဖြစ်စဥ်မျိုးသည် ရေနစ်သောလူနာများ၏ 10% ခန့်တွင်တွေ့ရပြီး​ အဆုတ်အတွင်းရေဝင်ခြင်းမရှိသော ရေနစ်ခြင်း( dry drowning) ဟုသတ်မှတ်ကြသည်။
💢ထိုသို့သောအဆုတ်အတွင်းရေဝင်မှုမများသော လူနာ​များသည်​ အချိန်မီ​ CPR​ လုပ်နိုင်လျင် ပြန်ကောင်းနိုင်ချေပိုများသည်။
👉သို့ရာတွင်​ရုတ်တရက်​ရေအေး​ထဲသို့​ကျသွား ခြင်း​သည်​စိတ်လှုပ် ရှားမှုနှင့် အသက်မြန်မြန်ရှူခြင်းကိုဖြစ်စေသည်။ ထိုမှတဆင့်​ရေများအသက်ရှူလမ်းကြောင်းသို့ပို၍ မြန်မြန်ဝင်စေသည်။
ခန္ဓာ​ကိုယ်​အပူချိန်ထက်အေးစက်သောရေသည် နှလုံး​စည်းချက်​မမှန်ခြင်း၊ကြွက်သား​များ​အားနည်းလာစေခြင်း၊ ထိုမှ ရုန်းကန်​လှုပ်ရှား​နိုင်မှုလျော့လာခြင်း၊ သတိလစ်​ခြင်း၊ အသက်​ဆုံး​ခြင်းတို့ဖြစ်စေနိုင်သည်။ 👉ရေသည်လေထုထက်​25 ဆပို၍ အပူလျှပ်ကူးသဖြင့် ရေထဲမှာအချိန်ကြာကြာ( 30 မိနစ်​ထက်ပို၍ )​ ရှိနေခြင်းဖြင့် သွေးတွင်းအပူချိန်ကျဆင်းခြင်း​ ( Hypothermia) ကိုဖြစ်စေသည်။
🫀ရေနစ်ခြင်း​ကြောင့်​နှလုံး​ခုန်နှုန်းနှေးခြင်းနှင့်မြန်ခြင်းတပြိုင်နက်ဖြစ်နိုင်ပြီးရုတ်တရက်နှလုံးခုန်ရပ်သွားခြင်းလည်းဖြစ်နိုင်သည်။

🤔ရေနစ်သောလူနာတစ်ယောက်ကိုဘယ်လိုကူညီရမလဲ။

Reach, Throw, Row, Don't Go
👉Reach= ရေနစ်သောလူနာများကိုဆယ်ယူရာတွင် သစ်ကိုင်း၊ ကြိုးစသည်တို့ လက်လှမ်း​မှီ​သလောက်​ကမ်းပေးပါ။
👉Throw= အသက်ကယ်ဘောကွင်း၊ လေဖော့နိုင်သောကားတာယာစသည်တို့ကိုပစ်ပေးပါ။
👉Row= အသက်ကယ်လှေရှိပါက ထိုနေရာသို့လှော်ခတ်သွားပါ။
👉Don't Go= ရေကူးမကျွမ်းကျင်ပါက သင်ကိုယ်တိုင်ရေထဲဆင်းခြင်းမပြုလုပ်သင့်ပါ။ 👉ရေနစ်သောလူနာများကို​ကယ်ဆယ်ပြီးနောက် အလိုအလျောက်အသက်ရှုနိုင်ခြင်းရှိမရှိ၊ နှလုံးခုန်နေ​ခြင်းရှိမရှိစမ်းသပ်၍ မရှိပါ​က​ ကနဦး အရေးပေါ်​အသက်ကယ်ခြင်း CPR ပြုလုပ်ရပါမည်။
👉CPR အရေးပေါ်​အသက်​ကယ်​ခြင်းကို​မကျွမ်းကျင်သူများအဖို့ ရေထဲတွင် CPR​ မလုပ်သင့်ပါ။ ဘေးလွတ်ရာသို့ ရွေ့ပြောင်းပြီးမှ CPR​လုပ်သင့်ပါသည်။
👉ရေနစ်သောလူနာများကိုသယ်ရာတွင် ရေနစ်ပြီးနောက်သွေးပေါင်ပြုတ်ကျခြင်း ( Post -​immersion hypotension) ကိုကာကွယ်ရန်အတွက် အလျားလိုက်သယ်ဆောင်ပါ။ ရေများအန်ထွက်အောင်လူနာ​ကို​ဇောက်​ထိုး​ထားခြင်း၊ အရှိုက်ကိုလက်သီးဖြင့်ထိုးခြင်း​ (abdominal thrust, Heimlich maneuver) များသည် ယခုနောက်ပိုင်းလေ့လာချက်​များအရ​အကျိုးမရှိကြောင်းတွေ့ရှိရပါသည်။ သယ်ဆောင်ရာ တွင်​လည်ပင်းကျောရိုးနဲ့ အာရုံကြော​မကြီး​( cervical spine and spinal cord) ထိခိုက်မှုမရှိအောင်အထူးသတိထားရမည်။
👉အရေးပေါ်​အသက်​ကယ်​ခြင်းပြုလုပ်ရာတွင်အသက်ရှူလမ်းကြောင်းကိုပိတ်ဆို့နေသော အမှိုက်၊ ရွှံ့စသည်တို့ကိုတတ်နိုင်သလောက်ဖယ်ရှားပေးပါ။
👉လူနာ၏ ဦးခေါင်းကို မ၍၊ မေးရိုးကို အပေါ်​သို့​ဆွဲပေးခြင်းဖြင့် အသက်ရှူ​လမ်း​ကြောင်း​ပွင့်၍ အသက်ရှူ​နိုင်စေရန်ကူညီပေးရမည်။
👉ရေနစ်သောလူနာအများစုတွင်​အဆုတ်ထိခိုက်မှု အများဆုံး​ဖြစ်သဖြင့် အသက်ရှုနိုင်ခြင်းမရှိသောကြောင့်လူနာအသက်ရှုနိုင်စေရန်လေမှုတ်ပေးခြင်း သည်​အဓိကအရေးပါသည်။ ကနဦး​ 5 ကြိမ်​ ( 5 rescue breath) လေမှုတ်​သွင်းခြင်းပြုလုပ်ပြီးမှ ရင်ဘတ်ဖိ၍ နှလုံး​လှုပ်နှိုးခြင်းပြုလုပ်သင့်သည်။ လေမှုတ်သွင်းရာတွင် မျက်နှာအုပ်ပါသော လေမှုတ်ကိရိယာဖြင့်ဖြစ်စေ၊ မရှိပါ​ကပါးစပ်ချင်းတေ့၍ ဖြစ်စေပြုလုပ်နိုင်သည်။
👉ရေနစ်သောလူနာများတွင် သွေးတွင်းအပူချိန်ကျဆင်းခြင်း (hypothermia) နှင့် သွေး​လှည့်ပတ်​မှု​နည်းပြီး အောက်ဆီဂျင်ပြတ်လတ်ခြင်းကြောင့် သွေး​ပေါင်ချိန်​ကျဆင်းသွားခြင်းများကြောင့် သွေးခုန်နှုန်းစမ်းသပ်မရခြင်းများဖြစ်တတ်သည်။ ထိုအခြေအနေ ကို​လူနာသေဆုံးပြီဟုမမှတ်ယူသင့်ပါ။
👉သိသာစွာသေဆုံးသည့် လက္ခဏာ​များမတွေ့ရသေးသ၍ လူနာကို အရေးပေါ်​အ​သက်ကယ်​ခြင်း​CPR​ လုပ်ပေးသင့်ပါသည်။
👉နှလုံးခုန်ရပ်နေပါက ရင်ဘတ်ဖိ၍ နှလုံးလှုပ်နှိုးခြင်းပြုလုပ်ရမည်။ နှလုံးလှုပ်နှိုးခြင်း အကြိမ်​ 30၊ လေမှုတ်သွင်းခြင်း 2 ကြိမ်​ (30:2) အချိုးဖြင့် အရေးပေါ်​ကယ်ဆယ်ရေးအကူအညီလာသည်အထိဆက်တိုက်​ CPR​ လုပ်ပေးရမည်။
👉ထို့နောက်​လူနာ​ကို​ အနွေးဓါတ်ပေးပြီး နွေးထွေးအောင်ထားရမည်။
👉 ရေနစ်​ပြီးနောက်​အသက်ပြန်ရှင်လာသောလူနာကို အနည်းဆုံး​( 6)​နာရီ​ကြာ​အနီးကပ်စောင့်ရှောက်ပေးဖို့ လိုအပ်ပါသည်။ ကနဦးအရေးပေါ်အသက်ကယ်မှုပြုလုပ်ပြီးနောက် လူနာကိုနီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးပို့ဆောင်သင့်သည်။

လူတိုင်း​ကျန်းမာ​ရေးကို​လက်လှမ်းမှီစေရန်
ရည်သန်လျက်
Yangon Medical Network
Reference

https://www.publichealthnotes.com/drowning-risk-factors-stages-types-prevention-and-treatment/
https://www.who.int/publications/i/item/9789240046726
https://emedicine.medscape.com/article/772753-overview
davidsons-principles-and-practice-of-medicine-24th-edt

05/08/2026

🤔​အသည်းရောင်အသားဝါ စီ ပိုး ကုပြီးပါပြီ။
(HCV​ab)​က​ (positive)​ဖြစ်နေသေးလို့ပါ။ ဘာကြောင့်​ဖြစ်ပါသလဲ။
🧑‍⚕️​အသည်းရောင်အသားဝါ​စီပိုးကုပြီးရင်လည်း​( HCV ab) က​ ( positive)​ ဖြစ်ပြီးကျန်နေတတ်ပါတယ်။
👉​ဘာကြောင့်​လဲဆိုတော့​ (HCV​ab) ဆိုတာ​ခန္ဓာကိုယ်​ကဗိုင်းရပ်စ်ကိုတိုက်ထုတ်ဖို့ထွက်လာတဲ့ ပဋိပစ္စည်းဖြစ်လို့ပါ။
💢​ဒါကြောင့်​ (HCV​ab) ကို​ရောဂါ​ရှိမရှိ၊ကူးစက်ခံရခြင်းရှိမရှိ ရှာဖွေတဲ့နေရာမှာပဲသုံးပါတယ်။
💢​ရောဂါ​ကုသခြင်းထိရောက်မှုရှိမရှိ၊ပိုးထပ်ဝင်ခြင်း(reinfection) ၊ဆေးမတိုးခြင်း၊သို့မဟုတ်​ဆေးကုသခြင်းမအောင်မြင်မှု (treatment failure) ကိုတော့​သွေး​ထဲမှာရှိတဲ့ ပိုးကောင်​ရေ​ သို့မဟုတ်​(HCV RNA နှင့် Hepatitis C core antigen) တို့နှင့်​ဆုံးဖြတ်ပါတယ်။
👉 ဥပမာ​ အသည်းရောင်အသားဝါ​စီပိုးကူးစက်ခံရပြီး (2)ပတ်မှ (4)ပတ်အတွင်း​ (HCV RNA)ကိုသွေးထဲတွင်တွေ့ရတတ်ပြီး ကုသ​ပျောက်ကင်း​သွားပါ​ကမတွေ့ရတော့ပါ။
👉​(HCV​ab​) ကိုတော့​ ကူးစက်ခံရပြီး (6​)​ပတ်မှ (12) ပတ်အကြာမှသာ သွေးထဲတွင် တွေ့ရ​ပြီး​ကုသပြီးနောက်လည်းကျန်ရှိနေနိုင်ပါတယ်။

Needle stick injuryအပ်စူးခြင်း'' ဒေါက်တာ​ရေ''​''​ကျွန်မ​လူနာကိုဆေးထိုးရင်းအပ်စူးမိသွားလို့ပါ။ဘာလုပ်သင့်ပါသလဲ။''​လာမေးသူမ...
03/08/2026

Needle stick injury
အပ်စူးခြင်း

'' ဒေါက်တာ​ရေ''​
''​ကျွန်မ​လူနာကိုဆေးထိုးရင်းအပ်စူးမိသွားလို့ပါ။
ဘာလုပ်သင့်ပါသလဲ။''​
လာမေးသူမှာ သူနာပြု​ဆရာမလေးဖြစ်သည်။
စောစောက​ အရက်မူးပြီးတက်နေသော လူနာကို အတက်ကျဆေးထိုးပေးရင်း လူနာက ရုန်းကန်​လိုက်သဖြင့် သူမလက်ကိုချော်ပြီးထိုးမိသွားခြင်းဖြစ်သည်။
သူမကြောက်သည်က သွေးမှတဆင့်ကူးစက်တတ်သောရောဂါများဖြစ်သည်။
သွေး​မှတဆင့် ကူးစက် တတ်သော ရောဂါ များသည်​မတော်တဆ​အပ်စူးမိခြင်းမှလည်း ကူးစက်​နိုင်ပါသည်။
အထူးသဖြင့်​ အသည်းရောင်အသားဝါ ဘီပိုး၊စီပိုး ၊HIV ပိုး​စသည်​တို့သည်​ အပ်စူးမိခြင်းမှ ကူးစက်​နိုင်​သလို​ရောဂါပိုးရှိသူ၏သွေး​များ​ ကြည့်ရှုစောင့်ရှောက်သူ၏မျက်စိ၊ ပါးစပ်၊ အရေပြားပွန်းရှဒဏ်ရာစသည်တို့ထဲသို့မတော်တဆထိစင်မိခြင်း၊ ပါးစပ်နှင့်ကိုက်ခံရခြင်း (human bites) စသည်တို့ဖြင့်လည်းကူးစက်နိုင်ပါသည်။ သွေးမှမဟုတ်၊အခြားခန္ဓာကိုယ်မှ ထွက်သော​အရည်များ (ဥပမာ​- ရိုးတွင်းချဥ်ဆီ၊ရေမွှာရည်၊သုတ်ရည် အစရှိသည်) မှလည်းရောဂါပိုးကူးစက်နိုင်ပါသည်။

🤔​ဘယ်​အချိန်မှာ လက်ကိုအပ်စူးမိခြင်းဖြစ်တတ်သလဲ။
👉​ဆေးထိုးရင်းလူနာက ရုတ်တရက်​လှုပ်ရှား​လိုက်ခြင်းကြောင့်ဖြစ်စေ၊
👉 အပ်ကိုသူ့အဖုံးနှင့်ပြန်ဖုံးသောအခါ၌ ချော်သွား၍ဖြစ်စေ၊
👉​အပ်အစရှိသည့် ချွန်ထက်သောပစ္စည်းများကို သက်ဆိုင်ရာအမှိုက်ပုံးတွင်စနစ်တကျမစွန့်ပစ်ခြင်းကြောင့်ဖြစ်စေ၊
👉 သွေးဖေါက်ရာတွင်သွေးပုလင်းထဲသွေးထည့်ရာမှ ချော်၍ဖြစ်စေ
စူးမိနိုင်ပါသည်။

🤔​မတော်တဆ​လက်ကိုအပ်စူးမိရင် ဘာလုပ်ရမလဲ ။
🧑‍⚕️​လူနာကိုဆေးထိုးထားသော (သို့မဟုတ်)​လူနာ၏ သွေးကြောထဲ (သို့မဟုတ်)​၊အသားထဲထိုးပြီးထားသော အပ်ဖြစ်ခဲ့ရင်
👉 လက်ကို ရေပိုက်အခေါင်းမှလာနေသောရေသို့မဟုတ် စီးနေသောရေတွင် ဆပ်ပြာ​နှင့် ဆေးပါ။
👉​ဒဏ်ရာမှသွေးထွက်ခြင်းရပ်သွားသည်အထိ စီးနေသောရေတွင် ဆေးပေးရပါမည်။
🚫​ဒဏ်ရာကို ပါးစပ်ဖြင့်စုပ်ခြင်း၊ကြမ်းတမ်းစွာပွတ်တိုက်ခြင်း၊ညှစ်ခြင်းမပြုလုပ်သင့်ပါ။
👉​အပ်စူးမိပြီး ( 1 -​2) နာရီအတွင်းဆရာဝန်နှင့်တိုင်ပင်သင့်သည်။

🤔​လက်ကိုအပ်စူးမိတာနဲ့ရောဂါကူးနိုင်သလား။
🧑‍⚕️​အပ်စူးမိသူတိုင်းတော့ ရောဂါမကူးနိုင်ပါ။
👉​လူနာ​တွင်​HIVပိုး၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး ရှိမရှိစစ်ဆေးရန်လိုအပ်ပါသည်။
အကယ်၍ ရှိနေပါကလည်း
💢​ဘီပိုး​ဆိုရင်(30%) ၊လူ​ (10)​ယောက်တွင် (3)ယောက်ခန့်
💢 စီပိုးဆိုရင် (3%) ၊လူအယောက် (100)တွင်​ (3)ယောက်ခန့်
💢 HIV ပိုး​ဆိုရင်​(0.3%)၊ လူအယောက် (1000) တွင်​(3) ယောက်​ခန့်​ကူးစက်နိုင်ချေရှိပါသည်။
ထို့အပြင် ကူးစက်နိုင်ချေသည်
🔺​အပ်စူးမိသူတွင်ဒဏ်ရာဘယ်လောက်နက်သလဲ။
🔺​သွေးဘယ်လောက်ထွက်သလဲ။
🔺​အပ်စူးမိသောနေရာ (ဥပမာ​-လက်ထိပ်၊သို့မဟုတ်၊အသားထဲ၊သွေးကြောထဲအစရှိသည်ဖြင့်)
🔺​ဆေးထိုးအပ်တွင်ပါဝင်သောလူနာ၏သွေး​ပမာဏ​အနည်းအများ
🔺​ရောဂါရှိသောလူနာ၏ သွေးထဲရှိ ပိုးကောင်ရေပမာဏ(viral load) နှင့် ဆေးကုသခြင်းခံယူနေခြင်းရှိမရှိ
🔺​ဆေးထိုးအပ်အမျိုးအစား (ဥပမာ​အခေါင်းပေါက်ပါသော ဆေးထိုးအပ်​(hollow-bore needle) သို့မဟုတ်​အခေါင်းပေါက်မပါသော ဒဏ်ရာချုပ်ရာတွင်အသုံးပြုသောအပ် (solid needle)
စသည်​တို့​အ​ပေါ်တွင်​မူတည်ပါသည်။

🤔​အပ်စူးမိရင် ဆေးကြိုတင်သောက်ဖို့​(Post Exposure Prophylaxis) လိုသလား။
🧑‍⚕️​အပ်စူးမိခြင်းကြောင့်သွေး​မှတဆင့် ရောဂါကူးစက်နိုင်ချေ အနည်းအများပေါ်မူတည်၍ ဆရာဝန်တွေက ဆေးကြိုတင်သောက်ရန် (Post Exposure Prophylaxis) ကို​ညွှန်ကြားလေ့ရှိပါသည်။

🤔​HIV ပိုးရှိသူလူနာရဲ့ အပ်စူးမိရင် ဘယ်​အချိန်မှာ​ကာကွယ်ဆေး စသောက်ဖို့ အသင့်တော်ဆုံးလဲ။
🧑‍⚕️​HIV​ရောဂါပိုးရှိသူလူနာရဲ့အပ်စူးမိရင် ဖြစ်ဖြစ်ချင်းမှ (72) နာရီအတွင်းကာကွယ်ဆေး (Post Exposure​Prophylaxis, PEP) စသောက်ဖို့လိုအပ်ပါသည်။
🚨​(72)နာရီကျော်မှ ကာကွယ်ဆေး သောက်ခြင်းဖြင့် အကျိုးမရှိနိုင်ပါ။
💢​HIV အတွက်​ကာကွယ်ဆေး​ကို​ (28)ရက်ကြာ​ပုံမှန်​မပျက်မကွက်သောက်ပေးရန်လိုအပ်ပါသည်။

🤔​အသည်း​ရောင်​အသားဝါ ဘီပိုး ရှိသူလူနာရဲ့အပ်စူးမိရင် ဘာလုပ်ရမလဲ။
🧑‍⚕️​အပ်စူးမိသူတွင် အသည်းရောင်အသားဝါ​ ဘီပိုးရှိမရှိစစ်ဆေးရန်လိုအပ်ပြီး မရှိဘူးဆိုရင် ဘီပိုး ကာကွယ်ဆေး ထိုးထားဖို့လိုအပ်ပါသည်။
🚨​ကာကွယ်ဆေး ထိုးထားပြီးသားကျန်းမာရေးဝန်ထမ်းများတွင် booster dose ကိုထပ်မံထိုးရန်လိုအပ်ပါသည်။
💢 ထို့အပြင်ကူးစက်နိုင်ချေများပါက​ (Hepatitis B​Immunoglobulin) ကို​ (48) နာရီအတွင်းထိုးရန်လိုအပ်ပါသည်။

🤔​အသည်း​ရောင်​အသားဝါ စီပိုး ရှိသူလူနာရဲ့အပ်စူးမိရင် ဘာလုပ်ရမလဲ။
🧑‍⚕️​အသည်း​ရောင် အသားဝါ စီ ပိုး ရှိသူလူနာရဲ့အပ်စူးမိရင် တော့​ကာကွယ်​ဆေးမရှိပဲ သွေးစစ်ပြီးစောင့်ကြည့်ရန်လိုအပ်ပါသည်။
အကယ်၍ကူးစက်ခံရကြောင်းသွေးအဖြေထွက်ပါက ကုသရန်လိုအပ်ပါသည်။

🤔​လူနာ​မှာ​ဘာရောဂါပိုးရှိမှန်းမသိရင် ဘာလုပ်သင့်သလဲ။ 🧑‍⚕️​ဆရာဝန်​နဲ့တိုင်ပင်ဖို့လိုအပ်ပါသည်။
👉​ရောဂါ​ကူးစက်နိုင်ချေအနည်းအများ (low risk, high risk) စ​တာတွေ​ပေါ်မှာ​မူတည်ပြီး​ ကာကွယ်​ဆေး​ (Post Exposure​ Prophylaxis) ပေးသင့်မပေးသင့်ကိုဆရာဝန်တွေက ဆုံးဖြတ်ပါသည်။
👉​အ​ဘယ်ကြောင့်​ဆိုသော်ဆေးတိုင်းတွင် ဘေးထွက်ဆိုးကျိုးရှိသဖြင့် ကောင်းကျိုး ဆိုးကျိုး၊ အကျိုးနှင့်အပြစ်ကိုချိန်ဆရခြင်းကြောင့်ဖြစ်ပါသည်။
👉​ကူးစက်နိုင်ချေနည်းသောလူနာများတွင် သွေးစစ်ပြီးစောင့်ကြည့်ရန်လိုအပ်ပါသည်။

🤔​လက်ကိုအပ်စူးမိသောလူနာတွင် ရောဂါပိုးကူးစက်ခံရခြင်းရှိမရှိကို ဘယ်အချိန်မှာစစ်ဆေးသင့်သလဲ။
🧑‍⚕️​ရောဂါပိုးပေါ်မူတည်ပြီးကွာခြားပါသည်။
🚨 ထို့အပြင်စောင့်ကြည့်ကာလ (window period) ရှိနိုင်သည့်အတွက် တစ်ကြိမ်တည်းစစ်ဆေးရုံမျှဖြင့်မလုံလောက်နိုင်ပါ။
💢​HIV လူနာကိုထိုးထားသောဆေးထိုးအပ်စူးမိလျင်​HIV ရောဂါပိုးကူးစက်ခံရခြင်းရှိမရှိကို ( 6)​ ပတ်အကြာနှင့် (12)ပတ်အကြာတွင်ပြန်စစ်ရန်လိုသည်။
💢 အသည်းရောင်အသားဝါ​ဘီပိုး​ရှိသောလူနာထိုးထားသောအပ်စူးမိရင်​(Hbs​Ag) ကို ( 6) ပတ်၊ (12) ပတ်နှင့် (24) ပတ်အကြာတွင် ပြန်စစ်ရန်လိုသည်။
💢 အသည်းရောင်အသားဝါ​စီပိုး​ရှိသောလူနာထိုးထားသောအပ်စူးမိရင်​(HCV​ab) ကို (12) ပတ်နှင့် (24) ပတ်အကြာတွင် ပြန်စစ်ရန်လိုအပ်ပါသည်။

🤔​လက်ကိုအပ်စူးမိခြင်းကြောင့် ရောဂါပိုးကူးစက်ခံရခြင်းမရှိစေရန် ဘယ်လိုကာကွယ်ရမလဲ။
🧑‍⚕️​ကြိုတင်ကာကွယ်ခြင်းသည် ဖြစ်မှကုသခြင်းထက်ပို၍အကျိုးရှိပါသည်။
ထို့​ကြောင့် လက်ကိုအပ်စူးမိခြင်းမရှိစေရန်
👉 ဆေးထိုးအပ်များကို ကိုင်၍ အဖုံးဖုံးခြင်းမပြုပဲ
အပ်သီးသန့်စွန့်ပစ်သောပုံးထဲသို့ထည့်ခြင်း
👉 အပ်ထည့်သည့်ပုံး၊သွေး​နှင့် သွေးစွန်းသော ချွန်ထက်ပစ္စည်း​များထည့်သည့်ပုံးများကိုစနစ်တကျကိုင်တွယ်စွန့်ပစ်ခြင်း
👉 အပ်စွန့်ပစ်သည့်ပုံးကို အဖုံးဖွင့်၍ကိုင်တွယ်​ခြင်းမှ ရှောင်ကြဥ်ခြင်း
👉​အပ်စွန့်ပစ်သည့်ပုံးကို လေးပုံသုံးပုံပမာဏအထိသာထား၍ အပြည့် မထည့်ခြင်း
👉​ကျန်းမာရေး​ဝန်ထမ်းများတွင် အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေး ထိုး ထား ခြင်း
👉 အပ်စူးမိခြင်းမှကူးစက်နိုင်သည့် ရောဂါများ​အကြောင်း​နှင့် ဆောင်ရန် ၊ရှောင်ရန်တို့ကို အသိပညာပေးထားခြင်း
👉​အပ်​နှင့်​ချွန်ထက်သောပစ္စည်းများအားစနစ်တကျစွန့်ပစ်ရန် သန့်ရှင်းရေးဝန်ထမ်းများအားအသိပညာပေးထားခြင်း
👉​အပ်စူးမိပါက ဆောင်ရန်၊ ရှောင်ရန်များကိုစနစ်တကျလိုက်နာခြင်း၊ဆရာဝန်​နှင့်တိုင်ပင်ကုသခြင်း
စ​တာတွေ​ပြုလုပ် သင့် ပါသည်။

လူတိုင်း ကျန်းမာ ရေးကို လက်လှမ်း မှီ စေရန်
ရည် သန်လျက်
Yangon Medical Network

References
https://policyonline.nhslothian.scot/wp-content/uploads/2023/03/Needlestick%20Managment%20Procedure.pdf
https://cdn.who.int/media/docs/default-source/integrated-health-services-(ihs)/ipc/is_needlestick_leaflet.pdf?sfvrsn=b68acab0_5
https://bmhrc.ac.in/WriteReadData/News/202403221114281495203SOPNeedleStickInjury.pdf
Davidson's Principles and Practices of Medicine

31/07/2026

လွန်လေပြီးသောဆယ်နှစ်ကျော်ခန့်က ဖြစ်လေသည်။
တိုက်​နယ်ဆေးရုံ​လေးတစ်ခု​တွင်​ တာဝန်ကျ​နေသော​ကျွန်မ၏ အခန်းထံသို့​ဆေးရုံမှ​သူနာပြု​ဆရာမ​လေးရောက်လာ၏။
“ဒေါက်တာ​ရေ​ လူသတ်မှုရောက်လို့ပါ”ဟုပြောသည်။
မှုခင်းဆရာဝန်မရှိသော နယ်ဆေးရုံ​လေးတွင်​အလောင်းကိုမှတ်တမ်းတင်ခြင်း၊ရင်ခွဲစစ်ဆေးခြင်း၊မြို့နယ်တရားရုံးသို့သွား၍ ဆေးစစ်ချက် ထွက်ဆိုရခြင်းတို့သည် ကျွန်မတာဝန်ဖြစ်ခဲ့၏။
ထို​ဆေးရုံ​လေး၏ ရင်ခွဲရုံက ဆေးရုံ​နောက်ဖေး​အစွန်အဖျား​မြက်တောကြီးထဲတွင်ရှိ၏။ မြွေပွေး မြွေဟောက် ပေါများသည့်ဒေသဖြစ်၍လည်ရှည်ဖိနပ်များစီးပြီးဖြတ်သွားရသည်။
တခါသား ညနေခင်း​တစ်ခုတွင်ဆေးရုံ​မှာမွေးလူနာကိုမွေးပေးပြီးခေါင်းလျော်ရေချိုးပြီးမှ အခု​ချက်ချင်း​အလောင်းတစ်ခုကိုရင်ခွဲစစ်ဆေးပေးပါ။ သက်ဆိုင်ရာ​တာဝန်ရှိသူ​တွေက​ညတွင်းချင်းပြန်ရမှာမလို့ပါဆိုပြီး ရေနစ်သေသော အလောင်းကြီးကိုလာပို့ဖူးသည်။ညနေဘက်ကြီးရင်ခွဲရုံသို့ သွားရာလမ်း​တလျောက်မီးရောင်မှိန်မှိန်လမ်းမှာတောကျီးကန်းတသိုက်ထပျံ သွားသည်မှာချောက်ခြားဖွယ်အတိဖြစ်၏။ထိုအလောင်းမှာရေနစ်သေသည်မှာ ကြာလှပြီဖြစ်၍ လောက်များတက်ကာပုပ်ပွ​နေသောအနံ့ကြီးက စွဲ​နေခဲ့သည်။ ဆေးရုံမှာအလောင်းမှတ်တမ်းရေးပေးပြီး ဆရာဝန်နားနေခန်းသို့ပြန်ရောက်သည့်တိုင် ထိုအနံ့ကြီးစွဲနေသဖြင့် မနေနိုင်ပဲညဘက်ဆောင်းတွင်းကြီးကိုရေပြန်ချိုးသဖြင့် နောက်နေ့​မထနိုင်အောင်ဖျားနာဖူးသည်။ ထိုအခြေအနေ ထို​အခင်းကျင်းများသည် ကျွန်မကိုအလွန်အမင်းစိတ်ပျက်စေဖူးသည်။ သို့သော်​အလုပ်ထွက်ပြီး ဆရာဝန်မလုပ်ပဲတခြားအလုပ်ပြောင်းလုပ်ဖို့ကိုတော့ ယောင်လို့မျှပင်မစဥ်းစားခဲ့ဘူးပါ။
လူ​ဆိုတာ​ကိုယ်မြတ်နိုးနှစ်သက်သော အလုပ်လုပ်နေရမှသာ ပျော်ရွှင်နိုင်သည်မဟုတ်ပါလား။
ပြန်ဆက်ရရင် ထိုနေ့ကလည်း ချက်ချင်းအရေးကြီးလို့ပါဆို၍ သူနာပြုဆရာမလေးနဲ့အတူ တာဝန်ရှိသူများနဲ့ ကျွန်မရင်ခွဲရုံဘက်ကိုထွက်ခဲ့ပါသည်။
တွေ့ရတာက လေပြွန်၊ အစာပြွန်၊ အသံအိုး(trachea ၊ oesophagus ၊ larynx) အားလုံးပြတ်ပြီး အရေပြားနည်းနည်းပဲကျန်တဲ့ ခေါင်းပြတ်အလောင်းတစ်ခုပါ။ အသက် (50)​နီးပါးထောင်ထောင်မောင်းမောင်း ယောက်ကျားကြီးတစ်ယောက်ပါ။ ငှက်ကြီးတောင်ဓါးနဲ့ခုတ်တာပါတဲ့။ ခုတ်ရာကတစ်ချက်ထည်းပါ။ တရားခံကရက်စက်လိုက်တာလို့တွေးပြီး အလောင်းစစ်ဆေးချက်(PM finding) ရေးပါတယ်။
အဲဒီနောက် ညနေဘက်ရောက်တော့ ရဲတစ်ချို့နဲ့ဆရာမလေးလာပြန်ပါတယ်။ ဒေါက်တာ အသက်စစ်ပေးပါတဲ့။
လိုက်သွားကြည့်တော့ ဆံပင်နီစုတ်စုတ်နဲ့ အရပ်လေးပေကျော်ကျော်ပိန်ပိန်သေးသေးကောင်လေးတစ်ယောက်ပါ။ မှုန်မှုန်ကုပ်ကုပ်နဲ့ထိုင်နေပါတယ်။ အမြင်နဲ့
ကြည့်ရင် (10)​နှစ်ကျော်ပါပဲ။ ဒါပေမဲ့ ဓါတ်မှန်တွေ၊သွားပေါက်ပုံစစ်ချက်တွေ၊ခန္ဓာကိုယ်​ဖွံဖြိုးမှုစစ်ချက် တွေနဲ့ဆုံးဖြတ်ရမှာပါ။
မေးကြည့်မှ မနက်က ဓါးခုတ်မှုရဲ့ တရားခံပါတဲ့။ ဘုရားသခင်လို့ ကျွန်မရေရွတ်မိပါတယ်။
ဘယ်လိုများပါလိမ့်လို့ ဆရာမလေးနဲ့မေးကြည့်မှ ဇတ်ရည်လည်လာပါတော့တယ်။
သေဆုံးသူက ပထွေးပါတဲ့ ။ မိခင်ကကုန်စိမ်းစျေးရောင်းပြီး သူနဲ့ အမဖြစ်သူက ထင်းရောင်းလို့ အိမ်စားရိတ်ရှာရပါတယ်တဲ့။ ဘယ်ကလာမှန်းမသိတဲ့ပထွေးဖြစ်သူကိုမိခင်က အိမ်ပေါ်ခေါ်လာတော့ သူတို့မောင်နှမရှာသမျှ ပထွေးအရက်ဖိုးဖြစ်တဲ့အပြင် အမြဲလိုလို ရိုက်နှက်ခံရပါသတဲ့။ အမဖြစ်သူကိုလည်းစော်ကားဖို့ကြံစည်ပါသတဲ့။ သည်းမခံနိုင်တဲ့အဆုံး မူးပြီးအိပ်ပျော်နေတဲ့ ပထွေးကို ငှက်ကြီးတောင်ဓားနဲ့တချက်တည်းခုတ်ပြီးထွက်ပြေးခဲ့ပါသတဲ့။ အမေလုပ်သူနဲ့တွေ့လို့ခေါ်ပြီးရဲလက်အပ်ခဲ့တာပါတဲ့။ အဲဒီဇတ်လမ်းကိုကြားပြီးတော့ လောကမှာသားသမီးကို အသက်ပေးချစ်တတ်တဲ့ မိခင် တွေရှိသလို သားသမီးကို ဒုက္ခ ပေးလို့ပေးမှန်းမသိတဲ့ မိခင်မျိုးလည်းရှိပါ့လားလို့ ကျမတွေးမိပါတယ်။
ကျွန်မတာဝန်က အသက်စစ်ပေးဖို့ပါ။ သူ့အမေပြောစကားအရ အသက်က(13) နှစ်ထဲမှာဆိုပေမဲ့ ပိန်လှီလွန်းတာကြောင့် (10) နှစ်လောက် ပဲထင်ရပါတယ်။ မွေးနေ့ လည်းအတိအကျမသိ နယ်က XRay တွေထုံးစံကောင်းကောင်းမမြင်ရတဲ့အခြေအနေမှာမြို့နယ်ဆရာဝန်ကြီး ကိုဆွေးနွေးဖြစ်ပါတယ်။ (12) နှစ်ဆိုရင်လူငယ်ပြုပြင်ရေး စခန်းရောက်မှာဖြစ်ပြီး (13)​ နှစ်ဆိုရင်တော့ ထောင်ကျမှာပါ။
ထိုအမှုအတွက်တော့ မြို့နယ်​ဆရာဝန်​ကြီးနှင့်တိုင်ပင်၍ ထိုကလေးကို လူကောင်းအဖြစ်ကြိုးစားခွင့်ပေးရန်ဆုံးဖြတ်ခဲ့ပါသည်။အတိအကျမသိသော အသက်အရွယ်​တစ်ခုတည်း​နဲ့​ဆုံးဖြတ်၍ ထောင်ဒဏ်​ကျခံ​စေရန်မသင့်ဟုစဥ်းစား၍ အသက်​(12) နှစ်ဟုရေးကာ လူငယ်ပြုပြင်ရေးကျောင်းသို့ပို့စေခဲ့ပါသည်။
ကျွန်မတို့​နိုင်ငံ၏ အောက်ခြေလူတန်းစားတွင် ကလေးသူငယ်နှင့် အမျိုးသမီး​အခွင့်အရေး​ချိုးဖောက်​ခံရမှုများ၊ ဖိုဝါဒကြီးစိုးမှုများကြောင့် ဤကြေကွဲဖွယ်အဖြစ်အပျက်များဖြစ်လာရသည်ဟုယူဆမိပါသည်။
အထူးသဖြင့်​ ထိုကလေးအရွယ်ရောက်လာပြီးသောအခါ လူဆိုးဖြစ်လာမလား၊လူကောင်းဖြစ်လာမလား ကို​တော့ ထိုမြို့နယ်လေးမှ ထွက်ခွာလာပြီးနောက် အဆက်ပြတ်​သွားသဖြင့် ကျွန်မမသိတော့ပါ။တိုက်နယ်မြို့လေးက ကျမကိုတွေးစရာတွေအများကြီးသင်ပေးခဲ့ပါတယ်။
ကျေးလက်ဒေသက ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး​ချို့တဲ့ လှတဲ့အောက်ခြေလူတန်းစားတွေအကြောင်းပါ။ စာသင်ကျောင်းမည်ကာမျှ အမိုးပဲရှိတဲ့ ကျောင်းမျိုးမှာတောင်စာမသင်ရတဲ့ ကလေးတွေအကြောင်းကောပါ။ ဝေးလံခေါင်းပါးတဲ့ တိုင်းရင်းသား ဒေသတွေမှာကော ဘယ်လိုရှိမှာပါလဲ။
ယခုအချိန်​တွင်လည်းကျေးလက်ဒေသတွင်သာမက၊မြို့ပြနှင့်ပြည်တွင်းစစ်ဒဏ်ကို အလူးအလဲခံနေရသော ဒေသတွေမှာလည်း ကလေးသူငယ်နှင့် အမျိုးသမီး​အခွင့်အရေး ချိုးဖောက် ခံရမှု များမကြာခဏမြင်နေကြားနေရပါသည်။ နိုင်ငံ​တစ်နိုင်​ငံ၏ အခြေခံကျသော ပြုပြင်ပြောင်းလဲရေးမှာ ထိုနိုင်ငံရှိ​လူမျိုးတို့၏ စိတ်ဓါတ်နှင့်​အခြေခံလူ့ကျင့်ဝတ်စည်းကမ်း ၊လူသားပီသမှုတို့အပေါ်တွင်​အဓိက​မူတည်သည်ဟူ၍ သာ​ကျွန်မ​တကိုယ်ရည်စာထင်မြင်ယူဆမိပါသည်။

29/07/2026

🤔​Tattoo ထိုး​တာက​ဘေးထွက်ဆိုးကျိုးရှိသလား သိချင်လို့ပါခင်ဗျ။
🧑‍⚕️​Tattoo​ ထိုး​တယ်ဆိုတာ​က​ permanent မှင်ကိုလူရဲ့ အပေါ်အယံအရေပြားအတွင်းသို့ သေးငယ်တဲ့ အပ်ပေါက်ရာလေးများမှတဆင့် တချက်ချင်းထိုးသွင်းခြင်းဖြစ်ပါတယ်။
မှင်အမျိုးအစားအမျိုးမျိုးရှိသလို အရောင်တွေပေါ်မှာမူတည်ပြီးလည်းဘေးထွက်ဆိုးကျိုးကွာခြားပါတယ်။
👉 Tattoo မှာ​ပါတဲ့​မှင်နဲ့ ဓါတ်မတည့်ခြင်း က
များသောအားဖြင့်အနီရောင်၊အဝါရောင်၊ အစိမ်းရောင်​မှင်များကြောင့်ဖြစ်တတ်ပြီး​ ယားခြင်း၊အင်ပြင်ထခြင်း၊အသက်ရှု​ကျပ်ခြင်း​စတာ​တွေ​ဖြစ်တတ်ပါတယ်။
👉​တခါတရံတွင်​ တက်တူးထိုးထားသောနေရာမှ​ keloid အမာရွတ်​ဖြစ်တတ်ခြင်း
👉စနစ်တကျ​ပိုးသတ်ထားခြင်းမရှိသောပစ္စည်းကိရိယာများကိုအသုံးပြုပါက အရေပြား ရောင်ရမ်းခြင်း၊ပိုးဝင်ခြင်း၊အဖျားတက်ခြင်း၊နာကျင်ခြင်း
👉​တခါသုံးဆေးထိုးအပ်ကိုအသုံးပြုခြင်းမရှိပါက အသည်းရောင်အသားဝါ ဘီပိုး ၊စီပိုး၊ HIV ပိုးများကူးစက်နိုင်ခြင်း
👉​အရေပြားကင်ဆာဖြစ်လာပါက တက်တူးဖြင့် ကွယ်နေသောကြောင့် နောက်ကျမှသိရခြင်း
👉​သံလိုက်​ဓါတ်​မှန်​(MRI) ရိုက်မည်ဆိုပါက တက်တူးထိုးထားသောနေရာမှ ပူလောင်နာကျင်တတ်ခြင်း၊
👉​မကြိုက်၍ပြန်ဖျက်လိုလျင် လေဆာ​အစရှိသည့် စက်များဖြင့် ဖျက်ရသဖြင့် ငွေကုန်ကြေးကျများခြင်း
စ​တာတွေ​ဖြစ်နိုင်ပါတယ်။

DewormingDewormingသန်ချခြင်းမြေကြီး​မှတဆင့် ကူးစက် တတ်သော သန်ကောင်ရောဂါများသည်မြန်မာနိုင်ငံတွင်အဖြစ်များပါသည်။သန်လုံးကော...
27/07/2026

Deworming
Deworming
သန်ချခြင်း

မြေကြီး​မှတဆင့် ကူးစက် တတ်သော သန်ကောင်ရောဂါများသည်မြန်မာနိုင်ငံတွင်အဖြစ်များပါသည်။
သန်လုံးကောင်၊သန်ပြားကောင်၊တုတ်ကောင်စသည်ဖြင့် အမျိုးမျိုးရှိပြီး​လူ၏ ခန္ဓာကိုယ်​အတွင်း​ကပ်ပါးပိုး​ကဲ့သို့​မှီခိုနေခြင်းကြောင့်
👉အူများရောင်ရမ်းခြင်း
👉​အူပိတ်ခြင်း
👉​အစာအိမ်အူလမ်းကြောင်းမှ အဟာရများစုပ်ယူခြင်းကြောင့် အာဟာရချို့တဲ့ခြင်း
👉​အစာအိမ်အူလမ်းကြောင်းအနာဖြစ်ခြင်းနှင့် သွေးစိမ့်ခြင်းကြောင့် သွေးအားနည်းရောဂါများ၊သံဓါတ်​ချို့တဲ့ခြင်း
👉ဝမ်းပျက်​ဝမ်းလျှော​ဖြစ်ခြင်း
👉​ဗိုက်အောင့်ခြင်း
👉အန်ခြင်း
👉​ယားယံ​ခြင်း၊ အင်ပြင်ထခြင်း
စတာတွေဖြစ်တတ်ပါတယ်။

🤔​သန်ကောင်​တွေအားလုံးအတူတူပဲလား။
🧑‍⚕️ လူတွေရဲ့​အူနံရံမှာနေထိုင်တဲ့​ သန်ကောင်​တွေကို​အဓိက​အားဖြင့်​အုပ်စု​နှစ်ခုခွဲခြားနိုင်ပါတယ်။
👉​ချိတ်သန်ကောင် (hookworm)
🔺 မြေကြီးထဲတွင်သားလောင်းအဖြစ်နေထိုင်ပြီး လူတွေရဲ့ အရေပြားမှတဆင့် ခန္ဓာကိုယ်​အတွင်း ထိုးဖေါက်ဝင်ရောက်တတ်သည်။
ဖိနပ်မစီးပဲမြေကြီးပေါ်သွားသူများတွင် အဖြစ်များသည်။
👉​သန်လုံးကောင် (Nematodes) အုပ်စု
🔺 မြေကြီး​ထဲတွင်​ဥများအဖြစ်သာရှိပြီး မသန့်ရှင်းသည့် လက်၊အစားအသောက်၊ ရေ​တို့​မှတဆင့်​လူ၏ခန္ဓာကိုယ်​အတွင်းသို့ဝင်ရောက်တတ်သည်။
🔺​အပ်ချည်​မျှင်သန်ကောင် (Thread worm or pinworm) ၊ကြာပွတ်သန်ကောင် (Whipworm) ၊ သန်လုံးကောင်ကြီး (roundworm) ၊ဆင်​ခြေထောက်​ရောဂါ ကို​ဖြစ်စေသော သန်ကောင်​အုပ်စု​(Tissue dwelling human nematodes) စသည်ဖြင့်​ရှိပါသည်။
🧑‍⚕️ ထို​အပြင်​ပုံသဏ္ဍာန်​အပေါ်မူတည်၍
🔷​သန်လုံးကောင် (Nematodes or roundworms) အုပ်စု
🔷သန်ပြားကောင်​(Cestodes or tapeworms) အုပ်စု
🔷​သစ်ရွက်ပုံသဏ္ဍာန်ရှိသော သန်ကောင်​(Trematodes or Flukes) အုပ်စု
စသည်ဖြင့် အမျိုးအစား​ခွဲခြားနိုင်ပါသည်။

🤔​သန်ချဆေးအားလုံးအတူတူပဲလား။
🧑‍⚕️​သန်ကောင်အမျိုးအစားပေါ်မူတည်၍ သန်ချဆေးအမျိုးမျိုးရှိပါသည်။
👉​အသုံးများသော Albendazole, Mebendazole စတဲ့​Benzimidazole များ
သန်ကောင်​များကို​glucose မစုပ်ယူနိုင်အောင်ဟန့်တားခြင်းဖြင့်သေစေသည်။
အပ်ချည်​မျှင်သန်ကောင် (Thread worm or pinworm) ၊ကြာပွတ်သန်ကောင် (Whipworm) ၊ သန်လုံးကောင်ကြီး (roundworm) ၊ချိတ်သန်ကောင်( hook worm) , Neuro cysticercosis စတဲ့​သန်ကောင်အမျိုးမျိုးကုသရာတွင်သုံးသည်။
👉​Pyrimidine အုပ်စုဝင် Pyrantel pamoateကဲ့သို့သောဆေးများသည် သန်ကောင်များ၏ အာရုံကြောစနစ်ကိုတိုက်ခိုက်ခြင်းဖြင့် မလှုပ်ရှားနိုင်စေရန်၊အူနံရံကိုတွယ်ချိတ်ထားရာမှပြုတ်ကျစေရန် လုပ်ဆောင်သည်။
အပ်ချည်မျှင်သန်ကောင်​နှင့် သန်လုံးကောင်အမျိုးမျိုးကိုကုသရာမှာသုံးသည်။
👉​Macrocytic lactones အမျိုးအစား​ Ivermectin ကဲ့သို့ဆေးများသည်သန်ကောင်များ၏ အာရုံခံမှုစနစ်ကိုတိုက်ခိုက်ခြင်းဖြင့် မလှုပ်ရှားနိုင်ပဲ သေဆုံးသွားစေသည်။
အပ်ချည်မျှင်သန်ကောင်​နှင့် ဝဲရောဂါများကုသရာတွင်သုံးသည်။
👉​Pyrazinoisoquinolines အမျိုးအစား Praziquantel
ကဲ့သို့​သော​ဆေးများသည်သန်ကောင်များ၊အသည်းကပ်ပါးပိုး နှင့် သန်ကောင်ဥများကိုသေစေနိုင်သည်။

🤔 ဘယ်အချိန်မှာ သန်ချဆေးတိုက်သင့်သလဲ။
🧑‍⚕️​သန်ချဆေးကို ပုံမှန်နှစ်စဥ်တနှစ်တစ်ကြိမ်၊အဖြစ်များသောဒေသများတွင် (6) လ​တစ်ကြိမ်​တိုက်ဖို့ WHO က​ညွှန်ကြား​ထားပါတယ်။

🤔​ဘယ်​သူတွေကို​သန်ချဆေးအဓိကတိုက်သင့်သလဲ။
🧑‍⚕️​WHO ညွှန်ကြား​ချက်​အရ
👉​(1) နှစ်မှ (2) နှစ်အကြားကလေးငယ်များအားလုံး
👉​မူကြိုအရွယ် (1)​နှစ်မှာ​ (4) နှစ်ကြားကလေးအားလုံး
👉မြေကြီး​မှ​သန်ကောင်ကူးစက်နိုင်သောနေရာများတွင်နေထိုင်သည့် (5) နှစ်​မှ​(12)​ နှစ်အထိကလေးများကိုမဖြစ်မနေတိုက်သင့်ပါသည်။
🚨​(2​) နှစ်အောက်ကလေးများတွင် ပုံမှန်သန်ချဆေးပမာဏ၏တစ်ဝက်သာတိုက်ရန် ညွှန်ကြား​ထားပါသည်။

🤔​ဘယ်လို​ကာကွယ်​ရမလဲ။
🧑‍⚕️​သန်ကောင်​များသည်​အဓိက​အားဖြင့်​မြကြီးတွင် ဥများသို့မဟုတ် သားလောင်းများအနေဖြင့်ရှိတတ်ကြပြီး လူအရေပြားကိုဖေါက်၍ဖြစ်စေ၊ မသန့်ရှင်းသည့် အစားအစာနှင့်ရေတို့မှတဆင့်ဖြစ်စေကူးစက်နိုင်ပါသည်။
ထို့​ကြောင့်
👉​ယင်လုံအိမ်သာများ၊ ဖြင့်​မစင်​နှင့်​အညစ်အကြေး​များကိုစနစ်တကျစွန့်ပစ်ခြင်း၊
👉 ဖိနပ်စီးခြင်းဖြင့် မြေကြီးမှ သန်ကောင်များနှင့်​လူ့အရေပြားတိုက်ရိုက်ထိတွေ့မှုမရှိစေခြင်း
👉 သန်ချဆေး​တွေက​သန်ကောင်​တွေကို​သေစေနိုင်သော်လည်း သန်ကောင်ဥများကိုမူ သေစေနိုင်ခြင်းမရှိပါ။ ထို့ကြောင့် သန်ကောင်ဥများအတွက်သီးသန့်ထုတ်ထားသောဆေးများသောက်ခြင်း
👉​တစ်ယောက်​ဖြစ်ရင်​တစ်အိမ်သားလုံးကုခြင်း
👉အသား၊ငါးများကိုကျက်အောင်ချက်ပြီးမှစားသုံးခြင်း
👉ရေကိုကျိုချက်၍သောက်သုံးခြင်း
👉​သစ်ပင်ပန်းပင်များ စိုက်ပျိုးခြင်း၊မြေကြီးများကိုင်တွယ်ခြင်းပြုလုပ်ပြီးပါက လက်ကိုဆပ်ပြာနှင့် စနစ်တကျဆေးကြောခြင်း 👉 ခွေးများ၊ကြောင်များကို သန်ချဆေးတိုက်ခြင်း၊၎င်းတို့၏မစင်​အညစ်အကြေး​များကိုစနစ်တကျစွန့်ပစ်ခြင်း
စသည်ဖြင့်ကာကွယ်နိုင်ပါသည်။

လူတိုင်း ကျန်းမာ ရေးကို လက်လှမ်း မှီ စေရန်
ရည် သန်လျက်
Yangon Medical Network

References
Davidson's Principles and Practices of Medicine
https://www.nhs.uk/symptoms/worms-in-humans/
https://share.google/3MNR9gNDSuAxCDj2b

22/07/2026

🤔​HIV ရောဂါပိုးရှိသူနဲ့ ထိတွေ့မိရင် ကူးစက်နိုင်ချေရှိသလားသိချင်လို့ပါဗျ။
🧑‍⚕️​ဘယ်လိုနည်းလမ်းနဲ့ထိတွေ့သလဲ၊
ရောဂါရှိသူရဲ့ လတ်တလော​အခြေအနေ၊ ပိုးကောင်​(viral load) ၊ဆေးသောက်နေခြင်းရှိမရှိ၊ ထိတွေ့မိသူရဲ့ နဂိုရောဂါအခံစတာတွေအပေါ်မှာမူတည်ပါတယ်။
ဥပမာတစ်ကြိမ်တည်းထိတွေ့ရုံ(single exposure) ဖြင့်
🔺​မိခင်မှာ HIV ပိုးရှိရင် ကလေးသို့ကူးစက်ခြင်း
👉​သဘာဝ​အတိုင်းရိုးရိုးမွေးခြင်းဖြင့် (100) မှာ​(15) ယောက် (15%)
👉​မိခင်နို့တိုက်ကျွေးခြင်းဖြင့် လူ​အောက်​(1000) မှာ​(5) ယောက်​(0.5%)လောက်ကူးစက်နိုင်ပါတယ်။
🔺​HIV ပိုးရှိသူရဲ့သွေးနဲ့ထိတွေ့မိခြင်း
👉 HIV ပိုးရှိသူရဲ့သွေးသွင်းခံရခြင်းဖြင့်လူ ( 10) ယောက်မှာ (9) ယောက်​(90%)
👉 မူးယစ်ဆေးထိုးသူများတွင် ဆေးထိုးအပ်များမျှဝေသုံးခြင်းဖြင့် လူအယောက် (1000)မှာ​ (67) ယောက်​(0.67%)
👉 လက်ထိပ်​အရေပြားအပ်စူးမိခြင်းကြောင့် လူအယောက် (1000)မှာ​ (3)ယောက်​ (0.3%)
👉 မျက်စိသို့မဟုတ် ပါးစပ်ထဲသို့​သွေးစင်သွားခြင်းကြောင့် လူအယောက် (10000)မှာ​ (9) ယောက်​(0.09%)
🔺 လိင်ဆက်ဆံခြင်းမှ ကူးစက်ခြင်း
👉 အမျိုးသားအချင်းချင်းလိင်တူဆက်ဆံခြင်းကြောင့် လူအယောက် (1000)မှာ​ (14) ယောက်​( 1.4%)
👉 အမျိုးသား​အမျိုးသမီးလိင်ကွဲဆက်ဆံခြင်းကြောင့်
လူအယောက် (1000)မှာ​ (1) ယောက်​ (0.1%)
ကူးစက်ခံရနိုင်ပါတယ်။
💢​ကူးစက်ခံရနှုန်းကိုပိုများစေသောအကြောင်းရင်းတွေက
🚨​ကလေးမွေးဖွားချိန်တွင် ရေမွှာပေါက်ချိန်ကြာနေခြင်း
🚨​ရောဂါရှိသူတွင်​ HIV​ ပိုးကောင်ရေအရေအတွက်များခြင်း
🚨 ဒဏ်ရာနက်ခြင်း
🚨​ထိတွေ့သောသွေးပမာဏများခြင်း
🚨 အပ်စူးမိခြင်းမှာအရေပြားထဲတင်မကပဲ သွေးကြောထဲစူးမိခြင်း
🚨​လိင်မှတဆင့်​ကူးစက်​သော​ရောဂါများ၊ အနာ​များ​(genital ulcers) များရှိခြင်း
စတာတွေဖြစ်ပါတယ်။

Reference
Davidson's​Principles and Practices of Medicine

Hypoglycemiaသွေးထဲအချိုဓါတ်ကျဆင်းသွားခြင်း🧑‍⚕️ သွေး​ထဲ​အချို​ဓါတ်​ကျသွား​ခြင်းဟာ​အများအားဖြင့် ဆီးချိုကုသတဲ့ ဆေးတွေ​ရဲ့​...
20/07/2026

Hypoglycemia
သွေးထဲအချိုဓါတ်ကျဆင်းသွားခြင်း

🧑‍⚕️ သွေး​ထဲ​အချို​ဓါတ်​ကျသွား​ခြင်းဟာ​အများအားဖြင့် ဆီးချိုကုသတဲ့ ဆေးတွေ​ရဲ့​ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်တတ်ပါတယ်။
ဒါပေမယ့်​အချို့သော​အကြောင်းအရာများ၊ရောဂါ​များကလည်း​သွေးထဲအချိုဓါတ်ကျဆင်းသွားခြင်း​ကိုဖြစ်စေပါတယ်။

🤔​ဘယ်​အချိန်မှာ​သွေးထဲအချိုဓါတ်ကျဆင်းသွားတယ်လို့ခေါ်ကြသလဲ။
🧑‍⚕️​သွေးထဲအချိုဓါတ်ကျဆင်းသွားခြင်း ကို​အဆင့်(3) ဆင့်ခွဲခြားထားပါတယ်။
🔺 အဆင့်​( 1)( 3.0 mmol/L နှင့် 3.9mmol/L ကြား​သို့မဟုတ်​54 mg/dL နှင့် 70 mg/dL ကြား)
🔺​အဆင့် ( 2) ( 3.0 mmol/L သို့မဟုတ်​ 54 mg/dL အောက်)
🔺​အဆင့် ( 3) ( ဆီးချိုကျခြင်းနှင့်အတူ သတိလစ်သွားခြင်း ၊တက်​သွားခြင်း​စသည်​ လက္ခဏာ​များပါရှိခြင်း)
ဆိုပြီး​သတ်မှတ်ထားပါတယ်။

🧑‍⚕️​ဆီးချို​ရောဂါ​မရှိပဲ ၊ဆီးချို ဆေးမသောက်ပဲ၊သွေးထဲ အချိုဓါတ်ကျဆင်းသွားခြင်းကို အလိုအလျောက်​ဆီးချိုကျခြင်း​(Spontaneous hypoglycemia) လို့ခေါ်ပါတယ်။
ဖြစ်​ရတဲ့​အကြောင်းရင်းတွေက
👉​ အရက်​အလွန်အကျွံ​သောက်သုံးခြင်း
👉​အချို့သောဆေးများ၏ ဘေး​ထွက်​ဆိုးကျိုး​များ​(eg.​Quinine ကဲ့သို့​ငှက်ဖျား​ဆေးများ)​
👉​ပြင်းထန်​သော​ရောဂါ​ဖြစ်ခြင်း​(critical illness)
👉 ဟော်မုန်းရောဂါများ (eg. Hypopituitarism, Addison's disease)
👉 Insulinoma ကဲ့သို့​အင်ဆူလင်ဟော်မုန်းအများအပြားထုတ်သောရောဂါများ
👉​ပြင်ပ​မှ​အင်ဆူလင်နဲ့ အလားတူ​ဟော်မုန်းများထိုးခြင်း
စ​တာတွေ​ကြောင့်ဖြစ်နိုင်ပါတယ်။

🧑‍⚕️​ဆီးချိုရောဂါရှိတဲ့ သူတွေမှာ သွေးထဲအချိုဓါတ်ကျဆင်းသွားခြင်း ဖြစ်တဲ့​အကြောင်းရင်းတွေက
👉​Insulin​ ပမာဏ​များသွားခြင်း
🔺​လိုအပ်သည်ထက်ပို၍ထိုးမိခြင်း၊ သို့မဟုတ်​insulin အမျိုးအစားမှားယွင်းပြီးထိုးမိခြင်း
🔺​Insulin​ထိုးသောနေရာတွင်အဆီများစုပုံနေခြင်း၊ထိုးနည်းမှားယွင်းခြင်း
👉​Insulin ကို​ခန္ဓာကိုယ်​မှ​တုံ့ပြန်မှု​များလာခြင်း
🔺​ပြင်းထန်သော​လေ့ကျင့်ခန်းလုပ်ခြင်း
🔺​ကိုယ်အလေးချိန်ကျသွားခြင်း
🔺​စတီးရွိက်ဆေးများသောက်နေရပါက ရုတ်တရက်​ဖြတ်လိုက်၊လျော့လိုက်ခြင်း
🔺 Addison 's disease ကဲ့သို့​သော​ရောဂါများဖြစ်ခြင်း
👉​ကာဘိုဟိုက်ဒရိတ် စားသုံးမှု လျော့​ချ​ခြင်း​
🔺​အစားအသောက်​စားပုံမမှန်ခြင်း၊ညစာမစားခြင်း
🔺​အစာအိမ်အူလမ်းကြောင်းကိုခွဲစိတ်ကုသမှုခံယူထားခြင်း
🔺​အာဟာရ​ဓါတ်စုပ်ယူမှုအားနည်းသည့်ရောဂါများ (malabsorption, eg coeliac disease)
👉 ခန္ဓာကိုယ်​မှ​စွမ်းအင်ပိုပြီးလိုအပ်လာခြင်း
🔺​ကိုယ်ဝန်ဆောင်​များ
🔺​နို့တိုက်မိခင်များ
👉 ခန္ဓာကိုယ်​မှ​ဂလူးကို့စ် ထုတ်လုပ်​မှု​လျော့နည်းသွားခြင်း
🔺​အရက်သောက်သူများ
🔺​အသည်းရောဂါ​ရှိသူများ
🔺 နာတာရှည်​ကျောက်ကပ်ရောဂါ ရှိသူများ
👉​Type (1) ဆီးချို အမျိုးအစားရှိသူများ
👉 ခန္ဓာကိုယ်​မှ​ insulin ထုတ်လုပ်နိုင်ခြင်းမရှိသူများ
စ​တာတွေ​မှာဖြစ်တတ်ပါတယ်။

🤔​ဘယ်​သူတွေမှာ​သွေးတွင်းအချိုဓါတ်ကျခြင်း ဖြစ်တတ်သလဲ။
👉​အသက်အရွယ်ကြီးရင့်သူများ၊
👉 သတိမေ့ရောဂါ (dementia) ရှိသူများ
👉 သွေးတွင်းအချိုဓါတ်ကျခြင်း ကိုသတိမပြုနိုင်သောအခြေအနေဖြစ်ခြင်း (ဥပမာ​အိပ်ပျော်​နေခြင်း)
👉 ဆီးချိုဆေးများသောက်နေပြီး ဆီးချိုပုံမှန်မစစ်ဆေးခြင်း
👉 သွေးတွင်းအချိုဓါတ်ကျခြင်း​၏ရောဂါ​လက္ခဏာ​များကိုသတိမမူမိခြင်း
👉 ကျောက်ကပ်​ရောဂါ၊ အသည်းရောဂါရှိလာပြီး ဆီးချိုဆေးများကိုပမာဏမလျော့ပဲ သောက်နေမိခြင်း
စတာတွေကြောင့်ဖြစ်ပါတယ်။

🤔ဆီးချိုကျသွားခြင်းရဲ့ရောဂါလက္ခဏာတွေက ဘာတွေလဲ။
👉ချွေးစီးပြန်ခြင်း
👉ကတုန်ကယင်ဖြစ်ခြင်း
👉ရင်တုန်ခြင်း
👉ဆာလောင်​လာခြင်း
👉ကယောင်ခြောက်ခြားဖြစ်ခြင်း
👉ခေါင်းမူးခြင်း
👉စိတ်တို​ဒေါသ​ထွက်​လွယ်ခြင်း
👉အာရုံစူးစိုက်မှုနည်းလာခြင်း
👉ခေါင်းကိုက်ခြင်း
👉ခြေလက်လေးလံခြင်း၊ထုံကျင်လာခြင်း
👉စကားပြောခက်ခြင်း
ပိုဆိုးလာပါက
🚨​ဂ​ယောင်​ချောက်ခြား ဖြစ်ခြင်း ၊မှန်ကန်စွာ​တွေးခေါ်​နိုင်စွမ်းမရှိခြင်း
🚨​မျက်စိဝါးလာခြင်း
🚨​သတိလစ်သွားခြင်း၊
🚨​တက်သွားခြင်း
🚨​အချိန်မှီ မကုသပါက သေဆုံးခြင်း​
စ​တာတွေ​ဖြစ်တတ်ပါတယ်။

🤔​နောက်ဆက်တွဲပြဿနာ​တွေက​ဘာတွေလဲ။
🧑‍⚕️​ Insulin ထိုး​နေရတဲ့​ Type 1 အမျိုးအစားဆီးချိုရောဂါရှိသူတွေမှာ သွေးတွင်းအချိုဓါတ်ကျခြင်း ကြောင့် အိပ်ယာထဲတွင် သေဆုံး​ခြင်း​ (Death in bed syndrome) ဖြစ်တတ်ပါတယ်။
💢​ဒါ့အပြင်​ သွေးတွင်းအချိုဓါတ်ကျခြင်း ကြောင့် သတိလစ်သွားခြင်း ၊တက်သွားခြင်းစတာတွေဖြစ်တတ်တဲ့ အတွက်​မော်တော်ယာဉ်​မောင်းသူတွေမှာ ယာဥ်မတော်​တဆ​ဖြစ်ခြင်းများဖြစ်နိုင်ချေများပါတယ်။

🤔​ဘယ်လို​ကာကွယ်​ရမလဲ။
👉​Insulin အပါအဝင်​ဆီးချိုဆေးများထိုးနေ၊သောက်နေရသော လူနာ​များတွင်​ပုံမှန်​ဆီးချိုစစ်ဆေးခြင်း
👉​သွေးတွင်းအချိုဓါတ်ကျခြင်း ရောဂါ​လက္ခဏာ​များ တွေ့ရှိရပါက​ ချက်ချင်းဆီးချိုစစ်ဆေးခြင်း
👉​ကျောက်ကပ်​ရောဂါ၊ အသည်း​ရောဂါ​လက္ခဏာ​များရှိလာပါက​ ဆေး​အတိုးအလျော့​ပြုလုပ်ရန်​ဆရာဝန်​နှင့် တိုင်ပင်ခြင်း
👉 ဆီးချို ဆေးများကိုမိမိသဘောနဲ့ ကိုယ်ဘာသာ အတိုးအလျော့လုပ်ခြင်းမှ ရှောင်ကြဥ်ခြင်း
👉​သွေးတွင်းအချိုဓါတ်ကျခြင်း ရောဂါ​လက္ခဏာ များတွေ့လာပါက​ချက်ချင်း​ကုသမှုခံယူခြင်း
👉​ဆီးချိုမရှိပဲ၊ ဆီးချိုကျဆေးမသောက်ပဲ၊insulin မထိုးပဲ သွေးတွင်းအချိုဓါတ်ကျခြင်း​(spontaneous hypoglycemia) မကြာခဏဖြစ်နေပါက​ဖြစ်ရသည့် အကြောင်းရင်းကိုရှာဖွေကုသခြင်း
👉 အစားအစာများကို အချိန်မှန်စားသုံးခြင်း
စ​တာတွေ​နဲ့​ကာကွယ် နိုင် ပါတယ်။

လူတိုင်း ကျန်းမာ ရေးကို လက်လှမ်း မှီ စေရန်
ရည် သန်လျက်
Yangon Medical Network

References
Davidson's Principles and Practices of Medicine
https://www.mayoclinic.org/diseases-conditions/hypoglycemia/symptoms-causes/syc-20373685

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Yangon Medical Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yangon Medical Network:

Shortcuts

Share